no

Font
Theme

အပိုင်း ၂၀

ဗန်ကားထဲမှ ဝုန်းခနဲထွက်လာခဲ့သော ဆောယောင်းတစ်ယောက် မောပန်းစွာ အသက်ရှူသွင်းလိုက်သည်။ အပြင်မှ အေးမြမြ လေကို ရှူရှိုက်လိုက်ရမှပဲ နောက်ဆုံးတွင် အသက်ရှူချောင်သွားသလို ခံစားရတော့၏။ တကယ် ကားမူးခြင်းပဲလား သို့မဟုတ် အတွင်းစိတ်ကို ဖတ်ကြည့်၍မရသည့် ဤဒရိုက်ဘာကြောင့်ပဲလား မသိတော့ပေ။

လူဆိုသည်မှာ မိမိနှင့် သင့်မြတ်မည့်သူကို အနံ့နှင့်ပင် ခွဲခြားတတ်သည်ဟုဆို၏။ ယင်းမှာ ဆင်ခြင်တုံတရားနှင့် တွေးခေါ်သည့်ပုံစံမဟုတ်ဘဲ ထိုသို့သော မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကြောင့် ထင်မှတ်မထားသည့်အချိန်တွင် ဆက်ဆံရေးများကို ဆုံးဖြတ်မိသွားခြင်းမျိုးလည်း ရှိသည့်သဘောပင်။

ထို့ကြောင့် ဤသို့သော ရှင်းရှင်းလင်းလင်းရှိမနေသည့် စိတ်ကလည်း သဘာဝကျသည်မှာ ဖြစ်နိုင်၏။ ခဏနေတော့ ကားနောက်ဖုံး ပွင့်လာကာ ဆောယောင်းလည်း နေ့လယ်စာ ထည့်ထားသည့်အိတ်ကို သဘာဝကျကျ ထုတ်ယူလိုက်သည်။

“ဘိုးဘွားစောင့်ရှောက်ရေးဝန်ထမ်းအနေနဲ့ အတွေ့အကြုံရှိတယ်ဆို။ ဘာလို့ အဲ့ဒီဘက်ကို မသွားတာလဲဗျ။”

ကားနောက်ဖုံးကို ဝုန်းခနဲ ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကားကိုယ်ထည်ကို မှီထားသော အီဝူရှင်းက ပြောလာသည်။

“Blast ကုမ္ပဏီက ယောက်ျားတွေချည်းပဲ တရုံးရုံးဖြစ်နေတာဆိုတော့ အဆင်မပြေတာတွေ များမှာကို။”

ကိုယ်နေဟန်ထားကို မတ်မတ်ဆန့်ဆန့် မနေသော်လည်း ထိုသို့ ပြန်ကြည့်လိုက်တော့ မြင့်မားသည့် သူ့အရပ်က အမှတ်မထင် မျက်လုံးထဲ ဝင်လာသည်။ ဆောယောင်း၏ခေါင်းအထက်ကို ကောင်းကောင်း ကျော်လွန်နိုင်တာတောင် ကျန်နေသေးသည့် မျက်လုံးလယ်ဗယ်လ် ကွာခြားချက်။

ဂင်ဟျွန်းလည်း ထိုအတိုင်းအတာလောက် အရပ်ရှည်ခဲ့သည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သည့် အတွေးသည်လည်း တစ်ဖန်ထပ်၍ ဝင်လာပြန်၏။ သို့သော် ခေါင်းထဲမှ မည်မျှပင် တိုင်းတာကြည့်ပါစေ၊ ဆောယောင်းကား ခင်ပွန်းဖြစ်သူကို တစ်ခါမှ မြင်တွေ့ဖူးသူ မဟုတ်ပေ။

ဆောယောင်းက လက်နှစ်ဖက်ဖြင့် အိတ်ကို ပြန်ပြင်ကိုင်ရင်း ပြောလိုက်သည်။

“ဘယ်ကိုပဲသွားသွား အားလုံးက အတူတူပဲမို့လို့ပါ။ အလုပ်လုပ်တဲ့အခါ တွေ့ဆုံရတဲ့လူတွေက အသက်ကြီးတဲ့ ယောက်ျားပဲဖြစ်ဖြစ်၊ ငယ်တဲ့ ယောက်ျားပဲဖြစ်ဖြစ် သာတူညီမျှ ဆိုးသွမ်းပုပ်ပွနေတာချင်း တူနေမှတော့ ဘယ်သူက သာတယ်၊ ဘယ်သူက ညံ့တယ် ခွဲခြားနေတာ အဓိပ္ပာယ်ရှိပါ့ဦးမလား။”

“……”

သကြားလုံးကို လက်တစ်ဖက်တွင် ဆုပ်ကိုင်ကာ တချွတ်ချွတ်လုပ်နေသည့် ထိုလူလည်း ရပ်တန့်သွားတော့သည်။

ငါ ပြင်းထန်တဲ့ စကားတစ်ခုခုများ ပြောလိုက်မိတာလား။

တုန်ယင်နေသော သူ့မျက်လုံးများက ဆောယောင်း၏ နှုတ်ခမ်းနားတွင် ဝေ့ဝဲနေသည်။

“ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာဆိုရင် ကျွန်မလက်ကို တစ်ခါလောက် ကိုင်ချင်လို့ ဘောင်းဘီချွတ်ပြီးခေါ်တဲ့ အဘိုးကြီးတောင် ရှိခဲ့ဖူးပါတယ်။ မလိုအပ်ဘဲ အိုဗာတွေလုပ်ပြရင်းနဲ့ ပေါင်ခြံကိုပါ သန့်ရှင်းရေးလုပ်ခိုင်းတတ်တာပါ။ ဘယ်လောက်တောင် သိသာပြီး ရယ်ရတဲ့ ပရိယာယ်တွေရှိနေသလဲဆိုတာ မပြောပါနဲ့တော့။”

“……”

“ဒီနေရာကရော ဘာများထူးမယ်ထင်လို့လဲရှင့်။ ဘယ်သွားသွား အကုန်အတူတူပါပဲ။”

ခဏနေတော့ ဆောယောင်းတစ်ယောက် အနောက်ဘက်တံခါးသို့ ဦးတည်ပြီး လျှောက်သွားရာမှ တချွတ်ချွတ် အသံကြား၍ လှည့်ကြည့်လိုက်တော့ အီဝူရှင်းက နားလည်ရခက်သည့် မျက်နှာနှင့် သကြားလုံးအခွံကို လက်သည်းဖြင့် ကုတ်ခြစ်နေကြောင်း တွေ့လိုက်ရသည်။

မျက်လုံးချင်း ဆုံသွားတော့ သူက အလိုအလျောက် ပြုံးပြလာ၏။

“ဒီနေရာမှာ ဆန္ဒပြပွဲလုပ်နေတာမို့လို့ ဆူညံပြီး အန္တရာယ်များတယ်ဗျ။”

ထိုလူက အနောက်ဘက်တံခါးအလွန်မှ တစ်နေရာကို မေးငေါ့ပြခဲ့သည်။ တကယ်ပင် အဝေးမှ ရှုပ်ထွေးသော အော်ဟစ်သံများ လွင့်ပျံလာ၏။

အရောင်တူ အပေါ်ဝတ်အင်္ကျီများနှင့် အနီရောင် ခေါင်းစည်းပတ်ထားသည့် လူများလည်း ရံဖန်ရံခါ ဖြတ်သွားနေသည်ကို တွေ့ရသည်။ ချမ်းအေးသည့် ရာသီဥတုကြောင့်ပဲလားမသိ၊ လှမ်းမြင်နေရသည့် စည်ပိုင်းများထဲတွင် မီးလျှံများ တောက်လောင်နေကာ ဘာတွေနှင့် ပစ်ပေါက်ထားသည်မသိ မြေပြင်တစ်ခုလုံး အစွန်းအထင်းများ အပြည့်ဖြစ်နေ၏။

“ဒီမှာ Blast က ဝန်ထမ်းတွေ အသွင်ယူပြီး အလုပ်ဝင်နေကြတာလေ။ သမဂ္ဂဝင်တွေကြားထဲ ဝင်ရောပြီး အလုပ်သမားသမဂ္ဂကို ဖြိုဖို့ပေါ့။”

“……”

“လုပ်ငန်းဆိုက်ထဲမှာ လုံခြုံရေးဝန်ထမ်းတွေ ဝင်လာတာက အဆန်းတော့မဟုတ်ပေမဲ့ အစိုးရနဲ့ ရဲက အခုလိုမျိုး ပုဂ္ဂလိက ကုမ္ပဏီကို ဒီလောက်အထိ မျက်နှာသာပေးတာမျိုး မရှိဖူးဘူးဗျ။ အဲ့ဒါကြောင့် သူတို့က အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်ကြမှာ။”

“ပြောချင်တဲ့စကားက ဘာလဲရှင့်။”

“အန္တရာယ်များလို့ ကျွန်တော်ကတော့ ကားထဲမှာပဲ စောင့်နေပါ့မယ်။”

“……”

'ဘာ။'

စကားလုံးများ လည်ချောင်းထဲတွင် ပိတ်ဆို့သွားသည်။

'ဟင့်အင်း၊ ဘာမှမျှော်လင့်မထားပေမဲ့… ဒီလူကတော့ တကယ်ပဲ...'

အံ့သြမှင်တက်သွားသည့် မျက်လုံးများနှင့် ကြည့်လိုက်တော့ သူက အခွံကို တချွတ်ချွတ်လုပ်ပြီး သကြားလုံးကို ခွာစားနေ၏။

သူက ဆောယောင်းကိုင်ထားသော အိတ်ထဲသို့ သကြားလုံးအခွံကို ပစ်ထည့်ကာ လက်ကို ဝှေ့ယမ်းပြခဲ့သည်။

“သွားမယ်ဆို မြန်မြန်သွားလေ။ နေ့လယ်စာ ထမင်းက အေးသွားရင် အရသာမရှိတော့မှာမို့လို့။”

“……”

တကယ် ဤထက်ပို၍ ပက်သက်ဆက်ဆံလိုစိတ်မရှိသော လူပင်။

'ကုမ္ပဏီဝန်ထမ်းတစ်ယောက် ထွက်လာလိမ့်မယ်လို့ ကျိန်းသေပေါက် ပြောထားတာကို…'

ဆောယောင်းက မည်သူ့ကို နေ့လယ်စာ ထမင်းထုပ် ပေးရမည်မှန်းမသိဘဲ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း လျှောက်သွားလိုက်သည်။ အနောက်ဘက်တံခါးနှင့် ဝေးရာသို့ ရောက်လာလေလေ၊ ပို၍ ဆူညံလာလေလေ ဖြစ်သော်လည်း တော်သေး၍ သူ့အား ဘယ်သူမှ သိပ်ပြီး စိတ်ဝင်စားကြပုံမပေါ်ပေ။

ဆောယောင်းက ဤသို့သော အခြေအနေ၏ အလယ်မှာပင် ဘယ်လိုလုပ်ရင် နိုင်ငံခြားခရီးစဉ် လိုက်သွားနိုင်မလဲဟူသော အတွေးတစ်ခုတည်းကိုသာ စွဲမြဲစွာ စဉ်းစားနေခဲ့သည်။

သံသယမဝင်စေဘဲ၊ မည်သို့သောနည်းလမ်းဖြင့် သဘာဝကျကျလေး စာရင်းထဲ ပါနိုင်လောက်မလဲ။

“ဒီမှာဗျ။"

ထိုစဉ် အင်္ကျီလက်ပြတ်ဝတ်ထားသူတစ်ဦးက မောကြီးပန်းကြီး ပြေးလာသည်။ သူက Blast တံဆိပ်ပါသော ဧရာမအိတ်ကြီးကို ရင်းနှီးနေဟန်ဖြင့် ကြည့်ခဲ့၏။

အာ...ဒီလူဖြစ်မယ်ထင်ပါရဲ့။

ဆောယောင်းလည်း ထိုလူထံသို့ လျှောက်သွားလိုက်သည်။

“ထမင်းဘူးလားဗျ။”

“ဟုတ်ပါတယ်။”

“ကျွန်တော့်ကို ပေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။”

ရိုးရိုးအေးအေး မျက်နှာနှင့် လူရွယ်က ခါးကိုင်းကာ ထိုအိတ်ကို လှမ်းယူခဲ့သည်။ ထို့နောက် ထိုလူ ဦးညွှတ်၍ အရိုအသေပြုလိုက်သည့် အချိန်တွင်...

နှလုံးရပ်တန့်သွားသလား မှတ်ရသည်။

“......”

ထိုလူ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်ချိန်တွင် ရုတ်တရက် ရင်းနှီးနေသော ရနံ့ကို ရလိုက်၏။

ဆောယောင်း၏ ခြေလှမ်းများက သတိကပ်စွာ လှုပ်ရှားသွားခြင်း မဟုတ်။ ရုတ်ခြည်း နီးကပ်လာသည့် အကွာအဝေးကြောင့် ထိုလူရွယ်က အံ့သြဟန်ဖြင့် ကြည့်ခဲ့သည်။

ဆောယောင်းက သတိလက်လွတ်ဖြင့် ထိုလူရဲ့ အရပ်၊ မျက်နှာ၊ ထို့နောက် လက်ဖမိုးအထိ စုန်ချည်ဆန်ချည် အကဲခတ်မိသွား၏။

ယောက်ျားပီသစွာ ထောင့်ချိုးကျနေသည့် မေးရိုးရှိသော်လည်း ပုံပန်းသဏ္ဌာန်က ကြမ်းတမ်းသည်။ ပြူးကျယ်နေသည့် မျက်လုံးများက ကျေးလက်မှကောင်လေးအလား ရိုးသားပုံပေါ်ကာ ရွံ့တွန့်တွန့် နောက်ဆုတ်သွားသည့် ပုံစံက ထူးထူးဆန်းဆန်း လွမ်းစရာဖြစ်နေ၏။

ခင်ပွန်းဖြစ်သူ၏ ကိုယ်သင်းနံ့နှင့် တူတာမှ တအားတူလွန်းလှသည်။

မျက်တောင်မခတ်ဘဲ သူ့ကို ကြည့်နေတော့ ထိုလူက နောက်တစ်ကြိမ် ဦးညွှတ်၍ အရိုအသေပေးပြီး ပြေးလုမတတ် လျှောက်သွားတော့၏။

ဆောယောင်းတစ်ယောက် ဝိညာဉ်အစီးခံထားရသူအလား ဝေးကွာသွားသည့် ကျောပြင်နောက်သို့ လိုက်သွားမိသည်။ ထိုခြေသံကို ခံစားမိသည့် လူငယ်က လည်ပင်းကိုပွတ်ရင်း ရပ်တန့်လိုက်၏။ နားရွက်ဖျားနားအထိ လက်ကိုမြှောက်လိုက်သည့်အခါ နှစ်လိုဖွယ်ကောင်းသည့် ကိုယ်သင်းနံ့က ပိုမိုပျံ့လွင့်လာသလိုပင်။

ဆောယောင်း၏ နှုတ်ခမ်းထောင့်စွန်းများ အလိုလို ပြေလျော့သွား၏။

“ဘာ... ဘာလို့ လိုက်လာတာလဲမသိဘူးဗျ...”

“စားတာလေး...”

“ခင်ဗျာ။”

“စားတာလေး လိုက်ကြည့်လို့ရမလားရှင့်။”

“ဒီ... ဒီစက်ရုံမှာလားဗျ။ ဘာလို့လဲ။”

သူက ချောင်းတစ်ချက်ဟန့်ရင်း မေးလာတော့ ဆောယောင်းက စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“အဲ့ဒီဘက်ရဲ့ စားသောက်ပုံကို သိချင်လို့ပါ။”

“......”

“စိတ်အနှောင့်အယှက် မပေးပါဘူး။ ဒီအတိုင်း ထမင်းဘူး ကုန်သွားတာကိုပဲ ကြည့်ပြီး ပြန်ပါ့မယ်။”

“ဪ...”

မလုံမလဲ ဖြစ်နေသည့်ပုံစံကို မြင်လိုက်ရတော့ ရင်ထဲတွင် တစ်ခုခု စို့တက်လာသည်။

လုံးဝ စောစောက ဂင်ဟျွန်းနဲ့ တူနေတာလေ...

ဆောယောင်းက တုန်ယင်နေသည့် နှုတ်ခမ်းကို တင်းတင်း ဖိကိုက်လိုက်သည်။ မဟုတ်မှန်း သိသာလှသည့် ခံစားချက်ဖြစ်သော်လည်း ရင်ဘတ်အလယ်တွင် နင့်ခနဲ ခံစားနေရ၏။

ထိုစဉ်၊ လူငယ်က တစ်ခါထပ်၍ ၍ ဦးညွှတ်ကာ အရိုအသေပြုခဲ့သည်။

“တောင်း... တောင်းပန်ပါတယ်ဗျ။ ဟိုဘက် အထဲက နည်းနည်း ညစ်ပတ်နေလို့...”

“အာ...”

“အဲ့ဒီအစား...ဖုန်းနံပါတ်လေးဖြစ်ဖြစ် ပေးခဲ့မယ်ဆိုရင်... ကျွန်တော် အလုပ်ပြီးတာနဲ့ အပြင်ထွက်ပြီး ထမင်းအတူစားတာဖြစ်ဖြစ်...”

သူက ဆောယောင်းကို မရဲတရဲ ကြည့်လိုက်ရင်း ခဲရာခဲဆစ် စကားဆက်ခဲ့သည်။

ဆောယောင်းက မျက်စိရှေ့မှ ညှပ်ရိုးကို စိုက်ကြည့်နေ၏။ အနည်းငယ် အသားဖုံးနေ၍ မမြင်ရသည့် အရိုး။ စိတ်ဝင်စားမှုက လျင်မြန်စွာ အေးစက်သွားသည်။ သို့သော်လည်း အလကားနေရင်း နှာခေါင်းရှုံ့ကာ မေးလိုက်မိ၏။

“ရေမွှေးသုံးလားရှင့်။”

“ဗျာ။”

“ဒါမှမဟုတ် အဝတ်ပျော့အမွှေးဆီလား။”

ဆောယောင်း ကြောင်တစ်ကောင်အလား မျက်လုံးကို စူးစိုက်ကြည့်လိုက်တော့ လူငယ်က အာရုံမရစွာ မျက်တောင်ခတ်လေတော့သည်။

“အော... အာ... မသိဘူးဗျ။ ဒီအတိုင်း အမေ လုပ်ပေးတာဆိုတော့...”

ဆောယောင်းက စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကျွန်တော်တို့ ထမင်းကို ဘယ်တော့...”

“ဘာမှမဟုတ်တော့ပါဘူး၊ ကျွန်မက အလုပ်များနေတဲ့သူကို အလကား ဒုက္ခပေးမိတာပဲ...ထမင်းဘူးကို အရသာရှိရှိ သုံးဆောင်လိုက်ပါဦး။”

ပခုံးလေး ကိုင်းကျလျက် ဆောယောင်း လှည့်ထွက်လာခဲ့သည်။

“ဪ...ဒီမှာဗျ” ဟု နှမြောသည့်အလား၊ ကြောင်အမ်းအမ်းဖြစ်နေသည့်အလား ဆောယောင်းကို လှမ်းဆွဲသည့် အသံကို ကြားရသော်လည်း သူကတော့ စိတ်ဓာတ်ကျနေပေပြီ။ ခြေ၊ လက်များက လေးလံစွာ တွဲကျနေသလိုပင်။

တကယ်တမ်းတွင် အရေးမပါသည့် သဲလွန်စတစ်ခုတည်းဖြင့် ခဏတာ သတိလက်လွတ်ဖြစ်ကာ လိုက်သွားမိသည့် ကိုယ့်ပုံစံကိုယ် ထိတ်လန့်နေမိခြင်းဖြစ်၏။

သူ့အား တမ်းတလွမ်းဆွတ်နေသည့် စိတ်ကို ဤသို့သောပုံစံမျိုးနှင့် ပြန်လည်အတည်ပြုမိတိုင်း ဝမ်းနည်းမှုက နှစ်ဆတိုးလာကာ ဂင်ဟျွန်းအပေါ်ထားသည့် မကျေနပ်ချက်ကလည်း ပို၍ကြီးထွားလာတော့သည်။

သတ်ပစ်ချင်တယ်။ ဒါပေမဲ့ တွေ့ချင်တယ်...

ဆောယောင်း မျက်လုံးများကို မှိတ်လိုက်သည့် အခိုက်အတန့်တွင်။

“ခုနက ဘာလဲဗျ။”

ဆောယောင်းလည်း လန့်ဖျပ်သွားကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိ၏။

ညာဘက်သို့ ခေါင်းလှည့်လိုက်တော့ ရှည်လျားသော စစ်ဝတ်အင်္ကျီ အိတ်ကပ်ထဲ လက်ထိုးထည့်ထားသည့် အီဝူရှင်းက ထူးဆန်းသော မျက်နှာထားဖြင့် ချဉ်းကပ်လာသည်။ မျက်ခုံးနှစ်ဖက်ကြားတွင် ဓားကဲ့သို့ ထင်ရှားလှသည့် ချိုင့်ရာက သွေးရိုးသားရိုးမဟုတ်ပေ။

“သိတဲ့လူလား။”

သူက ဝေးကွာသွားသည့် လူကို မေးငေါ့ ညွှန်ပြခဲ့သည်။ ဆောယောင်းက 'မဟုတ်ပါဘူး' ဟုပြောကာ ခြေလှမ်းများကို တရွတ်တိုက် ဆွဲလှမ်းသွား၏။

အကြောင်းမဲ့ စိတ်ဓာတ်ကျသည့် နေ့ရက်များတွင် ဂင်ဟျွန်းက သရဲလိုသိနေသည့်အလား သူ့ကျောကို မှီစေခဲ့ဖူးသည်။ တရစ်ရစ်တက်လာသော အမှတ်ရစရာများကြောင့် ခေါင်းပင်ကိုက်လာရ၏။

“ကားထဲမှာ စောင့်နေမယ်ဆို။”

“အန္တရာယ်ရှိတဲ့အခါ ပြေးတတ်ပေမဲ့ သိချင်တဲ့အခါတော့ လိုက်ကြည့်တတ်တယ်လေ။ ဘယ်သူ့ကို အဲ့ဒီလောက်တောင် စားမတတ်ဝါးမတတ် ကြည့်နေတာလဲဗျ။”

တစ်ဝက်မှေးထားသည့် မျက်လုံးများက ငြီးငွေ့နေပုံရသော်လည်း ထိုမျက်လုံးများထဲတွင် စိုစွတ်သည့် အပျော်ဓာတ်က အရောင်တလက်လက် တောက်နေသည်။

“ကျွန်တော်က ထမင်းဘူးပို့တာလား၊ လူကို ပို့တာလားဆိုတာ သံသယဖြစ်လာလို့ ထွက်ကြည့်တာပါ။”

ဆောယောင်းက အကြောင်းမဲ့ မေးရိုးကို တင်းတင်းကြိတ်လိုက်သည်။ ဒုက္ခအတိပင်။ စိတ်အထိခိုက်ဆုံးအချိန်၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ထွက်ပေါ်တော့မည့်အချိန်မှာမှ ကံဆိုးစွာဖြင့် ဤလူက ထပ်ပေါ်လာကာ ဆောယောင်း၏ အာရုံကို လာဆွနေသည်။

ကျေးဇူးပြုပြီး ပါးစပ်လေး ပိတ်ထားပေးစမ်းပါ။ ပါးစပ်ကို ဖြတ်ရိုက်ပစ်ရမလား၊ ရင်ညွန့်ကို ဆောင့်ကန်လိုက်ရမလား။ မလျော်ကန်သော အတွေးပေါင်းစုံ သူ့ခေါင်းထဲတွင် ထိန်းမနိုင် သိမ်းမရ ပြန့်သွားတော့သည်။

အလုပ်အကိုင် ပတ်ဝန်းကျင်အသစ်မှစ၍ စားကြွင်းစားကျန်လူကိစ္စ၊ ပြီးတော့ ဤနေရာအထိ လာခဲ့သည့် လမ်းတစ်လျှောက်တွင် သိလျက်နှင့်ရော မသိလျက်ပါ စုဆောင်းမိခဲ့သည့် စိတ်ဖိစီးမှုက မျက်တောင်တစ်ခတ်အတွင်း ပမာဏကြီးမားလာသည့်ပုံပင်။

ဤသည်က ဒေါသပုံချပေါက်ကွဲခြင်းမှန်း သိသော်လည်း...

“ဟုတ်ကဲ့။ တွေ့ချင်လို့ တစ်ချက်ကြည့်ကြည့်တာပါ။ အဲ့ဒီတော့ ဘာဖြစ်လဲရှင့်။”

ဆောယောင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

“သဘောကျတဲ့ အနံ့မို့လို့ လိုက်သွားတာပါ။ အဲ့ဒီတော့ အဲ့ဒါကို ဘာပြောချင်တာပါလဲ။”

“......အနံ့။”

“အဲ့ဒီလိုရှိပါတယ်။ မျက်ဖြူလန်ပြီး စွဲလမ်းရတဲ့ အနံ့။”

“မဟုတ်မှ ဆေးစွဲနေတာလားဗျ။”

“......”

အံ့ပါရဲ့။ စကား ပိတ်ပစ်နိုင်တဲ့ နည်းလမ်းကလည်း အမျိုးမျိုးပါလားဟု တွေးကာ ခနဲ့သလို နှာခေါင်းရှုံ့လိုက်မိသည်။

“ရပြီမို့လို့ နာမည်စာရင်းထဲသာ ထည့်ပေးလိုက်ပါ။ ရှင့်အကြိုက်အတိုင်း လိုက်ညှိမပေးနိုင်လို့။”

ထိုစဉ်၊

ဖတ်....

ရုတ်တရက် ဘယ်ကမှန်းမသိ ပျံသန်းလာသည့် အရာတစ်ခုက ဆောယောင်း၏ လက်မောင်းကို လာရိုက်ခတ်လေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment