no

Font
Theme

အပိုင်း ၆၄

ဆောယောင်းက ကြိုးကွင်းပြုလုပ်ထားသည့် ဝိုင်ယာကြိုးဖြင့် သူ၏လက်ကောက်ဝတ်ကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။ သို့သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသော ထိုလူက ဆောယောင်း၏လက်ကို ပုတ်ထုတ်ကာ တန်ပြန်၍ ဆုံးမသလို ဆောယောင်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့၏။

"နည်းပြမျက်နှာကို အကုန်လောင်သွားအောင် လုပ်မလို့လား။"

သစ်ကိုင်းဖျားမှတစ်ဆင့် သူ၏နားရွက်ဆီသို့ ဖြည်းဖြည်းချင်း ကူးစက်လာနေသော မီးတောက်ကို မကြောက်သည့်အလား သူက တွန့်ခနဲဖြစ်မသွားဘဲ စိတ်ပျက်စရာ အပြုံးကိုသာ ပြုံးနေခဲ့သည်။

ထို့နောက် တည်ငြိမ်နေဆဲဖြစ်သော ဆောယောင်းနှင့် သွေးအိုင်ထဲမှ ဆောင်းဝုချန်းကို တစ်လှည့်စီကြည့်ပြီးနောက် ရုတ်တရက် ပါးစောင်ကို လျှာဖြင့် ထိုးလိုက်၏။ နောက်ဆုံးတော့ ဘာတွေဖြစ်နေမှန်း သိသွားပြီဟူသော မျက်နှာထားမျိုးပင်။

"ဘာလို့ သူများသွေးတွေ သုတ်ထားတာလဲ၊ ညစ်ညစ်ပတ်ပတ်။"

သူ ဆောယောင်း၏မျက်နှာကို လက်ဖြင့်ထိရန် ကြိုးစားလိုက်သည့် အခိုက်အတန့်တွင် ဆောယောင်းက ဓားမြှောင်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။ အီဝူရှင်းက ကိုယ်ကို အသာလေး နောက်ဆုတ်ကာ ရှောင်လိုက်သော်လည်း ဆောယောင်းက လေးလံသော ဓားဖျားဖြင့် သူ၏အသက်အန္တရာယ်ရှိသော နေရာများကို ထပ်မံချိန်ရွယ်ခဲ့၏။

သူက 'ကြည့်စမ်း' ဟူသော မျက်နှာထားဖြင့် မျက်ခုံးပင့်သွားသော်လည်း နှုတ်ခမ်းထောင့်စွန်းတွင်မူ ကျေနပ်နေသော အပြုံးတစ်ခု ခိုတွဲလျက်ရှိနေသည်။

"ဆရာဆိုတာ မိဘနဲ့တစ်ဂိုဏ်းတည်းဆိုတော့ ငါတို့ အဖွဲ့ဝင် ဟန်ဆောယောင်းက တကယ့် သမီးလိမ္မာလေးပဲ။"

"အွတ်..."

"ဒီလိုမျိုး သင်ပေးရကျိုးနပ်အောင်လည်း ပြန်လုပ်ပြတတ်သေးတယ်မဟုတ်လား။"

ဆောယောင်းက မိမိ၏စိုးရိမ်စိတ်ကို ဖုံးကွယ်ရန် သွားကို တင်းတင်းကြိတ်ထားသည်။ အီဝူရှင်းက မီးစွဲနေသော အကာအကွယ်ကို မချွတ်သေးဘဲ ရှိနေသဖြင့် မီးခိုးငွေ့ကို ရှောင်ရှားရန် ကိုယ်ကို အတော်လေး နှိမ့်ချလိုက်၏။

တံတောင်ဖြင့် သူ၏ပေါင်ကြားကို ထိုးနှက်ရင်း သူ၏လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် ထပ်မံချိန်ရွယ်သော်လည်း အီဝူရှင်းက ဆောယောင်း၏ပုခုံးကို ခြေထောက်ဖြင့် အသာလေးတွန်းထုတ်ကာ ခွာခဲ့သည်။

ဆောယောင်းက ချက်ချင်း ပြန်ထလာပြီး ယခုတစ်ကြိမ်တွင် သူ၏ဝမ်းဗိုက်ဆီသို့ လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးလိုက်၏။ အီဝူရှင်းက လက်မောင်းဖြင့် ကာကွယ်ကာ ထိုသို့သော တိုက်ခိုက်မှုများကို ထပ်ပြန်တလဲလဲ လုပ်နေခဲ့ကြသည်။

သင်ယူထားသမျှကို အစွမ်းကုန်ထုတ်သုံးပြီး ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း အကွက်စေ့စေ့ ရှောင်တိမ်းနိုင်သော သူ့ထံတွင် တဖြည်းဖြည်းနှင့် အသာစီးရသည့်ပုံစံ ပေါ်ထွက်လာတော့၏။

စိတ်ထဲတွင် တဖြည်းဖြည်း စိုးရိမ်စိတ်များ မြင့်တက်လာစဉ် ဆောယောင်း ခြေထောက်ကို ဆန့်ထုတ်ကာ ဝိုက်ကန်လိုက်သည့် အခိုက်အတန့်၌။

"အဲ့ဒီလိုဆိုပေမဲ့လည်း မီးကိုတော့ အတူတူ ငြှိမ်းရမှာပေါ့။"

"......”

အပြန်အလှန်အားဖြင့် ဆောယောင်း၏ခြေချင်းဝတ်က အဖမ်းခံလိုက်ရကာ၊ အေးစက်သော နှင်းများထဲသို့ နောက်စေ့က နစ်ဝင်သွားတော့သည်။

စိတ်ကို ချက်ချင်းနိုးကြားသွားစေသော အအေးဓာတ်ကြောင့် ဆောယောင်းလည်း ကိုင်ထားသော ကြိုးကွင်းကို ချက်ချင်း ဝှေ့ယမ်းလိုက်၏။ သူက ကိုယ်ကို လျင်မြန်စွာ နောက်ဆုတ်သွားသော်လည်း နှုတ်ခမ်းထောင့်စွန်းကို ရှပ်ထိသွားကာ သွေးစအနည်းငယ် ထွက်လာသည်။ အီဝူရှင်းက ချက်ချင်း ဖူးရောင်လာသော ဒဏ်ရာကို လျှာဖျားဖြင့် အသာအယာ လျက်လိုက်၏။

"ငါ့မျက်နှာကို နှမြောဖို့ကောင်းတယ်လို့ ပြောတုန်းကပြောပြီးတော့ ဘာလို့ အခုမှ တောက်လျှောက် ဒီလောက်တောင် ရမ်းကားနေရတာလဲ။"

"အစ်..."

ရုတ်တရက် ကျောက်ဆောင်ကဲ့သို့ မာကျောသော ပေါင်များက ဆောယောင်း၏ ညာဘက်ပေါင်ခွကြားကို ရစ်ပတ်ကာ မလှုပ်နိုင်အောင် ပိတ်ဆို့ခဲ့သည်။

ဆောယောင်းက ဘေးတိုက်လှည့်ရင်း ရရာနည်းဖြင့် ရုန်းထွက်ရန် နှင်းတောထဲတွင် လက်သည်းများဖြင့် ကုတ်ခြစ်နေ၏။ သို့သော်လည်း အပေါ်စီးမှ နေရာယူထားသော သူ၏ကိုယ်ကမူ တစ်ချက်ကလေးပင် လှုပ်မသွားခဲ့ပေ။

သူ၏ ပုခုံးတစ်ဖက်မှ မီးတောက်က အစုလိုက်ရှိနေသောကောက်ရိုးများကို ဝါးမျိုရင်း ဆက်လက်ကူးစက်နေ၏။ နှင်းများကြောင့် ငြိမ်းသွားရမည့်အစား၊ လေတိုက်လိုက်တိုင်း ပို၍ပင် ကြီးမားစွာ တောက်လောင်လာသည်။

ထိုသို့ဖြင့် အီဝူရှင်း ဝတ်ထားသော အကာအကွယ်က ယခုအခါ ပို၍ပင် တဟုန်းဟုန်းတောက်လာတော့၏။

ဒီအရူးကောင်တော့......

"မြန်မြန်...အဲ့ဒါကို အရင်မချွတ်ဘဲ ဘာလုပ်နေတာလဲ။"

ဆောယောင်းက မိမိကိုယ်ပေါ်သို့ မီးပွားများ ကျလာမည်ကို စိုးရိမ်သဖြင့် အလျင်စလို အော်ဟစ်လိုက်သည်။

"ငါကတော့ အဖွဲ့ဝင် ဟန်ဆောယောင်းက နည်းပြကို စိတ်ပူလို့ မီးရှို့ပေးတယ်မှတ်နေတာကို။"

"......"

"နှမြောစရာကောင်းအောင် ဘာလို့ ချွတ်ရမှာလဲ၊ အေးနေတာနဲ့ အတော်ပဲပေါ့။"

"ဆံပင်၊ ဆံပင်ကို သတိထား။”

ဆောယောင်း ထိတ်လန့်တကြား အော်ပြောလိုက်သည်။ လက်ထဲမိရာ နှင်းများကို တစ်ဆုပ်စာယူပြီး ဆားနှင့်ပက်သလို မရမက ပစ်ပေါက်လိုက်၏။ အတိအကျ ပြောရလျှင် မီးတောက်ရှိရာဘက်သို့ ဖြစ်သော်လည်း ထူးဆန်းစွာ သူ၏ခေါင်းကိုသာ တစ်ချက်ပြီးတစ်ချက် ထိမှန်နေသည်။

သို့သော်လည်း အလကားနေရင်း အလုပ်ရှုပ်အောင် လုပ်လိုက်မိသလို စွဲနေသော မီးပွားများက ဆောယောင်း၏ အအေးဒဏ်ခံဝတ်စုံပေါ်သို့ တစ်စပြီးတစ်စ ကျလာတော့၏။

နှာခေါင်းရှုံ့လိုက်သော အီဝူရှင်းက ထိုအခါမှ အကာအကွယ်ကိုချွတ်ကာ နှင်းတောထဲသို့ ပြောင်းပြန် စိုက်ချလိုက်သည်။ ဆောယောင်းလည်း တဖြည်းဖြည်း ငြိမ်းသွားသော မီးတောက်ကိုကြည့်ရင်း တောင့်တင်းနေသော ပုခုံးများမှ အားကို နောက်ဆုံးတွင် ဖြေလျှော့နိုင်တော့၏။

"ဒီတော့၊ ဘယ်ကနေ သုံးစားမရတာတွေ သင်လာတာလဲ။"

ထိုစဉ်၊ ဆောယောင်း၏ ခြေထောက်များကို ရစ်ပတ်ချုပ်ကိုင်ထားသော ထိုလူက ရုတ်တရက် ပေါင်ကို အားဖြင့် ဖိညှစ်ခဲ့သည်။

"အစ်..."

တောရိုင်းတိရစ္ဆာန် အကိုက်ခံရသော ခံစားချက်က ဤသို့ပင် ဖြစ်မည်လား။ သွေးမလျှောက်နိုင်တော့သည်အထိ စေ့ကပ်နေသော အောက်ပိုင်းက ပြင်းထန်စွာ ဖျစ်ညှစ်ခြင်းခံလိုက်ရ၏။

"နည်းပြက မီးခြစ်ဆံနဲ့ မီးကစားတာမျိုး မသင်ပေးဖူးတာကို။"

"........"

"ဘယ်လို ကလေကချေကောင်ဆီကနေ ဒါမျိုးကို သင်လာတာလဲ။"

ခြေထောက်များ ပြုတ်ထွက်လုမတတ် နာကျင်နေသည့်ကြားမှ ဆောယောင်းက သွားကို တင်းတင်းကြိတ်ထားလိုက်သည်။ သူ၏ ပေါင်နှစ်ဖက်ကြားတွင် အညှပ်ခံထားရသည့် ပုံစံက ရယ်ချင်စရာပင်။ သို့သော်လည်း ဤနေရာတွင် ထပ်မံရုန်းကန်ပါက ဒူးခေါင်းများ ကြေမွသွားပေလိမ့်မည်။

"အဖွဲ့ဝင် ဟန်ဆောယောင်း၊ ပြန်မဖြေဘူးလား။"

"အင့်....”

"ဘယ်လို ကလေကချေကောင်ဆီကနေ ဒါမျိုးတွေ သင်လာတာလဲလို့။"

"ကိုယ့်ဘာသာပါ၊ ချီးပဲ ဒီအတိုင်း၊ ကိုယ့်ဘာသာ....."

ဆောယောင်းက နာကျင်မှုကို အောင့်ခံရင်း တိုးညင်းသော အသံလေးဖြင့် ပြောခဲ့သော်လည်း အီဝူရှင်းကမူ တစ်စက်ကလေးမျှ ယုံကြည်ပုံမရပေ။ သူက တင်းမာသော မျက်နှာထားဖြင့် ပေါင်ကို ပို၍ညှစ်ခဲ့၏။ ဆောယောင်းလည်း ယခုအခါ အသက်ရှူပင်ကျပ်လာသည့် အခြေအနေသို့ ရောက်ရှိလာတော့သည်။

"အချက်ပေးသံအတုနဲ့ ဉာဏ်များမယ်ဆိုရင်လည်း ပစ်မှတ်ကိုတော့ တိတိကျကျ ဖမ်းမှပေါ့။ နည်းပြကို ဟိုမရောက်ဒီမရောက်ပဲ မွှေနိုင်ပြီးတော့ ဘာများကောင်းကောင်းလုပ်ထားလို့ ဆဲဆိုနေတာလဲ။"

"......"

"မနက်စောစောစီးစီး နည်းပြကို နှိုးတယ်၊ ပုခုံးကို မီးရှို့တယ်၊ နှုတ်ခမ်းကိုပါ ကုတ်ဆွဲသေးတယ်ဆိုရင် မျက်နှာသာပေးတုန်း ချက်ချင်း အမြီးကုပ်လိုက်တော့လေ။ အခု အဖမ်းခံထားရတာ ဘယ်သူလဲ။"

သူက စူးရှသော မျက်လုံးများဖြင့် ဆောယောင်း၏ စွန်းထင်းပေကျံနေသော မျက်နှာကို မကျေမနပ် ကြည့်ခဲ့သည်။

"ခေါင်းမာတာလည်း ကောင်းပေမဲ့ အခြေအနေကိုကြည့်ပြီးလုပ်မှ နည်းဗျူဟာဖြစ်မှာပေါ့။ ဒီအတိုင်း အလကား သေသွားချင်လို့လား။"

"........"

"ငါသာ တကယ့်ရန်သူဆိုရင် မင်းကို အရင်ဆုံး ဖက်ထားပစ်မှာ။ အဲ့ဒါဆိုရင် မီးလောင်မှာက မင်းပဲဖြစ်သွားမှာလေ။"

သူက ဆောယောင်း ဖြေဆိုထားသော မေးခွန်းဟောင်းများကို အမှတ်ပေးနေသည့်အလား အေးစက်စွာ ရေရွတ်ခဲ့သည်။

"သေချာ နားလည်သွားပြီလား။"

"ဟုတ်ကဲ့..."

ဆောယောင်းတစ်ယောက် မာနထိခိုက်သလို ခံစားရသော်လည်း သတိထားရမည့် အချက်များကိုမူ အလေးအနက် လက်ခံလိုက်သည်။

"စတင်လိုက်တဲ့အရာကို အဆုံးအထိ သေသေချာချာ မလုပ်နိုင်ရင် ဒီလိုမျိုး တန်ပြန်သက်ရောက်မှုကိုပဲ အလူးအလဲ ခံရတတ်တယ်။"

"........"

အနီးကပ် မျက်လုံးချင်း ဆုံသွားကြသည်။ ဘာကြောင့်မှန်းမသိ မျက်မှောင်ကြုတ်ထားသော သူက အတော်လေး ရှုပ်ထွေးနေပုံရသည်ဟု တွေးလိုက်မိသည့် ခဏမှာပင် ရုတ်တရက် အေးစက်သော နာကျင်မှုက မျက်နှာပေါ်သို့ ဝှစ်ခနဲ ရောက်လာ၏။

"အင့်...ဘာလုပ်တာလဲ......"

"ပြီးတော့ သွေးတွေကိုလည်း ဒီအတိုင်း လျှောက်မသုတ်နဲ့။"

နှင်းတုံးကြီးကို လက်ဖြင့် ကော်ယူလိုက်သော အီဝူရှင်းက ဆောယောင်း၏ မျက်နှာကို အတင်းအဓမ္မ ပွတ်တိုက်ပေးတော့သည်။

မျက်နှာသစ်ပေးနေခြင်းလား ခုံးကောင်ကို ရွှံ့ချွတ်ပေးနေခြင်းလား မသိရလောက်အောင် အရေပြားပေါ်တွင် ပွတ်တိုက်မိသော နှင်းမှုန်များက စပ်ဖျဉ်းဖျဉ်းဖြစ်နေ၏။

"သူများကိုယ်က ထွက်လာတာကို၊ မျက်နှာပေါ်မှာ ဘာလို့ လိုက်သုတ်တာလဲ။"

"အစ်၊ တော်ပြီ......”

"ရည်ရွယ်ချက်ကိုသိပေမဲ့ ထူးဆန်းတဲ့အကျင့်ကြီး ပါသွားလိမ့်မယ်၊ မလုပ်နဲ့။"

ဆောယောင်း ခေါင်းကို ဟိုဘက်ဒီဘက် လှည့်သော်လည်း ကြမ်းတမ်းလှသော လက်လှုပ်ရှားမှုကမူ ပြောင်းလဲခြင်း မရှိခဲ့ပေ။

မတတ်သာဘဲ လက်သီးကို ပြန်ဆုပ်လိုက်သည့် ခဏတွင် သူက မျက်မှောင်ကို ဝှစ်ခနဲ ကြုတ်လိုက်သည်။ ပြင်းပြင်းထန်ထန် ပွတ်တိုက်ပေးနေသော သူက ရုတ်တရက် နှာခေါင်းချင်းထိလုနီးပါး ခေါင်းငုံ့လာကာ တစ်နေရာကို အသေအချာ စိုက်ကြည့်နေခြင်းပင်။

"ဒါက ဘာလဲ။"

လွှတ်ခနဲထွက်လာသလို အသံက အင်မတန် နိမ့်ဆင်းသွား၏။

"မင်း ဒါက......"

အီဝူရှင်းက ဆောယောင်း၏ ကော်လံစကို ချက်ချင်း ဆွဲဟခဲ့သည်။

ဆောယောင်းလည်း အသားထဲသို့ တိုးဝင်လာသော အအေးဒဏ်ကြောင့် ပုခုံးကို ဆတ်ခနဲ တွန့်လိုက်မိ၏။ သူက ထူးဆန်းသောအညစ်အကြေးတစ်ခုခုကို တွေ့ရှိလိုက်သည့်အလား ဆောယောင်း၏ လည်ပင်းကို တရစပ် ပွတ်သပ်နေသည်။

အား... ဆောယောင်းလည်း ကိုယ်တိုင်ပင် သတိမထားမိဘဲ မျက်နှာရှုံ့မဲ့ကာ နာကျင်စွာ ညည်းတွားလိုက်မိ၏။ ထိုအခါ အီဝူရှင်းက နားမလည်နိုင်သည့်အလား ခေါင်းကို တစ်ဖက်သို့ ငဲ့စောင်းလိုက်သည်။

သူက အကြောများထောင်နေသော လက်ဖဝါးဖြင့် အေးစက်သော နှင်းများကို နောက်တစ်ကြိမ် တစ်ဆုပ်ကြီး ကော်ယူလိုက်ပြန်၏။ ထို့နောက် ယခုတစ်ကြိမ်တွင် မျက်နှာမဟုတ်ဘဲ ဆောယောင်း၏ လည်ပင်းသို့ ယူဆောင်ကာ ပွတ်တိုက်လေတော့သည်။

ဆောယောင်းတစ်ယောက် ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်လာသော အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်သွားရပြီး နောက်တစ်ကြိမ် ရုန်းကန်ရပြန်၏။ သို့သော်လည်း ထိုသို့လုပ်လေလေ၊ အရေပြားပေါ်မှ ဖိအားက ပို၍ ပြင်းထန်လာလေပင်။ ထိုနေရာ၌ပင် မီးလောင်ထားသလိုမျိုး ပူထူနေသည်။

"အကိုက်ခံထားရတာပဲ၊ ဆောယောင်းလေး။"

သူ၏ အသံက အလွန်ပင် တစ်သမတ်တည်းရှိနေ၏။ သို့သော်လည်း အအေးဒဏ်ကြောင့် တုန်နေသော ဆောယောင်းကို တစ်ခဏအတွင်း ဖိနှိပ်နိုင်ခဲ့သည့် အေးစက်စက် အငွေ့အသက်တစ်ခု ကိန်းအောင်းနေသည်။ အီဝူရှင်းက ဆောယောင်းထံမှ အကြည့်မခွာဘဲ ပြောလာ၏။

"ခွေးမသားတစ်ကောင်ကောင်က သေသေချာချာ ကိုက်လွှတ်လိုက်တာမဟုတ်လား။"

"......"

ထိုစကားကို ကြားလိုက်ရသည့် ခဏတွင် ဆောင်းဝုချန်း မိမိ၏လည်ပင်းကို ကိုက်ခဲ့ကြောင်း ချက်ချင်း ပြန်လည်မြင်ယောင်လာသည်။ သတိမထားမိခင်မှာပင် မျက်လုံးအစုံက သစ်ပင် ပင်စည် တစ်နေရာဆီသို့ တဖြည်းဖြည်း လှိမ့်သွား၏။

ထိုအခါ အသက်ပင်မရှူဘဲ ဆောယောင်း၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်နေသော လူက အသံတိတ် ပြုံးခဲ့သည်။

"အာ...နောက်ဆုံးတော့ အဲ့ဒီဘက်ပဲကိုး။"

ကြားကြားချင်းတွင် ကြောက်လန့်နေသော ကလေးငယ်ကို ချော့မြှူနေသည့် နူးညံ့သော လေသံမျိုးပင်။

"တအား အားလျှော့ပြီး ထိုးလိုက်မှန်းတော့ သိပါရဲ့၊ ဧကန္တ တခြားနေရာတွေရော အကိုက်ခံရသေးလား။"

"ဘာကို......"

လက်နှစ်ဖက်ဖြင့် ဆောယောင်းကို ချုပ်ထားသော ထိုလူက ထို့နောက်တွင် ဆောယောင်းကို စိုက်ကြည့်နေခဲ့သည်။

"ဘယ်နေရာတွေကိုဖြတ်ပြီး လည်ပင်းအထိ လာကိုက်တာလဲ၊ အဲ့ဒီလို ခွေးမသားတွေဆီမှာလည်း စောက်ကျိုးနည်း အစပျိုးမှု၊ အလယ်ပိုင်းနဲ့ နိဂုံးဆိုတာ ရှိတယ်။"

"......"

"အဲ့ဒါကြောင့်၊ နောက်ထပ် ဘယ်နေရာမှာ သွားရာတွေ ရှိသေးလဲလို့။"

သူက သွားကြားထဲမှ တစ်စုံတစ်ရာ မကိုက်ရလျှင် သည်းမခံနိုင်သည့်အလား အသက်ကို ပြင်းပြင်းရှူနေခဲ့သည်။

"အဝတ်ကို လှန်၊ အသားကို ဆုပ်နယ်ပြီး၊ အဲ့ဒီခွေးမသားက လျှာနဲ့ရော မလျက်ဘူးလား။"

"......"

ဆောယောင်းတစ်ယောက် နားရွက်ဖျားများအထိ တက်လာသော ရှက်စိတ်ကြောင့် အသားတစ်ပြင်လုံး ရဲရဲနီသွားတော့သည်။

"သွားရာတွေ၊ သွေးစို့နေတဲ့ အရာတွေအထိ သောက်ကျိုးနည်း လှနေတာကို၊ တစ်လက်စတည်း ဘယ်နှခုရှိလဲ အတူတူ ရေကြည့်ရအောင်။ ဒါမှလည်း နည်းပြက အေးအေးဆေးဆေးနဲ့ သင့်တင့်လျောက်ပတ်တဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးဖို့ အထောက်အကူ ဖြစ်မှာပေါ့၊ မဟုတ်ဘူးလား။"

ဆောယောင်းလည်း မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် သဘောထားကြီးစွာ ပြုံးပြနေသော အီဝူရှင်းကို ကြည့်နေမိသည်။

ဘာကြောင့် ဤအတွေးမျိုး ဝင်လာမှန်း မသိသော်လည်း၊ ဤနေရာမှ ရှောင်တိမ်းရမည်ဟူသော အလိုလိုသိစိတ်ကသာ ဦးနှောက်ကို ထိုးဖောက်လာ၏။

"ဒါပေမဲ့ မင်းယောကျ်ားက ဒါကို မြင်ရင်... စောက်ရမ်း..."

တစ်ခါတစ်ရံတွင် မစဉ်းစားမိခင်မှာပင် ခန္ဓာကိုယ်က အရင်လှုပ်ရှားသွားသော အခိုက်အတန့်မျိုး ရှိတတ်သည်။

"အိမ်ကထွက်သွားတဲ့ အဲ့ဒီကောင်လည်း ဒေါသထွက်ပြီး ပြန်ရောက်လာမှာပဲ၊ ဟုတ်တယ်မဟုတ်လား။"

ဆောယောင်းက အသာလေး ဆုပ်ကိုင်ထားသော နှင်းတုံးကို သူ၏ မျက်လုံးထဲသို့ ကြိတ်ခြေထည့်သလို ဖိသွင်းလိုက်သည်။ အမြဲတမ်း မျက်ကပ်မှန် တပ်ထားသဖြင့် သူ၏ အားနည်းချက်ဟုဆိုနိုင်သည့် နေရာပင်။

သူက ခေါင်းကို ဆတ်ခနဲ လှည့်လိုက်သော်လည်း လက်ကောက်ဝတ် အတွင်းသားဖြင့် မျက်လုံးတစ်ဝိုက်ကို ဖိထားသည့် အခိုက်အတန့်တွင် ဆောယောင်းက ထိုအတိုင်း တွန်းထုတ်ကာ အနေအထားကို ပြောင်းပြန် လှန်ပစ်လိုက်သည်။

ထိုသို့ဖြင့် အောက်ဘက်မှ ခက်ခက်ခဲခဲ ရုန်းထွက်လာသော ဆောယောင်းတစ်ယောက် ယခုအခါ ရှေ့သို့သာ ဦးတည်ကာ စတင် ထွက်ပြေးတော့၏။

"ဟော့၊ ဟော့..."

ကျိန်းသေပေါက် နည်းပြကိုဖမ်းရမဲ့ test ကို ငါက ဘာလို့ ထွက်ပြေးနေရတာလဲ။

တစ်ချက်လေး ထိုသို့ ရှုပ်ထွေးသွားသော်လည်း ရုတ်တရက် ပြန်လှည့်ကြည့်လိုက်သည့် မြင်ကွင်းထဲတွင် ကျားတစ်ကောင်လို လိုက်လာနေသော လူရိပ်ကို မြင်လိုက်ရသော အခိုက်အတန့်၌ အတွေးများ အားလုံး ပျောက်ကွယ်သွားတော့၏။

ဟုတ်တယ်၊ အဲ့ဒီ မျက်နှာကြောင့်ပဲ။

အဲ့ဒီ ရူးသွားတဲ့ မျက်နှာကြောင့်…

ပေါင်သားများပေါက်ထွက်မတတ် ပြေးလွှားနေရခြင်းပင်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၇၈ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment