no

Font
Theme

အပိုင်း ၂၅

—ဟုတ်ကဲ့၊ ပြောပါ။

အောင့်ထားခဲ့သည့် ပင့်သက်က ပေါက်ကွဲထွက်သလို ရုတ်ခြည်း ရောထွေးသွားကာ အမြင်အာရုံတွေပါ ဝေဝါးသွားသည်။

မြန်မြန်ပြောရမယ်၊ အမြန်ဆုံးပြောမှဖြစ်မယ်။

အသက်ရှူနှုန်း လွန်ကဲစွာ မြန်နေသောကြောင့် ခေါင်းထဲတွင် တရိပ်ရိပ်မူးဝေလာ၏။

“သေ... လူတွေ သေကုန်ပါတယ်။”

—....

တစ်ဖက်လူထံမှ ခဏတာ စကားသံပျောက်ကွယ်သွားသည်။ ဆောယောင်းအဖို့ ထိုတဒင်္ဂတိတ်ဆိတ်မှုက ထာဝရအလား ခံစားနေရ၏။

သူက ‘...ဟန်ဆောယောင်းလား’ ဟု အတည်ပြုသလို ပြန်မေးရုံသာ မေးခဲ့သည်။ ဘာကြောင့် ဆောယောင်း၏အသံကို ကြားနေရမှန်း နားမလည်နိုင်သည့်ပုံပင်။

“ဟုတ်ကဲ့... ဟန်ဆော၊ ဟန်ဆောယောင်းပါ။”

ခေါင်းထဲတွင် ရှုပ်ထွေးပွေလီနေသောကြောင့် ဘယ်ကစပြီး ပြောရမှန်းပင် မသိတော့ပေ။ ဆောယောင်းတစ်ယောက် မောဟိုက်စွာ အသက်ရှူသွင်းရင်း ကိုယ့်ဆံပင်ကိုယ် အားကုန်ဆောင့်ဆွဲပြီးတော့ပဲဖြစ်ဖြစ် အသိစိတ်ကို ပြန်လည်စုစည်းနိုင်ရန် ကြိုးစားမှဖြစ်ပေမည်။

“ဝန်ထမ်း... ဝန်ထမ်းတွေ သေကုန်ကြပါပြီ။”

—...ဘာ။

“အကုန် သေကုန်ကြပါပြီ။”

ဆောယောင်းက အေးစက်နေသော အခန်းကို ဝေ့ကြည့်လိုက်သည်။

“အဲ့ဒီအစား ချန်နာက မရှိနေပါဘူး။ အခန်းထဲမှာ မရှိပါဘူး။ ပျောက်သွားပါတယ်။”

-...........

ဆောယောင်းက ဝန်ထမ်းများ၏ အခန်းများကို ရက်အတန်ကြာအောင် ဆက်တိုက် သန့်ရှင်းရေးလုပ်ပေးခဲ့ရသူပင်။ ထို့ကြောင့် တစ်ခုခု ထူးဆန်းမှုရှိပါက သူ့မျက်စိထဲသို့ မလွဲမသွေ ဝင်လာမည်သာ။ ဆောယောင်းက ထူးဆန်းသည့်အရာ တစ်ခုတလေပင်မရှိသော အခန်းအတွင်းသို့ စူးစိုက်ကြည့်ရှာဖွေလိုက်သည်။

“သွေးလည်းမရှိဘူး၊ ရုန်းကန်ထားတဲ့လက္ခဏာလည်း မရှိပါဘူး။ အိပ်ရာခင်းကလည်း ခန္ဓာကိုယ်ပဲ ရုတ်တရက် ထွက်သွားသလို အလုံးလိုက် လိပ်ကျန်နေတာပါ။ တခြားအနံ့လည်း မရပါဘူး။ သေသွားတဲ့ဝန်ထမ်းတွေရဲ့ အခန်းတွေမှာတော့ လတ်ဆတ်တဲ့ ရေမွှေးနံ့ ထွက်နေတာကို.........”

စကားပြောနေရင်း ဆောယောင်း ရုတ်တရက် ရပ်တန့်သွားသည်။

“အများသုံးမီးဖိုချောင်.........”

သူကိုယ်တိုင် ရေဆာ၍ အိပ်ရာမှနိုးလာသလိုမျိုး အတူတူ ခေါက်ဆွဲပြုတ်စားခဲ့သည့် ချန်နာလည်း ရေသွားသောက်ရန် ထလိုက်မိခြင်းဖြစ်လောက်ပေမည်။

ဒီအတိုင်း လမ်းလွဲသွားခြင်းဆိုလျှင် ကျူးကျော်သူက ယခုအချိန်လောက်ဆို ချန်နာကို ရှာနေလောက်ပေပြီ။ ထိုအတွေးသို့ရောက်သွားတော့ သူ့နှလုံးက ဒုတ်ခနဲ ကျသွားတော့၏။ အချိန်မရှိတော့ပေ။

“ပြီးတော့ တည်းခိုခန်းထဲမှာ... အခုအထိ ကျူးကျော်သူ ရှိနေသေးတယ်လို့ ထင်ပါတယ်။”

အစအဆုံး နားထောင်နေခဲ့သော အီဝူရှင်း တည်ငြိမ်အေးဆေးစွာ တုံ့ပြန်လာသည်က ထိုအချိန်မှာပင်။

—အဲ့ဒီလိုဆိုရင် ဟောချန်နာက သေဆုံးနိုင်ခြေ အမြင့်ကြီးရှိပါတယ်။

“.........”

ဘာ၊ အခု၊ ဘာပြောလိုက်တယ်... ဖြူဖျော့နေသော ဆောယောင်းတစ်ယောက် မျက်နှာကို တင်းခနဲ ရှုံ့မဲ့လိုက်သည်။

—ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောပြရမလား။ ဟန်ဆောယောင်းလည်း မကြာခင် အသတ်ခံရတော့မှာဗျ။

“.........”

—မျက်မြင်သက်သေကို အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူးလေ။

ရင်ထဲတွင် အေးခဲသွားတော့သည်။ အခု သူ ဘာစကားကို ကြားလိုက်ရတာလဲ...

—အခုအထိ အခြေအနေကို သဘောမပေါက်သေးဘူးလားဗျ။ လေ့ကျင့်ပေးထားတဲ့ လူသတ်သမားကို ဘယ်လိုနည်းနဲ့ ရှောင်ပြေးနိုင်မှာလဲ။

“.........”

—အဲ့ဒါကြောင့် အခုကစပြီး သေချာနားထောင်ပါ။

ရုတ်တရက် အသက်ရှူလမ်းကြောင်းကို ဖိညှစ်လိုက်သည့်အလား အီဝူရှင်း၏ အသံက ကြမ်းတမ်းစွာ နိမ့်သွားသည်။

—ကျွန်တော့်အခန်းထဲက ခုတင်အောက်မှာ ပစ္စတိုတစ်လက် ရှိတယ်ဗျ။ အခန်းတံခါးက လော့ခ်ချထားပေမဲ့ လေးလံတဲ့ပစ္စည်းတစ်ခုခုနဲ့ တံခါးလက်ကိုင်ကို ရိုက်ချလိုက်ရင် ချက်ချင်းပွင့်သွားလိမ့်မယ်။ ဒါပေမဲ့ အသံကျယ်ကြီးထွက်သွားတဲ့အချိန်မှာ ခင်ဗျားရဲ့တည်နေရာက ပေါ်သွားမှာပါ။

“.........”

—အားတော့နာပေမဲ့ အဲ့ဒီအတိုင်း လုပ်လိုက်ပါ။

အာခေါင်ခြောက်လာကာ မျက်လုံးများကလည်း ဂနာမငြိမ် တုန်လှုပ်နေသည်။ ထိုသို့ဖြစ်နေသည့်တိုင် အီဝူရှင်းက အေးစက်စွာ အမိန့်ပေးနေဆဲပင်။

—သေနတ် အရင်ရှာတာက ပထမဆုံးလုပ်ရမဲ့အလုပ်ပါ။ ကြားရဲ့လားဗျ။

“.........”

ဆောယောင်းတစ်ယောက် အလျင်အမြန် ခေါင်းညိတ်လိုက်သော်လည်း အသံကတော့ ထွက်မလာခဲ့ပေ။

—သတိသေချာကပ်ထားပါ။ အခု အတတ်နိုင်ဆုံး ကြည့်ရင်တောင် ကျွန်တော်တို့ လုပ်ပေးနိုင်တာဆိုလို့ ခင်ဗျားတို့ရဲ့အလောင်းတွေကို သိမ်းပေးရုံအပြင် မရှိတာမို့လို့။ နည်းနည်းလေးပဲဖြစ်ဖြစ် ထပ်ပြီးအသက်ရှင်ချင်သေးရင် အခုချက်ချင်း ပြေးပါတော့။

သူက ရိုက်ချသလို အော်ငေါက်လိုက်တော့ ဆောယောင်းလည်း ထိုစကားက အချက်ပြမီးဖြစ်သွားသည့်အလား ချက်ချင်း ပြေးထွက်လေတော့သည်။

နံရံတစ်ခုလို မားမားမတ်မတ်ရှိနေသော သူ့အခန်းတံခါးကိုမြင်သည်နှင့် ခြေထောက်ဖြင့် ကန်ချလိုက်၏။ ဒုန်း...ဒုန်း...ဟု နှစ်ချက်တည်းနှင့် တံခါးလက်ကိုင်က ကျိုးပဲ့ကာ ပွင့်သွားလေသည်။

ဆောယောင်းက ခုတင်အောက်သို့ လက်ကိုဆန့်သွင်းကာ ဘောင်၏အပေါ်ဘက်ကို စမ်းသပ်လိုက်၏။ ထိုအခါ လက်ဖျားတွင် လေးလံသော အရာတစ်ခုကို စမ်းမိသွားသည်။ အေးစက်စက် သေနတ်ကိုယ်ထည်ပင်။

“တွေ့ပါပြီ…”

ထိုစကားကို ဆုံးအောင်ပြောပြီးနောက် ချက်ချင်း ထရပ်ကာ အများသုံးမီးဖိုချောင်ဆီသို့ ပြေးသွားရန် ပြင်လိုက်သည်။

ညွှန်ကြားချက်ကို မကြားရခင်အထိပင်။

—ဒါဆို ဟောချန်နာကို ပစ်ထားခဲ့ပြီး အဲ့ဒီကနေ ထွက်လာခဲ့တော့။

ထိုလူက ဘာမှမဟုတ်သလို ရေရွတ်ခဲ့သည်။

—အဲ့ဒါက ဟန်ဆောယောင်း အသက်ရှင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပါ။

အခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်နေသော ခြေချင်းဝတ်များ ခဲသွားတော့သည်။ ထိတ်လန့်နေခဲ့သော ဆောယောင်းတစ်ယောက် ခဏတွင်းချင်း အမူအရာအားလုံးကို ဖျောက်ဖျက်လိုက်ကာ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။

လန့်စရာကောင်းလောက်အောင် အီဝူရှင်း၏စကားကို အပြည့်အဝ နားလည်သွားသောကြောင့်ပင်။ ဤအမိန့်အတိုင်းလိုက်နာဖို့ အေးစက်စွာ တိုက်တွန်းနေသော စိတ်ရင်းမှန်နှင့် ယင်းကို သဘောတူလက်ခံနေသည့် မိမိ၏ ကိုယ်ပိုင်စိတ်ကြောင့်ဖြစ်၏။

အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တာလည်း ဖြစ်နိုင်သလို... တကယ်လည်း အဲ့ဒီလိုပဲ ဖြစ်လာနိုင်တယ်... ရုပ်အလောင်းနှစ်ခုကို မြင်ခဲ့ရုံမျှနှင့်ပင် ဆောယောင်းတစ်ယောက် ထိုစကားကြောင့် အပြင်းအထန် တုန်လှုပ်ခဲ့ရသည်။

—အားလည်းနည်းပြီး ခေါင်းလည်းမာတဲ့လူက အရင်ကတည်းက သေရတာပါပဲ။ ကျွန်တော်ကတော့ အဲ့ဒါကို အဓိပ္ပာယ်မရှိတဲ့သေဆုံးမှုလို့ ခေါ်တယ်ဗျ။

“.........”

—တွေးပူနေတာကလည်း အရေးကြီးတဲ့အကြောင်းအရာပါ။ ဒီလိုအခြေအနေမျိုးမှာ အဲ့ဒီလို စိမ်ပြေနပြေလုပ်မနေပါနဲ့။

သူ၏ စကားတစ်ခွန်းချင်းစီတိုင်းက ဆောယောင်းကို မျှားခေါ်နေခဲ့သည်။ အားလုံးက သူ၏ ညွှန်ကြားချက်များဖြစ်နေသောကြောင့် ဒီအတိုင်း လိုက်နာလိုက်ရုံဖြင့် အရာရာ သက်သောင့်သက်သာ ဖြစ်သွားမည့်ပုံပင်။

—ကျွန်တော်က အထူးလုံခြုံရေးအဖွဲ့မှူးဖြစ်သလို၊ နေရာတစ်ခုလုံးကို စီမံခန့်ခွဲတဲ့သူပါ။ အဲ့ဒါကြောင့် ဟန်ဆောယောင်းက ကျွန်တော့်စကားကို နားထောင်ရမယ်ဗျ။ နောက်ဆုံးအနေနဲ့ ပြောပါမယ်။ ဟောချန်နာကို ထားခဲ့ပြီး အဲ့ဒီတည်းခိုခန်းကနေ မြန်မြန်ထွက်လာခဲ့ပါ။

ဟုတ်တယ်၊ အခုလိုမျိုး။ အပြစ်ရှိစိတ်ကို ပေါ့ပေါ့ပါးပါးလေး ဖယ်ရှားပေးတဲ့ ဒီအချိန်လိုမျိုး။

သို့သော်......

“ဟင့်အင်း၊ အဲ့ဒီလို မလုပ်ချင်ပါဘူး။”

ဆောယောင်းက သူ့အား ထိန်းချုပ်ထားသည့် ပြုစားမှုကို ဆုတ်ဖြဲရုန်းထွက်လိုက်သည့်အလား အများသုံးမီးဖိုချောင်ဆီသို့ အပြေးထွက်သွားခဲ့သည်။ ခြေချင်းဝတ်အား ရစ်ပတ်ထားခဲ့သော ထိတ်လန့်ဖွယ်ရာ သွေးဆောင်မှုကို ခါချပစ်ကာ ယင်းကို နင်းကြိတ်ချေမှုန်းလိုက်သည့်အလား အရှေ့ကိုသာကြည့်ရင်း ပြေးလာ၏။

မိမိ၏ ပင်ကိုသဘာဝက ပင်ကိုသဘာဝ တစ်ကဏ္ဍဖြစ်သော်လည်း ချန်နာကိုပစ်ပြီး ထွက်ပြေးခြင်းက နောက်ထပ် ပြဿနာတစ်ခုပင်။

—ဟန်ဆောယောင်းခင်ဗျ။

ထိုအခါ နားကြပ်တစ်ဖက်မှ ပြင်းထန်သောအော်သံ ထွက်ပေါ်လာသည်။

—အရေးမပါတဲ့ ခေါင်းမာမှုနဲ့ တကယ် သေချင်နေတာလား။

“မဟုတ်ပါဘူး…”

—စကားတစ်ခွန်းတည်းကို နှစ်ခါရှင်းပြနေရတဲ့အချိန်အတွင်းမှာ သေသွားကြတဲ့ကောင်တွေ အများကြီး မြင်ဖူးတယ်လို့ ပြောခဲ့ဖူးတာကို အရူးလိုလုပ်ရပ်​တွေ ရပ်တန်းကရပ်ပြီး အခုချက်ချင်း ထွက်လာခဲ့။

ဆောယောင်းတစ်ယောက် မူမမှန်စွာ မောကြီးပန်းကြီး အသက်ရှူနေရသည်။ စိတ်ထဲက ဘာကြောင့် ဤမျှအထိ ဒေါသထွက်နေမှန်း မသိပေ။ တစ်စုံတစ်ယောက်ကို အလွယ်လေး ပစ်ထားခဲ့ရန် အမိန့်ပေးနေသည့် ထိုလူအပေါ် ပြင်းထန်သော အာခံလိုစိတ် ဖြစ်ပေါ်လာသည်။

“ထားမသွားပါနဲ့၊ လုံးဝ ဘာကိစ္စပဲရှိရှိ ပစ်ထားပြီး မသွားလိုက်ပါနဲ့......”

အံကြိတ်ထားသလို သူ၏ အသနားခံပန်ကြားသံနောက်တွင် နားကြပ်ထဲမှအသံက တိတ်သွားလေသည်။

တကယ်တမ်းတွင် အီဝူရှင်း၏ အေးစက်သော စကားတစ်ခွန်းက သူ၏ မသိစိတ်ကို မည်မျှအထိ ရက်စက်စွာ နင်းခြေလိုက်ကြောင်း အင်မတန်ကောင်းစွာ သိခဲ့၏။

အချစ်ရဆုံး ခင်ပွန်းဖြစ်သူက သူ့ကို အလွယ်လေး ပစ်ထားကာ ပျောက်သွားခဲ့သည့်အဖြစ်အပေါ် ခံစားနေရသော နစ်နာသူစိတ်ပင်။ ထိုအချက်ကို မသိရလောက်အောင် သူက ကိုယ့်အကြောင်းကိုယ် နားမလည်သူ မဟုတ်ခဲ့ပေ။

မိမိ၏ အသက်ကို ချရင်းထားသော မာနစိတ်လည်း ဟုတ်သလို၊ မိုက်မဲသည့် အပြုအမူလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် အီဝူရှင်း ဖန်တီးပေးသည့် ဆင်ခြေကို လက်ခံလိုက်ရခြင်းမျိုး မဖြစ်လိုပေ။

လူကို သုံးပြီးပစ်ရသည်က ထိုမျှအထိ သဘာဝကျသည့်ကိစ္စဆိုလျှင်၊ ဂင်ဟျွန်း သူ့အား ထားသွားခဲ့သည်ကို မည်သို့များ အပြစ်တင်နိုင်မည်နည်း။

သူ့ခင်ပွန်းတွင်လည်း အသက်ထက် ပိုအလေးထားရမည့်၊ ဦးစားပေးရမည့် အကြောင်းရင်းများ ရှိခဲ့မည်ဆိုလျှင်။ ဇနီးသည်ကို ပစ်ထားခဲ့ရလောက်သည်အထိ ခိုင်လုံသော အကြောင်းပြချက်များ ရှိခဲ့သည်ဆိုလျှင်...

အဲ့ဒါဆိုရင် ငါ့အတွက် မတရားလွန်းလို့ ဘယ်လိုလုပ်ရမလဲ။

ဂင်ဟျွန်းက အရေးကြီးသည့် ထိုအရာများအားလုံးကို ကျော်လွှားကာ သူ့ကို ချစ်ပေးရန် မျှော်လင့်ခဲ့မိသည်။ တစ်​လောကလုံး ပြောနေသော အသုံးမဝင်သည့် မာနစိတ်၊ အရူးလိုအပြုအမူများအထိ လုပ်ပြီးတော့ပင် သူ့ကို လုံးဝ လက်မလွှတ်စေရန် မျှော်လင့်ခဲ့မိ၏။

ဆောယောင်းက ရင်ထဲမှ ဆို့နင့်လာသောခံစားချက်များကို ထုတ်ဖော်ပေါက်ကွဲလိုက်သည်။

“နောက်ကျရင်... ခင်ပွန်းရှေ့မှာ ဆက်ဆက် ပြောပြရမှာမို့လို့ပါ…”

—.........

“ဒါက ကျွန်မရဲ့ စိတ်ရင်းပဲ၊ ကျွန်မရဲ့နည်းလမ်းပဲဆိုပြီး။”

—.........

“ကျွန်မက တစ်ယောက်ကလေးတောင် ပစ်မထားနိုင်တာမို့လို့၊ အဲ့ဒါကြောင့် ရှင့်ကိုလည်း လက်မလွှတ်နိုင်ဘူးဆိုပြီး။”

သို့ဖြစ်၍ ဆောယောင်းက မိမိ၏ နည်းလမ်းကို အရင်ဆုံး သက်သေပြရပေမည်။ အရင်ဆုံး ပစ်ထားခဲ့သူ မဖြစ်စေရန်။ အရင်ဆုံး လက်မလွှတ်မိစေရန်။ တစ်သက်လုံး လိုချင်ခဲ့ရသော ဘဝအပေါ်မွတ်သိပ်တောင့်တမှုကို သူ့ထံမှ အသိအမှတ်ပြုခံချင်မိသည်။

—အသုံးမဝင်တဲ့ ခံစားချက်တွေနဲ့ ယစ်မူးပြီး လူမိုက်လိုမျိုး လုပ်နေတာပါလား။ ဟန်ဆောယောင်းလို ကောင်မျိုးတွေ အများကြီး မြင်ဖူးသားပဲ။ အခုတော့ အကုန် သေကုန်ကြပြီဆိုပေမဲ့ပေါ့။

ခဏလောက် ဘာမှမပြောဘဲနေခဲ့သော ထိုလူက သွားချင်းကြိတ်ကာ ရယ်လိုက်သည်။

သနားညှာတာမှုကင်းမဲ့သည့် လေသံဖြစ်သော်လည်း စိတ်မဆိုးခဲ့ပေ။ ထိုအတိုင်း စိတ်ထင်ရာ လျှောက်ပြောနေသော အသံကို ယခု အတော်လေး အားကိုးနေမိသည်။

“ဒါဆိုရင် ကျွန်မက ပထမဆုံးလူ ဖြစ်လာတော့မှာပဲ။”

—.........

“အဲ့ဒီလို အရူးလုပ်ရပ်တွေလုပ်ပြီး မသေတဲ့ ပထမဆုံးလူ။”

မမြင်ရသော်လည်း ထိုလူ၏မျက်နှာထားက မျက်စိရှေ့၌ ပုံပေါ်လာသလိုပင်။ မကျေမနပ်ဖြစ်ကာ မျက်ခုံးများကို တွန့်ချိုးထားမည်မှာ သေချာ၏။

ဆောယောင်းက နောက်သို့ လှည့်ကြည့်ခြင်း၊ တွေဝေခြင်းမရှိဘဲ အများသုံးမီးဖိုချောင်ဆီသို့ တည့်တည့်မတ်မတ် ပြေးသွားခဲ့သည်။ ပထမဆုံးအကြိမ် ကိုင်ဖူးသော သေနတ်က လေးလံလှကာ၊ ခြေထောက်များက တဆတ်ဆတ်တုန်နေသော်လည်း သူ၏ခေါင်းကမူ ပို၍ပင် တည်ငြိမ်လာ၏။

ဤနေရာတွင် သေသွားရန်ကို တစ်စက်ကလေးပင် စဉ်းစားမထားခဲ့။ ဂင်ဟျွန်းကို ရှာမတွေ့သေးဘဲ၊ မတွေ့ရသေးဘဲ ဒီအတိုင်း သေဆုံးသွား၍ မဖြစ်ပေ။

ဤသည်မှာ အဆင်အခြင်မဲ့သည့်လုပ်ရပ်မဟုတ်။ ကျရောက်လာမည့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို နည်းနည်းလေးမှ မကြောက်ဘဲ၊ အရင်ဆုံး လက်လျှော့မှာ မဟုတ်ဘူးဟု ယုံကြည်စိတ်ချမှု ရှိနေခဲ့ရုံသာ။

နောက်ဆုံးတွင် ရက်ပိုင်းအတွင်း ရင်းနှီးအသားကျစွာ ဝင်ထွက်ခဲ့ဖူးသော တံခါးကို မြင်လိုက်ရပြီး အားကုန်တွန်းဖွင့်လိုက်သည်။ တံခါးကို အားအပြည့်နှင့် ဖွင့်လိုက်သည့်အခိုက်အတန့်မှာပင် ရင်ထဲ၌ အော်ဂလီဆန်သွားစေသည့် အနံ့ဆိုးက နှာခေါင်းဝ၌ စေးကပ်စွာ ကပ်ငြိလာပြန်၏။

“—အာ၊ အား.........”

အားမရှိသော အသံက လည်ချောင်းအတွင်းမှ သူ့အလိုလို ထွက်ပေါ်လာသည်။

ကြမ်းပြင်ပေါ်တွင် အားအင်မရှိစွာ လဲကျနေသော ချန်နာက ဒီဘက်သို့ ရီဝေဝေကြည့်နေ၏။ ဆောယောင်းလည်း လေးဖက်ထောက်သွားကာ သွေးများ တရစပ် ပန်းထွက်နေသော လည်ပင်းကို ဖိပိတ်လိုက်သည်။

မဖြစ်ဘူး။ ချန်နာ မဖြစ်ဘူး။ မဖြစ်ဘူး။ လည်ချောင်းထဲမှ တိုးလျလျညည်းသံ ထွက်လာသည်။

ချန်နာက အလင်းရောင် မှိန်ဖျော့ကာ ပျောက်ကွယ်လုနီးပါးရှိနေသော မျက်လုံးများဖြင့် တစ်စုံတစ်ရာကို အလျင်စလို ပြောနေ၏။ သူ့နှုတ်ခမ်းများက အသာလေး လှုပ်ရှားသွားသော်လည်း ပင့်သက်ရှိုက်သံမျှသာ ထွက်လာသည်။

“ပြေး...ပါ.........”

“သတိထားပါဦး ချန်နာ။ နည်းနည်းလောက်ပဲ ထပ်ပြီး အားတင်းထားပါဦး…”

“ပြေး...”

ချန်နာ ရှိုက်ကြီးတငင်ဖြင့် ဆောယောင်း၏ လက်မောင်းကို အားကုန်တွန်းထုတ်လိုက်သည့် အခိုက်အတန့်တွင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment