no

Font
Theme

အပိုင်း ၆၃

“ချီးပဲ……မင်း……”

အရူးတစ်ယောက်လို ပြေးဝင်လာသည့် ဆောင်းဝုချန်းက နောက်ဆုံးတွင် တုံ့ခနဲ ရပ်သွားခဲ့သည်။

သို့သော်လည်း မမျှော်လင့်ဘဲ ဓားဖြင့်အထိုးခံလိုက်ရသည့် ဤအခြေအနေကို မယုံကြည်နိုင်သည့်အလား သွေးများစီးကျနေသော သူ၏ပေါင်နှင့် ဆောယောင်းကို ရီဝေဝေမျက်လုံးများဖြင့် တစ်လှည့်စီ စိုက်ကြည့်နေရုံသာ။

“မင်း အခု ငါ့ကို ဘာလုပ်……”

“မေ့သွားတာလား။ ရဲဘော်ရဲဘက်က လိင်ပိုင်းဆိုင်ရာ စော်ကားလာခဲ့ရင် ငါ ဘယ်လိုအစဉ်လိုက် တုံ့ပြန်ရမလဲဆိုတာကိုလေ။”

“အား… ချီးပဲ၊ မင်း…… စိတ်မှမှန်ရဲ့လား။”

“တကယ် စိတ်ဖောက်ပြန်နေတာက နင်လေ၊ ဒါတောင် ငါက အရေးကြီးတဲ့ အာရုံကြောတွေကိုတော့ရှောင်ပြီး ထိုးပေးထားတာ။”

“ဘာ…”

“ဒါပေမဲ့ ဒီလောက်နဲ့တော့ နည်းနည်းလိုသေးတယ်ထင်တယ်။”

ဆောယောင်း ချက်ချင်းပင် ဓားကို ပြန်နှုတ်ရန်ပြင်လိုက်သောအခါ ဆောင်းဝုချန်းက “မနှုတ်နဲ့၊ မနှုတ်ပါနဲ့…” ဟု တောင်းပန်တိုးလျှိုးသည့်အလား မျက်နှာကို ရှုံ့မဲ့လျက် သဘောထား ချက်ချင်းပြောင်းသွားလေသည်။

ဆောယောင်းက သဘောကောင်းပေးမလိုနှင့် ခေါင်းညိတ်ပြခဲ့သော်လည်း တည်ငြိမ်စွာပင် ဓားမြှောင်ကို ဆွဲနှုတ်လိုက်၏။ ထို့နောက် အခြားတစ်ဖက်ရှိ ဒူးကောက်ကွေးထဲသို့ ထပ်မံ၍ ထိုးစိုက်လိုက်ပြန်သည်။

“...”

ဟော့ခနဲ ပွင့်သွားသည့် ဆောင်းဝုချန်း၏ ပါးစပ်မှ မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။ ဒူးခေါင်းဝန်းကျင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လက်များ တဆတ်ဆတ်တုန်ကာ လည်ပင်းမှ အကြောများသာ ထောင်ထွက်နေသည်။ ပေါင်၏ အရှေ့နှင့် အနောက်ရှိ ပြတ်တောက်သွားသော ကြွက်သားများကြားမှ သွေးများက အိုင်ထွန်းမတတ် စီးကျလာ၏။

“လူတွေက ခန့်မှန်းရခက်ပြီး ယုတ္တိမရှိတဲ့ အခြေအနေမျိုးမှာ ကြောက်ရွံ့မှုကို ခံစားရတတ်တယ်တဲ့။ နင်လည်း ပြန်လည်ထူထောင်ရေး အပတ်စဉ်တုန်းက အတူတူ သင်ခဲ့ရတာပဲမဟုတ်လား။ ဒါကြောင့် ကစားကွက်ကို ပြောင်းပြန်လှန်ဖို့ဆိုရင် အဲ့ဒီလောက်ကြိုးစားမှုတော့ ရှိရမှာပေါ့။”

“…….”

“နင်က အောင်မြင်မှုကို ဖျက်ဆီးတဲ့ဘက်က ဖြစ်နိုင်ပေမဲ့ ငါကတော့ မဟုတ်ဘူး။ ငါက နင့်ကို ကိရိယာတစ်ခုလိုသုံးပြီး ဒီကစားပွဲမှာ အနိုင်ယူမှာ။”

ဆောယောင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း မိုးကာစကို ဖိထားသည့် ကျောက်ခဲတစ်လုံးကို ကောက်ကိုင်လိုက်သည်။

ဒီဟာကို သတိလစ်အောင်လုပ်လိုက်မှ သယ်ရတာ ပိုလွယ်မှာ။

တစ်ချက် တွေးတောနေစဉ် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသော ဆောင်းဝုချန်းက “ဒီခွေးလိုဟာမ” ဟု ကြိမ်းဝါးရင်း သားရဲတစ်ကောင်လို ထပ်မံပြေးဝင်လာပြန်သည်။

သို့သော် ခြေထောက်ကို မလှုပ်ရှားနိုင်တော့ဘဲ လက်ကိုသာ ကြာပွတ်သဖွယ် ဝှေ့ယမ်းကာ ဆောယောင်းကို ဆွဲခေါ်ရန် ကြိုးစားနေ၏။ ဆောယောင်းက အလိုအလျောက် တုံ့ပြန်သည့်အနေဖြင့် သူ၏နဖူးကို ကျောက်ခဲနှင့် ထုချလိုက်သည်။

“ချီးပဲ…… အ…….”

ဆောင်းဝုချန်းက မျက်ဖြူလန်သွားသည့် နောက်ဆုံးအချိန်အထိ ဆဲရေးတိုင်းထွာနေခဲ့သည်။

ဆောယောင်းလည်း မိမိဘက်သို့ မှောက်လျက်လဲကျလာသည့် သူ့ကို တွဲကူရင်း နမော်နမဲ့နှင့် နှာခေါင်းဝ၌ လက်ချောင်းလေး တင်ကြည့်လိုက်မိ၏။ အတိုင်းအတာတစ်ခုအထိ စိတ်ပေါ့ပါးသွားသော ဆောယောင်းက ကွဲအက်နေသော နဖူးမှ စီးကျလာသည့် သွေးများကို သူ့မျက်နှာအနှံ့ ပွတ်လိမ်းပေးခဲ့သည်။ ထို့နောက် တစ်ဝက်တောင်မတ်နေသည့် ရွံရှာဖွယ်ကောင်းသော သူ၏အောက်ပိုင်းကို ခပ်ပြင်းပြင်း နင်းချေရင်း ထရပ်လိုက်၏။

ကြည်လင်လန်းဆန်းသော မနက်ခင်းလေးပင်။

ရှပ်…ရှပ်…

ခြေတစ်လှမ်း ရွေ့လှမ်းလိုက်တိုင်း နှင်းတောထဲတွင် နီရဲသော မျဉ်းကြောင်းရှည်ကြီးများ ထင်ကျန်ရစ်ခဲ့၏။

ဆောယောင်းက ကြိုးဖြင့် တုပ်နှောင်ထားသော ဆောင်းဝုချန်းကို စွပ်ဖားလိုဆွဲရင်း အစွမ်းကုန် ရှေ့ဆက်နေသည်။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ဦး၏ အလေးချိန်က အတော်လေးလံသော်လည်း တစ်ယောက်တည်း မဆွဲနိုင်လောက်သည့် အနေအထားမျိုးတော့ မဟုတ်ပေ။

“ဟမ်း…. ဟမ်းးး…. ဟမ်းး….”

အသံတိုးတိုးလေးဖြင့် သီချင်းညည်းနေသော ဆောယောင်းက ကြိုးကို တစ်ဖန် ပြန်ပြင်ကိုင်ကာ ခြေထောက်များ နစ်ဝင်နေသည့် နှင်းတောထဲကို ဖြတ်ကျော်လာ၏။

ဘေးဘယ်ညာ အိတ်ကပ်နှစ်ဖက်ထဲတွင်မူ ကျော့ကွင်းပြုလုပ်ရန် ဝါယာကြိုးများနှင့် ကိုယ်တိုင် ပြုပြင်ထားသော မီးခြစ်ဆံဘူးများကို လုံခြုံစွာ ထည့်ထားလျက်ရှိသည်။

နည်းပြများက survival bag အဖြစ် ပေးလိုက်သည့် အိတ်ဖြစ်သော်လည်း ဆောယောင်းကမူ သတ်ဖြတ်ရေး ကိရိယာအိတ်အဖြစ် စိတ်ကြိုက် ပြုပြင်ပြောင်းလဲကာ သုံးစွဲနေခြင်းပင်။

မူလတန်းကျောင်းသားဘဝတုန်းက လူတိုင်း တစ်ကြိမ်တစ်ခါတော့ ထိုသို့ ကစားဖူးကြသည်မဟုတ်ပါလား။ ခဲတံနှင့် သားရေကွင်းကိုသုံးပြီး အသေးစား ပစ်ခတ်စရာ ကိရိယာများ ပြုလုပ်ခြင်း၊ အဝတ်လှန်းညှပ်နှင့် ခဲဖျက်များကို လောက်လေးခွသဖွယ် ပစ်ခတ်ခြင်း၊ အင်္ကျီချိတ်ဖြင့် ကျောက်ခဲများကို ပစ်လွှတ်ခြင်း အစရှိသဖြင့်။ ဆောယောင်းက ထိုအတိုင်း ထမင်းစားရေသောက်သလို ရိုးရှင်းစွာ မိဘမဲ့ဂေဟာရှိ အစ်ကို၊ အစ်မများကို ဒုက္ခပေးခဲ့ပြီး အကြိတ်အနယ်လည်း ရန်ဖြစ်ခဲ့ဖူး၏။

မကြာမီ သင့်တော်သောနေရာတစ်ခုသို့ ရောက်ရှိလာသောအခါ သူက တောင့်တင်းနေသော ပုခုံးကိုလှည့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လူသူကင်းမဲ့သော အရပ်လေးမျက်နှာလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။

ဆောယောင်းက သတိလစ်နေသောလူကို သစ်ပင်တွင် ချည်နှောင်ကာ ကြိုတင်ပြင်ဆင်ထားသော အဝတ်ပတ်ထားသည့် သစ်ကိုင်းစည်းကို ပါးစပ်ထဲသို့ ငုံခိုင်းထားလိုက်သည်။ သစ်ပင်ပတ်လည်တွင် ပျံ့နှံ့နေသော သွေးကွက်များက သိသိသာသာ ထင်ကျန်နေပေပြီ။

ထို့နောက် ဒိုင်း….

ဆောယောင်း လက်ကို ခေါင်းပေါ်သို့ ဆန့်ထုတ်ကာ အချက်ပြမီးကျည်ကို ဖောက်လိုက်သည်။ သစ်ပင်ပေါ်တွင် နားနေသော ငှက်များ အလန့်တကြား ပျံထွက်သွားရလောက်အောင် ပစ္စတိုသေနတ်သံနှင့် တစ်ပုံစံတည်းပင်။

နီကျင်ကျင် အလင်းတန်းက အရှိန်အဟုန်ဖြင့် ပျံတက်သွားသော်လည်း အမြင်အာရုံကို ပိတ်ထားသည့် နှင်းမှုန်များကြောင့် လူမည်မျှအထိ ဤနေရာကို ရှာတွေ့နိုင်မလဲဆိုသည်မှာ မသေချာပေ။

~~~~

“ဟေ့……ဒီကောင် ဓားနဲ့ အထိုးခံထားရတာ။”

“ဆောင်းဝုချန်း……ဆောင်းဝုချန်း၊ သတိထားဦး။ ဘယ်သူလဲ၊ ဘယ်သူက ဒီလောက် ယုတ်မာတဲ့အလုပ်ကို လုပ်သွားတာလဲ။”

မကြားသင့်သော မီးရှူးဖောက်သံကြောင့် အနီးအနားတွင်ရှိနေသော အဖွဲ့ဝင် သုံးလေးယောက်က အလန့်တကြား စုရုံးရောက်ရှိလာကြသည်။

သူတို့က သွေးအိုင်ထဲတွင် လဲနေသော ရဲဘော်ရဲဘက်၏ အခြေအနေကို ကြည့်ပြီး တဒင်္ဂ စကားစပင် ပျောက်သွားကြသော်လည်း ချက်ချင်းဆိုသလို အရေးပေါ် ကုသမှုများ စတင်လုပ်ဆောင်ကြတော့၏။

“ဟေ့ကောင်၊ ဘယ်သူက ဒီလိုလုပ်သွားတာလဲလို့။”

သူတို့က ဒဏ်ရာကို ဖိထားရင်း သွေးတိတ်အောင် အရင်လုပ်ကြပြီး ပါးစပ်ထဲတွင် ငုံထားသည့် အဝတ်ကိုလည်း ဖယ်ပေးခဲ့ကြသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ကို သံသယမျက်လုံးများဖြင့် အကဲခတ်နေသော အဖွဲ့ဝင်တစ်ဦးက တင်းမာသောလေသံဖြင့် ပြောလာ၏။

“ဟေ့……. ငါတို့အပြင် ဒီမှာ တခြားလူရှိနေတာ မဟုတ်ဘူးလား။”

“ဘာ…”

“အဲ့ဒီလိုမှမဟုတ်ရင် ဒီကောင်က ခြေရောလက်ရော အချည်ခံထားရတာကို၊ အချက်ပြမီးကျည် ဘယ်သူက ဖောက်မှာလဲ။”

“…….”

ထိုအခါ အအေးဓာတ်ထက် ပို၍ အေးစိမ့်သော တိတ်ဆိတ်မှုက အဖွဲ့ဝင်များကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

‘အခြေအနေကို မြန်မြန်သဘောပေါက်သားပဲ။’

လဲကျနေသော သစ်ပင်နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ဆောယောင်းက မီးခြစ်ဆံဘူးကို ဆက်တိုက် ပွတ်နေခဲ့သည်။

တိုက်ပွဲတစ်ခု၏ အောင်နိုင်မှုက သေကြေသူဦးရေအပေါ်တွင် မမူတည်ဘဲ ကြောက်ရွံ့သူအပေါ်တွင်သာ မူတည်၏။ ထို့ကြောင့် ကြောက်ရွံ့မှုကို ပျံ့နှံ့အောင်လုပ်ခြင်းက အကောင်းဆုံးအားပင်။

နှင်းတို့ကလည်း အမြင်အာရုံ ကွယ်လုမတတ် သည်းသည်းထန်ထန် ကျနေသဖြင့် ပို၍ စိမ့်အေးပြီး ထူးဆန်းသော အငွေ့အသက်ကို ဖြစ်ပေါ်စေခဲ့သည်။

“မင်းကလည်း၊ ကြောက်စရာကောင်းတာတွေ မပြောစမ်းနဲ့။”

“ချီးပဲ၊ မင်းမှာ သတ္တိဆိုတာ မရှိဘူးလား…”

“အဲ့ဒါက သေနတ်ကိုင်ထားတဲ့အချိန်မှ ထွက်လာတဲ့ သတ္တိလေ။”

“ဘာပဲဖြစ်ဖြစ် တောင်ထဲမှာ ငါတို့အပြင် တခြားတစ်ခုခု ရှိနေတာတော့ အမှန်ပဲ…အရူးဖြစ်ဖြစ် ဘာဖြစ်ဖြစ်…”

ချွင်….ချွင်….

ထိုစဉ် အရေးပေါ် ကုသနေသော အဖွဲ့ဝင်များရော၊ ပုန်းအောင်းနေသော ဆောယောင်းပါ တစ်ပြိုင်နက်တည်း ပုခုံးများ တောင့်တင်းသွားကြသည်။

နှင်းမုန်တိုင်းကြားထဲမှပင် ကြီးမားသော လူရိပ်တစ်ခုက တဖြည်းဖြည်း နီးကပ်လာနေ၏။

ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အာရုံကြောင့် ဆောယောင်းလည်း ရှူသွင်းထားသော အသက်ကိုပင် အောင့်ထားလိုက်မိသည်။

ရှပ်….ရှပ်….

နှေးကွေးပြီး မထီတရီ ခြေလှမ်းများမှ စိတ်ရှုပ်ပြီး မကျေမနပ်ဖြစ်နေသည့် အငွေ့အသက်များက သိသိသာသာ ပျံ့လွင့်နေ၏။

သူစောင့်နေသည့်လူ ရောက်လာပြီဖြစ်ကြောင်း ဆောယောင်း အလိုလိုသိလိုက်ရသည်။ သို့သော် အမှန်တကယ် ပေါ်လာသောအခါ ဘာကြောင့်မှန်းမသိ ပါးစပ်ထဲတွင် ခြောက်ကပ်သွား၏။ ယခင်က မရှိခဲ့ဖူးသော တင်းမာမှုကြောင့် လက်ဖျားလေးများပင် အနည်းငယ် တုန်ယင်နေသည်။

“ဘယ်….သူက မနက်စောစောစီးစီး နည်းပြကို ခေါ်ထုတ်နေတာလဲ။”

အီဝူရှင်းက မနက်ခင်းအိပ်စက်ခြင်းကို နှောင့်ယှက်ခံလိုက်ရသဖြင့် အစွမ်းကုန် စိတ်တိုနေကြောင်းကို တစ်စက်ကလေးပင် မဖုံးကွယ်ခဲ့ပေ။

ဘယ်နေရာမှာ ဘာလုပ်နေခဲ့သည်မသိ၊ သူက ကျောက်ဆောင်အရောင်နှင့် အလွယ်တကူ ရောနှောနိုင်သော ဝတ်စုံကို ဝတ်ထားပြီး ထူထဲသော သစ်ကိုင်းများ၊ ကောက်ရိုးများဖြင့် ပြုလုပ်ထားသည့် ရုပ်ဖျက်ဖုံးကွယ်ရေးခြုံလွှာကို စောင်တစ်ခုလို ခြုံထားသည်။

ထိုကြောင့် နဂိုကပင် ကြီးမားသော သူ၏ ခန္ဓာကိုယ်က ပို၍ ကြီးမားနေကာ နှင်းလူသားနှင့်ပင် တူနေ၏။

ထို့အပြင် လည်ပင်းမှစ၍ ဦးခေါင်းတစ်ခုလုံးကို ဖုံးအုပ်ထားသော အဖြူရောင် mask ဦးထုပ်နှင့် ကြည်လင်သော အသားအရောင်တို့ ပေါင်းစပ်သွားသောအခါ လူမဟုတ်ဘဲ ကြီးမားသော ကျောက်ဆစ်ရုပ်တုကြီးတစ်ခု လှုပ်ရှားနေသလိုပင်။

ထိုစဉ် ဆောင်းဝုချန်းကို တွေ့လိုက်ရတော့ သူက နေကာမျက်မှန်ကို ချွတ်လိုက်သည်။ အီဝူရှင်းက သတိလစ်နေသော အဖွဲ့ဝင်၏ မျက်နှာမှသည် သွေးစွန်းနေသော နှင်းတောအထိ စူးရှစွာ ကြည့်ရှုစစ်ဆေးရင်း မျက်မှောင်ကြုတ်သွား၏။ အိပ်ချင်စိတ်များ ချက်ချင်း ပြယ်လွင့်သွားသည့် မျက်နှာထားပင်။

“ဘယ်သူလဲ၊ အမှိုက်တွေပဲ လုပ်တတ်တဲ့ အောက်တန်းစား လုပ်ရပ်မျိုးကို နည်းပြအပေါ် လာသုံးတာ ဘယ်သူလဲ။”

“နည်းပြကြီး……”

အဖွဲ့ဝင်များ အသည်းအသန် အော်ဟစ်လိုက်သည့် အခိုက်အတန့်တွင် ဆောယောင်းက သေသေသပ်သပ် စည်းထားသော ဆံပင်များကို ဖရိုဖရဲဖြစ်အောင် လုပ်ကာ ထရပ်လိုက်သည်။

ကြိုတင်ပြင်ဆင်ထားသော သူ၏ မျက်နှာပေါ်တွင် ဆောင်းဝုချန်း၏သွေးများ ခြောက်ကပ်နေပေလိမ့်မည်။ ဆောယောင်းက မောဟိုက်စွာအသက်ရှူရင်း နှင်းများကို တိုးဝှေ့ထွက်လာခဲ့သည်။

“အင်း……”

သူက ယခုပဲဖြစ်ဖြစ် လဲကျတော့မလို ဒယီးဒယိုင်ဖြစ်နေ၏။

“ကယ်၊ ကယ်ပါဦး…….”

“အား၊ ချီးပဲ လန့်လိုက်တာ။ အဲ့ဒါကရော ဘာဖြစ်ပြန်ပြီလဲ…”

“ဟိုမှာ…… ဟိုဘက်မှာ…….”

“မင်း…. မင်း မဟုတ်မှ ဟန်…… ဆောယောင်းလား။”

အေးစက်သောလေတစ်ဝှေ့တွင် တိတ်ဆိတ်မှု လွှမ်းမိုးသွားတော့သည်။ ရုတ်တရက် ပေါ်လာသော ရဲဘော်ရဲဘက်၏ သနားစဖွယ်ပုံစံကြောင့် အဖွဲ့ဝင်များလည်း ထိတ်လန့်တကြားနှင့် စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်ကြ၏။

‘တစ်ဖက်လူရဲ့ သတိထားမှုကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတဲ့အပေါ်မှာ အောင်မြင်မှုက မူတည်တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ နည်းပြကြီး။’

ဆောယောင်းက မျက်ရည်များ တပေါက်ပေါက် ကျလာရင်း သူလျှောက်လာခဲ့သည့် လမ်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ ကျိုးတော့မည့်အလား ပိန်သွယ်သော လက်ကောက်ဝတ်လေးက တဆတ်ဆတ် တုန်နေ၏။ ထို့အပြင် သူ ထုတ်ပြလာသော လက်များတွင်လည်း နီရဲသော သွေးများဖြင့် ပြည့်နှက်နေသည်။

“ဟိုမှာလည်း လူတစ်ယောက်…… သွေးတွေ……. တရားခံက ထွက်ပြေး…….”

ဆောယောင်း ယိုင်တိယိုင်တိုင်နှင့် နှင်းတောထဲတွင် ပြိုလဲကျသွား၏။ ထိုအခါ အဖွဲ့ဝင်များက အမြန်ပြေးလာပြီး သူ့ကို တွဲကူကြကာ သူညွှန်ပြရာဘက်သို့ အသည်းအသန် ပြေးသွားကြတော့သည်။ ကျိန်းသေပေါက် သူတို့က သွေးစွန်းရာအတိုင်း လိုက်သွားရင်း ပတ်ဝန်းကျင်ကို ခေတ္တရှာဖွေကြပေလိမ့်မည်။

ဆောယောင်းက တစ်ဖန် စိုစွတ်ပြီး ဖောင်းအစ်နေသည့် မျက်ဝန်းများဖြင့် စောစောကတည်းက လှုပ်ရှားမှုမရှိဘဲ ရပ်နေသည့် အီဝူရှင်းကို ကြည့်လိုက်သည်။

သူ၏ ပုခုံးပေါ်သို့ နှင်းများ တဖွဲဖွဲ ကျဆင်းနေ၏။ ရုပ်ဖျက်ဖုံးကွယ်ရေးခြုံလွှာ၏ သစ်ကိုင်းများပေါ်မှ ကျလာသည့် နှင်းများပင်။

သူ ထီမထင်သလို ချဉ်းကပ်လာစဉ်ကပင် မလှုပ်မယှက် ရှိနေခဲ့သည့် သစ်ကိုင်းများဖြစ်သော်လည်း ယခုမူ မတ်တပ်ရပ်နေရုံဖြင့် နှင်းများက အစုလိုက်အပြုံလိုက် ပြုတ်ကျနေ၏။

“မင်း….”

အီဝူရှင်းက နောက်ကျမှ လက်ခြေများ ပျော့ခွေသွားသည့် လူတစ်ယောက်လို မျက်နှာဖုံးဦးထုပ်ကို အနောက်သို့ လှန်ချလိုက်သည်။ သိုးမွေးထုပ်အောက်တွင် ဖိကပ်ခံထားရသည့် အနက်ရောင်ဆံပင်များက လေအေးနှင့် ထိတွေ့ကာ ဖရိုဖရဲ ဖြစ်သွား၏။

“အဲ့ဒီ သွေးတွေက……”

ထိုလူက မျက်ခုံးများကိုကျုံ့လျက် တဖြည်းဖြည်း ချဉ်းကပ်လာသည်။

ဆောယောင်းလည်း မျက်စိကျိန်းမတတ် ဖြူဖွေးနေသော ဤနှင်းတောထဲတွင် အနက်ရောင်နှင့် မီးခိုးရောင် အရိပ်အယောင်များကို ဖုံးကွယ်ထားသည့် တစ်ဦးတည်းသောလူ အီဝူရှင်းထံမှ အကြည့်လွှဲရန် ခက်ခဲနေ၏။

အခြားအဖွဲ့ဝင်များလည်း ဆံပင်အရောင်က အတူတူပင်ဖြစ်မည်ဆိုသော်လည်း သူတစ်ယောက်တည်းကသာ ထူးခြားနေသည်။

နှင်းများကြားတွင် ပန်းချီကားတစ်ချပ်လို ရပ်နေသည့် ထိုလူကို မြင်လိုက်ရတော့ ရုတ်တရက် နှလုံးခုန်နှုန်းမြန်လာကာ အသက်ရှူရ ခက်ခဲလာ၏။

အတိအကျ ထိုအတိုင်း၊ ဆောင်းရာသီရဲတိုက်၏ အရှင်သခင်လိုဖြစ်ခဲ့သော ထိုကောင်လေးက….

“ကျွန်မ ဒီအထိလာရတာ တအားပင်ပန်းနေပါပြီ….”

သို့သော် တဒင်္ဂ ခံစားချက်များကို ဘေးဖယ်ထားလိုက်ပြီး ဆောယောင်းက အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။

သေသေချာချာ၊ ပျော်ပျော်ရွှင်ရွှင်၊ အတိုဆုံးလမ်းကြောင်းဖြင့်။

ဆောယောင်းက သနားစဖွယ် မျက်နှာထားကို ချက်ချင်း ဖျောက်ဖျက်လိုက်ပြီးနောက် သူ့ထံသို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်။

“အဲ့ဒီကောင်ကို သယ်လာရတာ တကယ် ပင်ပန်းခဲ့တာလို့…”

ဆောယောင်းက ကြိုတင်ပြုလုပ်ထားသော မီးခြစ်ဆံဗုံးကို သူ၏ပုခုံးဆီသို့ ရှိသမျှအားဖြင့် လှမ်းပစ်လိုက်သည်။

ပစ်လိုက်လျှင် ပေါက်ကွဲတတ်သည့် ဤမီးခြစ်ဆံဘူးငယ်လေးက တစ်ခဏအတွင်း နားစည်ကွဲမတတ် ဆူညံသံကို ပေးစွမ်းနိုင်၏။

“...”

မီးခြစ်ဆံဘူး၏ မီးခတ်ပြားကို မီးခြစ်ဆံဦးထိပ်တွင်ညှပ်ကာ ဆေးဘက်ဆိုင်ရာ တိပ်ဖြင့် တင်းတင်းကျပ်ကျပ် ကပ်ထားခြင်းဖြစ်သည်။

ထိုအခြေအနေအတိုင်း မာကျောသော မျက်နှာပြင်ပေါ်သို့ ပစ်လိုက်ပါက မီးခြစ်ဆံဦးထိပ်နှင့် မီးခတ်ပြား ထိတွေ့ကာ မီးစွဲသွားပြီး လောင်ကျွမ်းနေသော မီးခြစ်ဆံနှင့် ထွက်လာသော ဂတ်စ်များ ရောထွေးကာ အသေးစား ပေါက်ကွဲမှု ဖြစ်ပေါ်စေသည့် နိယာမပင်။

အပေါ်ယံကြည့်လျှင် ကလေးကစားစရာလို ရယ်စရာကောင်းသော်လည်း အလွန်ကြီးမားသော ဆူညံသံကို ထွက်ပေါ်စေသည့် နေ့စဉ်သုံး လက်နက်တစ်ခုဖြစ်၏။

ဖောင်း….

မျှော်လင့်ထားသည့်အတိုင်း အီဝူရှင်း လွယ်ထားသည့် သစ်ကိုင်းများပေါ်တွင် မီးများ ဟုန်းခနဲ တောက်လောင်သွားတော့သည်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၇၁ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment