no

Font
Theme

အပိုင်း ၂၆

ဒေါက်....ဒေါက်....

ရှင်းလင်းပြတ်သားစွာ ပဲ့တင်မြည်ဟည်းလာသည့် ဒေါက်ဖိနပ်သံကြောင့် ချန်နာ၏ကိုယ်က ဆတ်ခနဲတုန်သွားသည်။ အေးရာအေးကြောင်းလာနေသော လူရိပ်က တဖြည်းဖြည်း နီးကပ်လာ၏။

ထိုအချိန်မှစ၍ ဆောယောင်းတစ်ယောက် ဘာကိုမှ မတွေးနိုင်တော့။ သူက မီးဖိုတံခါးကို အလျင်အမြန် လော့ခ်ချကာ အလိုအလျောက်ဗီဇအတိုင်း လှုပ်ရှားလိုက်သည်။

“တစ်ယောက်တည်းတော့ သေခွင့်မပေးနိုင်ပါဘူး။”

ဆောယောင်းက လဲကျနေသည့် ချန်နာကို ဆွဲခေါ်ကာ မီးဖိုချောင်ထဲရှိ သိုလှောင်ခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ သူဆွဲခေါ်သွားသည့် နေရာတစ်လျှောက်တွင် သွေးများက ရထားသံလမ်း​သဖွယ် ရှည်လျားသော အစွန်းအထင်းများ ချန်ထားခဲ့သော်လည်း ဂရုမစိုက်နိုင်တော့။

သူက ပဲငါးပိဟင်းရည် ရှစ်ယောက်စာ ချက်ထားသော ကြီးမားသည့်အိုးကို ဒုန်းခနဲ ​ကြမ်းပြင်ပေါ်သို့ မှောက်ချလိုက်သည်။ ဖိနပ်အောက်ခံဖြင့် ကြမ်းပြင်ကို ပြင်းပြင်းပွတ်တိုက်ကာ သွေးစွန်းရာများကို အလျင်စလို ဖျောက်ဖျက်လိုက်၏။ ထိုဆူညံသံများကြောင့် ရုတ်တရက် ဒေါက်ဖိနပ်သံက ခေတ္တခဏ ရပ်တန့်သွားသလိုပင်။

ဆောယောင်းက နောက်ဆုံးတွင် သိုလှောင်ခန်းတံခါးကိုပါ လော့ခ်ချကာ ချန်နာကို ဖက်ထားလျက် အားတင်းနေလိုက်သည်။

“...ချန်နာရဲ့ အခြေအနေက မကောင်းပါဘူး။ မြန်မြန် ဆေးရုံသွားမှဖြစ်ပါမယ်။ လည်ပင်းကို အထိုးခံရတာလားမသိဘူး၊ သွေးတွေ အရမ်းထွက်နေလို့...”

―...

ဘာသံမှ ပြန်မလာသော တုံ့ပြန်မှုကြောင့် ဆောယောင်းတစ်ယောက် နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်မိသည်။ ထိုတိတ်ဆိတ်မှုက ဘာကိုဆိုလိုမှန်း ကောင်းကောင်းသိနေသောကြောင့်ပင်။

အခုချက်ချင်း ဆေးရုံသွား၍မရကြောင်းကိုရော၊ ဤနေရာမှ ထွက်သွားရန် မလွယ်ကူကြောင်းကိုပါ သူ အကုန်သိ၏။ သို့သော်လည်း ‘တွေ့လား၊ ငါပြောသားပဲ’ ဟူသော အဓိပ္ပာယ်မရှိသည့် စကားမျိုး ထပ်မပြောသည့်အတွက် ကျေးဇူးတင်မိသည်။

ထိုအစား အီဝူရှင်းက အခြေအနေသစ်ကို စတင်ဆန်းစစ်ခဲ့၏။

―အခုလက်ရှိနေရာက ဘယ်မှာလဲဗျ။

“...မီးဖိုချောင်ထောင့်မှာ အသုံးမပြုတဲ့ သိုလှောင်ခန်းတစ်ခု ရှိပါတယ်။ အဲ့ဒီထဲမှာပါ။”

―ဒဏ်ရာပေါ်ကို လက်မနဲ့ ထိုးကြည့်လိုက်ပါ။

“ရှင်”

―တင်းတင်းလေး ဖိအားပေးထားရမှာပါ။ ဒီလိုပဲသေမလား၊ ဟိုလိုပဲသေမလား၊ ကြိုးစားတာလောက်တော့ လုပ်ကြည့်ရမှာပေါ့။

ဆောယောင်းက သွေးမရပ်နိုင်သည့် ချန်နာ၏ လည်ပင်းကို လက်ချောင်းများဖြင့် ဖိသွင်းသလို အားဖြင့်ဖိချလိုက်သည်။ အွတ်... ချန်နာက လူးလွန့်ရုန်းကန်ခဲ့သော်လည်း ကြောက်မက်ဖွယ် စီးဆင်းနေသည့်သွေးများက အပြင်သို့ ဆက်ထွက်မလာတော့ပေ။

―လက်ကို လုံးဝ ဖယ်လို့မဖြစ်ပါဘူး။ ဖယ်လိုက်တာနဲ့ သေမှာပါ။

လေးနက်ပြတ်သားစွာ ပြောလိုက်သည့် စကားကြောင့် တစ်ကိုယ်လုံး ချွေးစေးများဖြင့် စိုရွှဲလာရ၏။ သို့သော်လည်း ရုတ်တရက် ပန်းထွက်တော့မည့် သွေးများကို ဆောယောင်း၏ လက်ချောင်းများက ပိတ်ဆို့သွားသည်။ အားပျော့စွာ ခုန်နေသည့် နှလုံးခုန်သံကို လက်ဖျားတွင် ခံစားမိလိုက်သလိုပင်။

ဟုတ်တယ်...ဒီလိုအရာလေးတစ်ခုကြောင့်နဲ့... ချန်နာကို လုံးဝ သေခွင့်ပေးစရာအကြောင်းမရှိဘူး။

―ဟောချန်နာက လုပ်ကြံသတ်ဖြတ်ခံရမဲ့ ပစ်မှတ်ဖြစ်မယ်ထင်ပါတယ်။

အီဝူရှင်းက ခံစားချက်မပါသော အသံဖြင့် အစီရင်ခံနေသလို ရွတ်ပြခဲ့သည်။

―သူက မြောက်ကိုရီးယားရဲ့ အဓိကထိပ်တန်း ပညာရှင်ဖြစ်တယ်ဆိုတာကို ကြိုတင်ထည့်မတွက်မိခဲ့တဲ့ ကျွန်တော်တို့ဘက်က အမှားပါ။ ဟောချန်နာ ပြည်ပကို ထွက်လာတဲ့ အချိန်မှာ သုတ်သင်ဖို့ အမိန့်ပေးခံထားရတာနေမယ်ဗျ။

ချန်နာ မြောက်ကိုရီးယားမှ ထွက်ပြေးခဲ့သည်မှာ ခုနစ်နှစ်နီးပါး ရှိပေပြီ။ ယခုဖြစ်ရပ်က မည်သူမျှ ကြိုတင်မှန်းဆထားခြင်းမရှိသည့်ကိစ္စပင်။

―...ဟင့်အင်း၊ တကယ်တော့ ဟောချန်နာ အခုအထိ အသက်ရှိနေသေးတာကမှ ပိုပြီးတော့ ထူးဆန်းနေတာကို။

မရေမရာ ရေရွတ်လိုက်သည့် စကားကြောင့် ဆောယောင်း မျက်မှောင်ကြုတ်မိသွားသည်။ ချန်နာ ယခုအထိ အသက်ရှိနေခြင်းက မဖြစ်နိုင်သည့်ကိစ္စဟု အဓိပ္ပာယ် သက်ရောက်နေသောကြောင့်ပင်။

“ပါးစပ်... ဆင်ခြင်ပါ။”

―လေ့ကျင့်သင်ကြားထားတဲ့ လုပ်ကြံရေးသမားတွေက လုံးဝ အမှားမလုပ်ပါဘူး။ ဓားတစ်ချက်တည်းနဲ့ လက်စမတုံးလိုက်နိုင်ဘူးဆိုတာက...

ဘာတွေတွေးနေမှန်းမသိ၊ သူက ခပ်တိုးတိုး အသံကို ဆွဲကာပြောခဲ့သည်။

―စစ်မေးဖို့ဖြစ်ဖြစ်၊ ဖျောင်းဖျဖို့ဖြစ်ဖြစ် ကြိုးစားခဲ့တာဖြစ်မယ်။ ဟောချန်နာက ဘာပဲဖြစ်ဖြစ် မြောက်ကိုရီးယားက လာတာဆိုတော့ နှစ်ဖက်သူလျှိုအနေနဲ့ ပြန်အသုံးချဖို့ အကောင်းဆုံးပဲမို့လို့။

“...”

―အခုအထိ မစရသေးတဲ့အတွက် ဟောချန်နာ အသက်ရှင်နေတာပါ။

“ဘာကို...”

―နှိပ်စက်တာလေ။

“...”

―အခု မကြာခင် ရောက်လာပါတော့မယ်။

ကတ္တားပုဒ်ကို ချန်ထားခဲ့သော်လည်း ဘယ်သူ့ကို ပြောနေမှန်း မသိစရာအကြောင်းမရှိပေ။ တစ်ချိန်တည်းမှာပင် ဒေါက်... ဒေါက်...ခေတ္တမျှ ပြတ်တောက်သွားသည့်အသံက ပြန်လည်ထွက်ပေါ်လာသည်။ ဆောယောင်း၏ကိုယ်က ဆတ်ခနဲ တင်းမာသွားလေ၏။

“...မီးဖိုဆောင်ဘက်ကို ချဉ်းကပ်လာနေပါပြီ။ ခဏနေ ပေါ်လာတော့မယ်ထင်ပါတယ်။”

ထိုသို့ တီးတိုးပြောလိုက်သည့် အခိုက်အတန့်မှာပင် ချောက်ချောက်ဟူသော အသံဖြင့် ဟောင်းနွမ်းနေသည့် မီးဖိုဆောင်တံခါးက ရူးမတတ် စတင်တုန်ခါလာတော့သည်။

ကျူးကျော်ဝင်ရောက်လာသူက နိုင်ငံခြားဘာသာစကားကို ရေရွတ်ရင်း 'ဒုန်း ဒုန်း' ဟူသော အသံများဖြင့် တံခါးကို ရိုက်ချိုးတော့မတတ် ခြေထောက်ဖြင့် ကန်နေ၏။ ကျယ်လောင်လှသော ထိုဆူညံသံကြောင့် နားကြပ်နောက်ကွယ်မှ အီဝူရှင်းပင် တဒင်္ဂ စကားမပြောနိုင်ဖြစ်သွားသည်။

သူက 'ချီးပဲ...' ဟု ကျိန်ဆဲလိုက်သည့်ပုံပင်။

―သေနတ်ကို မောင်းတင်လိုက်ပါ။

ထိုလူက ပျက်ယွင်းနေသော အသက်ရှူသံကို ပြန်လည်ထိန်းညှိကာ အေးစက်စွာ အမိန့်ပေးခဲ့သည်။

―ဆလိုက်ဒါကို ဆွဲပြီး၊ တံခါးဘက်ကို ချိန်ထားပါ။

“...”

―ဟန်ဆောယောင်းက ပထမဆုံးအကြိမ် ပစ်ဖူးတာဆိုတော့ ကျည်က လွဲသွားမှာပါပဲ။ အဲ့ဒီအခါ လန့်မသွားဘဲနဲ့ ဒုတိယမြောက် ခလုတ်ကို ဆွဲချလိုက်ပါ။ အရည်အချင်းလည်းမရှိ၊ ကံကလည်းမကောင်းတာမို့လို့ နောက်ဆုံးတော့ သေနတ်ပါ အလုခံရပြီး၊ ပြန်ခုခံတိုက်ခိုက်ရမှာပဲဆိုပေမဲ့ပေါ့။

လက်တွေ့ကျပြီး အေးစက်လှသော စကားများကို ကြားလိုက်ရသည့်အခါ မျှော်လင့်ချက်ပိစိလေးပါ ပျောက်ကွယ်သွားသလိုပင်။

―ကျွန်တော် ရောက်ခါနီးပါပြီ။

ထိုအခိုက်အတန့်တွင် တံခါးချပ်က ကွဲအက်သွားကာ ဝုန်းခနဲ ပြိုကျသွားပြီး ထိုအပျက်အစီးများကိုနင်း၍ တစ်စုံတစ်ယောက် ဝင်လာသည်။ ရင်ဘတ်က ပေါက်ထွက်တော့မတတ် ခုန်နေသော်လည်း ထူးဆန်းစွာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်ဟု ခံစားနေရ၏။

သူ့ကို ဝန်းရံထားသည့် နေရာအားလုံး အရည်ပျော် ပျောက်ကွယ်သွားကာ သူ၏ မျက်လုံး၊ နှာခေါင်းနှင့် နားများသာ သိသာထင်ရှားစွာ တဆစ်ဆစ်ထိုးနေသည်။ အီဝူရှင်း၏ ခံစားချက်ကင်းမဲ့သော အသံသည်လည်း အင်မတန် ထင်ရှားလှ၏။ ထိုလူ၏ အသံကိုသာ ကြားနေရသည်။

―ပြီးတော့၊ သေတော့မယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် တစ်ချက်လောက်ပစ်ပြီးမှ သေပါ။

“...”

―အဲ့ဒီလိုမှ ကျွန်တော်လည်း အဲ့ဒီကောင်ကို တစ်ချက်ကြည့်ရုံနဲ့ တန်းသိနိုင်မှာပေါ့။

အဆုံးအထိ စွန့်လွှတ်ရမည့်အရာကို စွန့်လွှတ်ကာ ယူရမည့်အရာကို ယူမည်ဟူသော အကြင်နာတရားကင်းမဲ့သည့် သဘောထားပင်။ ထိုသို့ဖြစ်လင့်ကစား ဆောယောင်းက နှုတ်ခမ်းထောင့်စွန်းကို ပင့်လိုက်မိသည်။

အီဝူရှင်းက လုံးဝမတုန်လှုပ်ဘဲ အစမှအဆုံးထိ အခြေအနေကို အေးစက်စွာ ကြည့်ခဲ့၏။ စိတ်ဓာတ်ကျမသွားမီ အခိုက်အတန့်တိုင်းတွင် သူ၏ စူးရှသော စကားများက ဆောယောင်း၏ခေါင်းကို ရိုက်ချလိုက်သလိုပင်။

ကျက်သရေတုံးသော်လည်း၊ သူ၏ဖြစ်တည်မှုက ထူးဆန်းစွာ စိတ်သက်သာရာရမှုကို ပေးနိုင်သည်ဟူသော အချက်ကိုတော့ ငြင်း၍မရပေ။

သို့သော် ပြဿနာကား မိမိ၏အခြေအနေက အဆင်မပြေခြင်းပင်။ ဘယ်ဘက်လက်ဖြင့် ချန်နာ၏ လည်ပင်းကို ပိတ်ထားရပြီး၊ သေနတ်ကို ကိုင်ထားသော ညာဘက်လက်က ချွေးနှင့်သွေးများဖြင့် ရှုပ်ထွေးနေ၍ ထပ်ကာတလဲလဲ ချော်ထွက်နေသည်။

နောက်ဆုံးတွင် ဆောယောင်းက ဆလိုက်ဒါကိုဆွဲရန် ပါးစပ်ဟလိုက်သည်။ သေနတ်၏ အပေါ်ပိုင်းကို သွားများဖြင့် တင်းတင်းကိုက်ထားရင်း ရရာနည်းနှင့် ဆွဲတင်နိုင်ရန် ကြိုးစားလိုက်၏။

ဆလိုက်ဒါကို သွားရည်တမျှားများကျသည်အထိ ဒေါက်ခနဲမြည်အောင် ဆွဲတင်ရန်ကြိုးစားနေစဉ် ချန်နာနှင့် မျက်လုံးချင်းဆုံမိသွားသည်။ ဆောယောင်းက အေးစက်လာသည့် အသားကို ပွတ်လိုက်ရင်း သူ့ကို စိတ်ချအောင် အားပေးလိုက်၏။

ဘာမှမဖြစ်ဘူး၊ ဒီတစ်ခါ ငါ နင့်ကို ကူညီပေးမှာ။ တကယ်လို့ နောက်တစ်ခါ သတ်ဖို့လာခဲ့ရင်...သူက မျက်လုံးဖြင့် ကတိပေးလိုက်သည်။

ဒီတစ်ခါ ငါ လုပ်ကြည့်မယ်။

တစ်ချိန်တည်းမှာပင် သိုလှောင်ခန်းတံခါးက ဒုန်းခနဲမြည်ကာ လှုပ်ခါသွားသည်။

“....”

တစ်ကိုယ်လုံး တောင့်ခနဲ အေးခဲသွားပြီး အသက်ပင် မှန်မှန်မရှူနိုင်တော့။ နားကြပ်နောက်ကွယ်မှ အတူတူ နားထောင်နေသည့် အီဝူရှင်းသည်လည်း ထိုနည်းလည်းကောင်းပင်။

လှိုင်းလုံးများ ဆုတ်ခွာသွားသကဲ့သို့ အသက်ရှူသံတစ်ချက်ပင် မကြားရတော့ပေ။ ချန်နာသည်လည်း မျက်လုံးကို မှိတ်ချပစ်လိုက်သည်။ သို့သော်လည်း မျက်ခွံများတွင် အားရှိနေသည်ကို ခံစားရ၍ ဆောယောင်း စိတ်သက်သာရာရသွား၏။

ဒေါက်...ဒေါက်...

နှေးကွေးလေးပင်သော ဒေါက်ဖိနပ်သံက တံခါးရှေ့တွင် ရစ်ဝဲနေရာမှ ဝေးရာသို့ ရွေ့သွားသည်။

―အလှည့်စားမခံနဲ့။ မင်းတို့ အထဲမှာရှိနေမှန်း ရိပ်မိပြီးသား။

အီဝူရှင်းက အေးစက်စွာ သတိပေးခဲ့သည်။ သိနေ၏။ ထိုလူက အမဲလိုက်သူဖြစ်ပြီး အမဲလိုက်ခြင်းကို နှစ်သက်ခံစားနိုင်ရန် တုံ့ဆိုင်းဟန်ဆောင်နေရုံသာဖြစ်ကြောင်းကို။

―မလှုပ်နဲ့။ အဲ့ဒီအတိုင်း ချိန်ထားပြီး စောင့်နေ။

ဆောယောင်းက သေနတ်ကို ပြန်ပြင်ကိုင်ကာ တံခါးကို ချိန်ထားလိုက်သည်။ လက်မှစကာ လက်မောင်း၊ ပခုံးအထိ တုန်ယင်မနေသည့်နေရာဟူ၍ မရှိပေ။ သေနတ်ပြောင်းဝက ပစ်မှတ်ကို သေသေချာချာ မချိန်ရွယ်နိုင်ဘဲ ဆက်တိုက် တုန်ခါနေ၏။

သို့သော်လည်း တံခါးပွင့်လာခဲ့လျှင်....

မောင်းကို ဆွဲရမည်။ မောင်းကို ဆွဲရမည်။ ခေါင်းပေါက်ထွက်လုမတတ် ထိုအတွေးကိုသာ ထပ်ခါတလဲလဲ တွေးနေသည့် အခိုက်အတန့်တွင် ခပ်နိမ့်နိမ့်အသံက မေ့သွားသည့်အလား နားစည်ကို ဖွဖွလေး ခြစ်သွား၏။

―​ဪ၊ ဒါနဲ့။ သွားကို တင်းတင်းကြိတ်ထား။ သေနတ် စပစ်တဲ့ အခိုက်အတန့်မှာ မင်းရဲ့လက်ကောက်ဝတ်လည်း ကြေသွားလိမ့်မယ်။

နောက်ဆုံးတွင် ဝုန်းခနဲ တံခါးပွင့်လာသည်။

“....”

လုပ်ကြံသတ်ဖြတ်သူ၏ပုံစံက ဆောယောင်း မျှော်လင့်ထားသည်နှင့် အတော်လေး ကွာခြားနေ၏။ မောင်းခလုတ်ကို ကောင်းကောင်းမဆွဲနိုင်ဘဲ လက်ချော်သွားတော့သည်။ အီဝူရှင်းက မိုးခြိမ်းသံလို အော်ဟစ်လိုက်သော်လည်း သေချာမကြားရ။

ချောင်ကပ်ကာ ကြွက်လိုပုန်းအောင်းနေကြသည့် လူနှစ်ယောက်ကိုကြည့်ရင်း ပြုံးစိစိလုပ်နေသူက အရပ်နိမ့်နိမ့် အမျိုးသမီးတစ်ဦးပင်။ အသားညိုညို၊ တောက်ပသော မျက်လုံးများ၊ ဘောင်းဘီတို၊ လက်ပြတ်အင်္ကျီနှင့် ဒေါက်ဖိနပ်။

သူက ကျူးကျော်ဝင်ရောက်လာသူပုံစံနှင့် အလှမ်းဝေးနေသလိုပင်။ ထိုတဒင်္ဂတုံ့ဆိုင်းမှုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။

လက်ချော်သွားသည့် အခိုက်အတန့်တွင် ဆောယောင်းတစ်ယောက် ရက်စက်ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှုကို ချက်ချင်း ခံလိုက်ရ၏။ ထိုအမျိုးသမီးက သဘောတွေ့နေသလိုမျက်နှာထားနှင့် လခြမ်းကွေးလို ကွေးနေသော ကာရမ်ဘစ် ဓားမြှောင်ဖြင့် ဆောယောင်းကို ခုတ်ခဲ့သည်။

သေနတ်ကို လွှတ်ချလိုက်သည့် ဆောယောင်းက လက်တစ်ဖက်ကိုမြှောက်ကာ မျက်နှာကို ကာကွယ်လိုက်၏။ သူ၏ လက်တစ်ဖက်က အညှာအတာမဲ့စွာ ဆက်တိုက် ခုတ်ဖြတ်ခံနေရသည်။

―ချီးပဲ၊ ဟန်ဆောယောင်း။

ဆောယောင်း၏ အာရုံက ချန်နာ၏ လည်ပင်းကို ဆို့ထားသည့် လက်ချောင်းများတွင်သာ စူးစိုက်နေ၏။

'ဒီလက်ကို ဖယ်လိုက်ရင် သေသွားမယ်။ ဖယ်လိုက်ရင် သေသွားလိမ့်မယ်။'

သူ အနည်းငယ်မျှ လှုပ်ရှားလိုက်ပါက ချန်နာတစ်ယောက် သွေးများ ထပ်၍ထွက်လာပေလိမ့်မည်။

ထို့ကြောင့် ဆောယောင်းက တုန်လှုပ်ခြင်းအလျဉ်းမရှိ ညည်းသံတစ်ချက်ပင် မပြုဘဲနေလိုက်သည်။ နောက်ဆုံးတွင် လက်မောင်း ပျက်စီးသွားသည့်တိုင် အောင့်အည်း၍တင်းခံနေစဉ်၊ သတ်ဖြတ်လိုသည့်စိတ်များ ပြည့်နှက်နေသော လုပ်ကြံရေးသမားနှင့် မျက်လုံးချင်းဆုံသွား၏။

“...”

ဟုတ်တယ်၊ ဒီအကြည့်။ ဒီထူးဆန်းတဲ့ခံစားချက်။ ဘယ်မှာမြင်ဖူးတာလဲ။ ခံစားဖူးတာလဲ။

ထိုအခိုက်အတန့်တွင် ဆက်လက်စဉ်းစားရန် ငြင်းဆန်သည့်အလား ခန္ဓာကိုယ်က ဦးစွာ လှုပ်ရှားသွားသည်။ သူက ကြမ်းပြင်ပေါ်ကျနေသည့် သေနတ်ကို ကောက်ယူကာ လုပ်ကြံရေးသမား၏ ​ပေါင်တံနှစ်ဖက်ကြားကို ကြမ်းတမ်းစွာ ရိုက်ချလိုက်၏။

ထိုအခါ တစ်ဖက်လူက ခါးကို ကိုင်းညွှတ်ကာ နောက်သို့ တစ်လှမ်း ဆုတ်သွားလေသည်။ ထိုလက်တွင်လည်း အိစက်စက် အရာတစ်ခုခုကို ခံစားလိုက်ရ၏။

ချန်နာနှင့်အတူတူ သွားခဲ့ဖူးသော မြို့ထဲ၊ အလောတကြီး နောက်ကြောင်းပြန်လှည့်လာခဲ့သော လမ်းကြား၊ ခရီးသွားများအား မြှူဆွယ်နေသည့် ပြည့်တန်ဆာ၊ ပြီးတော့...ဘောင်းဘီတို၊ ဖိနပ်၊ ရေမွှေးနံ့ပြင်းပြင်း။

“ခွေးကောင်၊ ဒါနဲ့ နင်က မိန်းကလေး မဟုတ်ဘူးမလား။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment