အပိုင်း ၆၉
ကယ်ဆယ်ရေးဟုဆိုသော်လည်း ကျောက်တောင်တက်ကိရိယာများကို ပစ်ပေးခြင်းသာ။
ထိုစဉ် ဆောယောင်းက တုပ်နှောင်ထားသည့် အီဝူရှင်း၏ လက်ကောက်ဝတ်ကို မီးတုတ်တစ်ခုလို မြှောက်ပြလိုက်သည်။ လူအများရှိနေစဉ် လူသိရှင်ကြား အမြန်ကြေညာပြီး အသိအမှတ်ပြုခံရခြင်းက ပိုကောင်း၏။ ထိုမြင်ကွင်းကြောင့် နည်းပြများ မျက်လုံးပြူးကုန်တော့သည်။
“အဖွဲ့ဝင် ဟန်ဆောယောင်း။”
ဆောယောင်း၏ခါးကို မပြီး ရင်ခွင်ထဲမှ တွန်းထုတ်လိုက်သော အီဝူရှင်းက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောလာသည်။ သူက ချက်ချင်း နေရာမှထကာ ကိရိယာများကို ကောက်ကိုင်လိုက်၏။
“ဒါက အပြစ်ပေးခံချင်လို့လား၊ ကူညီပေးမဲ့လူ ရောက်လာလို့ ကိစ္စပြတ်ပြီဆိုတဲ့ မျက်နှာထားမျိုး လုပ်နေတာလား။”
“……”
အီဝူရှင်းက စောစောကတင် နှုတ်ခမ်းချင်းထိကပ်ပြီး ကိုယ်ငွေ့ချင်းဖလှယ်ခဲ့ကြသည်က သူမဟုတ်သလို တင်းမာသောပုံစံသို့ ပြန်ပြောင်းသွားသည်။
“ပုံမှန်အားဖြင့် နောက်ဆုံးအခိုက်အတန့်မှာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ဘာလို့ ပြတ်ပြတ်သားသား ကွဲပြားသွားတယ်ထင်လဲ။”
သူက ဆောယောင်း၏ ခါးတွင် တောင်တက်ကြိုးကို ချည်နှောင်ပေးကာ၊ တောင်တက်ဖိနပ်အောက်ခြေတွင် Spike များကို တပ်ဆင်ပေးပြီး Ice tool ကိုပါ လက်ထဲထည့်ပေးရင်း မေးလာ၏။
ဆောယောင်းက အေးစက်ခက်ထက်သော ခံစားချက်များ ပျောက်ကွယ်သွားသည့် နည်းပြ၏မျက်လုံးများကို စိုက်ကြည့်နေမိသည်။
“ခြေတစ်လှမ်း ထပ်လှမ်းဖို့ အားမရှိတော့လို့။”
“…….”
“အဲ့ဒါကြောင့်ပဲ ငါတို့က သူများဆီက ပိုက်ဆံယူပြီး လီးပြုတ်မတတ် လေ့ကျင့်နေရတာ။ တကယ် သေတော့မဲ့အချိန်မှာတောင် ခြေတစ်လှမ်း ထပ်လှမ်းနိုင်အောင် လေ့ကျင့်ပေးနေတာ။ ဒါဆို မင်းက ဒီမှာ ဘာလုပ်ရမလဲ။”
ထိုလူ၏အကြည့်က ဆောယောင်း၏ နှုတ်ခမ်းထက်တွင် နောက်ဆုံးအကြိမ် ရှိနေပြီးမှ ခွာသွားခဲ့သည်။
“အခုကစပြီး အဖွဲ့ဝင် ဟန်ဆောယောင်းက တစ်ယောက်တည်း တက်လာရမယ်။”
“ဘာ……”
“ကိုယ့်အသက်ကိုယ်တော့ ကိုယ်တိုင်ကယ်တဲ့ အလေ့အကျင့်ရှိအောင် လုပ်ရမှာပေါ့။”
သူက လက်ကောက်ဝတ်တွင် ချည်ထားသော ဝါယာကြိုးကို ချက်ချင်းဆိုသလို ဖြုတ်လိုက်ကာ သူ၏ အပေါ်အင်္ကျီကိုချွတ်ပြီး ဆောယောင်းထံ ပစ်ပေးခဲ့သည်။ သဘာဝဘေးအန္တရာယ်မှ ရုတ်တရက် လေ့ကျင့်ရေးအခြေအနေ ဖြစ်သွားပေပြီ။
သူက အသာငြိမ်နေသော ဂျင်ဟိုဂျယ်၏ အပေါ်အင်္ကျီကို အတင်းလုဝတ်ကာ ရေခဲတောင်ကို စတင်တက်တော့သည်။
ကျန်းမာသန်စွမ်းပြီး နေလောင်ထားသော နဖူးကို တစ်ချက်ကျုံ့လိုက်ရာမှ ပြန်ဖြေခဲ့သည့် ဂျင်ဟိုဂျယ်က “အထက်လူကြီးအမိန့်… အထက်လူကြီးအမိန့်…” ဟု တိုးတိုးလေး ရေရွတ်ရင်း ဝါရင့်တစ်ယောက်လို လျင်မြန်စွာ လှုပ်ရှားခဲ့၏။ ခဏနေတော့ သူက အီဝူရှင်းကို တစ်စုံတစ်ရာ ကပ်ပြောလိုက်သော်လည်း တိုက်ခတ်လာသော နှင်းမုန်တိုင်းကြောင့် စကားသံများက ပျောက်ကွယ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဆောယောင်းလည်း အလန့်တကြား Ice tool ဖြင့် ရေခဲနံရံကို ပေါက်လိုက်၏။ ထိုသို့သော အခြေအနေမျိုးမှာပင် သာယာနာပျော်ဖွယ်ကောင်းသော အသံနိမ့်နိမ့်က ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။
“အခု မျက်ရည်ပေါက်ပေါက်ကျအောင်… သင်ပေးထားမှ…”
ငါမရှိလို့လည်း မသေတော့ဘူးပေါ့။
အီဝူရှင်းက ချောက်ကမ်းပါးထိပ်သို့ ရောက်သည်အထိ တစ်ချက်မှ နောက်လှည့်မကြည့်ခဲ့ပေ။
ဒုန်း... ဒုန်း...
ရေခဲနံရံကို ပေါက်ပြီး တက်သွားတိုင်း ကွဲထွက်လာသော ရေခဲစများက မျက်နှာပေါ် လာစဉ်သည်။ တစ်ခါတစ်ရံတွင် ဂျင်ဟိုဂျယ်က နောက်ဆုံးမှ လိုက်လာသော ဆောယောင်းကို အခြေအနေကြည့်ရန် ငုံ့ကြည့်တတ်သော်လည်း စိတ်မကောင်းဖြစ်နေသည့် မျက်နှာထားမျိုးသာပြကာ ကူညီပေးခြင်းတော့ မရှိခဲ့ပေ။
သူက အီဝူရှင်းနှင့် ဆောယောင်းကို တစ်လှည့်စီကြည့်ရင်း စကားပြောရန် ကြိုးစားသော်လည်း “ဟတ်ချိုး…” ဟူသော နှာချေသံကြောင့် အမြဲတမ်း အစီအစဉ်ပျက်သွားရသည်။
နောက်ဆုံးတွင် နာရီပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် ချောက်ကမ်းပါးထိပ်သို့ ရောက်လာသည့် ဆောယောင်းတစ်ယောက် မြေပြင်ပေါ်တွင် ပစ်လှဲလိုက်လေ၏။ လက်ကောက်ဝတ်မှ အရွတ်များ ပြတ်ထွက်လုမတတ် တုန်ယင်နေကာ ခန္ဓာကိုယ်ထဲ၌ရှိသော ရေဓာတ်များပါ ခန်းခြောက်သွားသည်အထိ အားအင်ကုန်ခန်းနေသည့် အခြေအနေပင်။
ဗိုက်ထဲ၌ ဘာမှမရှိသော်လည်း ဝေါ့ခနဲ ပျို့အန်ချင်စိတ်များ ပေါ်လာစဉ် ရုတ်တရက် သေသပ်သန့်ပြန့်သော မျက်နှာတစ်ခုကို ဇောက်ထိုးမြင်လိုက်ရသည်။
ဒီအတိုင်း ပစ်ထားခဲ့ပြီ ထင်နေတာကို….
“ပင်ပန်းသွားပြီ။”
အီဝူရှင်းက ဒူးထောက်ထိုင်ချကာ သူ့ကို မျက်နှာထားတည်တည်နှင့် ငုံ့ကြည့်နေသည်။
ဆောယောင်းက လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်လောက်အောင် အားကုန်နေသော်လည်း သူ့လက်ကောက်ဝတ်ကို ချက်ချင်း လှမ်းဖမ်းလိုက်၏။ ထိုအခါ ထိုလူက ပါးစပ်ကိုသာ ပြုံးကာ ဆောယောင်း၏နဖူးကို လက်နှစ်ချောင်းဖြင့် ခပ်ပြင်းပြင်း တောက်လေသည်။
“အဖွဲ့ဝင်တစ်ယောက်က ဓားနဲ့ အထိုးခံရပြီး၊ နောက်တစ်ယောက်က ပြုတ်ကျတဲ့အတွက် ဒီတစ်ခေါက် လေ့ကျင့်ရေးကာလကို နှစ်ရက်စောပြီး အဆုံးသတ်လိုက်တယ်။ အဖွဲ့ဝင်အားလုံးထဲမှာ နည်းပြကို ဖမ်းနိုင်ခဲ့တာက ဟန်ဆောယောင်း တစ်ယောက်တည်းပဲ။”
“……”
“ဂုဏ်ယူပါတယ်။ ကုမ္ပဏီကို ပြန်ရောက်ရင် အထူးလုံခြုံရေးအဖွဲ့မှာ တရားဝင် ခန့်အပ်ခံရလိမ့်မယ်။”
အီဝူရှင်း၏ ပါးစပ်မှ အတည်ပြုချက်ကို ကြားလိုက်ရတော့ ရင်ဘတ်ထဲတွင် ပူဖောင်းတစ်ခုလို ဖောင်းကြွတက်လာသည်။ အကြောက်အလန့်မရှိဘဲ ဆဲဆိုမိခဲ့သည့် အခိုက်အတန့်များစွာက ရုပ်ရှင်ပြကွက်များလို ဖြတ်သန်းသွား၏။
တအားမိုက်ရူးရဲဆန်ခဲ့သလားဟု တွေးမိခဲ့သော်လည်း ရရှိလာသည့် ဆုလာဘ်က ဤမျှအထိ ချိုမြိန်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပေ။
ထိုစဉ် အဓိပ္ပာယ်ပါပါ မျက်လုံးချင်းဆုံလာသော အီဝူရှင်းက သူကိုယ်တိုင် ကိုက်ထား၍ သွေးစထွက်နေသည့် ဆောယောင်း၏ နှုတ်ခမ်းကို ဆွဲညှစ်ကာ လှုပ်ယမ်းခဲ့သည်။
“ဘယ်လိုလုပ်မလဲ၊ အခု အဖွဲ့ဝင် ဟန်ဆောယောင်းက ငါ့စကားကို လုံးဝနာခံရတော့မှာဆိုတော့။”
“ဘာကို……”
“လက်တွေ့အလုပ်ခွင်မှာတော့ ငါ့စကားက ဥပဒေပဲ၊ အသစ်လေးဖြစ်တဲ့ မင်းက ဘယ်လိုလုပ်ပြီး ခေါင်းမာလို့ရမှာလဲ။”
“……”
“ငါ့ကို အာခံတဲ့အခိုက်အတန့်မှာ ဒုတိယအခွင့်အရေးဆိုတာ မရှိတော့ဘူး။”
သူက နှုတ်ခမ်းကို အားဖြင့်ညှစ်ပြီးမှ လွှတ်ပေးကာ နေရာမှ ထရပ်လိုက်သည်။ နှင်းများ အရည်ပျော်ကျနေသလို မြေပြင်ပေါ်တွင် ကပ်နေသည့် ဆောယောင်းထံသို့ စူးစိုက်ဝင်ရောက်လာသော အကြည့်များက အင်မတန်ကို စူးရှလှ၏။
“ဒါကြောင့် မင်းရဲ့ လုပ်ရပ်တွေမှာ ကန့်သတ်ချက် ရှိလာလိမ့်မယ်၊ အဲ့ဒီ စိတ်ရှုပ်စရာကောင်းတဲ့ ကတိတွေကိုလည်း တည်ရမှာ။”
နေပါဦး၊ အဲ့ဒါက….
ဆောယောင်းက ဗိုက်တွင် အားစိုက်ပြီး ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။
'နည်းပြကြီးက ရှေ့လျှောက် ဘယ်လိုအမိန့်တွေ ပေးမယ်မှန်း သိလို့ လွယ်လွယ်နဲ့ လက်တွဲရမှာလဲ။ အဲ့ဒါက လည်ပတ်ကြိုးလိုပဲမို့လို့ မကြိုက်ပါဘူး။ ကျွန်မရဲ့ လုပ်ရပ်တွေမှာ ကန့်သတ်ချက်ရှိတာကိုလည်း မကြိုက်သလို၊ ကတိတည်ရမယ်ဆိုတာကလည်း စိတ်ပျက်ဖို့ကောင်းတယ်။'
အဲ့ဒါ ဆေးပေးခန်းမှာတုန်းက ငါ ငြင်းခဲ့တဲ့ စကားတွေ မဟုတ်ဘူးလား။
“အဲ့ဒါကြောင့်၊ ငါက ဘယ်လိုအမိန့်တွေ ပေးမယ်မှန်း သိလို့ လွယ်လွယ်နဲ့ လက်တွဲခဲ့တာလဲ။”
“……”
“စိတ်မကောင်းပါဘူး၊ အဖွဲ့ဝင် ဟန်ဆောယောင်း။”
ဆောယောင်းက တဖြည်းဖြည်း ဝေးကွာသွားသော သူ၏ ကျောပြင်ကို ကြောင်တောင်တောင် ကြည့်နေမိသည်။ ဖမ်းချုပ်ခံရပြီးမှ ပြန်လွတ်လာသည့် နှုတ်ခမ်းက နာကျင်လွန်းသဖြင့် မကျေမနပ်ဖြစ်ရ၏။
ဟူး…. ဆံပင်ကို ထိုးဖွလိုက်သော သူ၏ လက်အမူအရာတွင် ဒေါသများ အပြည့်စွက်လျက်။ ကျိန်းသေပေါက် မိမိက အနိုင်ရခဲ့ပြီး test ကိုလည်း အောင်မြင်ခဲ့သည့်တိုင် ငါးမန်း ပါးစပ်ထဲ ရောက်သွားသလို ထူးဆန်းသော ခံစားချက်ကိုမူ ဖျောက်ဖျက်၍ မရခဲ့ပေ။
ထို့အပြင် ယင်းက နောက်ဆုံးပင်။
မုန်းရပါသော နည်းပြများနှင့် နှုတ်ဆက်ချိန်တွင်ရော၊ စိတ်ပျက်စရာ လေ့ကျင့်ရေးစခန်းမှ ဘတ်စ်ကားနှင့် ထွက်ခွာရသည့်အချိန်၌ပါ အီဝူရှင်း၏ အရိပ်အယောင်ပင် မတွေ့ခဲ့ရ။
ဆောယောင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေစဉ် လုပ်ဖော်ကိုင်ဖက်များ ရောက်လာပြီး “ဆောင်းဝုချန်း အဲ့ဒီကောင်အကြောင်း ကြားပြီးပြီ” ဟု ပြောကာ ပုခုံးကို ပုတ်ပေးခဲ့ကြသည်။
အဲ့ဒီလိုဆိုမှ ဆောင်းဝုချန်း အဲ့ဒီကောင်ရော ဘယ်လိုဖြစ်သွားပါလိမ့်။
သို့သော် မည့်သူ့ကိုပင်မေးကြည့်ပါစေ သူ၏ အပြစ်ပေးခံရမှုနှင့် ဘယ်ရောက်သွားကြောင်း ရေရေရာရာသိသူ မရှိခဲ့ပေ။
ထိုသို့ဖြင့် ကြမ်းတမ်းလှသော ၁၀ ပတ်တာ ခရီးစဉ်က လုံးဝဥဿုံ ဆုံးခန်းတိုင်သွားတော့သည်။
~~~~
တီ၊ တီ၊ တီ…
အကြာကြီးနေမှ နှိပ်ကြည့်ရသော ဒစ်ဂျစ်တယ်တံခါးခလုတ်များက စိမ်းသက်နေ၏။ ဆောယောင်းက နောက်ဆုံးဂဏန်းကို သေချာနှိပ်ကာ ရင်ခွင်ထဲမှ အဝါရောင် ဖရီးရှားပန်းစည်းကို ပြန်ပြင်ပိုက်လိုက်သည်။
“ပြန်ရောက်ပါပြီ။”
ဧည့်ခန်းတံခါးကို ဖွင့်ဝင်လိုက်သည်နှင့် တည့်တည့်တွင် မြင်လိုက်ရသည်က မင်္ဂလာဓာတ်ပုံဘောင်ပင်။ ဘယ်လိုကြည့်ကြည့် အသားမပါဘဲ အရိုးစုလို ဖြစ်နေသဖြင့် အမှိုက်ပုံးထဲ ရောက်နေသင့်သည့် ဘောင်အဟောင်းကြီး။
သို့သော် ဆောယောင်းက ဂရုမစိုက်ဘဲ ပြုံးလျက် နှုတ်ဆက်ခဲ့သည်။ ဓာတ်ပုံကို ကြည့်တိုင်း ရင်ထဲ အေးစက်သွားတတ်သော်လည်း ယနေ့မှ ဓာတ်ပုံမရှိတာ တော်ပါသေးရဲ့ဟု ရုတ်တရက် တွေးမိသွား၏။
ဂင်ဟျွန်းကို ရှာတွေ့ရန်အတွက် မကောင်းတာလုပ်ရန်အထိ ဆုံးဖြတ်ထားသော်လည်း နှုတ်ခမ်းလေး တစ်ချက်အကိုက်ခံရရုံနှင့်တင်…မင်္ဂလာဓာတ်ပုံဘောင်နှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ ထူးဆန်းစွာ ချောင်းဟန့်မိသွားသည်။
တစ်ဖန် ဟာလာဟင်းလင်းဖြစ်နေသည့် အလယ်တွင် နှင်းမုန်တိုင်းကျနေသည့် ချောက်ကမ်းပါးပုံရိပ်က ပန်းချီကားတစ်ချပ်ပမာ တဖြည်းဖြည်း ပေါ်လာသည်ကို သတိပြုမိလိုက်တဲ့ အခိုက်အတန့်တွင်။
ဆောယောင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပုခုံး၌ လွယ်ထားသည့်အိတ်လည်း ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။
“ဘယ်ကောင်လဲ…”
ထိုစဉ် ဝုန်းဒိုင်းကြဲသံများ ထွက်လာကာ တံခါးပွင့်လာသည်။ လွန်ခဲ့သော နှစ်လကအထိ ရှင်းလင်းနေခဲ့သည့် အခန်းငယ်လေးက ယခုမူ အနက်ရောင်နှင့် အစိမ်းရောင် ကွန်ပျူတာစခရင်န်များဖြင့် ပြည့်နှက်နေလေ၏။
ဆောယောင်းကို မြင်လိုက်ရသည့် ချန်နာ၏ မျက်နှာက ထိတ်လန့်သွားသည်။
“ဟစ်…တကယ်ပဲ ဘာဖြစ်လာတာလဲ၊ မျက်နှာက ဘာဖြစ်လို့ အဲ့ဒီလောက်တောင် ဖြစ်နေရတာလဲ…”
“နေကောင်းသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။”
သို့သော် ဆောယောင်းက မအံ့သြဘဲ ပန်းစည်းကို ကမ်းပေးလိုက်သည်။ ချန်နာက အဝါရောင်ပန်းစည်းကို မှင်တက်စွာ လက်ခံခဲ့သော်လည်း သူ၏ လေယူလေသိမ်းကမူ ယခင်အတိုင်းပင်။
“ပေါက်နေတဲ့ နှုတ်ခမ်းက ဘာလဲ၊ မျက်နှာက ဒဏ်ရာတွေကရော ဘာလဲ။ ဘယ်ဓားပြက လုပ်လိုက်လို့ ပါးက ချိုင့်ဝင်သွားပြီး မျက်လုံးတွေက ဘာလို့ ဒီလောက် မှေးနေရတာလဲ။ အဲ့ဒီမှာ ထမင်းရော ကျွေးရဲ့လား။”
“အင်း…”
“နှာတံကလည်း နီရဲပြီး ပွန်းနေတာပဲ။ ဆောင်းတွင်း ခရမ်းလွန်ရောင်ခြည်က ဘယ်လောက် ကြောက်ဖို့ကောင်းလဲ၊ ဘာလို့ နေကာခရင်မ် မလိမ်းတာလဲ။”
လေ့ကျင့်နေစဉ် လိမ်းခဲ့သည့်အရာဟူ၍ ရွှံ့နှင့် ရုပ်ဖျက်ခရင်မ်အပြင် မရှိပေ။
“ဒါနဲ့ ဒီလက်မောင်းက… ဒါက ကြွက်သားတွေလား….”
ချန်နာက ပါးစပ်အဟောင်းသားနှင့် ဆောယောင်း၏ လက်မောင်းကို လိုက်စမ်းနေသည်။ ဆောယောင်းလည်း အလကားနေရင်း ကလေးကို စချင်လာသည်နှင့် သူ လိုက်စမ်းသည့်နေရာတိုင်းကို ကြွက်သားများ တင်းပေးလိုက်၏။ ချန်နာ၏ မျက်လုံးများ ဝိုင်းစက်သွားပုံက ချစ်ဖို့ကောင်းပြီး ရယ်ချင်စရာပင်။
“ကျွန်မ တွေးထားတဲ့ နည်းပညာက ဒါမျိုး မဟုတ်တာကို…”
ချန်နာ၏မျက်နှာက ဘာကြောင့်မှန်းမသိ ညှိုးငယ်သွားသည်။
“နေကောင်းအောင် အစ်မသာ အရင်လုပ်ပါ။ ကျွန်မကတော့ အားနာလို့ ဒီပန်းစည်းကို မယူနိုင်ဘူး။”
သူက ပန်းစည်းကို ပြန်ပေးရန်လုပ်ခဲ့သော်လည်း ဆောယောင်းက မသိချင်ယောင်ဆောင်ကာ အခန်းငယ်လေးထဲ ဝင်သွားလိုက်သည်။
ကုမ္ပဏီမှ ခေါ်သည့်အချိန်အထိ ပင်ပန်းနေသော လေ့ကျင့်ရေးဆင်းထားသည့် အဖွဲ့ဝင်များကို ၁၀ ရက် နားခွင့်ပေးထား၏။ ဆောယောင်းက သီချင်းတီးတိုးညည်းရင်း အလုပ်ခန်းအဖြစ် ပြောင်းလဲသွားသည့် အခန်းလေးကို လှည့်ပတ်ကြည့်ရှုနေသည်။ ဤသည်မှာ ချန်နာနှင့် ဖုန်းဆက်ပြီး ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်ပင်။
“ချန်နာ ဒဏ်ရာရစရာအကြောင်း လုံးဝမရှိစေရဘူး။ ချန်နာ လုပ်ရမှာက…”
“ဟူး…”
ချန်နာက မည်သို့ပင် စဉ်းစားပါစေ ကြောက်စရာကောင်းသည်ဟု ထင်နေပုံရကာ သက်ပြင်းချခဲ့သော်လည်း ဆောယောင်းကမူ ပြုံးနေ၏။
“ငါတို့ အိမ်ရဲ့ IP လိပ်စာနဲ့ ငါ့အပေါ် ပုံချလိုက်ရင် ရပြီမို့လို့။”
“ကျွန်မလည်း ကျေးဇူးရှင်အပေါ် ဘာတွေလုပ်နေရတာလဲ…”
“ကျေးဇူးဆပ်ဖို့ သပိတ်လွယ်ငှက် လုပ်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား။”
“ပြောခဲ့တာပေါ့…ဒါပေမဲ့ ဘာလို့ ကျွန်မကို မြောက်ကိုရီးယားက ကောင်မဖြစ်အောင် လုပ်ရတာလဲ။”
ယခုရက်ပိုင်း သတင်းများထဲတွင် hot အဖြစ်ဆုံးက လွှတ်တော်အမတ်ဟောင်း ဘတ်ဂွမ်ဒူ၏ သားဖြစ်သူ ရရှိခဲ့သည့် အငြိမ်းစားခံစားခွင့် သတင်းပင်။
ဝမ် ၅ ဘီလီယံနီးပါး ရရှိခဲ့သည့် အသက် ၃၀ ကျော်အရွယ် ဘတ်မျိုးရိုးက လက်ရှိ သမ္မတကတော် တူမ၏ ခင်ပွန်းဖြစ်ပြီး၊ တစ်နည်းအားဖြင့် ဘတ်ဂွမ်ဒူနှင့် သမ္မတက ဆွေမျိုးတော်စပ်သူများပင်။
ထို့အပြင် ဆောယောင်း ပစ်မှတ်ထားနေသည့် အမျိုးသားထောက်လှမ်းရေးက သမ္မတ၏ တိုက်ရိုက်လက်အောက်ခံဌာနဖြစ်ရာ ထို ၅ ဘီလီယံ ပျောက်ဆုံးသွားလျှ မည်သူ့ကို သွားတိုင်မည်မှာ ထင်ရှားလှပေသည်။
“ငါ အကြာကြီး စောင့်ခဲ့ရတာကို အခုတော့ အဖမ်းခံရဦးမှပေါ့။”
ဒါကြောင့် ဆွေမျိုးတွေကို အရင်ထိရမယ်။ နဂိုကတည်းက မိသားစုကို အရင်ထိတာ အခြေခံပဲမဟုတ်ဘူးလား။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၁၃ အထိ ဖတ်လို့ရပါပြီ။
၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။