အခန်း (၈)
ရှဲ့ယန်ကို ကြည့်ရတာ မနက်ခင်း ညီလာခံပြီးသည်နှင့် တန်းဝင်ရောက်လာပုံရသည်။ မင်းမှုထမ်းဝတ်စုံ ဝတ်ဆင်ထားသော်လည်း ကျောက်စိမ်းကဲ့သို့ သန့်စင်ကာ ထူးခြားသော အရှိန်အဝါရှိသည်။ မတ်မတ်ရပ်နေပုံက တောင်ထိပ်ဖျားမှ ထင်းရှူးပင်တစ်ပင်ကဲ့သို့ ကျောကိုမတ်ထားပြီး ခန့်ညားထည်ဝါနေသည်။
ခွေးလေးရှောင်ပိုင်က ရှဲ့ယန်ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် တိုးကပ်သွားပြီး အမွေးပွအမြီးကို တွင်တွင်နှံ့ပြလိုက်သည်။ သို့သော် ရှဲ့ယန်က အနည်းငယ် တွန့်သွားပြီး ရွံရှာသည့်အလား ရှောင်ပိုင်ကို ရှောင်တိမ်းလိုက်သည်။ သူ့ဝတ်ရုံစွန်းနှင့် ခွေးမွှေးကို အထိပင် မခံပေ။
ဒီအဖြစ်က ရှောင်ပိုင်၏ ခွေးဘဝသက်တမ်းတစ်လျှောက် ပထမဆုံး ရင်ဆိုင်လိုက်ရသော ဆုံးရှုံးမှုကြီးပင်။ ချစ်စရာကောင်းပြီး လိမ်မာသည့် ခွေးလေးကို တခြားသူများက မြင်မြင်ချင်း ချစ်သွားကြသော်လည်း ရှဲ့ယန်တစ်ယောက်ကတော့ သူ့ဆွဲဆောင်မှုအောက်သို့ လုံးဝ ရောက်မလာခဲ့။ ခွေးလေးမှာ ဝမ်းနည်းလွန်းသဖြင့် နားရွက်နှင့် အမြီးများ ကုပ်ကျသွားပြီး မျက်နှာငယ်လေး ဖြစ်သွားရှာသည်။
"အရှင့်သား .. ဘာကိစ္စရှိလို့ ကြွလာတာလဲ"
ဖုန့်ကျိုးယွဲ့က ရှောင်ပိုင်ကို နှစ်သိမ့်ပေးရင်း အသံခြောက်ကပ်ကပ်ဖြင့် တွန့်ဆုတ်စွာ မေးလိုက်သည်။ ထိုနေ့က "ထွက်သွား"ဟု မောင်းထုတ်ခံလိုက်ရသည်ကို စိတ်နာနေဆဲမို့ ရှဲ့ယန်ကို မြင်လိုက်ရသည့်အခါ သူ့ကို ဆူပူကြိမ်းမောင်းဖို့ လာရောက်သည်ဟု ထင်လိုက်ခြင်း ဖြစ်သည်။
ဒါမှမဟုတ် နို့လက်ဖက်ရည်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေလို့များလား။ ဒါပေမဲ့ သူက ဖျော်နည်းကို သုံးခါလောက် သေချာစစ်ဆေးခဲ့သလို ရှောင်မန်ကလည်း ပို့လိုက်တဲ့ နို့တွေက ပြဿနာ မရှိကြောင်း အတည်ပြုပေးထားသည်။
အစပထမတွင် ရှဲ့ယန် ဘာမှမပြော။ သူ့၏ ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများက ခန့်မှန်းရခက်နေသော်လည်း နောက်ဆုံးတွင် ပြောချလိုက်သည့် စကားများက ဖုန့်ကျိုးယွဲ့သွေးကို ဆူပွက်သွားစေသည်။
"မင်း ရောဂါနဲ့ သေပြီလား မသေသေးဘူးလား လာကြည့်တာ”
ပြောပြီးသည်နှင့် သူ၏ အေးစက်သော အကြည့်က ဖုန်းမုချို ဝတ်ဆင်ထားသည့် ပါးလွှာသော ပိုးသားဝတ်ရုံပေါ်သို့ ကျရောက်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ "မင်းအခန်းက ကျဥ်းလို့ အပြင်ထွက်အိပ်နေရတာလား"
နားထောင်ကြည့်ပါဦး၊ ဒါလူတစ်ယောက် ပြောသင့်တဲ့ စကားလား။
ဖုန့်ကျိုးယွဲ့ ရှဲ့ယန်၏ နောက်စကားကို လစ်လျူရှုလိုက်သော်လည်း ဒေါသကြောင့် ချောင်းအနည်းငယ် ဆိုးသွားပြီး မျက်ရည်ပါ ဝဲလာသည်။ ရှဲ့ယန်ကို ဒေါသတကြီး စိုက်ကြည့်ပြီး နာကြည်းသံဖြင့် ပြန်ပြောလိုက်သည်။
"အရှင့်သား နတ်ရွာမစံခင် ကျွန်တော်မျိုးက ဘယ်လိုလုပ် အရင်သေရဲမှာလဲ"
တော်ဝင်မျိုးနွယ်ကို ကျိန်ဆဲခြင်းက ကြီးလေးသော ပြစ်မှုဖြစ်သော်လည်း ဖုန့်ကျိုးယွဲ့က နေလည်းမကောင်း၊ ဒေါသလည်းထွက်နေသဖြင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့။
ထိုစကားကို ကြားသောအခါ ရှဲ့ယန်၏ မျက်နှာတွင် ဒေါသအရိပ်အယောင် မတွေ့ရ။ ဖုန့်ကျိုးယွဲ့၏ တုံ့ပြန်မှုကို သဘောကျနေပုံရပြီး နှုတ်ခမ်းထောင့်များပင် အနည်းငယ် ကွေးညွှတ်သွားသည်။
"သတ္တိရှိသားပဲ ... ကောင်းတယ်"
ဖုန့်ကျိုးယွဲ့ စိတ်မကြည်သဖြင့် သူ့ကို အဖက်မလုပ်ချင်တော့။ ရှောင်ပိုင်၏ နူးညံ့သော အမွေးများကိုသာ ပွတ်သပ်ပေးနေပြီး ရှဲ့ယန် မရှိသကဲ့သို့သာ နေလိုက်သည်။ ဒီလူက သူ့ကို အကြောင်းမဲ့ မောင်းထုတ်ခဲ့ပြီး ယခုလည်း စကားကို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေပြန်သည်။ သူ့ကို ဆက်မပြောတော့ဘဲ ရှောင်ပိုင်နှင့်သာ ဆော့ကစားနေလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
သူ့ကို အရေးမလုပ်သော်လည်း ရှဲ့ယန်က နေရခက်ပုံ မရ။ ဖုန့်ကျိုးယွဲ့ ဘေးပတ်လည်တွင် လမ်းလျှောက်ရင်း အိမ်တော်ထဲက ပန်းအိုးများကို ကြည့်လိုက်၊ ဖုန့်ကျိုးယွဲ့ ရင်ခွင်ထဲတွင် ငြိမ်နေသော ရှောင်ပိုင်ကို ကြည့်လိုက် လုပ်နေသည်။
အကြောင်းရင်းမရှိဘဲ ရောက်လာပြီး အရင်ကိစ္စအတွက် တောင်းပန်စကား မဆိုသည့်အပြင် အပြစ်လာတင်နေသော ရှဲ့ယန်ကို ဖုန့်ကျိုးယွဲ့ နားမလည်တော့။ တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းသည်။
နွေရာသီ ဖြစ်သော်လည်း ညနေစောင်းစ ပြုလာသဖြင့် အပူရှိန် လျော့ပါးသွားပြီး ညနေခင်း လေအေးများ တဖြည်းဖြည်း တိုက်ခတ်လာသည်။ ဖုန့်ကျိုးယွဲ့သည် ခြံဝင်းထဲက အရိပ်ကျနေသော ထောင့်တစ်နေရာတွင် ထိုင်နေခြင်းဖြစ်ပြီး၊ စောင်ခြုံပြီး အအေးမိမခံရန် နန်းတွင်းသမားတော် မှာထားသည်ကိုလည်း ခေါင်းမာစွာ လစ်လျူရှုထားမိသည်။ လေအေးတစ်ချက် တိုက်လိုက်ရုံဖြင့် အကြိမ်ကြိမ် နှာချေမိသွားသည်။ အနည်းငယ် ရှက်သွားပြီး မော့ကြည့်လိုက်တော့ ရှဲ့ယန် ရှိမနေတော့။
စိတ်မကောင်း ဖြစ်သွားသော်လည်း ဂရုမစိုက်ဟန် ဆောင်လိုက်သည်။ ရှောင်ပိုင်က သူ့သခင်၏ စိတ်အလိုမကျမှုကို အာရုံခံမိသဖြင့် လျှာလေးဖြင့် လက်ချောင်းထိပ်များကို လာလျက်ပေးသည်။
ရှဲ့ယန်က ဒီလိုမျိုး လာနှောင့်ယှက်သွားသဖြင့် ဝတ္ထုဖတ်လို့လည်း မရတော့။ ခေါင်းထဲတွင် ရှဲ့ယန်၏ ရိုင်းစိုင်းသော စကားလုံးများက ပြည့်နှက်နေပြီး ရင်ထဲတွင်လည်း လေးလံမွန်းကြပ်နေသည်။
ရှဲ့ယန် လာတွေ့သည့်အတွက် ပျော်ရွှင်မိသော်လည်း သူ့စကားများက ဒေါသထွက်စရာ ကောင်းနေပြန်သည်။ ယခု သူပြန်သွားပြန်တော့လည်း အကြီးအကျယ် စိတ်ဓာတ်ကျရပြန်သည်။ အချစ်ဆိုတာ လူတစ်ယောက်၏ စိတ်ခံစားချက်ကို တစ်ရက်တည်းနှင့် အကြိမ်တစ်ထောင်လောက် အတက်အကျ ဖြစ်စေနိုင်လား ဖုန့်ကျိုးယွဲ့ မသိတော့။
နေဝင်ချိန်ကို ငေးငိုင်စွာ ကြည့်နေမိစဉ် အလောတကြီး လျှောက်လှမ်းလာသော ခြေသံကို ကြားလိုက်ရသည်။ ရှဲ့ယန် ပြန်လာသလားဟု ထင်မိသော်လည်း ဖခင်ဖြစ်သူက နန်းတွင်းသမားတော်နှင့် အစေခံအချို့ကို ခေါ်ပြီး ရောက်လာခြင်း ဖြစ်သည်။
ဖခင်ဖြစ်သူကို မြင်လိုက်သည်နှင့် အဆူခံရတော့မည်မှန်း ဖုန့်ကျိုးယွဲ့ သိလိုက်သည်။
"မင်း ရောဂါက အခုမှ သက်သာစ ရှိသေးတာကို စကားနားမထောင်ဘဲ လေညင်းခံဖို့ ခြံထဲ ထွက်ထိုင်ရတယ်လို့။ အိမ်ရှေ့စံသာ လာမပြောရင် မင်း ဒီလောက် ပေါ့ဆနေမှန်း ငါ သိမှာမဟုတ်ဘူ။ ဟေ့ ... သခင်လေးကို အိမ်ထဲ ပွေ့ခေါ်သွားကြ" ဖခင်ဖြစ်သူ ဖုန့်ဝန်ကြီးချုပ်ခမျာ ဒေါသထွက်လွန်း၍ မုတ်ဆိတ်များပင် တုန်ခါနေသည်။
"အဖေ ... မလိုပါဘူး။ သားဘာသာ လမ်းလျှောက်ပါ့မယ်"
ဖုန့်ကျိုးယွဲ့က ရှောင်ပိုင်ကို ပွေ့ထားရင်း ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ အစေခံများက ကုတင်နှင့်တကွ ဝိုင်းမသွားမည်ကို သူ အလွန်ရှက်မိသည်။
သို့သော် ဖခင်ဖြစ်သူ လုံးဝပင် လက်မခံ။ အစေခံများက ဖုန့်ကျိုးယွဲ့ ထိုင်နေသော ကုတင်ကြီးကို မလိုက်ပြီး အခန်းထဲသို့ သယ်ဆောင်သွားကြသည်။
မျက်လုံးထောင့်တွင် ရိပ်ခနဲတွေ့သဖြင့် လှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်း တစ်နေရာက စောင့်ကြည့်နေသော ရှဲ့ယန်ကို တွေ့လိုက်ရသည်။ ရှဲ့ယန်ကလည်း သူ့ကို ကြည့်နေသည်။ ပုံမှန် အေးစက်နေကျ မီးခိုးရောင် မျက်လုံးများက ယခုအခါ ရယ်ရွှင်မြူးနေသလိုပင်။ ဒီလူက သူအရှက်ကွဲတာကို ကြည့်ချင်လို့ တမင်သက်သက် လုပ်တာပဲဟု ဖုန့်ကျိုးယွဲ့ တွေးလိုက်မိသည်။
အခန်းထဲ ရောက်သည်နှင့် ဖခင်ဖြစ်သူက သူ့ကို ပိုးစောင်ဖြင့် အသေအချာ ပတ်ပေးလိုက်သည်။ ထို့နောက် သမားတော်ဘက် လှည့်ကာ ပြောသည်။
"သမားတော်ထျန်က အိမ်ရှေ့စံနဲ့အတူ ပါလာတာဆိုတော့ ကျေးဇူးပြုပြီး ကျုပ်သားရဲ့ အခြေအနေကို ကြည့်ပေးပါဦး။ အရင်ကတော့ သမားတော်လင်းနဲ့ ပြနေကျ၊ ဒါပေမဲ့ ဒီနေ့ သူက တာဝန်ကျနေလို့ မလာနိုင်ဘူး ဖြစ်နေတာ"
သမားတော်ထျန်မှာ ငြင်းစရာ အကြောင်းမရှိ။ သူက သွေးခုန်နှုန်းကို သေချာစမ်းသပ်ပြီးနောက် "သခင်လေးက အရင်ကတည်းက အားနည်းပါတယ်။ ဆောင်းတွင်းအအေးဒဏ်နဲ့ နွေရာသီအပူဒဏ်ကို မခံနိုင်ဘူး။ သာမန်လူထက် ပိုနုနယ်တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်" ဟု ပြောသည်။
ဖခင်ဖြစ်သူကတော့ ဒီစကားကို ကြားနေကျမို့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။ ဖုန့်ကျိုးယွဲ့ စပ်စုချင်စိတ်ဖြင့် အခန်းဝတွင် ရပ်နေသော ရှဲ့ယန်၏ မျက်နှာကို လှမ်းကြည့်လိုက်ရာ သူလည်း အာရုံစိုက် နားထောင်နေသည်ကို တွေ့ရသည်။
သမားတော်ထျန်သည် ရှဲ့ယန် လွှတ်လိုက်သော သူလျှိုဖြစ်ပြီး သူ့ရောဂါအခြေအနေ အမှန်ကို လာစုံစမ်းခြင်း ဖြစ်မည်ဟု သံသယဝင်မိသည်။ သွေးခုန်နှုန်း စမ်းပြီးသည်နှင့် သမားတော်က ပြောလာပြန်သည်။
“သခင်လေး အခြေအနေက စိုးရိမ်စရာ မရှိတော့ပါဘူး။ အလုပ်တာဝန်တွေ ရှိရင် မနက်ဖြန် ပြန်လုပ်လို့ ရပါပြီ။ ခွင့်ယူစရာ မလိုတော့ပါဘူး"
သူထင်တဲ့အတိုင်း သမားတော်ထျန်က တကယ်ကို ရှဲ့ယန်ရဲ့ ကြံရာပါပဲ။ အလုပ်ဒဏ်ပိပြီး သနားစရာကောင်းတဲ့ သူ့ကို ခေါင်းပုံဖြတ်ဖို့ လာကြတာ။ သမားတော်ထျန်က ရှဲ့ယန်နှင့် ပူးပေါင်းထားသော်လည်း သမားတော်ကျင့်ဝတ်တော့ ရှိသေးပုံရသည်။ အားဆေးအချို့ ပေးခဲ့မည်ဟု ပြောသဖြင့် ဖခင်ဖြစ်သူက ဆေးယူရန် သူ့ကို ခေါ်ထုတ်သွားရာ အခန်းထဲတွင် ရှဲ့ယန်နှင့် ဖုန့်ကျိုးယွဲ့ ကျန်ရစ်ခဲ့သည်။
ဖုန့်ကျိုးယွဲ့ ဘာပြောရမှန်း မသိဖြစ်နေစဉ် ရှဲ့ယန်က အရင် စကားစပြောသည်။ အရေးမကြီးသည့်အလား ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"အဲဒီနေ့က မင်းနဲ့ ရှဲ့ရှင်း ဘာတွေ ပြောနေကြတာလဲ"
သူ့မေးခွန်းကြောင့် ရှဲ့ရှင်းက ရှဲ့ယန် သူ့ကို ကြိုက်လားဟု မေးခဲ့သည်ကို သတိရသွားပြီး နားရွက်များ ပူထူလာကာ ပါးပြင်များ ရဲတက်လာသည်။
သူ့ပုံစံကို မြင်သောအခါ မူလက တည်ငြိမ်နေသော ရှဲ့ယန်၏ မျက်နှာထား ရုတ်တရက် မည်းမှောင်သွားသည်။ မျက်ဝန်းထဲတွင် ဖိနှိမပ်ထားသော ဒေါသများ ပါလာသော်လည်း ထိုဒေါသ ဘယ်ကလာမှန်း ဖုန့်ကျိုးယွဲ့ နားမလည်ပါ။
"ထွက်သွား"ဟု အမောင်းခံရသည့်နေ့မှစ၍ ယခုလို ခန့်မှန်းရခက်သော စိတ်အပြောင်းအလဲများအထိ ကြုံတွေ့ရသောအခါ ဖုန့်ကျိုးယွဲ့ စိတ်လှုပ်ရှားပြီး ဝေခွဲမရ ဖြစ်သွားသည်။ တစ်စုံတစ်ယောက်ကို သဘောကျခြင်းသည် ကိုယ့်သိက္ခာကို ပုံအော လောင်းကစားလုပ်ရခြင်း ဖြစ်သည် ဆိုလျှင်တောင် ဒီလိုထူးဆန်းသော စိတ်အခြေအနေမျိုးကိုတော့ ရင်မဆိုင်ချင်ခဲ့ပါ။
သူ ကြောက်လန့်သွားသည်ကို မြင်တော့မှ ရှဲ့ယန်၏ မျက်ဝန်းထဲမှ ဒေါသများ ရုတ်ချည်း ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးစက်မှုက ပြန်လည် အစားထိုးဝင်ရောက်လာသည်။ ထို့နောက် ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားရန် ပြင်သည်။ သို့သော် ဖုန့်ကျိုးယွဲ့က ရှဲ့ယန်မျက်လုံးထဲ ဖျပ်ခနဲ ပေါ်လာသော ခံစားချက်တစ်ခုကို ဖမ်းမိလိုက်သဖြင့် ရှဲ့ယန်၏ အင်္ကျီလက်ကျယ်ကို အလျင်အမြန် ဆွဲထားလိုက်မိသည်။ ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"ရှဲ့ရှင်းက ကျွန်တော့်ကို မေးတယ် ... အိမ်ရှေ့စံကို ကြိုက်လားတဲ့”
ခဏလောက် တွန့်ဆုတ်နေပြီးမှ ဖုန့်ကျိုးယွဲ့ အားယူပြောချလိုက်သည်။
"ကျွန်တော်က ကြိုက်တယ်လို့ ပြန်ဖြေလိုက်တယ်”
ပြောလိုက်ပြီးသည့် ခဏမှာပင် သူ့ရင်ထဲမှ ဝန်ထုတ်ဝန်ပိုးကြီး လျော့ကျသွားသလို ခံစားလိုက်ရသည်။ အမျိုးအမည်မသိ ကြောက်ရွံ့မှုများ လွှမ်းမိုးနေချိန်တွင် လုပ်နိုင်သည်က ထိုကြောက်ရွံ့မှုကို ကျော်လွှားခြင်းသာ ဖြစ်သည်။ သူ လုပ်နိုင်ခဲ့ပြီ။ ရှဲ့ယန် ဘယ်လိုပဲ တုံ့ပြန်ပါစေ၊ ကိုယ့်ခံစားချက်ကို ရိုးသားစွာ ဝန်ခံခဲ့ပြီးပြီမို့ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီ။ သူ သတ္တိရှိခဲ့သည်။
ရှဲ့ယန် အရင်ကထက် ပိုဒေါသထွက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မော့ကြည့်လိုက်သည့်အခါ ပျော့ပျောင်းသွားသော မျက်နှာထားနှင့် အနည်းငယ် ပင့်တက်သွားသော မျက်ခုံးများကိုသာ တွေ့လိုက်ရသည်။ သူ့အသံတွင် အရင်က မကြားဖူးသော နွေးထွေးမှုမျိုး ပါဝင်နေသည်။
"ရောဂါ သိပ်မဆိုးဘူးဆိုရင် မနက်ဖြန် အလုပ်ပြန်ဆင်းတော့"
ဖုန့်ကျိုးယွဲ့ လိမ်မာစွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ရှဲ့ယန်က ဆက်ပြောသည်ကို ကြားလိုက်ရသည်။
"ရှဲ့ရှင်းက ဥာဏ်များပြီး ခန့်မှန်းရခက်တယ်။ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတတ်တယ်။ သူနဲ့ ဝေးဝေးနေ"
ပြောပြီးသည်နှင့် သူ့လက်ထဲမှ အင်္ကျီစကို တွန့်ဆုတ်ခြင်းမရှိ ဆွဲထုတ်ကာ ထွက်ခွာသွားလေသည်။
ဖုန့်ကျိုးယွဲ့မှာ ထွက်ခွာသွားသော ရှဲ့ယန်ကျောပြင်ကို ငေးကြည့်ရင်း အတွေးများ ရှုပ်ထွေးကျန်ရစ်ခဲ့သည်။ ရှဲ့ယန်ကို ဖွင့်ပြောဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်သော်လည်း ဒီတစ်ခေါက် တုံ့ပြန်ပုံက အရင်တစ်ခေါက်နှင့် မတူ၊ ငြင်းဆန်မှု သိပ်မပါဘဲ ဖိတ်ခေါ်နေသယောင်၊ ဆွဲဆောင်နေသယောင် ထင်မှတ်နေမိတယ်။
ရှဲ့ယန်လည်း သူ့ကို နည်းနည်းလေးတော့ ပြန်သဘောကျနေပြီလို့ ဘဝင်မြင့်ပြီး တွေးလိုက်လို့ ရမလား။
နည်းနည်းလေး ဆိုရင်တောင် လုံလောက်ပါပြီ။
---