အပိုင်း ၂၇
ဝန်ထမ်းများက သူ့ကို သံသယမဝင်ဘဲ တံခါးဖွင့်ပေးခဲ့ကြပေလိမ့်မည်။ ပြည့်တန်ဆာဟု ထင်ခဲ့ကြမည်သာ။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က တစ်လျှောက်လုံး မျက်မမြင်အဖြစ် နေခဲ့ရသည့် ဆောယောင်းကမူ မိမိခန္ဓာကိုယ်မှ ပေးပို့လာသော ဆဋ္ဌမအာရုံကို လျစ်လျူမရှုခဲ့။
လူသတ်သမားက သတ်ဖြတ်လိုစိတ်များ ပြန်ပြည့်လာသည့် မျက်လုံးများနှင့် ပြေးဝင်လာသည့် အခိုက်အတန့်တွင် သူ၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းကို တစ်ကြိမ် ထပ်ကန်လိုက်ပြန်သည်။ ထိုင်လျက်အနေအထားဖြင့်ပင် ပျော့ပျောင်းစွာ ဆန့်ထွက်သွားသည့် ခြေထောက်ကို ဓားက ရှပ်ထိသွား၏။
ဆောယောင်းက မရပ်တန့်ဘဲ ခေါင်းကိုငုံ့ကာ သေနတ်ကို ဂျောက်ခနဲ တစ်ချက် မောင်းထပ်တင်လိုက်ပြီး ထိုလူ၏လိင်အင်္ဂါကို ချိန်ကာ ဒိုင်းခနဲ ပစ်လိုက်သည်။
နာကျင်မှုကြောင့် ပျက်ယွင်းသွားသည့် မျက်နှာက ချန်နာဘက်ကို လှည့်လာတော့ ဆောယောင်းက “ဒိုင်း... ဒိုင်း...” ဟု ဆက်တိုက် ပစ်ခတ်လိုက်၏။
ထိုနောက်ပိုင်းတွင် သတိလက်လွတ်နီးပါး တရစပ် ပစ်ခတ်ခဲ့သည်။ အတော်ကြာအောင် လူးလွန့်နေသည့် တစ်ဖက်လူက နောက်ဆုံး၌ မီးဖိုချောင်ကြမ်းပြင်ပေါ်တွင် သတိလစ်သလို လဲကျသွားတော့၏။
“ဟော့... ဟော့...”
လက်က တဆတ်ဆတ်တုန်ယင်နေသည်။ မနာကျင်သည့်နေရာ မရှိသော်လည်း ဆောယောင်းက သေနတ်ကို အဆုံးအထိ လက်ထဲက မချခဲ့ပေ။ အပ်နှင့်အထိုးခံထားရသည့်အလား စူးရှနေသည့် အာရုံကြောများကြောင့် တစ်စုံတစ်ယောက်က နည်းနည်းလေး လာထိသည်နှင့် သေနတ်ကျည်ဆန် ထွက်သွားတော့မလိုပင်။
—...ယောင်း။ အသက်ရှိသေးရင် ပြန်ဖြေ။
နားထဲတွင် စူးစူးရဲရဲ အော်သံတစ်ခုကို ကြားလိုက်ရသော်လည်း ဆောယောင်းက ပြန်မဖြေနိုင်ခဲ့။
ချီးပဲ... ဒီသေနတ်က ခက်လိုက်တာ…
~~~~
လှေကားမှ တက်လာလိုက်သည်နှင့် အော်ဂလီဆန်စရာကောင်းလောက်အောင် ရင်းနှီးနေသော သွေးညှီနံ့က တပ်သားများကို လွှမ်းခြုံသွားတော့သည်။ အေးစက်နေသည့် ဧည့်ခန်းထဲတွင် ဘာအသံမှ မကြားရသဖြင့် ပို၍တိတ်ဆိတ်အေးစက်နေ၏။
အခြားတပ်သားများက သေဆုံးနေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းနှင့် ယာဉ်မောင်းဝန်ထမ်းကို စစ်ဆေးနေကြစဉ် အီဝူရှင်းကမူ အများသုံးမီးဖိုချောင်ဘက်သို့ တန်းပြီးဦးတည်သွားခဲ့သည်။ ပျက်စီးနေသည့် တံခါးကိုမြင်တော့ သူနှင့်မလိုက်ဖက်စွာ တဒင်္ဂ တုံ့ဆိုင်းသွား၏။
“...”
သူက မျက်မှောင်ကြုတ်လိုက်ပြီး အစိမ်းသက်သက်ဖြစ်နေသည့် စိတ်မသက်မသာဖြစ်မှုကို ဖယ်ရှားလိုက်သည်။
မီးဖိုချောင်က တစ်ချက်ကြည့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်စီးနေ၏။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့်ပင် စစ်ဖိနပ်အောက်ခြေများက မျက်စိတစ်မှိတ်အတွင်း စိုစွတ်သွားသည်။ ပဲငါးပိဟင်းရည်နှင့် သွေးတို့ရောနှောနေသည့် နီရဲရဲအရည်များက မီးဖိုချောင်ကြမ်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားလျက်။
ထိုအလယ်တွင် ထိုင်းလူမျိုး လုပ်ကြံရေးသမားဖြစ်ပုံရသော အရပ်ပုပုလူတစ်ယောက်က ခန္ဓာကိုယ်အောက်ပိုင်းတွင် သွေးများအိုင်ထွန်းလျက် သေဆုံးနေသည်။ ထို့နောက်တွင် ပွင့်နေသည့် သိုလှောင်ခန်းထဲသို့ အီဝူရှင်း၏အကြည့်က ဖြည်းဖြည်းချင်း ရွေ့သွား၏။
“...”
ဟန်ဆောယောင်းက သေနတ်ကို တည့်တည့်ဆန့်တန်းထားသည့် အနေအထားဖြင့် တစ်စုံတစ်ယောက်ကို ချိန်နေဆဲပင်။ အီဝူရှင်းက ခါးကိုကိုင်းကာ သူ၏သူငယ်အိမ်ကို စစ်ဆေးကြည့်လိုက်သည်။ လေးလံသော သက်ပြင်းချသံ ထွက်ပေါ်လာ၏။
“ဝါး... ဒီအတိုင်း သတိလစ်သွားတဲ့ပုံပဲ။”
အနောက်မှ လိုက်ဝင်လာသည့် တပ်သားတစ်ယောက်က ဟန်ဆောယောင်းကို ကြည့်ပြီး တီးတိုးရေရွတ်ခဲ့သည်။
သူပြောသည့်အတိုင်း ဟန်ဆောယောင်းက သတိလစ်နေခဲ့ခြင်းပင်။ ထို့အပြင် သေနတ်ကို ကိုင်ထားသည့်လက်က အရေပြားများ ပျက်စီးသွားလောက်သည်အထိ ဒဏ်ရာက နက်ရှိုင်းလှ၏။
ထိုအခြေအနေတွင်ပင် တစ်ဖက်လက်က ခေါင်းမာလှစွာ ဟောချန်နာကို ပွေ့ဖက်ထားသည့်အတိုင်း လည်ပင်းကို ဖိပိတ်ထားလျက်ရှိနေသည်။
ဒီ မိုက်ရူးရဲမိန်းမကတော့။
သွေးများစွန်းထင်းပေကျံလျက် တစ်ခုတည်းလို ပေါင်းထားသည့် သူတို့နှစ်ယောက်၏ပုံစံက ကြောက်မက်ဖွယ်ရာပင်။ အစကတည်းက အကောင်းအတိုင်း ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့သော်လည်း။
“မြန်မြန် မလှုပ်ရှားဘဲ ဘာလုပ်နေကြတာလဲ။”
အီဝူရှင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
တင်းခံထားဟု အမိန့်ပေးခဲ့သည်က မှန်သော်လည်း ယင်းက နှုတ်ဖျား၌သာရှိသည့် စကားသက်သက်ပင်။ စိတ်ပျက်အားလျော့ကာ လက်လျှော့လိုက်ခြင်းထက် အလိမ်အညာ မျှော်လင့်ချက်ဖြင့် ရုန်းကန်ရှင်သန်ခြင်းက ပိုကောင်းမည်ဟု ယူဆသောကြောင့်ဖြစ်၏။
သို့သော် တိုက်ခိုက်ရေးသမားမဟုတ်သည့် ဟောချန်နာနှင့် ဟန်ဆောယောင်းတို့ ဤနေရာတွင် အသက်ရှင်နိုင်ရန် အခွင့်အလမ်းက သုညသာ။
သူက ကုမ္ပဏီဘက်သို့ အလောင်းထည့်သည့်အိတ် တောင်းခဲ့သည်။
အတိအကျပြောရလျှင် လေးအိတ် တောင်းခဲ့ခြင်းပင်။
တကယ်တမ်းတွင် ကြေးစားလုပ်ကြံရေးသမားမဟုတ်ဘဲ သူကိုယ်တိုင်က ဟန်ဆောယောင်းကို သေလမ်းသို့ တွန်းပို့ခဲ့လေသလားဟု တွေးမိစေသည့် မနှစ်မြို့စရာ ခံစားချက်က သူ့ရင်ထဲကို လွှမ်းမိုးသွားသောကြောင့်ဖြစ်၏။
အီဝူရှင်းက ဘေစင်ကို တစ်ချက် ဖိကိုင်ပြီးမှီထားလိုက်ကာ အောင့်ထားသည့်အသက်ကို ရှူထုတ်လိုက်သည်။ ထိုအခါမှ ပထမဆုံးအကြိမ် အသက်ရှူရသူလို သူ့ရင်ဘတ်က ဖိုလှိုက်တက်လာတော့၏။
တိုက်တိုက်ဆိုင်ဆိုင် လာရာလမ်းတွင် ကြိုတင်ခေါ်ထားခဲ့သော ဆေးတပ်သားများက အရေးပေါ်ထမ်းစင်များနှင့် ရောက်ချလာသည်။
ထိုစဉ် တပ်သားတစ်ယောက်က လှောင်ရယ်သလိုမျိုး အံ့ဩတကြီး အော်ပြောလေ၏။
“ဝါး... အဖွဲ့မှူး၊ ဒီကောင်က မိန်းမမဟုတ်ဘဲ ယောက်ျားဗျ။”
“ဘာ။”
“ဥတွေနဲ့လို့ ပြောတာပါ။”
“...”
“အစ်မကြီးက အကုန်လုံးကို ဖောက်ခွဲပစ်လိုက်တဲ့ပုံပဲဆိုပေမဲ့လေ။”
ထိုစကားကြောင့် အီဝူရှင်းက ဒူးတစ်ဖက်ကိုကွေးကာ သေနေသူ၏ အဝတ်အစားကို လှန်ကြည့်လိုက်သည်။
လွဲချော်သွားသည့် ကျည်ဆန်များက မီးဖိုချောင်နေရာအနှံ့တွင် စိုက်ဝင်နေသည့်တိုင် လူ၏ခန္ဓာကိုယ်ကို အတိအကျ ထိုးဖောက်သွားသည့် ကျည်ဆန်များကလည်း အင်မတန် များလှ၏။
လိင်အင်္ဂါကို လေးချက်၊ လည်ပင်းကို တစ်ချက်။
သူ့မျက်နှာထားက တစ်ချက် ထူးဆန်းသွားတော့သည်။ လည်ပင်းက... ဟောချန်နာ ဒဏ်ရာရခဲ့သည့်နေရာနှင့် အနီးစပ်ဆုံးတူညီသည့်နေရာပင်။
“ဝါး... ဒါကို ဘယ်လိုလုပ် ရိပ်မိသွားတာလဲ။ လုံးဝကို ချက်ကောင်းတွေချည်း ထိအောင်လုပ်ထားတာပါလား။ ဆဋ္ဌမအာရုံက ဘယ်လိုတောင်...”
ထိုစဉ် အသက်ရှင်သူ နှစ်ယောက်ကို ရွှေ့ပြောင်းပေးနေသည့် ဆေးတပ်သားက အကျပ်ရိုက်နေသလိုမျက်နှာနှင့် ပြောလာသည်။
“ဟို... ဒီပုဂ္ဂိုလ်ရဲ့ လက်ထဲကနေ သေနတ်ကို ဖြုတ်လို့မရပါဘူး။”
“...”
ယင်းမှာ ဇီးကွက်မဟုတ်ပေ။
သူ တစ်ခါမှမတွေ့ဖူးသည့် အစိမ်းသက်သက်ဖြစ်နေသော မိန်းမပင်။
ထိုအချက်တစ်ခုတည်းက သူ့ခေါင်းထဲတွင် အနီရောင်အချက်ပြမီးလို စွဲမြဲနေလေတော့၏။
~~~~
“....”
အတော်လေး ဟောင်းလှပြီဖြစ်သည့် အိပ်မက်တစ်ခု မက်ခဲ့သည်။ ယခုတွင် ဘာမှန်း မမှတ်မိတော့သည့် အတိတ်က အကြောင်းအရာများကို အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့် ဆောယောင်းတစ်ယောက် လေးလံနေသော မျက်ခွံများကို အနိုင်နိုင် ဖွင့်လိုက်၏။
မျက်လုံးထဲ ဝင်လာသည့် အဖြူရောင် မျက်နှာကြက်ကို မြင်လိုက်ရသော အခိုက်အတန့်တွင် တဒင်္ဂ ထိတ်လန့်သွားသော်လည်း လေငွေ့ပေးစက် လည်ပတ်နေသည့် အသံကြောင့် 'ငါ မသေသေးဘူးပဲ…' ဟု နောက်ဆုံးတွင် တွေးလိုက်၏။
ဟင့်အင်းလေ၊ လူလို စဉ်းစားကြည့်ရင်တောင် မျက်နှာကြက်က တအားဖြူလွန်းနေတယ်မဟုတ်ဘူးလား။
ထို့ကြောင့် ကိုယ့်နေရာကိုယ်မသိဘဲ တစ်ချက်ကလေး ဤနေရာကို နတ်ပြည်ဟု အထင်မှားမိလုနီးပါး ဖြစ်ခဲ့ခြင်းပင်။
ဤကဲ့သို့ အစီအစဉ်မကျသည့် အတွေးများဖြင့်ပင် အားကုန်သွားကာ ဘာမှမလုပ်ဘဲ မျက်နှာကြက်ကိုသာ ကြည့်နေစဉ် ရုတ်တရက် ဆေးရုံခန်းတံခါး ပွင့်သွား၏။
အနောက်တိုင်းဝတ်စုံ ဝတ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက ရင်းနှီးကျွမ်းဝင်နေသည့်အလား အထဲဝင်လာသည်။ ထို့နောက် အကြောင်သား သတိရနေသည့် ဆောယောင်းနှင့် မျက်လုံးချင်း ဆုံခဲ့၏။
“...”
နှာတံမြင့်မြင့်ကို ခပ်ကြမ်းကြမ်း ရှုံ့မဲ့လိုက်သည့် အီဝူရှင်းကို မြင်လိုက်ရသော အခိုက်အတန့်တွင် ဆောယောင်းလည်း မေ့နေခဲ့သော အရာအားလုံးကို ပြန်အမှတ်ရသွားတော့သည်။
ချက်ချင်း ခန္ဓာကိုယ်ကို ထူမတ်ဖို့ ကြိုးစားလိုက်ချိန်တွင် လျှပ်စစ်ရှော့ခ်ထိသွားသည့်အလား နာကျင်မှုက သူ့ညာလက်ကို လာထိုးနှက်လေ၏။
ဓားဖြင့် ထိုးလိုက်သည့်အလား တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်းနှင့် ကိုက်ခဲနေသလို၊ တန်ပေါင်းများစွာ လေးသည့် ကုန်တင်ကားကြီး သူ့လက်ပေါ်မှ ဖြတ်မောင်းသွားသလို ခံစားရသည်။ ဖော်ပြ၍မရသည့် နာကျင်မှုကြောင့် သူ့မျက်နှာက အလိုလို ရှုံ့မဲ့သွား၏။
“အာ့…”
“အာ... တော်တော်လေး နာနေတဲ့ပုံပဲ။”
အီဝူရှင်းက ဘောင်းဘီအိတ်ထဲသို့ လက်နှစ်ဖက်စလုံးကို ထိုးထည့်ထားရင်း ခနဲ့သလိုလို ပြောခဲ့သည်။
“ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲပေါ့။ ကျွန်တော်က အဲ့ဒီမျက်နှာကို မြင်ချင်လို့ ဒီအထိ စောင့်နေခဲ့တာဗျ။ နာလွန်းလို့ သေတော့မလိုဖြစ်နေတဲ့ မျက်နှာကို အရသာခံပြီးကြည့်ဖို့လေ။”
ဤသည်ကို ပွင့်လင်းသည်ဟုပဲ ပြောရမည်လား၊ သို့မှမဟုတ် မြင်မြင်ချင်း ဘာကြောင့် ရန်လာစသလဲဟု ပြန်မေးရမည်လား။ ဆောယောင်းက မချင့်မရဲ မျက်နှာဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
“ဘာလို့ အဲ့ဒီလို စကားလုံးမျိုး သုံးပြီးပြောနေရတာလဲရှင့်။”
“ဒါဆို ညာလက်က အဝတ်စုတ်လို စုတ်ပြတ်သတ်သွားပေမဲ့ မသေသေးလို့ တော်သေးတာပဲဆိုပြီး ချီးကျူးပေးရမှာလား။”
မသိဘူးဟုဆိုသော်လည်း ယခု ဤလူ၏ စိတ်ထဲ၌ အတော်လေး ရှုပ်ထွေးနေသည်ဟူသော အချက်ကိုတော့ သိလိုက်ရသည်။
ခြေထောက်တစ်ဖက်ကိုသာ အားပြုရပ်ပြီး ခပ်ကိုင်းကိုင်းအနေအထားနှင့် သူ့အား အထက်စီးမှ ငုံ့မိုးကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းကို ပင့်ထားသည့်ပုံစံက သက်သေပင်။
သူ့ကို တဒင်္ဂ စိုက်ကြည့်နေပြီးနောက် အီဝူရှင်းက အုပ်ထိန်းသူ ထိုင်ခုံပေါ်သို့ ပုံခနဲထိုင်ချကာ neck tie ကို ဆွဲဖြေလိုက်သည်။ သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျမှုများက ပေါက်ကွဲထွက်နေ၏။
“သိချင်တာတွေ အများကြီး ရှိနေမှာပဲ။ ဘယ်ကနေ စနားထောင်ချင်လဲဗျ။”
ဆောယောင်းက ချက်ချင်း ဆံပင်တိုတိုနှင့် မိန်းကလေး၏ မျက်နှာကို သတိရလိုက်သော်လည်း နှုတ်ခမ်းကို မဟနိုင်ခဲ့။ လက်ဖျားတွင် သိရှိခံစားခဲ့ရသည့် နွေးထွေးပြီး ပျော့ပျောင်းသော အထိအတွေ့က လက်ချောင်များတွင် ကပ်ငြိနေဆဲပင်။
သူ့မျက်နှာထားက မည်သို့ရှိနေမည်မှန်း ကိုယ်တိုင် မသိသော်လည်း အီဝူရှင်းကတော့ ခေါင်းလှည့်ကာ ကျွတ်စ်ခနဲ စုတ်သပ်လိုက်သည်။
“ဟောချန်နာက အခု အထူးကြပ်မတ်ဆောင်မှာ ရှိနေပါတယ်။”
“...အသက်ရှင်နေသေးတာလားရှင့်။”
မယုံနိုင်သည့်ပုံစံဖြင့် အသာလေး စောင်ကို ဆုပ်ကိုင်လိုက်မိသည်။
“ဟုတ်ပါတယ်၊ အသက်ရှင်ပေမဲ့ သတိလစ်နေတုန်းပါပဲ။”
“...”
“ထိုင်းမှာပဲ အရေးပေါ် ခွဲစိတ်မှု ချက်ချင်း လုပ်ခဲ့တယ်လေ။ ဒါပေမဲ့ ထင်ထားတာထက် သွေးထွက်တာ ပိုများလို့ အခက်အခဲကြီး နှစ်ကြိမ်လောက် ကြုံခဲ့ရတယ်ဗျ။ နှလုံးကလည်း တစ်ခါရပ်သွားတယ်လို့ ပြောတယ်။”
“...”
“ဟန်ဆောယောင်းကလည်း အဲ့ဒီလက်ကို ချုပ်ခဲ့ရတာပါ။ မေ့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးကြောင့် ဆက်တိုက် အိပ်လိုက်၊ နိုးလိုက် ဖြစ်နေခဲ့တာလေ။ ခွဲစိတ်မှု ပြီးတာနဲ့ ချက်ချင်း ကိုရီးယားကို ပြန်ပို့ခဲ့တာ အခုဆိုရင် တစ်ပတ်တောင် ကြာသွားပါပြီ။”
သူက ဘာမှမဟုတ်သလို လေသံဖြင့် အဖြစ်အပျက်များကို အတိုချုပ် ရှင်းပြပေးခဲ့သည်။ ဆောယောင်းက ဘာခံစားချက်မှ မပြသည့်ပုံစံနှင့် ခေါင်းညိတ်လိုက်၏။
ဘယ်တုန်းကမှန်းမသိ ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ဖြစ်နေသည့် အီဝူရှင်းက နှာတံကို ဖိလိုက်ရင်း မျက်လုံးကို သူ့လက်မောင်းတစ်ဖက်နှင့် လုံးလုံးဖုံးကွယ်ထားသည်။ သူက ထိုအတိုင်း ဆောယောင်းကိုမကြည့်ဘဲ စကားဆက်ခဲ့၏။
“သေနတ်ရဲ့တွန်းကန်အားကြောင့် လက်ကောက်ဝတ်အရွတ်တွေ ထိခိုက်သွားပြီး လက်ချောင်းတွေလည်း ရောင်နေလို့ ခဏ ကျောက်ပတ်တီးစည်းထားပါတယ်။”
“အာ…”
“သက်သာသွားတဲ့အထိတော့ နေ့စဉ်ဘဝမှာ တော်တော်လေး အဆင်မပြေဖြစ်နေမှာပါ။”
“...”
“ဘေးနားကနေ ပြုစုပေးမဲ့ မိသားစုဝင်ရော ရှိလားဗျ။”
ဆောယောင်းတစ်ယောက် ချက်ချင်း တိုးဝင်လာသည့် နာကျင်မှုကြောင့် ပြန်မဖြေနိုင်ခဲ့။ အီဝူရှင်းက ဘာမှမပြောဘဲ ဆောယောင်း၏ပုံစံကိုသာ ကြည့်နေခဲ့သည်။
“ဘာလို့လဲဗျ။ ဟန်ဆောယောင်းမှာ ခင်ပွန်းရှိတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“...”
“တရားဝင် စာရွက်စာတမ်းမှာလည်း မပါဘူး။ အရေးပေါ် ဆက်သွယ်ရန် နံပါတ်မှာလည်း မပါဘူး။ ဇနီးဖြစ်သူ ဒဏ်ရာရနေတာတောင် လာမရှာတဲ့ လူက တကယ်ပဲ ခင်ပွန်း အစစ်အမှန်ဟုတ်ပါ့မလားလို့ ထင်မိပါတယ်။”
သူက မွန်းကျပ်သလို neck tie ကို လက်ဖဝါးတစ်ဝက်စာလောက် ထပ်ဆွဲဖြေလိုက်သည်။ သူ့ဘာသာ အသက်ရှူမှန်အောင်လုပ်နေသည့် ထိုလူက ပုံမှန်အတိုင်း ထပ်ပြောလာ၏။
“ဆရာဝန်ရဲ့စကားအတိုင်းဆို သွားဖုံးတွေလည်း ပွန်းပဲ့နေလို့ ခဏတော့ ဆန်ပြုတ်ပဲသောက်ရပါမယ်တဲ့။ အစာဝါးတိုင်း ငိုချင်စိတ် ပေါ်လာလိမ့်မယ်လို့လည်း ပြောခဲ့ပါသေးတယ်။ နှုတ်ခမ်း ပေါက်ပြဲသွားတာလည်း မဟုတ်၊ မေးရိုးကို ထိသွားတာလည်း မဟုတ်ဘဲ ဘာကိုများ ထိုးထည့်လိုက်လို့ အဲ့ဒီလို ဒဏ်ရာရသွားရတာလဲဗျ။”
“အာ... အဲ့ဒါက…”
ဆောယောင်းက လျှာဖျားဖြင့် သွားဖုံးများကို ပွတ်ကြည့်လိုက်သည်။ တကယ်ပင် ကျဉ်တက်သွားသလို ခံစားချက်ကို ခံစားလိုက်ရ၏။
“အဲ့ဒါ နာမည်က ဘာပါလိမ့်။ ဆလိုက်ဒင်လား၊ ဆလိုက်ဆင်လား။ ဘာပဲဖြစ်ဖြစ် လက်ကလည်း မလောက်တော့ဘူးလေရှင့်။ သေနတ်ရဲ့ အပေါ်ပိုင်းကို ဆွဲတင်ဖို့က ခက်နေတာပါ။ အဲ့ဒါနဲ့…”
ဆောယောင်း ဘာမှမဖြစ်သလို ပြောနေစဉ် ထိုလူက ရှူးရှူးရှားရှား လက်ကို ဖယ်လိုက်သည်။ သူက သက်သောင့်သက်သာဖြစ်နေသည့် အနေအထားကိုပါ ပြန်ပြင်ပြီး အင်မတန် ပြင်းထန်သည့် အကြည့်နှင့် ဆောယောင်းကို စိုက်ကြည့်လာ၏။
အံ့သြမှင်တက်သွားသည့်အလား၊ အဓိပ္ပာယ်မရှိလိုက်တာဟု တွေးနေသည့်အလား ကျုံ့သွားသော နဖူးကြောက ထူးဆန်းသည့်အရာကို ကြည့်နေရသလို တဆတ်ဆတ် လှုပ်ရှားနေလေသည်။
~~~~
Miel's Translations