အပိုင်း ၃၃
လောလောဆယ် ကိုယ်ကာယကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာစေရန်က အရေးကြီးဆုံးပင်။ ချုပ်ရိုးများဖြေပြီးသည့်နောက်တွင် ဆောယောင်းက ယခင်ကအတိုင်း burpee test နှင့် jump squat များဖြင့် ခန္ဓာကိုယ်ကို ပြန်လည်လေ့ကျင့်ခဲ့၏။ ထို့နောက် လမ်းညွှန်ချက်တွင် ဖော်ပြထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူကာ အခြေခံရေကူးလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ခဲ့သည်။
ထိုသို့ဖြင့် နှစ်လတာ ကာလပတ်လုံး ဒဏ်ရာများကို ကုသရင်း ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်အတွက်သာ အာရုံစိုက်ခဲ့၏။
အားလပ်ချိန်များတွင်မူ Blast ကုမ္ပဏီအကြောင်းကို အသေးစိတ် စုံစမ်းလေ့လာခဲ့သည်။ ကုမ္ပဏီကို ပြည်တွင်းနှင့် ပြည်ပဌာနဟူ၍ အဓိကခွဲခြားထားပြီး မမျှော်လင့်ထားလောက်အောင်ပင် လုပ်ငန်းကဏ္ဍများက စုံလင်လှ၏။
ဌာနတစ်ခုချင်းစီကို ထပ်မံလေ့လာကြည့်လေလေ၊ အဖွဲ့ခွဲများက ပို၍စိပ်လာလေလေပင်။ အထူးလုံခြုံရေးအဖွဲ့မှာ ပြည်ပဌာနအောက်တွင် ရှိသော်လည်း စိတ်ပျက်စရာက လူသိရှင်ကြား ထုတ်ပြန်ထားသည့် အချက်အလက်များ လုံးဝမရှိခြင်းပင်။
စုရပ်သို့ သွားရမည့်နေ့ ရောက်လာသောအခါ ဆောယောင်းက ဗလာကျင်းနေသော မင်္ဂလာဓာတ်ပုံဘောင်ဟောင်းကြီး၏ အရှေ့၌ တစ်ဖန်ပြန်၍ ရပ်လိုက်သည်။
“သွားလိုက်ဦးမယ်။”
ဘာမှမရှိသည့် ထိုနေရာလွတ်တွင် ခင်ပွန်းဖြစ်သူ၏ မျက်နှာကို စိတ်ကူးဖြင့် ပုံဖော်ကြည့်လိုက်မိ၏။
ကျွန်မက ရှင်ရှိနေမဲ့ အဲ့ဒီနေရာအထိ လာခဲ့မှာ။
ပြီးတော့ အဲ့ဒီအချိန်ကျရင်...ဒီတစ်ခါ ရှင်ကပဲ ကျွန်မကို လာဖမ်းရမှာ။
ယင်းမှာ သူ၏ကိုယ်ပေါ်တွင် ကြယ်ပွင့်များအလား ဖယ်ရှားမရအောင် စွဲထင်နေသည့် တစ်ခုတည်းသော မှတ်တိုင်ပင်။
ထိုသို့ဖြင့် အိမ်မှထွက်ခွာလာသော ဆောယောင်းတစ်ယောက် အမှုဆောင်ဒါရိုက်တာထံမှ ရရှိခဲ့သည့် လက်ကမ်းစာစောင်ကိုသာ ကိုင်ဆောင်လျက် Blast ကုမ္ပဏီ အဆောက်အအုံရှေ့တွင် ရပ်နေခဲ့သည်။ ထူထဲသည့် အားကစားလွယ်အိတ်ကြီးကို ပခုံးတွင်လွယ်ထားရင်း အဆောက်အအုံကြီးကို အထူးတဆန်း မော့ကြည့်နေမိ၏။
ယခင်က လော့ခ်ကာခန်း၊ ထမင်းစားခန်းနှင့် အဝတ်လျှော်ခန်းများသို့သာ ဝင်ထွက်ခဲ့ရသူဖြစ်သဖြင့် အပေါ်ထပ်များသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။
စုရပ်မှာ အဆောက်အအုံ၏ ၁၀ လွှာတွင် ဖြစ်ပေသည်။ သူက အိတ်ကို အနေအထားပြင်လွယ်ကာ လည်ပတ်နေသော မှန်တံခါးကို တွန်းဖွင့်၍ ဝင်လိုက်၏။
ဓာတ်လှေကားအတွင်းတွင် သူ့ကဲ့သို့ပင် အရပ်ဝတ်များဖြင့် အမျိုးသားအချို့ စုဝေးနေကြသည်။
သူတို့က တစ်ဦးနှင့်တစ်ဦး သိကြပုံရပြီး အိုးတိုးအမ်းတမ်း အလေးပြုနှုတ်ဆက်ရင်း စကားဆိုနေကြ၏။
“တပ်ကြပ်ဂင်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားတာကို။”
“မျိုးချစ်စိတ်နဲ့ပေးတဲ့ လစာလေးနဲ့က ဘယ်လိုမှ ရပ်တည်လို့မရတော့လို့ ထွက်လာခဲ့တာပါ။”
“အဲ့ဒါတော့လည်း အဲ့ဒါပေါ့လေ... ကျွန်တော်လည်း ပြီးခဲ့တဲ့တစ်ခေါက်က ဗိုလ်မှူး ဘတ်ကို အတင်းအကျပ် အနားယူခိုင်းတာ မြင်ပြီးတော့ ထွက်လာခဲ့တာ။ အိမ်ချေးငွေတောင် မဆပ်ရသေးဘူးလေ....”
တိတ်ဆိတ်ငြိမ်သက်သွားသည့် တင်းမာမှုများကြားတွင် တဝီဝီနှင့် တက်သွားသည့် ဓာတ်လှေကား၏ ငြိမ့်ညောင်းသော အသံလေးသာ ထွက်ပေါ်နေသည်။
ဆောယောင်းက မှန်နံရံကိုမှီ၍ မြေပြင်နှင့် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ငုံ့ကြည့်နေမိ၏။
ဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့် အရင်ဆုံးမြင်လိုက်ရသည်မှာ ကျယ်ပြောလှသည့် ခန်းမကြီးပင်။ အတူတူပါလာသည့် အမျိုးသားများ အလုအယက် ထွက်သွားကြသဖြင့် ဆောယောင်းလည်း အနောက်မှ လိုက်ခဲ့ရာ အရှေ့မှလူများက အံ့ဩသလို သူ့ကို လှည့်ကြည့်ကုန်ကြသည်။
မျက်နှာကြက်မြင့်မားသည့် ခန်းမကြီးထဲတွင် အတန်းလိုက်စီထားသော ထိုင်ခုံများပေါ်၌ အဖွဲ့ဝင်အသစ်များ ထိုင်နေကြ၏။ အများအားဖြင့် ဆံပင်တိုများက မျက်လုံးထဲဝင်လာသည်။
လူမှုလောကသို့ စတင်ဝင်ရောက်လာကြသည့် လူငယ်လေးများအလား အနေခက်သော မျက်နှာထားများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေကြသူများရှိသလို၊ တစ်ဖက်တွင် ဟန်ပန်မပျက်ဘဲ တည်ငြိမ်နေသူများလည်းရှိ၏။ မည်သို့ပင်ဖြစ်စေ အတွေ့အကြုံရှိ ဝါရင့်အဖွဲ့ဝင်များနှင့်မတူဘဲ အတွေ့အကြုံနုနယ်သည့် အငွေ့အသက်များကို ခံစားနေရသည်။
စစ်သားဟောင်းများလည်း ပါပုံရသလို၊ အားကစားသမား အငွေ့အသက်ရသည့် အပေါ်ဝတ် ဂျာကင်များ ဝတ်ဆင်ထားကြသူများကိုလည်း တွေ့ရ၏။ အကြောင်းရင်း မသိရသော်လည်း မျက်နှာပေါ်တွင် ဓားဒဏ်ရာအမာရွတ်ရှိသူများပင် ပါဝင်နေသည်။ သူတို့၏ နောက်ခံများက အတော်လေး စုံလင်ကြပုံပင်။
'ခန္ဓာကိုယ်ကလွဲပြီး ဘာမှမရှိတဲ့လူတွေဆိုတာ ဒါမျိုးကို ပြောတာများလား။'
လုံခြုံရေးကုမ္ပဏီဖြစ်သဖြင့် ဒါမျိုးဖြစ်နိုင်သည်ဟု ဆောယောင်း တွေးလိုက်မိ၏။ အေးစက်စက်နှင့် အနည်းငယ် အနေခက်စရာ အခြေအနေက ဆက်လက်တည်ရှိနေသည်။
“…….”
ဆောယောင်းလည်း ထိုလူအုပ်ကြားသို့ ဂရုမစိုက်ဟန်ဖြင့် ဖြတ်လျှောက်သွားခဲ့သည်။ ဘယ်သူကြည့်ကြည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်နေသည့် ဆောယောင်းက လူအုပ်ထဲတွင် ထူးခြားနေ၏။
လူတို့၏ အကြည့်များက သူ့ထံသို့ စုပြုံရောက်ရှိလာပြီး တစ်ခဏချင်းမှာပင် တိတ်ဆိတ်သွားတော့သည်။ လှောင်ပြုံးများ၊ စပ်စုလိုသည့် အကြည့်များ၊ နှိမ်ချမှုများနှင့် ရန်လိုသည့် ခံစားချက်များက တစ်ပြိုင်နက်တည်း ရိုက်ခတ်လာ၏။ သို့သော်လည်း ဆောယောင်းကမူ ခပ်အေးအေးပင် ထောင့်နားမှ ခုံတစ်ခုံတွင် ထိုင်လိုက်သည်။
“မင်း……”
ထိုစဉ် တစ်စုံတစ်ယောက်က ဆောယောင်း၏ ပခုံးကို ဆတ်ခနဲ ဆွဲလှည့်ခဲ့သည်။ ကိုယ်အထက်ပိုင်းက အနောက်မှခုံဘက်ကို ပါသွားပြီး ကြည့်လိုက်မိတော့ ရင်းနှီးနေသည့် မျက်နှာတစ်ခုက မိမိအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“မင်း၊ မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။”
'အာ... စိတ်ရှုပ်စရာပဲ။'
ဆောယောင်း စိတ်ထဲမှသာ နှာခေါင်းရှုံ့လိုက်မိသည်။
“ငါတို့အဖွဲ့ရဲ့ ထမင်းချက်မိန်းမက ဒီမှာ ဘာလုပ်နေတာလဲလို့။”
စားကြွင်းစားကျန်လူက တည်တင်းသော မျက်နှာထားဖြင့် လက်ညှိုးငေါက်ငေါက်ထိုးကာ မေးနေသည်။ ဘာတွေများ ထိုမျှအထိ မကျေမနပ်ဖြစ်နေသည်မသိ၊ လည်ပင်းပါ နီရဲနေပြီး အသက်ကို အောင့်ထားပုံပင်။
သူက ချက်ချင်းပင် ဆောယောင်း၏ ဘေးချင်းကပ်ခုံသို့ ရွှေ့ထိုင်ခဲ့သည်။
“အလုပ်တွေ အကုန်ပစ်ထားခဲ့ပြီးတော့ ထွက်သွားပြီမှတ်နေတာကို ရုတ်တရက်ကြီး ဘာလဲ။”
ဟိန်းထွက်လာသည့် အသံကြောင့် လူများ၏ အကြည့်က ချက်ချင်းပင် ကျရောက်လာတော့သည်။ ဆောယောင်းက ရှူးဖိနပ်ကြိုးကို ချည်နေဟန်ပြုရင်း အမျိုးသမီးတစ်ယောက်အတွက် ရှားပါးလှသည့် အသံနေအသံထားဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်၏။
“ဟုတ်ပါရဲ့၊ ဒီအတိုင်း ထမင်းပဲချက်ပြီး အဝတ်ပဲ လျှော်နေရမှာကို။... အဆင်မပြေဖြစ်သွားလို့ပါ။”
သူ၏ မျက်လုံးများက ထိုလူကို စူးစိုက်ကြည့်နေသည်။
“ဖြစ်ချင်တော့ တစ်ယောက်ယောက် သေသွားလို့လေ။”
စူးရှနက်ရှိုင်းသော အကြည့်များကြောင့် ထိုလူက တစ်ချက်ကြောင်သွားသော်လည်း ချက်ချင်းပင် နှာခေါင်းရှုံ့ကာ လှောင်ရယ်ခဲ့သည်။
“ဘာ... ဘာ ပေါက်ကရစကားတွေ ပြောနေတာလဲ။ ငါတို့ လေ့ကျင့်ရေးစခန်းမှာ ထမင်းချက်ပေးမဲ့လူ လိုလို့များလား။ ဒါပေမဲ့ ဒီနေရာက လေ့ကျင့်ရေးစခန်းဝင်မဲ့သူတွေပဲ ဝင်ခွင့်ရှိတာလေ။ အဲ့ဒါကြောင့် ထွက်သွားပေးရင် ကောင်းမှာကို။”
“နာမည်က ဘာတဲ့လဲရှင့်။"
“ဘာ။”
“အဲ့ဒီဘက်ရဲ့ နာမည်က ဘယ်လိုခေါ်လဲလို့ မေးနေတာပါ။”
ဆောယောင်းက တစ်ဖက်လူ၏ ရင်ဘတ်ကို ဝေ့ကြည့်လိုက်သော်လည်း နာမည်တံဆိပ် မရှိချေ။ သူ၏ လွယ်အိတ်ကို ခြေဖျားဖြင့် တတောက်တောက် ကန်နေသည့် ထိုလူ၏ မျက်နှာက သိသိသာသာ တည်သွားတော့သည်။
“ငါတို့က... မဟုတ်တောင် အကြိမ်ကြိမ် ဆုံခဲ့ကြတာကို၊ အခုအထိ နာမည်လေးတစ်ခုတောင် မမှတ်မိဘူးလား။ အရင်တစ်ခါ ငါမေးတုန်းကတော့ သိတယ်လို့ ပြောခဲ့တယ်လေ။ နာမည်တံဆိပ်ကို ကြည့်လိုက်တယ်ဆို။”
“အဲ့ဒါက လွန်ခဲ့တဲ့ နှစ်လကပါ။”
“ဘာ……”
“ဖတ်တာတော့ ဖတ်တတ်ပေမဲ့ နာမည်ကို မှတ်မိနေရလောက်တဲ့အထိ စိတ်ထဲစွဲကျန်ခဲ့တာမျိုး မရှိပါဘူး။”
“…….”
“ဒါနဲ့ နာမည်က ဘယ်သူပါလဲ။”
“ဒီသောက်…….”
“ခေါ်ချင်စရာကောင်းတဲ့ နာမည်မျိုး မဟုတ်တဲ့ပုံပဲနော်။”
ထိုလူက မာနထိသွားသလို နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
'သူက တကယ်ပဲ အသက်ဘယ်လောက်ပါလိမ့်။'
ဆောယောင်းက မိမိ၏ခံစားချက်ကို အထင်းသား ဖော်ပြနေသည့် အဖွဲ့ဝင်ကိုကြည့်ရင်း တွေးနေမိသည်။
ယခုအခါတွင် မိမိက ပြဿနာများကို အလိုက်သင့် ဖြေရှင်းပေးရမည့် ဝန်ထမ်းမဟုတ်တော့ဘဲ၊ အထင်သေးခံရပါက အရာအားလုံး ပြီးဆုံးသွားမည့် အနေအထားပင်။ လေ့ကျင့်ရေးကို အေးအေးချမ်းချမ်း ပြီးဆုံးစေလိုပါက တစ်ဖက်လူ၏ ရိုင်းစိုင်းမှုကို ဆက်လက်ခွင့်ပြုပေး၍ မဖြစ်ပေ။ ဤသည်မှာ မိမိကိုယ်တိုင် စည်းသားရမည့်အချိန်ပင်။
“ကလေးကွက်တွေကို ဒီလောက်နဲ့ ရပ်မယ်ဆိုရင်ရော ဘယ်လိုလဲရှင့်။”
ဆောယောင်းက သူ့ကို အနားသို့ ဆွဲယူကာ တိုးတိုးလေး ပြောလိုက်သည်။ ပြတ်သားသော လေသံ၊ ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့်။ နှစ်ယောက်သား၏ မျက်နှာက တစ်ဦးနှင့်တစ်ဦး ထိလုနီးပါး နီးကပ်သွား၏။
“ကျွန်မထဲ ထည့်ပြီး ပြီးချင်တာလား၊ ဒါမှမဟုတ် ကျွန်မကို တွန်းလှဲပြီး ထိုးကြိတ်ချင်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်လိုချင်တာက အဲ့ဒီနှစ်ခုထဲက တစ်ခုပဲ မဟုတ်လား။ ဒါကို ဘာလို့ အပိုတွေလုပ်ပြီး သိသလိုလို၊ ရင်းနှီးသလိုလို လာလုပ်နေရတာလဲ။”
“……”
“အာဏာပြချင်လို့ တစ်ပိုင်းသေနေတာ အသိသာကြီးကို။”
ထိုလူ၏ မျက်နှာက တည်တင်းသွားတော့သည်။
“အတွေ့အကြုံမရှိတာကိုတော့ သည်းခံပေးလို့ရပါတယ်။ ဒါပေမဲ့ အရိုင်းအစိုင်း လူမဆန်ချင်တာဆိုရင်တော့…….”
ကိုယ်ချင်းထိလုနီးပါး အကွာအဝေးမှနေ၍ ဆောယောင်းက အေးစက်စက် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။
“ကျွန်မလည်း အတူတူပဲ ပြန်လုပ်မှာမို့လို့။”
ထိုအခိုက်အတန့်တွင် ‘တင်’ ဟူသော အသံနှင့်အတူ ဓာတ်လှေကားတံခါး ပွင့်လာခဲ့သည်။
ထိုအသံကြောင့် လှည့်ကြည့်လိုက်ရာ အဆုံးတွင် လူတစ်ယောက်ကို မြင်လိုက်ရ၏။
“……”
……အဲ့ဒီလူတွေက ဘာလို့ ဒီကို ရောက်နေတာလဲ။
ဓာတ်လှေကားအတွင်းတွင် ရှိနေသူများက အထူးလုံခြုံရေးအဖွဲ့ဝင်များ ဖြစ်ကြကာ အရှေ့ဆုံးမှ ဦးဆောင်လာသည့် အီဝူရှင်းက မျက်လုံးကိုမှိတ်ပြီး လည်ပင်းကို ဘယ်ညာချိုး၍ အကြောလျှော့နေသည်။
သူတို့က မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားများဖြင့် ခန်းမကြီးကို ဖြတ်ကျော်ကာ စင်မြင့်ရှေ့အထိ တစ်ဟုန်ထိုး လျှောက်လှမ်းလာကြ၏။ အဖွဲ့ဝင်သစ် ခုနစ်ဆယ်ခန့်၏ အကြည့်များက စင်မြင့်ပေါ်သို့ ချက်ချင်းပင် စုပြုံရောက်ရှိသွားတော့သည်။
ဘယ်အချိန်ကတည်းက စားနေမှန်းမသိသည့် ချိုချဉ်ကြောင့် ပါးတစ်ဖက် ဖောင်းနေသော အီဝူရှင်းက မိုက်ခရိုဖုန်းကို ကိုင်လိုက်၏။
“မင်္ဂလာပါခင်ဗျ။ အခြေခံလေ့ကျင့်ရေးကို တာဝန်ယူသွားမဲ့ အထူးလုံခြုံရေးအဖွဲ့မှူး အီဝူရှင်းပါ။”
စိတ်ဝင်စားမှုမရှိသော အသံက ပျင်းရိစွာ ထွက်ပေါ်လာသည်။ သို့သော်လည်း အားလုံးက သူ့ထံတွင်သာ အာရုံစိုက်နေကြ၏။
အရပ် ၁၈၈ စင်တီမီတာကျော်ရှိပြီး၊ ဝတ်စုံ၏ ပခုံးထက် ပိုကျယ်သည့် ခန္ဓာကိုယ်ကိုယ်အပေါ်ပိုင်း အရွယ်အစားကြောင့် သပ်ရပ်နေရမည့် အင်္ကျီက ဘာကြောင့်မှန်းမသိ တင်းကျပ်နေသလို ခံစားနေရသည်။ သူကိုင်ထားသည့် မိုက်ခရိုဖုန်းကလည်း နှိုင်းယှဉ်ကြည့်လျှင် သေးငယ်လွန်းပုံပေါ်နေသည့် အတိုင်းအတာပင်။
တဟီးဟီးတဟားဟားဖြင့် ဆူညံပွေလီနေသော ပတ်ဝန်းကျင်က ခဏတွင်းချင်းမှာပင် ရုတ်ခြည်း တိတ်ဆိတ်သွားတော့သည်။
“ကျွန်တော်တို့အဖွဲ့က လူကြီးမင်းတို့ရဲ့ လေ့ကျင့်ရေးအတွက် နည်းပြတွေအဖြစ်နဲ့ ကျရာတာဝန်ကို အစွမ်းကုန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။”
“……”
ဆောယောင်းတစ်ယောက် အောက်နှုတ်ခမ်းကို အလိုလိုနေရင်း ကိုက်လိုက်မိ၏။
လော့ခ်ကာခန်းများတွင် ဟိုမှဒီမှ ကြားခဲ့ရသလောက် Blast ကုမ္ပဏီ၏ လေ့ကျင့်ရေးသင်တန်းများကို သုံးလတစ်ကြိမ် ပြုလုပ်လေ့ရှိသည်။ အခြေခံလေ့ကျင့်ရေးသာမက ဆောင်းရာသီလေ့ကျင့်ရေး၊ အအေးဒဏ်ခံလေ့ကျင့်ရေး၊ ဆောင်းဦးလေ့ကျင့်ရေးနှင့် အထူးလေ့ကျင့်ရေး စသည်ဖြင့် စုံလင်လှ၏။
အဖွဲ့ဝင်များ ထိုသို့ဖြင့် အမြဲတမ်း ညည်းညူနေကြသည်ကို ကြားဖူးခဲ့သော်လည်း ယခုလို လေ့ကျင့်ရေးမျိုးတွင်မှ ထိုလူနှင့် တည့်တည့်တိုးရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အနေခက်ရုံတင်မကဘဲ တစ်မျိုးကြီး အိုးတိုးအမ်းတမ်းလည်း ဖြစ်မိ၏။
“အခြေခံလေ့ကျင့်ရေး အစီအစဉ်ကို သီးသန့်စခန်းတစ်ခုမှာ ၁၀ ပတ်ကြာ ပြုလုပ်သွားမှာပါ။”
မိုက်ခရိုဖုန်းမှတစ်ဆင့် သူ ချိုချဉ်ကို လျှာဖြင့်လှိမ့်နေသည့် အသံက သိသိသာသာ ပဲ့တင်ထွက်လာသည်။ ထိုသို့ဖြစ်နေသည့်တိုင် အီဝူရှင်းက မျက်ခုံးကို ကုတ်လိုက်ရင်း စိတ်မရှည်သည့် မျက်နှာထားကို မဖုံးကွယ်ဘဲ ပရိသတ်ကို ဝေ့ဝဲကြည့်လိုက်၏။
“အခြေခံကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်း၊ စစ်သုံးလက်ဝှေ့၊ ရေပြင်ရှင်သန်ရေးနဲ့ တိုက်ပွဲတု လေ့ကျင့်ခန်းတွေကတစ်ဆင့် Blast ကုမ္ပဏီနဲ့ ထိုက်တန်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာအောင် ကျွန်တော်တို့က ကြိုးစားအားထုတ်……”
လူလိမ်တစ်ယောက်လို စကားများကို တရစပ် ပြောနေခဲ့ရာမှ ရုတ်တရက် ရပ်တန့်သွားသည်မှာ ထိုအချိန်တွင်ပင်။ တိုက်ဆိုင်စွာဖြင့် နှစ်ဦးသား အကြည့်ချင်းဆုံသွားကြသည်။
သူက အဓိပ္ပာယ်မရှိတာကို မြင်လိုက်ရသည့်အလား မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်၏။
“…….”
“…….”
ချောမွေ့စွာ ထွက်ပေါ်နေသည့် ရှင်းလင်းချက်များ ပြတ်တောက်သွားသဖြင့် အဖွ့ဝင်အသစ်များလည်း စတင်၍ တီးတိုးပြောဆိုကြတော့သည်။
နှစ်လလောက် ရှိသွားခဲ့ပြီလား။ ဆောယောင်းက စူးစိုက်ကြည့်ခံနေရသည့် အကြည့်များကြောင့် မတတ်သာဘဲ ခေါင်းလေးညိတ်ကာ နှုတ်ဆက်လိုက်သည်။ အချိန်အတော်ကြာမှ ပြန်တွေ့ရသည့်လူဖြစ်သော်လည်း မိမိကို အလုပ်ထုတ်ပစ်ခဲ့သူနှင့် ပြန်ဆုံရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် သူ့ဘက်ကပဲ အရင်ဆုံး ခေါင်းလွှဲလိုက်၏။ ထိုအခါ ရှီးဟူသော ရယ်သံတစ်ခုက မိုက်ခရိုဖုန်းမှတစ်ဆင့် အားလုံးထံ ပျံ့လွင့်သွားတော့သည်။
ဆောယောင်းလည်း ရုတ်တရက် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားမိ၏။
အီဝူရှင်းက လက်ကြီးဖြင့် မိုက်ခရိုဖုန်းကို အုပ်လိုက်ပြီးနောက် အထူးလုံခြုံရေးအဖွဲ့ဝင်များ ရှိရာဘက်သို့ ခေါင်းလှည့်လိုက်သည်။ တည့်တည့်မတ်မတ် လှည့်လိုက်သည့် သူ၏ လည်ပင်းသားပေါ်တွင် မာကျောသော အရိုးတည်ဆောက်ပုံက ထင်းခနဲ ပေါ်လာ၏။
'အဲ့ဒီဟာက ဘာလို့ ဒီမှာ ရှိနေတာလဲ' ဟု တိုးတိုးလေး ပြောလိုက်သည့် စကားသံက ဆောယောင်း၏ နားထဲသို့ ခပ်သဲ့သဲ့ တိုးဝင်လာသည်။
“ကျွန်တော် နာမည်စာရင်းကို တစ်ချက် ကြိုစစ်ကြည့်ပါလို့ ပြောခဲ့တယ်မဟုတ်လား။ တကယ်ပဲ အဲ့ဒီ အစ်မကြီး……”
“...ဘယ်....”
“...ပါ။”
နှစ်ယောက်သား ခေတ္တမျှ စကားများနေကြသည်။ အီဝူရှင်းက မျက်လုံးကို မှိတ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ သူ၏ ရင်ဘတ်က ဖောင်းတက်လာပြီးမှ ပြန်ကျသွားသည်ကို အထင်အရှား မြင်နေရသည်။
ထိုသို့ဖြင့် ရှည်ကြာလှသော တိတ်ဆိတ်ငြိမ်သက်မှုကြီး လွှမ်းမိုးသွားလေတော့၏။
~~~~
Miel's Translations