no

Font
Theme

အပိုင်း ၃၄

ထိုလူ မျက်လုံးပြန်ဖွင့်လိုက်ရာ စူးရှလှသော အကြည့်တို့က ဆောယောင်း၏ ညာဘက်လက်မောင်းဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိလာတော့သည်။ ထို့နောက် ဆောယောင်းအနားတွင် ကပ်လျက်ရှိနေသည့်လူထံ၌လည်း အကြည့်တို့က သဘာဝကျကျ ရပ်တန့်သွား၏။ သူက ငြီးငွေ့သလို မျက်နှာထားဖြင့် ငုံထားသော သကြားလုံးကို ဝါးစားခဲ့သည်။

“အခြေခံသင်တန်း အကုန်ဆင်းပြီးတဲ့ အဖွဲ့ဝင်တွေက....”

စကားပြတ်တောက်သွားခြင်း မရှိခဲ့သည့်အလား အီဝူရှင်းက ဘာမှမဖြစ်သလို ဆက်ပြောခဲ့သည်။

“နောက်ဆုံး စစ်ဆေးမှုကို ဖြတ်ကျော်ပြီးမှ အထူးလုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့ဝင်သစ်အဖြစ် ဝင်ရောက်ခွင့်ရမှာပါ။ အမှတ်ကောင်းကောင်းရတဲ့သူတွေကိုတော့ ဦးစားပေး ရွေးချယ်သွားဖို့ စဉ်းစားထားပါတယ်။”

နောက်ဆုံးစကားကြောင့် အသစ်ဝင်လာသူများ၏ မျက်နှာထားများက တစ်ခဏချင်းမှာပင် ပြောင်းလဲသွားတော့သည်။ အထူးလုံခြုံရေးအဖွဲ့၏ လစာနှင့် ခံစားခွင့်များက အခြားအဖွဲ့များထက် အဆမတန် မြင့်မားသည်ဟူသော သတင်းကို လူတိုင်း အနည်းဆုံး တစ်ကြိမ်တော့ ကြားဖူးကြပေလိမ့်မည်။

“ပြီးတော့...”

အီဝူရှင်းက စင်မြင့်၏ ဘေးဘောင်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပခုံးကို တစ်ချက် တွန့်လိုက်သည်။ သူ၏ လက်ဖမိုးပေါ်ရှိ အကြောများက ဒေါသထွက်နေသည့်အလား ထောင်ထနေ၏။ သူက မျက်တောင်မခတ်တမ်း ဆောယောင်းကို စိုက်ကြည့်နေရာမှ...

“အသုံးမကျတဲ့ အဖွဲ့ဝင်တွေကိုတော့ အညှာအတာမရှိ ထုတ်ပစ်မှာပါ။”

ချောမွတ်လှသော နှုတ်ခမ်းအစုံက ပါးရိုးနားအထိ ရောက်လုမတတ် ပြုံးတက်သွားလေသည်။ ကြည်လင်ပြတ်သားသော ထိုအပြုံးကြောင့် နဂိုကတည်းက ဖြူဝင်းလှသော သူ၏မျက်နှာက ပို၍ပင် တောက်ပနေသယောင် ရှိနေတော့၏။

~~~~

အပြင်သို့ ထွက်လာတော့ ခရီးသည်တင် ဘတ်စ်ကားကြီး သုံးစီးက အသင့်စောင့်ကြိုနေသည်။

သန်သန်မာမာ အမျိုးသားများကြားထဲ ရောက်နေသော ဆောယောင်းက မလိုအပ်ဘဲ စိတ်လှုပ်ရှားကာ ထိလွယ်ရှလွယ် ဖြစ်နေသည့် အခြေအနေပင်။ နေရာအနှံ့အပြားက မိုင်းဗုံးများ၊ ထောင်ချောက်များ ဖြစ်နေသည်ဟူသော ခံစားချက်ကို ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။

ဤမျှအထိ ရန်လိုသော ပတ်ဝန်းကျင်မျိုးတွင် မိမိ တတ်နိုင်သည်က အောက်ကျနောက်ကျနိုင်ပြီး မာနထိခိုက်ရလျှင်ပင် အံကြိတ်ကာ တောင့်ခံထားရန်သာရှိ၏။ သို့သော် လွယ်ကူလိမ့်မည်မဟုတ်ဟူသော အငွေ့အသက်က ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာသည်။

သို့တိုင်…… အိမ်မှ ထွက်လာကတည်းက ဆုံးဖြတ်ချက် ချခဲ့ပြီးသားပင်။ မိမိ၏ကံကြမ္မာကို မိမိသာ ဆုပ်ကိုင်ထားမည်ဟူ၍။ ဆောယောင်းက အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

ထိုသို့ လေးကန်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေစဉ် ရုတ်တရက် ခေါင်းပေါ်သို့ အရိပ်တစ်ခု ကျရောက်လာ၏။ မရင်းနှီးသော ရနံ့ဖြစ်သော်လည်း မည်သူဖြစ်ကြောင်းကိုမူ ချက်ချင်း သိလိုက်ရသည်။

“ဟန်ဆောယောင်းခင်ဗျ၊ ကျွန်တော့်စကားက နားလည်ရ ခက်နေလို့လား။”

သူက ပြန်တွေးကြည့်လျှင်ပင် အဓိပ္ပာယ်မရှိသည့်အလား ဆောယောင်းကို အထက်စီးမှ ငုံ့မိုးကြည့်ကာ ပြောလာသည်။

“ထပ်မတွေ့ကြရအောင်လို့ ကျွန်တော် သေချာပြောခဲ့တယ် ထင်တာပဲ။”

“ဟုတ်ကဲ့၊ အဲ့ဒါကြောင့်ပဲ အလုပ်ပြုတ်သွားတာလေ။”

“တမင်သက်သက် လုပ်နေတာလား။ တကယ်ပဲ နှိပ်စက်ခံချင်လွန်းလို့ ဝင်လာတာလား။”

သူက လူနာတစ်ယောက်ကို တွေ့လိုက်ရသည့်အလား အနည်းငယ် စိတ်ရှုပ်ထွေးကာ မချင့်မရဲဖြစ်နေသည့် မျက်နှာထားမျိုးရှိနေသည်။

“အဲ့ဒီလောက်အထိ ကြီးကျယ်တဲ့ ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး၊ လူကပ်မှန်သွားလို့ပါ။”

“လူကပ်မှန်တယ်။”

သူက မျက်ခုံးပင့်လိုက်သည်။

“ဟုတ်ကဲ့၊ အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းဆီမှာပါ။”

“……”

“တစ်ယောက်က ကျွန်မကို ထုတ်ပစ်ပေမဲ့ နောက်တစ်ယောက်ကတော့ ဆုပေးတယ်လေ။ ကျွန်မကလည်း လောဘကြီးတဲ့လူဆိုတော့ ဘယ်သူ့နောက် လိုက်ရမလဲဆိုတာက ရှင်းနေတာပဲ မဟုတ်လား။”

မျက်မှောင်ကြုတ်ထားသော သူက တစ်ဖန် ထူးဆန်းသော မျက်နှာထားမျိုး ပြန်ဖြစ်သွားပြန်သည်။

အီဝူရှင်းက ထိုင်းနိုင်ငံတွင်လည်း ဤကဲ့သို့သော မျက်နှာထားမျိုး ရှိခဲ့ဖူး၏။ လဲလှယ်ခံရသော ပစ္စည်းတစ်ခုကို အသေအချာ လေ့လာနေသည့်အလား။ စိတ်ပျက်မှုဟုဆိုရန် ပို၍ပေါ့ပါးပြီး စိတ်ဝင်စားမှုဆိုသည်ထက် ပို၍စူးစမ်းလိုသော အကြည့်မျိုးပင်။

“တကယ်ပဲ…… ဘယ်ဟာက အစစ်အမှန်လဲဆိုတာ မသိတော့ဘူး။”

သူက မျက်လုံးကိုကျုံ့ထားရင်း အောက်နှုတ်ခမ်းကို လက်ချောင်းဖြင့် ပွတ်သပ်လိုက်သည်။

ထိုစဉ် ဂိတ်ဝရှေ့သို့ တက္ကစီတစ်စီး ဆိုက်ရောက်လာပြီး တစ်ပြိုင်နက်တည်းမှာပင် အီဝူရှင်းထံသို့ ဖုန်းဝင်လာ၏။ သူက “ဟုတ်ကဲ့” ဟု တိုတိုတုတ်တုတ် ပြန်ဖြေရုံသာလုပ်ပြီး ဆောယောင်း၏ လက်မောင်းကိုဆွဲကာ ခေါ်ဆောင်သွားတော့သည်။

“……”

ဆောယောင်းက လက်ကို ရုန်းကန်ရန် ကြိုးစားသော်လည်း သူက တိုပြတ်ပြတ်ပင် သတိပေးခဲ့၏။

“ကောင်းနေသေးတဲ့ လက်မောင်းပါ ထပ်ပြီး ဒဏ်ရာမရချင်ရင် ပြန်လိုက်ပါ။ ကျွန်တော် အခု နောက်နေတာမဟုတ်ဘူး။”

အခြားသော အသစ်ဝင်လာသူ အဖွဲ့ဝင်များက ဘတ်စ်ကားကြီးပေါ် တက်နေကြသော်လည်း မိမိကို စောင့်ကြိုနေသည်က ဟောင်းနွမ်းနေသော တက္ကစီတစ်စီးသာ။ ဆောယောင်းက မျက်နှာကို ရှုံ့မဲ့ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ အထက်စီးဆန်လွန်းသော ဤလူအပေါ် ရွံရှာမုန်းတီးစိတ်များ မြင့်တက်လာသည့် အခိုက်အတန့်ပင်။

ခေါင်းမာမှုနှင့် ဇွဲက မလျှော့စတမ်း ရောယှက်နေသည်ကို မြင်လိုက်ရ၍လားမသိ၊ အီဝူရှင်းကလည်း မေးရိုးကို တင်းတင်းစေ့လိုက်သည်။ သူကလည်း အလျှော့ပေးမည့်ပုံစံမျိုး မဟုတ်ပေ။

“ဟန်ဆောယောင်းက အဲ့ဒီကားနဲ့ သွားလိုက်ရင် ရပါပြီ။”

“လွှတ်ပါ၊ ကျွန်မကလည်း အဲ့ဒီလိုဆို အမှုဆောင်ဒါရိုက်တာကို ခေါ်လိုက်မှာ…”

“ဘာ။”

“ရှင်က အဖွဲ့မှူးပဲဖြစ်ဖြစ်၊ နည်းပြပဲဖြစ်ဖြစ်၊ ကျွန်မက ရာထူးအဆင့်အတန်းကြောင့် ဒီလို ဆက်ဆံခံရတာဆိုရင် ကျွန်မလည်း အဲ့ဒီနည်းလမ်းအတိုင်း မျှတမှုမရှိဘဲ တုံ့ပြန်မှာပေါ့။”

အီဝူရှင်းက လှောင်ရယ် ရယ်ခဲ့သည်။

“ကျွန်မ ပြောပြီးသားလေ၊ အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းရဲ့ ကျေးဇူးကြောင့် ဝင်လာတာပါလို့။ ဒါကြောင့် ထပ်ပြီး ထုတ်ပစ်ချင်ရင် အဲ့ဒီပုဂ္ဂိုလ်ကို အရင်သွားပြောလိုက်ပါ။”

“အကပ်နဲ့ဝင်လာတဲ့သူက တော်တော်လေး အမောက်ထောင်ပြနေတာပဲ။”

“အဲ့ဒီလောက်မှ အဖြစ်မရှိရင် ရှိတဲ့အကပ်ကို သေချာအသုံးမချနိုင်ဘဲ ဖြစ်သွားမှာပေါ့။”

မလျှော့သော အကြည့်နှစ်စုံက လေဟာနယ်ထဲတွင် တိုက်ခိုက်နေကြသည်။

“ဟန်ဆောယောင်းက တစ်ခုခုကို အထင်လွဲနေတာပဲ။ ကျွန်တော့်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူးလို့ ထင်နေတာလား။ အမှုဆောင်ဒါရိုက်တာက ဘယ်လောက်ပဲ ထည့်ပေးလိုက်ပါစေ၊ လေ့ကျင့်နေရင်းနဲ့ ထုတ်ပစ်ဖို့ကတော့ ကျွန်တော့်အပိုင်းပါ။”

“……”

“ဒါကြောင့် ပြောပြနေတာလေ။ ခရီးစရိတ်လေးဖြစ်ဖြစ် သက်သာရအောင်လို့၊ အစောကြီး အိမ်ပြန်ရမှာပဲကို။”

ဆောယောင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

“ယောက်ျားတွေတောင် ပင်ပန်းလွန်းလို့ လက်လျှော့သွားတဲ့ ဒီလေ့ကျင့်ရေးကို ဘယ်လိုနည်းနဲ့ တောင့်ခံမှာလဲ။ ခန္ဓာကိုယ် ကြံ့ခိုင်တဲ့လူလည်း မဟုတ်၊ ဒီနယ်ပယ်ကလူလည်း မဟုတ်တာကို အဲ့ဒီလို ခန္ဓာကိုယ်မျိုးနဲ့ ဘာကို ဘယ်လို လုပ်ဦးမှာလဲ။”

သူက လက်ကို ဆန့်ထုတ်ပြီး ဘတ်စ်ကားပေါ် တက်နေသော လူများကို ညွှန်ပြခဲ့သည်။

“ဟိုမှာရှိတဲ့လူတွေလည်း နောက်ဆုံးကျရင် လေးပုံတစ်ပုံလောက်ပဲ ကျန်မှာ။”

“…….”

“စိတ်အားထက်သန်တာကတော့ ကောင်းပေမဲ့ တစ်ချက်လေး လွန်သွားတာနဲ့ မဆင်မခြင် ဖြစ်သွားတတ်တယ်ဆိုတာကို ဘာလို့ မသိရတာလဲ။”

ကျုံ့ထားသော မျက်လုံးထဲတွင် ငြီးငွေ့စိတ်ကုန်မှုများ ရောယှက်နေသည်။

“ထပ်မတွေ့ကြရအောင်လို့လည်း ပြောခဲ့ပြီးပြီ၊ အသုံးတည့်မဲ့တန်ဖိုး မရှိဘူးလို့လည်း ပြောခဲ့ပြီးပြီ။ လူက မာနဆိုတာ မရှိဘူးလား။ အဲ့ဒါအပြင် ဟန်ဆောယောင်းက ကျွန်တော့်ကို စကားတစ်ခွန်းတည်းကို နှစ်ခါစီ ပြောရအောင် လုပ်နေတာဆိုတော့ ထုတ်ပစ်ဖို့ အကြောင်းပြချက်တွေက အများကြီးပါပဲ။”

“…….”

“အဓိကတော့ ဒီနေရာက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားကို ရွေးချယ်တဲ့ နေရာမို့လို့။”

အီဝူရှင်းက သူ၏ ပုဂ္ဂိုလ်ရေးအငြိုးအတေးများကိုပါ ထည့်သွင်းပြီး ဆော​ယောင်းကို ထုတ်ပစ်မည်ဟု ဗြောင်ကျကျ ပြောခဲ့သည်။ သို့သော်လည်း ဆောယောင်းက ထိုအကြည့်များကို မသွေမဖည် တည့်တည့်မတ်မတ် ပြန်လည်ရင်ဆိုင်ခဲ့၏။ မိမိ၏ စိတ်ဓာတ်ကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးနေသည့် စကားလုံးများကြားတွင်လည်း တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။

“ဟုတ်ကဲ့၊ စိတ်ကြိုက်သာ ထုတ်ပါ။ ဒါပေမဲ့ ဒီမှာမဟုတ်ဘဲ လေ့ကျင့်ရေးကွင်းထဲမှာပဲလုပ်ပါ။”

အီဝူရှင်းက ချိုမြိန်သောအရာတစ်ခုခုကို တောင့်တနေသည့်အလား ခြောက်သွေ့နေသော ပါးစပ်အတွင်းပိုင်းကို မကျေမနပ် လျှာဖြင့်သပ်လိုက်သည်။

“ပင်ပန်းပြီး ခက်ခဲမယ်ဆိုတာကို ကြိုသိထားပြီးသားမို့လို့ အများကြီးလည်း စဉ်းစားခဲ့ပြီးပါပြီ။ ဒါတောင်မှ လုပ်ကြည့်ဖို့ ရောက်လာခဲ့တာပါ။ အားပြတ်ပြီး လဲကျသွားမလား၊ ဒါမှမဟုတ် ရုပ်ပျက်ဆင်းပျက်နဲ့ တောင့်ခံမလားဆိုတာ တစ်ခါလောက်တော့ ကြိုးစားကြည့်ချင်လို့။ ဒါပေမဲ့ ကျွန်မမှာ ခံနိုင်ရည်ရှိ၊ မရှိဆိုတဲ့ အတိုင်းအတာကို ဘာလို့ နည်းပြက ဆုံးဖြတ်နေရတာလဲ။”

“…….”

“အဲ့ဒါက လုံးဝ ကျွန်မရဲ့အပိုင်းလေ။”

မော့ကြည့်လိုက်တော့ မျက်ခုံးတွန့်သွားရသူက အီဝူရှင်းသာ။ သူက စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက်ချရင်း ခါးထောက်လိုက်သည်။ ဘာကြောင့်မှန်းမသိ မှောင်မှိုင်းသွားသော အကြည့်တို့က ဆောယောင်းထံသို့ တည့်တည့်ကျရောက်လာ၏။

“ဒီလောက်အထိ အတင်းဖျစ်ညှစ်ကုပ်ကပ်ပြီး ဒီကုမ္ပဏီမှာ ရှိနေချင်ရတဲ့ အကြောင်းရင်းက တကယ်ပဲ ဘာလဲ။”

ထိုင်းနိုင်ငံတွင် ရှိနေစဉ်ကလည်း ဤသို့သော စကားဝိုင်းမျိုး ရှိခဲ့ဖူးသည်။ ဘာကြောင့် အခုအထိ ဒီမှာရှိနေသေးတာလဲဟူသော စစ်မေးမှုမျိုး။ နားမလည်နိုင်သလို တွန့်ချိုးသွားသည့် မျက်ခုံးများ….

သူက တကယ်ပင် ဆောယောင်းကို မမြင်လိုခြင်းလည်း ဖြစ်နိုင်၏။ ထို့ကြောင့် စကားကို ဝေ့လည်ကြောင်ပတ်ပြောနေလျှင်ပင် အီဝူရှင်းကို ဤအတိုင်း နောက်ဆုတ်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။

“အထူးလုံခြုံရေးအဖွဲ့ကို လိုအပ်နေလို့ပါ။”

မျှော်လင့်မထားသော အဖြေကြောင့် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။

“ဧကန္တ ဟန်ဆောယောင်းရဲ့ ပိုက်ဆံကိုယူပြီး ထွက်ပြေးသွားတဲ့လူနဲ့ ပတ်သက်နေတာလား။”

“ဟုတ်ကဲ့၊ ဖမ်းချင်လို့ပါ။ ကျွန်မ အမျိုးသားကိုလေ။”

“……”

သဘာဝကျကျ ထွက်လာသော ဝန်ခံချက်ကြောင့် အီဝူရှင်းက တစ်ချက်လေး အခြားတစ်ဖက်သို့ ခေါင်းလွှဲလိုက်မိသည်။ ဆောယောင်းပါ ထိုဘက်သို့ လိုက်ကြည့်ခဲ့သော်လည်း ထူးထူးခြားခြား ဘာမှရှိမနေပေ။

“ဒါကြောင့် နည်းပြက ကျွန်မကို ဘယ်လိုပဲ စော်ကားတဲ့စကားတွေ ပြောပြော၊ ကျွန်မနားထဲ မဝင်သလို၊ မထိခိုက်ပါဘူး။ ယောက်ျားကို ဖမ်းဖို့အတွက် ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်နေတဲ့ မိန်းမတစ်ယောက်ကို ဘာမှမဆိုင်တဲ့ နည်းပြက ဘယ်လိုနည်းနဲ့ တားဆီးမှာလဲ။”

အီဝူရှင်းက မျက်နှာကို လက်ဝါးဖြင့်သပ်ရင်း အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ထိုကဲ့သို့ တောင့်တင်းသော ကိုယ်ခန္ဓာနှင့် မဖြစ်နိုင်သော်လည်း တစ်ချက်လေး မူးခနဲမိုက်ခနဲဖြစ်သွားသည့်ပုံစံမျိုးပေါက်နေ၏။

“ဒါကြောင့် ကျွန်မ မာနလည်း မထိခိုက်ပါဘူး။ ကျွန်မ အမျိုးသားကလွဲလို့ ကျန်တဲ့လူတွေကြောင့်လည်း စိတ်မထိခိုက်တတ်ဘူးရှင့်။ အခုဆိုရင် သိသွားလောက်ပြီဆိုတော့ တခြားလူတွေလိုပဲ ကျွန်မကို လေ့ကျင့်ပေးပြီး အချိန်တန်ရင် ထုတ်ပစ်လိုက်ပါ။”

ထိုလူက မေးရိုးကို နောက်တစ်ကြိမ် တင်းတင်းစေ့လိုက်ပြီးနောက် သတိပြန်ဝင်လာသည့်အလား မေးမြန်းခဲ့သည်။

“အဲ့ဒါက လက်စားချေချင်တဲ့စိတ်လား၊ ဒါမှမဟုတ် သံယောဇဉ်လား။”

“အားလုံးပါပဲ။”

တကယ်တော့ ကမ္ဘာပေါ်တွင်ရှိသမျှ ခံစားချက်အားလုံးကို ပေါင်းစပ်ထားသည်ဟု ပြော၍ရ၏။ သံယောဇဉ်မပြတ်နိုင်မှု၊ နာကြည်းမှု၊ အချစ်နှင့် လူသတ်ချင်စိတ်များပင်။ ထို့ကြောင့် ချက်ချင်း ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

ဂင်ဟျွန်းနှင့် ပတ်သက်လျှင် အမြဲတမ်း ဤအတိုင်းသာ။ ရှင်းလင်းပြီး ရိုးရှင်းသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရာအားလုံးကို ယူဆောင်သွားသည့် တစ်ဦးတည်းသောလူသား။

“ဒါဆိုရင် ကျွန်တော်ကရော အမှန်တရားကို ပြောပြရမလား။”

ထိုစဉ် ဆောယောင်းကို ပြန်လည်ဆွဲယူလိုက်သည့် လူက ရုတ်တရက် သဘောကောင်းကြင်နာဟန်ဆောင်ကာ ပြောလာသည်။

“လက်တွေ့လုပ်ငန်းခွင်ထဲမှာ ကျင်လည်ကြည့်ရင်းကနေ အလိုလို သိလာရတဲ့အရာတွေ ရှိတယ်ဗျ။ ဥပမာအားဖြင့်...”

သွယ်လျသော မေးရိုးပေါ်တွင် တင်းမာသော ကြွက်သားများ ထောင်ထွက်လာသည်။ သူက ဆောယောင်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း အေးစက်သော သံချောင်းတစ်ချောင်းကို ရိုက်သွင်းသလို ပြောခဲ့၏။

“အချစ်ဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု အမျိုးအစားတစ်ခုပဲဆိုတာမျိုး။”

“……”

သူ့လက်ထဲတွင် ဖမ်းဆုပ်ခံထားရသော လက်မောင်းက ရုတ်တရက် နာကျင်လာသည်။

“ဒါက သိပ်ပြီး ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ဘူးဗျ။ တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစားရအောင် လုပ်ပေးတာ၊ အသိအမှတ်ပြုပေးတာ၊ အဲ့ဒီလူတစ်ယောက်တည်းကိုပဲ ကြည့်ပေးတာ။ အဲ့ဒီ သုံးခုဆိုရင် လုံလောက်ပြီ။”

သူက လက်ချောင်းများကို ချိုးပြရင်း ကိုယ်တိုင် သရုပ်ပြခဲ့သည်။ ဆုံနေသော မျက်လုံးများက ဆောင်းဥတုထက်ပင် ပို၍အေးစက်နေ၏။

“အဲ့ဒီမှာ အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ပါ ပေါင်းလိုက်ရင် တစ်ဖက်လူက အဲ့ဒါကို အချစ်လို့ လွယ်လွယ်ကူကူ အထင်မှားသွားတတ်တယ်။ အဲ့ဒီလို ယုံကြည်လာအောင် လှုံ့ဆော်ပေးလိုက်ရုံလေးပဲ။”

တစ်ဖက်သား၏ ခံစားချက်ကို ရက်ရက်စက်စက် ဆွဲဖွင့်နေသည့်တိုင် အီဝူရှင်း၏ မျက်နှာတွင် အပြုံးရေးရေးက အရိပ်ထင်နေသည်။

ထိုအခိုက်အတန့်တွင် ရင်ထဲ၌ ဗလောင်ဆူသွားသလို ခံစားလိုက်ရ၏။ ထူးဆန်းစွာပင် ရင်ထဲရှိ တစ်နေရာရာ၌ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။

“ထူးခြားတဲ့ ခံစားချက် မဟုတ်ဘဲ လှည့်စားမှုရဲ့ ရလဒ်တစ်ခုလည်း ဖြစ်နိုင်တယ်လို့ ပြောတာ။ ကျွန်တော်ကတော့ အခုအထိ အဲ့ဒီလိုပဲ သင်ယူခဲ့တယ်၊ လေ့ကျင့်ခဲ့တယ်၊ အဲ့ဒီအတိုင်းပဲ ယုံကြည်ခဲ့တယ်။ အဲ့ဒီလို ခံစားချက်တွေက ဒီအတိုင်း နောက်ဆက်တွဲဆိုးကျိုးနဲ့ ဘေးထွက်ဆိုးကျိုးတွေပဲဆိုပြီးတော့။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment