အခန်း (၅)
မသေချင်ရင် အဲဒီအပင်နဲ့ ဝေးဝေးနေ
သူ၏ ရိုးအပြီး မိုက်မဲသော ဝန်ခံစကားကြောင့် ရှဲ့ယန် လှောင်ပြောင်လိမ့်မည်ဟု ဖုန့်ကျိုးယွဲ့ ထင်ခဲ့သော်လည်း အချိန်အတန်ကြာသည်အထိ တုံ့ပြန်မှု မရှိခဲ့ပေ။
မော့ကြည့်လိုက်သည့်အခါ ရှဲ့ယန်နှင့် အကြည့်ချင်း ဆုံသည်။ ရှဲ့ယန်အကြည့်က စူးရှပြီး ခန့်မှန်းရခက်လှသည်။ သူ့ခံစားချက် အတိမ်အနက်ကို စစ်ဆေးအကဲခတ်နေသယောင် ရှိသည်။
အချိန်အတော်ကြာမှ ရှဲ့ယန်က သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီး အေးစက်စွာ ပြောသည်။
"သွားတော့"
ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ ရဲတင်းသော ဝန်ခံစကားကြောင့် အံ့သြသွားပုံရသည်။ အရူးတစ်ယောက်လို့များ ထင်သွားသလား မသိ။ နောက်ပိုင်းရက်များတွင် ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို အဖက်မလုပ်သလို ခိုင်းလည်း မခိုင်းတော့ဘဲ လေလို သဘောထားကာ ဆက်ဆံသည်။
ရှဲ့ယန်၏ ရည်ရွယ်ချက်ကို ဖုန့်ကျိုးယွဲ့ ခန့်မှန်းမိသည်။ မနေ့က မောင်းထုတ်မှု မအောင်မြင်သောကြောင့် ယခုတစ်မျိုးပြောင်းကာ လုံးဝ လစ်လျူရှုထားလိုက်ခြင်း ဖြစ်သည်။ ဤသို့ အေးစက်စွာ ဆက်ဆံလိုက်လျှင် လက်လျှော့သွားမည်ဟု ထင်နေပုံရသည်။
သို့သော် ဖုန့်ကျိုးယွဲ့ မည်မျှမျက်နှာပြောင်တိုက်နိုင်ကြောင်း ရှဲ့ယန် ရိပ်စားမိခြင်း မရှိခဲ့ပေ။ အကယ်၍ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လျှင် မျက်ရည်သုတ်ပြီး ထွက်ပြေးမိမှာ သေချာသည်။ ကံဆိုးစွာဖြင့် ဖုန့်ကျိုးယွဲ့က ယောကျ်ားတစ်ယောက် ဖြစ်နေပြီး မလျှော့သော ဇွဲလုံ့လလည်း ရှိနေခဲ့သည်။
လက်ရှိအခြေအနေကို လုံးဝ စိတ်မပူသည့်အပြင် ကြိတ်ပျော်နေမိသည်။ ယခင်က အိမ်ရှေ့စံအိမ်တော် အပြင်ဘက်တွင် မည်မျှပင် စောင့်စေကာမူ ရှဲ့ယန်ကို တစ်ချက်ကလေးမှ မတွေ့ခဲ့ရ။ ယခုတော့ အဖက်မလုပ်လျှင်တောင် သူ့အနားမှာ ရှိနေခွင့် ရထားပြီး၊ ယင်းကပင် ပျော်ရွှင်မှုတစ်ခု ဖြစ်နေချေပြီ။ လမ်းလျှောက်လျှင် ခြေလှမ်းများ ပေါ့ပါးနေပြီး လေပေါ်လျှောက်နေရသယောင် ခံစားနေရသည်။
ဖွင့်ပြောပြီးနောက် ဖုန့်ကျိုးယွဲ့စိတ်ထဲ ထူးဆန်းစွာ ငြိမ်းချမ်းသွားသည်။ ဖုံးကွယ်ထားစရာ မလိုတော့ဘဲ အားလုံး ဖွင့်ချလိုက်ပြီ ဖြစ်သောကြောင့် ဖြစ်မည်။ ဆုံးရှုံးစရာ မရှိတော့သည့်အတွက် ရှဲ့ယန်ကို ရင်ဆိုင်ရန် သတ္တိရှိလာခဲ့သည်။
သို့သော် ရှဲ့ယန်က အနားကပ်ပြီး အလုပ်လုပ်ခွင့် မပေးတော့သဖြင့် တံခါးဝနားတွင်သာ ယောင်လည်လည် လုပ်နေရသည်။
အိမ်တော်ထဲတွင် လူတိုင်း ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြသည်။ ဖုန့်ကျိုးယွဲ့တစ်ယောက်သာ ဘာလုပ်ရမှန်းမသိသောကြောင့် လေလွင့်ဝိညာဉ်တစ်ကောင်လို လျှောက်သွားနေမိသည်။
ခြံဝင်းထဲ လမ်းလျှောက်ရင်း ဖုန့်ကျိုးယွဲ့ မက်မွန်ပင်ကြီးနား ရောက်သွားသည်။ နွေဦးလေပြေထဲတွင် မက်မွန်အကိုင်းအခက်များ ယိမ်းနွဲ့နေသည်မှာ ခြောက်သွေ့နေသော ခြံဝင်းအတွင်းမှ နောက်ဆုံးကျန်ရစ်သော သက်ရှိတစ်ခု ပမာပင်။ အပြင်ဘက်က ချောင်းကြည့်ချိန်တိုင်း ထိုအပင်၏ အပြင်ထွက်နေသော အကိုင်းအခက်ကို မြင်ရပြီး ထူးဆန်းသော သံယောဇဉ်တစ်ခု ခံစားမိခဲ့သည်။
တိုက်ဆိုင်စွာပင် ထိုအပင်က စာကြည့်ဆောင် ရှေ့တည့်တည့်တွင် ရှိနေသည်။ ဖုန့်ကျိုးယွဲ့ သစ်ကိုင်းတစ်ခုပေါ် တက်ထိုင်ရင်း စာကြည့်ဆောင်ဘက် ငေးကြည့်ပြီး အတွေးလွန်နေမိသည်။
ဒီအချိန်ဆို ရှဲ့ယန် ဘာလုပ်နေမလဲ။ သူက အမြဲတမ်း အလုပ်ရှုပ်နေတတ်သည်၊ တခါတလေ ဝန်ကြီးတွေနဲ့ တွေ့မယ်၊ တခါတလေ ညဉ့်နက်တဲ့အထိ စာဖတ်မယ်။ သူ့မျက်နှာထားက အမြဲတမ်း အေးစက်တည်ငြိမ်ပြီး လူတိုင်းကို အနားမကပ်နိုင်အောင် စည်းခြားထားတတ်သည်။
ဒီလောက် မာနကြီးပြီး အေးစက်တဲ့ လူတစ်ယောက်ရဲ့ နှလုံးသားထဲ တစ်စုံတစ်ယောက် ဝင်ရောက်ခွင့် ရပါ့မလားဟု ဖုန့်ကျိုးယွဲ့ မကြာခဏ တွေးမိသည်။
အဖြေတော့ ရှာမတွေ့ခဲ့။
ထိုစဉ် ရှဲ့ယန်က စာကြည့်ဆောင် ပြတင်းပေါက်ကို ရုတ်တရက် ဖွင့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ မူလက အေးစက်နေသော ရှဲ့ယန်၏ မျက်နှာထား ရုတ်ခြည်း မည်းမှောင်သွားသည်ကို ဖုန့်ကျိုးယွဲ့ အထင်းသား မြင်လိုက်ရသည်။ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
သူ တစ်ခုခု မှားလုပ်မိလို့လား။ မသေချာသော်လည်း အန္တရာယ် အာရုံခံစားမှုအရ အောက်သို့ ချက်ချင်း ဆင်းသင့်ကြောင်း သိလိုက်သည်။
ရှဲ့ယန်က စာကြည့်ဆောင်ထဲမှ ထွက်လာပြီး သူ့ကို အပြစ်ပေးတော့မည့်အလား အလျင်စလို လျှောက်လာသည်။
အပြစ်လုပ်ထားသော ကလေးတစ်ယောက်လို ကြောက်လန့်သွားပြီး အမြန်ဆင်းဖို့ ကြိုးစားလိုက်သည်။ သို့သော် ပိုလောလေ ပိုမှားလေပင်။ မတော်တဆ ခြေချော်ပြီး သစ်ကိုင်းသေးသေးလေး တစ်ခုကို နင်းမိကာ "ကျွတ်" ခနဲ ကျိုးသွားတော့သည်။
ကျိုးကျသွားသော သစ်ကိုင်းကို မြင်လိုက်သည့်အခါ ရှဲ့ယန်၏ တည်ငြိမ်မှုများ ပျက်ပြားသွားသည်။ သစ်ကိုင်းအစား ဖုန့်ကျိုးယွဲ့၏ လည်ပင်းကို ချိုးပစ်ချင်သကဲ့သို့ စိုက်ကြည့်နေသည်။ ဖီးနစ်မျက်ဝန်းများထဲတွင် လူသတ်ချင်စိတ်များ ဆူပွက်နေသည်။
ကံကောင်းစွာဖြင့် ဖုန့်ကျိုးယွဲ့ မြေပြင်ပေါ် ပြန်ရောက်သွားသည်။ ပြဿနာကို သူ သဘောပေါက်လိုက်ပြီ၊ ရှဲ့ယန်က ဒီအပင်ကို အရမ်း တန်ဖိုးထားတာပဲ၊ သူကတော့ မိုက်မဲစွာနဲ့ သစ်ကိုင်းကို ချိုးမိလိုက်ပြီ။ ဘယ်သူ သူ့ကို ကယ်နိုင်မလဲ။ ဘာလို့ သူက အမြဲတမ်း ဒီလောက်တောင် ကို့ယို့ကားယား နိုင်ရတာလဲ။
"ဖုန့်ကျိုးယွဲ့”
ရှဲ့ယန်က ဒေါသသံနှင့် အံကြိတ်ကာ အော်ခါ်ရင်း ဖုန့်ကျိုးယွဲ့လည်ပင်းကို ဖမ်းညှစ်ဆုပ်ကိုင်လိုက်သည်။
အမှားလုပ်ထားမိမှန်း သိသဖြင့် ဖုန့်ကျိုးယွဲ့ မခုခံရဲ။ ရှဲ့ယန်လက်က ရေခဲတမျှ အေးစက်နေပြီး သူ့လည်ပင်းကို အဆိပ်ပြင်းသောမြွေတစ်ကောင် ရစ်ပတ်ထားသကဲ့သို့ ညှစ်ထားတော့သည်။ အသက်ရှူရ ခက်လာသဖြင့် ရှဲ့ယန်လက်ကို ခပ်တင်းတင်း ပြန်ဆုပ်ကိုင်ထားမိသည်။
အမြင်အာရုံများ ဝေဝါးလာသော်လည်း ရှဲ့ယန်၏ မျက်လုံးများကိုတော့ မြင်နေရသေးသည်။ ရေခဲလို အေးစက်တယ်၊ ဓားသွားလို ထက်ရှတယ်၊ သနားညှာတာမှု တစ်စက်မှ မရှိ။ သူ့ကို သတ်လိုက်ရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်ရသလိုမျိုး ဘာမှထူးခြားမှု မရှိသည့်ပုံပင်။
"ရှဲ့ယန်..." သူ သေရတော့မည်ဟု ထင်လိုက်သည်။ မျှော်စင်ပေါ်က ပြုတ်ကျပြီး မသေခဲ့ရင်တောင် ရှဲ့ယန်လက်ချက်နဲ့ သေရတာက ထိုက်တန်ပါသေးသည်။ အနည်းဆုံးတော့ သူ့အသက်ကို ပြန်ပေးဆပ်လိုက်တာပေါ့။ စိတ်လျှော့လိုက်ပြီး ဖုန့်ကျိုးယွဲ့ ရှဲ့ယန်လက်ကို လွှတ်ရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သို့သော် ရှဲ့ယန်က ရုတ်တရက် လက်ကို လွှတ်ပေးလိုက်သည်။ အားအင်ကုန်ခမ်းနေသော ဖုန့်ကျိုးယွဲ့ခမျာ မြေပြင်ပေါ် ခွေခွေလေး လဲကျသွားပြီး လေကို တဝကြီး ရှူရှိုက်ကာ သေဘေးမှ လွတ်မြောက်ခြင်း အရသာကို ခံစားလိုက်ရသည်။
ခဏတာတော့ တကယ်သေပြီဟု ထင်ခဲ့မိသည်။
နေ့လယ်ခင်း နေရောင်ခြည်က ရှဲ့ယန်၏ အေးစက်ဖြူဖွေးသော မျက်နှာပေါ်သို့ ကျရောက်နေသည်။ ငှက်မွေးလို ရှည်လျားသော မျက်တောင်များတွင် ရွှေမှုန်လူးထားသကဲ့သို့ တောက်ပနေပြီး မီးခိုးရောင် မျက်လုံးများက နှင်းရိုက်ထားသလို အေးစက်နေသည်။
ရှဲ့ယန်က အင်္ကျီလက်ကြားထဲမှ လက်ကိုင်ပဝါတစ်ထည် ထုတ်လိုက်ပြီး ဖုန့်ကျိုးယွဲ့ကို ထိတွေ့ခဲ့သော လက်အား သေသေချာချာ ပြန်သုတ်နေသည်။ သူ့ပုံစံက မြင့်မြတ်လွန်းပြီး သာမန်သေမျိုး လူသားတစ်ယောက်ကို ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးနှင့် တူလှသည်။
"မင်းမသေချင်သေးရင် အဲဒီအပင်နဲ့ ဝေးဝေးနေ”
ရှဲ့ယန် စိတ်ငြိမ်သွားပြီး လူသတ်လိုသော အငွေ့အသက်များ ပျောက်ကွယ်သွားသည်။ သတိပေးစကားသံထဲတွင်တော့ အရိုးခိုက်မတတ် အေးစက်မှုများ ပါဝင်နေဆဲပင်။
မက်မွန်ပင်အောက်မှာ ထိုင်ပြီး အကြာကြီး စဉ်းစားနေမိပေမယ့် ရှဲ့ယန် ဘာလို့ ဒီလောက် ဒေါသထွက်သွားရသလဲဆိုတာ ဖုန့်ကျိုးယွဲ့ စဉ်းစားမရ ဖြစ်နေသည်။ နောက်ဆုံးတွင် နန်းတွင်းအပျိုတော် ဝတ်စုံဝတ်ထားသော အဘွားအိုတစ်ဦး သူ့အနား ရောက်လာသည်။ မြေကြီးပေါ် ကျနေသော ကျိုးပဲ့သွားသည့် မက်မွန်ကိုင်းကို ကောက်ယူလိုက်ပြီး သူ့ကို သဘောမကျသလို ခေါင်းယမ်းပြသည်။ "သခင်လေးက အိမ်ရှေ့စံရဲ့ ပစ္စည်းတွေကို မထိသင့်ဘူး"
"အိမ်ရှေ့စံ ကိုယ်တိုင် စိုက်ထားတဲ့ အပင်မို့လို့လား"
အဘွားအိုက ခေါင်းခါလိုက်ပြီး လေထဲတွင် ယိမ်းနွဲ့နေသော မက်မွန်ပင်ကို မော့ကြည့်သည်။ ပန်းပွင့်ဖတ်လေးများက နွေဦးလေပြေနှင့်အတူ ကြွေကျလာပြီး ဖုန့်ကျိုးယွဲ့ နဖူးပေါ်သို့ တစ်ပွင့် ကျလာသည်။ သူ ယူလိုက်ပြီး သေချာကြည့်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရ။
"ဒီမက်မွန်ပင်က အိမ်ရှေ့စံမင်းသားရဲ့ မယ်တော် ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ အပင်ပါ။ သူ ထားရစ်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရ ပစ္စည်းပေါ့" အဘွားအိုက လေးလေးနက်နက် ပြောပြီး ဖုန့်ကျိုးယွဲ့ဘက် လှည့်လာသည်။ "အိမ်ရှေ့စံရဲ့ မယ်တော်အကြောင်း သခင်လေး သိထားလား"
ရှဲ့ယန်၏ မယ်တော်သည် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ဆက်သလိုက်သော လှပျိုဖြူတစ်ဦး ဖြစ်ကြောင်း၊ သူမတွင် ရှဲ့ယန် အမွေရရှိထားသည့် ထူးခြားသော မီးခိုးရောင်မျက်လုံးများ ရှိကြောင်းသာ သူ သိထားသည်။
"သခင်မလေးလန်ဂျီက တိုင်းတပါးက လာခဲ့တာပါ။ အိမ်ရှေ့စံ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့တယ်။ ဒီမက်မွန်ပင်က သခင်မလေး ကိုယ်တိုင် စိုက်ခဲ့တာပါ။ အိမ်ရှေ့စံအတွက် ထားရစ်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရပေါ့။ သခင်မလေးက တိုင်းတပါးသူ ဖြစ်ပေမယ့် မက်မွန်ပန်းတွေကို သိပ်မြတ်နိုးတယ်။ ဒီအပင်ကို အရင်က နန်းတော်ထဲမှာ စိုက်ထားတာ။ အိမ်ရှေ့စံအိမ်တော် ဆောက်ပြီးတော့မှ အိမ်ရှေ့စံက ဒီနေရာအထိ မရရအောင် ရွှေ့ပြောင်း စိုက်ပျိုးခဲ့တာ"
"ဒီအိမ်တော်ထဲက ဘယ်သူမှ ဒီအပင်ကို မထိရဲကြဘူး။ အိမ်ရှေ့စံ ကိုယ်တိုင် ရေလောင်းပေါင်းသင်ပြီး တစ်ခုခုဖြစ်မှာစိုးလို့ ဂရုတစိုက် ပြုစုနေတာ။ အခု သခင်လေးက အကိုင်းတစ်ခု ချိုးလိုက်ပြီ"
အဘွားအို ပြောသမျှကို နားထောင်ရင်း ဖုန့်ကျိုးယွဲ့ ဘာမှ ပြန်မပြောနိုင်တော့။ အရာရာ သူ့အပြစ်သာ။ ဒီလောက် အသက်အရွယ် ရောက်နေပြီ ဖြစ်သော်လည်း ဘာကြောင့် ဒီလောက် ဆော့ချင်နေရတာလဲ သူ့ကိုယ်သူပင် မသိတော့။ ကိုယ့်ပါးကိုယ် ပြန်ရိုက်ပစ်ချင်စိတ်သာ ပေါက်လာတော့သည်။
သူကြောင်နေသည်ကို မြင်တော့ အဘွားအိုက အပြစ်တင်လိုသလို၊ လက်လျှော့လိုက်သလို အကြည့်ဖြင့် ကြည့်သည်။ သစ်ကိုင်းကို ယူပြီး ထွက်သွားတော့မည့်အချိန်တွင် ဖုန့်ကျိုးယွဲ့ အမြန် တားလိုက်ပြီး တောင်းပန်လိုက်သည်။ "အဘွားရယ် ... ကျွန်တော် မှားသွားပါတယ်။ ဒီအပင်က ဒီလောက် တန်ဖိုးကြီးမှန်း တကယ် မသိခဲ့လို့ပါ။ သိရင် မတက်ပါဘူး။ သင်ခန်းစာ ရပါပြီ။ ဒီသစ်ကိုင်းကို ကျွန်တော် တာဝန်ယူပါ့မယ်။ ရှဲ့ယန်အကြောင်း ကျွန်တော့်ကို နည်းနည်းလောက် ပြောပြပေးလို့ ရမလား။ ဥပမာ ... သူဘာကြိုက်တတ်လဲ၊ ဘာမကြိုက်တတ်လဲ ဆိုတာမျိုးလေ"
ဖုန့်ကျိုးယွဲ့ ရိုးသားတဲ့ပုံစံကို မြင်တော့ အဘွားအိုက အိမ်တော်တွင်းက ရှောင်ရန်၊ ဆောင်ရန် စည်းကမ်းတွေအကြောင်း ဖြည်းဖြည်းချင်း ရှင်းပြသည်။ အားလုံးက ရှဲ့ယန်နဲ့ ပတ်သက်နေတာချည်းပင်။ ဖုန့်ကျိုးယွဲ့လည်း အားလုံးကို စာအုပ်ငယ်လေးထဲတွင် သေချာ မှတ်သားလိုက်သည်။
အဘွားအို ပြောပြချက်အရ ရှဲ့ယန်က မိခင်ဖြစ်သူ သခင်မလေးလန်ဂျီကို အလွန်ချစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် တတ်နိုင်သလောက် အပြစ်ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။
သစ်ကိုင်းက ကျိုးပြီးပြီမို့ ဘာမှလုပ်လို့ မရတော့။ ဖုန့်အိမ်တော်မှ လက်ရာမြောက်ပန်းအိုးတစ်လုံး ယူလာပြီး မက်မွန်ကိုင်းကို သေသေချာချာ ပြုပြင်ကာ ပန်းအိုးထိုးလိုက်သည်။ ပြီးနောက် ပြတင်းပေါက်နားတွင် တင်ထားလိုက်ရာ မီးခိုးရောင် နံရံနှင့် ပန်းရောင်ပန်းပွင့်လေးများက လိုက်ဖက်ညီညီ လှပသွားသည်။
အသင့်ဖြစ်သည်နဲ့ ရှဲ့ယန် စာကြည့်ဆောင် ဝင်သွားချိန်တွင် အပြင်ဘက်မှ ရှဲ့ယန်၏ တုံ့ပြန်မှုကို ချောင်းကြည့်နေမိသည်။ မူလက စာဖတ်နေသော ရှဲ့ယန်သည် မျက်လုံးထောင့်မှ မက်မွန်ပန်းအိုးကို မြင်လိုက်သောအခါ တွန့်ချိုးနေသော မျက်ခုံးများ ပြေလျော့သွားသည်။ သူ၏ ဖြူဖပ်ဖပ် လက်ချောင်းများဖြင့် ပန်းပွင့်ဖတ်လေးများကိုပင် လှမ်းထိခဲ့သေးသည်။
ဖုန့်ကျိုးယွဲ့လည်း ယခုမှ သက်ပြင်းချနိုင်တော့သည်။ သို့သော် သူ့အမှားအတွက် ဒီလောက်နှင့် မလုံလောက်သေးဟု ခံစားရသည်။
နောက်တစ်နေ့တွင် လူလွှတ်ပြီး သခင်မလေးလန်ဂျီ၏ ပုံတူပန်းချီကားကို ရှာခိုင်းလိုက်သည်။ ခက်ခက်ခဲခဲ ရှာဖွေပြီးမှ ပန်းချီကားတစ်ချပ် ရလာခဲ့သည်။ ပန်းချီကားထဲတွင် သခင်မလေးလန်ဂျီပုံသဏ္ဍာန်မှာ နန်းတော်ထဲသို့ စရောက်ကာစ ဖြစ်ဟန်တူပြီး မိန်းမပျိုလေးတစ်ဦး၏ ဖြူစင်မှုနှင့် ဆွဲဆောင်မှုများ အထင်းသား ပေါ်လွင်လှသည်။ တိုင်းတစ်ပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ပါးလွှာသော ဇာပဝါအောက်တွင် သွယ်လျသော ခါးနှင့် ခြေတံရှည်များကို ဖော်ကျူးထားသည်။ ရင်ဘတ်အောက်က ကောက်ကြောင်းများပင် ထင်ရှားနေသည်။ မီးခိုးရောင် မျက်လုံးများက ပြုံးရောင်သမ်းနေပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်နေကာ မိန်းမပျိုတစ်ယောက်၏ တက်ကြွလန်းဆန်းမှုမျိုး ရှိနေသည်။
သူမကို ကြည့်ပြီး စိတ်မလှုပ်ရှားဘဲ နေဖို့ ခက်ခဲပါလိမ့်မည်။
ဒီပုံတူကို ကြည့်ခြင်းအားဖြင့် သခင်မလေးလန်ဂျီသည် အခြားအမျိုးသမီးများနှင့် မတူဘဲ ပွင့်လင်းလွတ်လပ်သော စိတ်သဘောထား ရှိမည်ဟု ခန့်မှန်းရသည်။ ဒါဆို ဘာလို့ ရှဲ့ယန်ကျမှ ဒီလောက် တည်ငြိမ်အေးစက် နေရတာလဲ။
ဖုန့်ကျိုးယွဲ့လည်း ပုံတူပန်းချီကားကို ရှဲ့ယန်၏ စာကြည့်စားပွဲပေါ် တိတ်တဆိတ် တင်ထားလိုက်ပြီး အရိပ်ထဲတွင် ပုန်းကာ ရှဲ့ယန်၏ အမူအရာကို စောင့်ကြည့်နေလိုက်သည်။
………….