no

Font
Theme

အပိုင်း ၆၅

ကံဆိုးစွာ အကိုက်ခံရသူက မိမိသာဖြစ်သော်လည်း၊ အနားသို့ တိုးကပ်လာသည့် အီဝူရှင်းကြောင့် ထပ်မံ၍ အပြင်းအထန် အကိုက်ခံရတော့မည်ဟူသော အသိက စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။

မျက်ကပ်မှန် ချွတ်ထား၍လားမသိ၊ နေရောင်အောက်တွင် ရောင်ပြန်ဟပ်နေသော သူ၏မျက်လုံးအရောင်က အကြည်ရောင်နီးပါး ဖျော့တော့နေ၏။ ကျောရိုးတစ်လျှောက် စိမ့်သွားအောင် အေးစက်သော အရောင်အဝါကြောင့် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။

ထို့အပြင် သူက ဒိုပါမင်ကြောင့် စိတ်ကြွနေသလားမှတ်ရအောင် တဟားဟားရယ်လျက် ကြောက်စရာကောင်းစွာ လိုက်လံဖမ်းဆီးနေ၏။ အမဲလိုက်ခြင်းအပေါ် အလေးအနက်စိတ်နှစ်ထားသည့် ထိုမျက်နှာကို မြင်လိုက်ရသည်နှင့် ချွေးစေးများ ဒလဟော စီးကျလာတော့သည်။

ဘာကြောင့်မှန်းမသိ၊ အဖမ်းခံရပါက အရာအားလုံး ပြီးဆုံးသွားမည်ဟု တွေးမိသဖြင့် ဆောယောင်း ခြေထောက်ကြွက်သားများ ပေါက်ထွက်မတတ် တောင်တက်လမ်းအတိုင်း အသည်းအသန် ပြေးလွှားနေမိ၏။

ဘယ်အထိ ရောက်လာတာလဲ။

အာခေါင်ခြောက်လာသည်အထိ စိုးရိမ်တကြီး ဖြစ်နေရသဖြင့် တဒင်္ဂအတွင်းမှာပင် လမ်းကြောင်းကို ရှာဖွေဆုံးဖြတ်နိုင်စွမ်း ပျောက်ဆုံးသွားတော့သည်။

“ဟန်ဆောယောင်း၊ ရပ်လိုက်စမ်း... အဲ့ဒီထက် အရှေ့ကို ထပ်မသွားနဲ့။”

ထိုစဉ်မှာပင် သူ၏ အော်ဟစ်သံက နားနားဆီသို့ ရောက်ရှိလာသည်။

မည်သည့်အချိန်က လိုက်မီလာမှန်းပင် မသိလိုက်ဘဲ ကြမ်းတမ်းသော သူ၏လက်သည်းများက ကုပ်ပိုးကို ရှပ်တိုက်ခြစ်မိသွား၏။ တစ်ပြိုင်နက်တည်းမှာပင် ခြေထောက်က အောက်သို့ ဂျောက်ခနဲ ကျွံကျသွားကာ တစ်ကိုယ်လုံး ယိမ်းထိုးသွားတော့သည်။

“....”

အရာအားလုံးက တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။

မြေပြင်ဟု ထင်မှတ်ထားခဲ့သော နေရာက ပြိုကျသွားကာ ထိုကြားမှ အတိုင်းအဆမရှိ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီး ပေါ်ထွက်လာသည်။

မိမိ နင်းမိလိုက်သည့်နေရာက မြေပြင်မဟုတ်ဘဲ နှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသည့် ကျင်းတစ်ခုဖြစ်ကြောင်း မသိလိုက်ခင်မှာပင် တစ်ကိုယ်လုံး အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့၏။

ကိုယ်တွင်းအင်္ဂါများ ​ကျွမ်းထိုမှောက်ခုံဖြစ်သွားကာ ရင်တလှပ်လှပ်တုန်လာသည်။ မည်မျှပင် လက်ခြေများဖြင့် ယက်ကန်ယက်ကန် လုပ်နေပါစေ၊ ဖိနပ်အောက်ခြေတွင် နင်းစရာ ခြေကုပ်ဟူ၍ ဘာမှမရှိခဲ့။ အော်ဟစ်လိုက်ချင်သော်လည်း အသက်ရှူရန်ပင် မေ့လျော့နေရသည့် ကြောက်ရွံ့မှုကြောင့် ပါးစပ်သာ အဟောင်းသားဖြစ်နေခဲ့ရ၏။

ဒီအတိုင်းပဲ... ဘာအဓိပ္ပာယ်မှမရှိဘဲ သေသွားရတော့မှာလား။ နောက်ဆုံးအနေနဲ့ ယောက်ျားရဲ့ မျက်နှာကိုတောင် မတွေ့လိုက်ရဘဲ ဒီလိုမျိုးကြီး…

မျက်လုံးကို တင်းတင်းမှိတ်ထားရင်းမှ ဒေါသထွက်လွန်း၍ ရင်ထဲ ပူလောင်နေသည့် အခိုက်အတန့်တွင် ရုတ်တရက် ပခုံးစွန်း စုတ်ပြတ်ထွက်သွားမတတ် နာကျင်မှုတစ်ခု ရောက်ရှိလာသည်။

“အင်း...”

“အဲ့ဒါကြောင့် ဘာလို့ ထွက်ပြေးရတာလဲ၊ နှင်းဖုံးနေတဲ့ တောင်ကို နောက်စရာမှတ်နေတာလား။”

“……”

“ချီးပဲ... ငါ့ရှေ့မှာ သေဖို့ ဆုံးဖြတ်ချက်ချပြီးတော့...”

လည်ချောင်းသံအက်အက်နှင့် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့ကြောင့် အမြဲတမ်း ရင်းနှီးနေခဲ့သည့်အသံက အစိမ်းသက်သက်ဖြစ်ကာ ထူးဆန်းနေတော့၏။

ပထမဆုံး မြင်လိုက်ရသည်က စစ်တပ်သုံး အသွင်ဖျက်အဝတ်အစားပင်။ အီဝူရှင်းက ချောက်ကမ်းပါးအောက်တွင် ပေါက်နေသည့် သစ်ကိုင်းတစ်ခုကို ဆွဲကိုင်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ဆောယောင်း၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်ထား၏။

“နည်း... နည်းပြ......”

ဆုံမိသွားသော မျက်ဝန်းတို့က အကြောင်းမဲ့ တုန်ယင်လျက်။

မိမိကို ဆွဲထားရင်း အတူတူ ပြုတ်ကျလာသည့် သူ့ကို ဆောယောင်းက မယုံနိုင်သလို ကြည့်နေခဲ့ပြီး ထိုလူ၏ အကြည့်ကမူ ဆောယောင်းကို ကျော်လွန်ကာ ဟိုးအဝေးမှ ဟင်းလင်းပြင်ကြီးကိုကြည့်လျက် တစ်စုံတစ်ခုကို တွက်ချက်နေသည့်ပုံပင်။

အီဝူရှင်း၏ ဖမ်းဆုပ်အားကြောင့်သာ ဆောယောင်း သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဦးစလုံး ကိုယ်စီ အကြောင်းပြချက်များဖြင့် မျက်နှာကို ရှုံ့မဲ့ထားကြ၏။

ထိုစဉ် ဆောယောင်း၏ လက်မောင်းကို အတင်းဆွဲထားသည့် လက်က တဖြည်းဖြည်း လျှောကျလာသည်။

“အား……”

ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ အော်သံက အလိုအလျောက် ထွက်လာ၏။

“ဒီ ချီးပဲ……”

အီဝူရှင်းက သွားကို တင်းတင်းကြိတ်ကာ မေးစေ့ကို ပင့်လိုက်သည်။ နီရဲနေသော လည်ပင်းပေါ်တွင် အကြောများက အမြစ်များလို ဖောင်းတက်နေ၏။ တဆတ်ဆတ် တုန်ယင်နေသော သူ၏ လက်ကို ဆောယောင်း အသားပေါ်မှတစ်ဆင့် သိသိသာသာ ခံစားနေရသည်။

သို့သော် အအေးဒဏ်ခံ အပေါ်ဝတ်အင်္ကျီများ ဝတ်ဆင်ထားသည့် လူနှစ်ယောက်၏ အလေးချိန်က ထင်ထားသည်ထက် ပို၍ လေးလံခဲ့၏။

သူ၏ ဝင်သက်ထွက်သက် တုန်ယင်သွားသည့် အခိုက်အတန့်တွင် ပြတ်သားသော ညွှန်ကြားချက်တစ်ခု ကျရောက်လာသည်။

“သွားကို တင်းတင်းကြိတ်ပြီး ငါ့ကျောပေါ်ကို တက်လာခဲ့။”

“ရှင်။”

“မင်း ကောင်းကောင်းလုပ်နိုင်တဲ့အရာကို လုပ်စမ်း။ အချိန်မရှိဘူး...”

ဆောယောင်း ဝေခွဲမရဖြစ်နေစဉ် အီဝူရှင်းက ကြမ်းရှရှ သူ၏အသံကို ဖျစ်ညှစ်ထိန်းချုပ်ခဲ့သည်။

“လက်ဗလာနဲ့ ကြိုးတန်းတက်တဲ့အခါ မင်းက တစ်ခါလောက်ပဲဖြစ်ဖြစ် ပထမ မရခဲ့ဖူးတာ ရှိလား။”

“……”

“အဲ့ဒါကြောင့် လုံလုံလောက်လောက်ကို လုပ်နိုင်တယ်။”

“လူကိုတော့ တစ်ခါမှ မတက်ဖူးပါဘူး။”

“ငါက တောင့်ပြီး ထိန်းထားပေးမှာမို့လို့ စကားများမနေဘဲ တက်လာခဲ့လို့...”

အေးစက်သော အမိန့်ကြောင့် ဆောယောင်း သတိပြန်ဝင်လာသည်။

သူက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ပျော့ခွေနေသည့် ခန္ဓာကိုယ်ကို အမြန်ဆုံး ပြန်လည်စုစည်းလိုက်၏။ ပထမဆုံးအနေဖြင့် အိတ်ထဲတွင်ရှိသော ဓားမြှောင်နှင့် ဝါယာကြိုးကို ပါးစပ်ထဲကိုက်ကာ အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်။ အလေးချိန်ကို အနည်းငယ်မျှပင်ဖြစ်ပါစေ လျှော့ချရန်ဖြစ်၏။

“ဟူး... ဟူး... လက်လွှတ်လိုက်ပါ။”

“ဘာ။”

“လက်လွှတ်လိုက်ပါလို့။”

ဆောယောင်းက ဆုပ်ဖမ်းခံထားရသည့် လက်ကို ခါယမ်းရင်း တိုက်တွန်းလိုက်သည်။

အီဝူရှင်းက တစ်ချက် မျက်တောင်ခတ်ရင်း ကြည့်နေရာမှ မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်၏။ ထိုစကားက ဘာကိုဆိုလိုမှန်း နားလည်သွားသောလူ၏ လည်စေ့က ဒေါသတကြီး လှုပ်ရှားသွားတော့သည်။

သို့သော် ထိုယိမ်းယိုင်မှုက တဒင်္ဂသာ။

သူက တုတ်ခိုင်သောကြိုးလို ဆုပ်ကိုင်ထားသည့် နုနယ်သော လက်မောင်းထဲသို့ လက်သည်းများ တင်းတင်းစိုက်ဝင်သွားအောင် ညှစ်ခဲ့သည်။ ထို့နောက် ဓားသွားအလား စူးရှသော သူ၏ မျက်ဝန်းများဖြင့် ဆောယောင်းကို သတ်တော့မလို စိုက်ကြည့်လာသေး၏။ ထို့နောက်တွင်မှ မည်သည့် တွေဝေတုံ့ဆိုင်းမှုမှမရှိဘဲ ဆုပ်ကိုင်ထားသည့်လက်ကို စတင်ဖြေလျှောချလိုက်တော့သည်။

ထိုသို့ လက်က လျော့ရဲသွားသည့်ကြားမှ ဆောယောင်းက အပေါ်ဝတ်အင်္ကျီများကို အကုန်လွှတ်ချကာ ခြေထောက်ကိုမြှောက်ပြီး ခုန်တက်လိုက်၏။

သူ၏ တင်ပါးကို အတင်းဖက်တွယ်လိုက်တော့ တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးကလည်း နာရီချိန်သီးလို တစ်ချက် ယိမ်းထိုးသွားလေသည်။

လေးလံသော အပေါ်ဝတ်အင်္ကျီကမူ အောက်သို့ အစအနမကျန် ပြုတ်ကျသွားပေပြီ။

“ဟား... ဟား...”

“ဟား၊ တကယ်ပဲ လုပ်နေတာတွေက ချီးလိုတွေမို့လို့ ကြည့်တောင်မကြည့်နိုင်ဘူး...”

နှစ်ဦးစလုံး ပြိုင်တူ အသက်ကို ပြင်းပြင်းရှူနေကြရသည်။

ထိုအချိန်မှစ၍ ဆောယောင်းက ရေနှင့်တွေ့သည့်ငါးလို အီဝူရှင်း၏ ကျောပေါ်သို့ တစ်ခဏအတွင်း တက်သွားတော့၏။

တိုက်ခတ်နေသော နှင်းမုန်တိုင်းကြောင့် ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း ယခုအချိန်တွင် ချမ်းအေးမှုကို ခံစားနေရန် အချိန်မရှိပေ။

“တော်တယ်။”

အီဝူရှင်းက ယခုအခါ လက်နှစ်ဖက်စလုံးဖြင့် သစ်ကိုင်းကို ကိုင်ထားခဲ့သည်။ အနေအထားက အတော်လေး တည်ငြိမ်သွားပေပြီ။

“အသက်ရှူဝသွားပြီဆိုရင် ငါ့ပခုံးကို နင်းပြီး အပေါ်ကို တက်သွား။”

“ရှင်။”

“နှစ်ခါ ပြန်မပြောခိုင်းဘဲ တက်သွား။”

“……”

“ဒီမှာ ဒီလောက်လေးတောင် မတက်နိုင်ဘူးဆိုရင် မင်း ရှေ့လျှောက်လည်း ခန္ဓာကိုယ်ကိုသုံးဖို့ အရည်အချင်းမရှိတော့ဘူး။”

သူက ဆောယောင်း၏ ကန့်ကွက်မှုကို ကြိုတင်ပိတ်ပင်သည့်အလား အေးစက်စွာ ပြောလာသည်။ ထိုအခါ နှလုံးက ဖိကြိတ်ခံရသလို ခုန်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။

သို့သော် ဤနေရာတွင် အချင်းချင်း အငြင်းပွားနေရန်ကလည်း အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။ အရင်ဆုံး အပေါ်ကို တက်သွားပြီးမှ သူ့ကို ပြန်ဆွဲတင်ရမည်သာ။

အီဝူရှင်း၏ ပခုံးကို အားပြုကာ နင်းလိုက်သည့် အခိုက်အတန့်မှာပင်။

ဂျွတ်….

ဖြစ်ချင်တော့ ယခုလိုအချိန်မှ နိမိတ်မကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

တစ်စုံတစ်ရာ ကျိုးသွားသည့် အသံပင်။

တောင့်တင်းသွားသော မျက်နှာဖြင့် အပေါ်ကို သတိထားကြည့်လိုက်မိသည်။ ထိုအခါ တစ်စစီ ကျိုးထွက်တော့မလို ဖြစ်နေသော သစ်ကိုင်းက အဖြူရောင်အသားကို ပြနေ၏။

“နည်း….”

ထပ်မံ၍

ဂျွတ်….

ဆောယောင်း ဘာမှမပြောလိုက်နိုင်ခင်မှာပင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် အမြစ်က ကျိုးသွားတော့သည်။ ဘာမှ ပြင်ဆင်ချိန်မရခင် ဖြစ်ပျက်သွားခြင်းပင်။

အသည်းခိုက်မတတ် စိုးရိမ်စိတ်ကြောင့် ထိုအချိန်မှစ၍ ခန္ဓာကိုယ်က စိတ်ညွှန်ရာအတိုင်း လှုပ်ရှားလေတော့သည်။ ဆောယောင်းက အလိုအလျောက် တုံ့ပြန်စိတ်အတိုင်း ကိုက်ထားသည့်ဓားကိုထုတ်ကာ ခဲနေသော ချောက်ကမ်းပါးကို စိုက်ချလိုက်၏။

ဂျစ်စ်စ်…..

ဘာကြောင့်မှန်းမသိ တစ်ထပ်တည်းတူသော အသံကြောင့် လှည့်ကြည့်လိုက်ရာ အီဝူရှင်းကလည်း အလားတူနည်းလမ်းဖြင့် ရေခဲတံတိုင်းကို ထိုးစိုက်ထားလျက်ရှိနေသည်။

“……”

“……”

အချင်းချင်း တိုင်ပင်ထားသည့်အလား မျက်လုံးချင်းဆုံသွားတော့ ဘာကြောင့်မှန်းမသိ တစ်ဖက်လူ၏ စိတ်ကူးကို ဖတ်လိုက်ရသလိုပင်။ တစ်သက်နှင့်တစ်ကိုယ် ပထမဆုံး ခံစားဖူးသည့် ထူးဆန်းသော တစ်သားတည်းကျ ညီညွတ်မှုကို ခံစားလိုက်ရသဖြင့် ကြက်သီးများ ထသွားရ၏။

သို့သော် ဓားသွားက စိုက်ဝင်မသွားဘဲ “ဂျစ်... ဂျစ်...” ဟူ၍ မျက်နှာပြင်ကိုသာ ခြစ်မိနေသည်။

နှစ်ဦးသား ကြောက်မက်ဖွယ်အရှိန်ဖြင့် ပြုတ်ကျနေသော်လည်း အရှိန်ကမူ အနည်းငယ် လျော့ကျသွား၏။

“အင်း……”

လက်ချောင်းများ အကုန်ပေါက်ထွက်တော့မလို ဖိအားများ ကျရောက်လာ၏။ ထိုစဉ် တုန်ယင်နေသော လက်ဖမိုးပေါ်သို့ အီဝူရှင်း၏ လက်ဖဝါးက ထူထပ်စွာ ဖိထပ်ခဲ့သည်။

လိပ်ကျောခွံကဲ့သို့ သူ့ကို တင်းတင်းကျပ်ကျပ် ကပ်တွယ်ထားသဖြင့် သူ၏ ဩရှရှ အသံနိမ့်နိမ့်က ဆောယောင်း၏ ခန္ဓာကိုယ်မှတစ်ဆင့် ပဲ့တင်ထပ်သွား၏။

“လက်မလွှတ်နဲ့...”

“အင့်...”

ဆောယောင်း ထပ်မံ၍ အားတင်းလိုက်သည့် အခိုက်အတန့်တွင်၊ သို့သော်လည်း မျှော်လင့်ချက်ကို ဖျက်ဆီးပစ်သည့်အလား ဂျောက်ခနဲ ဓားသွားက ကျိုးသွားတော့သည်။

“...”

ထိုအရှိန်ဖြင့် ကျောပေးလျက် ပြုတ်ကျသွားစဉ် ပြင်းထန်သော အားတစ်ခုက သူ့ကို ဝှစ်ခနဲ ဆွဲဖက်ခဲ့၏။

မကြာမီ ဘုန်းခနဲ ကြမ်းတမ်းသော မြေပြင်ပေါ်သို့ ခန္ဓာကိုယ်နှင့် မရိုက်မိခင် အနေအထားက အတင်းအကျပ် ပြောင်းလဲသွားလေသည်။

တဒင်္ဂ မျက်စိရှေ့တွင် အမှောင်ကျသွား၏။ ကိုယ်တွင်းအင်္ဂါများ တုန်ခါသွားကာ လှိုင်းလုံးလို ရိုက်ခတ်လာသောဒဏ်ကြောင့် ယိမ်းထိုးသွားတော့သည်။

“အင်း……”

မှောင်မိုက်သွားသော အမြင်အာရုံတွင် တဖြည်းဖြည်း ပြန်၍လင်းလာ၏။

မျက်တောင်ခတ်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တိုက်ခတ်နေဆဲဖြစ်သော နှင်းမုန်တိုင်းကြောင့် မျက်လုံးကို အပြည့်အဝဖွင့်ရန် ခက်ခဲနေသေးသည်။

တကယ်ပဲ ဒီနေရာက... ဘယ်နေရာပါလိမ့်။

“အာ……”

ဆောယောင်း နည်းပြကို သတိရသွားကာ ချက်ချင်းပင် ထလိုက်သည်။

“အစ်…..”

အရိုးအဆစ်တိုင်း မနာကျင်သည့်နေရာမရှိသော်လည်း သူက သွားကိုတင်းတင်းကြိတ်ကာ ခါးကို မတ်လိုက်၏။

“နည်းပြကြီး... နည်းပြကြီး..သတိထားပါဦး။”

ယခုအခါ ရင်းနှီးနေပြီဖြစ်သော ထိုလူ၏ ကိုယ်နံ့က သူ့နားတွင် မသိမသာ ရစ်ဝဲတွယ်ကပ်နေသည်။

ဆောယောင်း၏ လက်များက တုန်ယင်နေသလိုပင်။ မပြုတ်ကျခင်လေးမှာပင် ခန္ဓာကိုယ်က အတင်းအဓမ္မ လည်သွားသလို ခံစားခဲ့ရသည်ကို...

အီဝူရှင်းက သူ့အောက်တွင် ကူရှင်လိုခံလျက် လဲလျောင်းလျက်ရှိနေသည်။

သူတို့က ချောက်ကမ်းပါး၏အလယ်မှ ထွက်နေသည့် အချိုင့်ပိုင်းလေးတွင် အသည်းယားစရာကောင်းအောင် ​လဲနေသည့် အနေအထားမျိုးဖြစ်နေ၏။ လူတစ်ယောက် ထိုင်နိုင်လောက်အောင် ကျယ်ဝန်းသောနေရာပင်။

ထိုကဲ့သို့ ထွက်နေသော ကျောက်ဆောင်ပုံသဏ္ဌာန်ကြောင့် နှစ်ဦးစလုံး အံ့ဖွယ်ရာ မသေဘဲ အသက်ရှင်ခဲ့ခြင်းဖြစ်၏။

“အင်း…”

အောက်မှ ထွက်ပေါ်လာသော တိုးရှရှ ညည်းတွားသံကြောင့် ချက်ချင်း ခေါင်းငုံ့ကြည့်လိုက်မိသည်။ ဆောယောင်းက အီဝူရှင်းကို အတွင်းဘက်သို့ ထပ်မံဆွဲခေါ်လိုက်၏။ သူကလည်း မကြာမီ သတိရလာတော့မည့်အလား မျက်ခွံအောက်မှ မျက်လုံးများက ဖြည်းညင်းစွာ လှုပ်ရှားနေသည်။

ဆောယောင်းက အခြေအနေကိုသိရှိရန်အတွက် ဆူးပင်များဖြင့်သာ ပြည့်နှက်နေသော အောက်ခြေကို ငုံ့ကြည့်လိုက်၏။

ကျောက်ဆောင်အတိုင်း ပြန်တက်ရမည်လား၊ သို့မဟုတ် ဆင်းသွားရမည်လား။ ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံး ကြုံတွေ့ဖူးသူဖြစ်သဖြင့် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။

အထူးသဖြင့် ထုံးကျောက်၏ ထူးခြားသော အနံ့စူးစူးက ရင်ထဲတွင် ပို၍ စိုးရိမ်ပူပန်လာစေ၏။ စိမ်းသက်သော ထိုအနံ့က ဤနေရာကို အစိမ်းသက်သက်ဖြစ်စေပြီး အန္တရာယ်များသည့်နေရာဖြစ်ကြောင်း ပြောပြနေသလိုပင်။

မညီညာသော ကြမ်းပြင်က ကြောက်စရာကောင်းလောက်အောင် အေးစက်နေကာ ဆံပင်များကလည်း ယခုပဲဖြစ်ဖြစ် ခဲသွားတော့မည့်အလား တောင့်တင်းနေသည်။

တစ်ချက်တစ်ချက် ရေခဲလား၊ ကျောက်ခဲလား မသိသောအရာများ ခေါင်းပေါ်မှ လိမ့်ကျလာတတ်ကာ တိုက်ခတ်လာသောလေက တောင်ထဲတွင်ရှိခဲ့စဉ်ထက် ပို၍ ပြင်းထန်လှ၏။ အရှေ့တွင် အမှောင်ထုသာ ရှိနေသလိုပင်။

တောင့်မခံနိုင်သော အအေးဒဏ်ကြောင့် ပခုံးများ တုန်ယင်နေသော်လည်း ဆောယောင်းက ကိုက်ထားသော ဝါယာကြိုးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။

ထို့နောက် အောက်ကို တစ်ချက်တစ်ချက် ငုံ့ကြည့်ကာ စိုးရိမ်တကြီး တီးတိုးရေရွတ်လျက်ကပင် လက်နှစ်ဖက်ကမူ အီဝူရှင်း၏ လက်ကောက်ဝတ်တွင် ဝါယာကြိုးဖြင့် ကြိုးထုံးပြုလုပ်ကာ မြဲမြံစွာ ချည်နှောင်လိုက်၏။

“လောလောဆယ်တော့... ကျွန်မ ဖမ်းထားလိုက်...”

ထိုစဉ် မျက်မှောင်ကြုတ်လျက်ရှိနေသော လူနှင့် မျက်လုံးချင်း တည့်တည့်ဆုံသွားလေတော့သည်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၈၃ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment