no

Font
Theme

အပိုင်း ၂၂

“အဲ့ဒီတော့က… ဒီမှာ ဘာလုပ်ရမှာ။”

“မူးယစ်ရာဇာကို ကိုယ်ရံတော်လုပ်ပေးရမှာလို့ပြောတာ။”

နှစ်ကြိမ်တိုင်တိုင် ကြားလိုက်ရသော်လည်း ကြုတ်ထားသည့်မျက်မှောင်က ပြေမသွားခဲ့။ ဆံပင်ကို တောက်ပစွာ ဆေးဆိုးထားသော ဆေးဘက်ဆိုင်ရာဝန်ထမ်းက ဆောယောင်း၏ တုံ့ပြန်ပုံကို ရယ်စရာကောင်းသည်ဟုတွေးကာ တဟီးဟီးရယ်နေသည်။

“ညစ်ပတ်တဲ့အလုပ် ဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းပြီးသားပဲ မဟုတ်ဘူးလား။”

“အဲ့ဒါကတော့ အဲ့ဒီလိုဆိုပေမဲ့…”

“မက္ကဆီကို မူးယစ်ရာဇာ အယ်လ် ရှာပိုဆိုတဲ့လူက နာမည်ကြီးတယ်လေ။ အဲ့ဒီလို 'အာရှရဲ့ အယ်လ် ရှာပို' လို့ ခေါ်ကြတဲ့ မူးယစ်ရာဇာက ဒီထိုင်းလူမျိုးပဲ။ မူးယစ်ဆေးဝါး မှောင်ခိုကူးရာကနေရတဲ့ ပိုက်ဆံက ဒေါ်လာ သန်း ၈၀ လောက် ရှိတယ်တဲ့။ ငါတို့နိုင်ငံပိုက်ဆံနဲ့ဆို ၁၀ ထရီလျံလောက် ရှိတာပေါ့။ အခု အင်တာပိုလ်ရဲ့ အနီရောင် အလိုရှိသူစာရင်းဝင်နေပြီ။”

သူက သွားများပေါ်အောင် ရယ်ပြခဲ့သည်။

“ဆယ်နှစ်လုံး မမိသေးဘူးဆိုပေမဲ့ပေါ့လေ။”

ယာဉ်မောင်းတာဝန်ခံ ဝန်ထမ်းက ကားတစ်စီးရှာတွေ့ပြီဟုပြောကာ ခြေသံတဒုန်းဒုန်းနှင့် အတွင်းသို့ ဝင်လာသည်။ သူက ဖိနပ်ပင်မချွတ်ဘဲ ချက်ချင်းဆိုသလို ခုတင်ပေါ်တွင် လှဲအိပ်ကာ မျက်လုံးမှိတ်လိုက်၏။ ခုတင်ဘောင်က တကျွီကျွီမြည်ကာ မွေ့ရာက ပျော့ခနဲ အိကျသွားသည်။

ဆောယောင်းက စိုးရိမ်ကြောင့်ကြနေသော မျက်နှာဖြင့် မွေ့ရာမှ ထွက်ပေါ်လာသော ဖုန်မှုန့်များကို အသာလေး စိုက်ကြည့်နေ၏။ ထိုသို့ စိုက်ကြည့်နေသည့်ကြားမှပင် သဘောတွေ့နေသည့်အလား ရွှင်မြူးသည့် အသံက ဆက်လက်ထွက်ပေါ်လာသည်။

“အဲ့ဒီ မူးယစ်ရာဇာက Blast ကုမ္ပဏီရဲ့ အကြီးဆုံး VIP ဖောက်သည်ပဲ။”

“……”

“အဲ့ဒါကြောင့် သူ့အတွက် သီးသန့်လေယာဉ်၊ သက်သေခံကတ်ပြားအတုတွေနဲ့ ကိုယ်ရံတော်တွေပေးပြီး ဆယ်နှစ်လုံး ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီပေးခဲ့တာပေါ့။”

“အာ…”

ဆောယောင်းက ဖုန်များဝင်သွားမည်စိုး၍ သူ့နှာခေါင်းနှင့် ပါးစပ်ကို လက်ဖမိုးဖြင့် ကာလိုက်သည်။

လုံးဝ လုံးဝ သန့်ရှင်းရေးမလုပ်ထားသည့် အခန်းကို မြင်လိုက်ရသောအခါ မျက်နှာတွင် စိတ်ပျက်မှုက မသိမသာပေါ်လာ၏။

'ဒီလိုကိစ္စမျိုးအထိ ငါ့အလုပ်နယ်ပယ်ထဲမှာ ပါနေတာလား။'

အခြားအဖွဲ့ဝင်များ၏ အခန်းများကလည်း ထိုနည်းလည်းကောင်းဖြစ်နေမည်မှာ ကျိန်းသေပေသည်။

ဆောယောင်း သက်ပြင်းချကာ အင်္ကျီလက်များကို ခေါက်တင်လိုက်၏။

“Blast ကုမ္ပဏီ စုစုပေါင်းဝင်ငွေရဲ့ တစ်ဝက်က အထူးလုံခြုံရေးအဖွဲ့ကနေ လာတာတဲ့။ ဒါ လုံးဝ အလိမ်အညာ မဟုတ်ဘူးနော်။ ငါတို့ရတဲ့ ဆုကြေးတွေပဲ ကြည့်လေ၊ အများကြီးကို…”

ဆောယောင်းက အပေါက်များပါနေသည့် ဆိုဖာပေါ်သို့ ဘုတ်ခနဲ ထိုင်ချလိုက်သည်။ လေယာဉ်ပေါ်တွင် ကောင်းကောင်း မအိပ်ခဲ့ရသဖြင့် ထင်ထားသည်ထက် ပို၍ ပင်ပန်းနွမ်းနယ်နေ၏။ ထိုအချိန်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းက ရုတ်တရက် ခေါင်းကိုငုံ့စိုက်ကာ မေးလာသည်။

“အစ်မကြီး၊ နင် ပိုက်ဆံကြိုက်လား။”

“သိပ်တော့မကြိုက်ပါဘူး။”

ထိုအခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းက ကျွတ်စ်ဟူသော အသံဖြင့် စုတ်သပ်လိုက်သည်။

“ဒါဆို နင်လည်း ပြန်ရောက်ရင် အလုပ်ထွက်တော့မှာပေါ့။”

“မထွက်ပါဘူး။”

ဆောယောင်းက ဆိုဖာပေါ်မှ ထရပ်ကာ သူ အကြမ်းဖျင်း ယူဆောင်လာသော သန့်ရှင်းရေးပစ္စည်းများကို လှန်လှောရှာဖွေလိုက်သည်။ ဌာနခွဲမှူး ပေးလိုက်သော ဖိုင်ကိုကြည့်ပြီး ပြင်ဆင်လာသည့် ပစ္စည်းများဖြစ်သော်လည်း တကယ်သုံးရမည်ဟု မထင်ခဲ့မိပေ။

“ပိုက်ဆံ တကယ် မလိုတဲ့သူဆိုရင်တော့ မျက်နှာတွေ ဖြူဖျော့ပြီး ထွက်ပြေးကုန်ကြတာချည်းပဲ။ ငါ့ဆီကို ရုတ်တရက် လက်ဝါးကပ်တိုင်ကြီး လာထိုးထည့်သွားတဲ့ အဒေါ်ကြီးတောင် ရှိဖူးပါတယ်ဆို။ အဲ့ဒီလိုပဲ ငိုယိုပြီး ဒီကနေ ထွက်သွားခွင့်ပေးပါလို့ပြောတဲ့ အဒေါ်ကြီးလည်း ရှိဖူးတယ်။ ရဲကို ဖုန်းဆက်တိုင်ဖို့ ကြိုးစားခဲ့တဲ့သူတွေလည်း ရှိတာပေါ့။ နင်ကရော ဘယ်လိုလဲ။”

“ကျွန်မကတော့ အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ပါဦးမယ်။”

“ဘာ။”

“ဒီနေရာက ရတနာသိုက်ပဲဆိုပြီး ခံစားရလို့လေ။”

ဆောယောင်းက ရာဘာအိတ်လက်အိတ်ကို တည်ငြိမ်စွာဝတ်ရင်း ပြောလိုက်သောအခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းက မျက်နှာကို ရှုံ့မဲ့လိုက်သည်။

“အစ်မကြီး၊ ပြောတော့ ပိုက်ဆံကို စိတ်မဝင်စားဘူးဆို။”

ဆောယောင်းက ပြန်မဖြေဘဲ လိုက်ကာကို ဆွဲပိတ်လိုက်သည်။ ညစ်ပတ်ကာ မှုန်ဝါးနေသော ပြတင်းပေါက်အလွန်တွင် မီးခိုးရောင် ရှုခင်းက အတိုင်းသား ထင်ဟပ်နေ၏။

ရတနာသိုက်က အမှန်ပင်။ အမျိုးသားထောက်လှမ်းရေးဌာန တကယ် ကြိုက်နှစ်သက်မည့် ရတနာသိုက်။ ဤကုမ္ပဏီတစ်ခုလုံးက၊ ပိုပြီး တိကျအောင် ပြောရလျှင် အထူးလုံခြုံရေးအဖွဲ့တစ်ခုလုံးက သူ့အတွက် ပြီးပြည့်စုံသည့် ဇာတ်စင်တစ်ခုဖြစ်၏။

“တကယ် ဆိုးတဲ့ကုမ္ပဏီပါလား။”

ဆောယောင်းက သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းလိုက်သည်။

~~~~

သုံးနာရီနီးပါး ကြာမြင့်ခဲ့သော သန့်ရှင်းရေးအလုပ် အကုန်ပြီးဆုံးသွားလေသည်။

ဖြူလွလွ mask ပင် ညစ်ပေသွားသည်အထိ ဘယ်နေရာကိုပဲထိထိ ဖုန်များထွက်လာ၏။

ခုတင်အောက်ခြေမှစ၍ အံဆွဲဗီရို၊ အဝတ်ဗီရို၊ ပြတင်းပေါက်၊ ပြတင်းပေါက်ဘောင်နှင့် အိမ်သာအထိ။ မည်းနက်သွားသော အဝတ်စုတ်ကို ဘယ်နှစ်ကြိမ်တောင် လျှော်လိုက်ရ၊ ပစ်လိုက်ရမှန်း မသိတော့ပေ။

သူ သန့်ရှင်းရေးလုပ်ခဲ့သော အခန်းများက အဖွဲ့ဝင်များ၏ အခန်းများအပါအဝင် စုစုပေါင်း ရှစ်ခန်းရှိသည်။ တစ်ဖက်ကလည်း နာနေသော ခါးကိုပွတ်ရင်း နောက်ဆုံးအခန်းကိုပိတ်ပြီး ထွက်လာခဲ့ချိန်၌။

ဒုန်း...

လှေကားလက်ရန်းကို ကိုင်ထားသော လက်သို့ လေးလံသော တုန်ခါမှုက ကူးစက်လာခဲ့သည်။

လက်ရန်းအပြင်သို့ ခေါင်းပြူကြည့်လိုက်တော့ တူညီမှု တစ်ခုမှရှိပုံမရသော အမျိုးသားများက အောက်ဆုံးထပ်မှ အုပ်စုလိုက် တက်လာနေကြ၏။

ဒုန်း၊ ဒုန်း....

ကြောင်လိမ်လှေကားကို နင်းတက်နေကြသည့် ဖိနပ်သံများစွာကြောင့် သံမဏိဘောင်က ရေပွက်ပမာ တုန်ခါနေသည်။

ထိုအခိုက်အတန့်တွင် ထိပ်ဆုံး၌ရှိနေသော လူက ဆောယောင်းဘက်သို့ တည့်တည့် ခေါင်းမော့ကြည့်လာ၏။

“……”

“……”

ရှောင်တိမ်းချိန်ပင်မရလိုက်ဘဲ မျက်လုံးချင်း ဆုံမိသွားသည်က သဘာဝကျသောအရာပေပဲလားမသိ။

သွေးကဲ့သို့ နီရဲသော နေဝင်ချိန်က ဟောင်းနွမ်းစုတ်ပြတ်နေသော တည်းခိုခန်းကို ရေမျက်နှာပြင်အောက်ရောက်နေသကဲ့သို့ အလင်းပေးထားသည်။ ဖြူဖျော့ဖျော့မျက်နှာရှိသော အီဝူရှင်းက ထိုအလင်းရောင်အထဲတွင် အဆန်းကျယ်ဆုံးသော သတ္တဝါဖြစ်နေ၏။

လက်မ လက်သည်းခွံလောက်ရှိသော ပုံရိပ်က မကြာမီမှာပင် တဖြည်းဖြည်း နီးကပ်လာကာ ထိုလူက လှေကားတက်နေစဉ်တစ်လျှောက် ဆောယောင်းထံမှ မျက်လုံးကို တစ်ချက်ကလေးပင် မလွှဲခဲ့ချေ။

ကျောရိုးတစ်လျှောက် ကြက်သီးထသွားနိုင်လောက်အောင် အေးစက်သော မျက်လုံးများပင်။ ထိုအကြည့်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ဆောယောင်းလည်း ကိုယ်တိုင်တောင် သတိမထားမိဘဲ လက်ဖဝါးကို တင်းတင်းဆုပ်လိုက်မိသည်။

“ဟောတော်၊ အစ်မ...”

ထိုစဉ် အမျိုးသားများကို တိုးဝှေ့ကာ ရင်းနှီးနေသော မျက်နှာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ရား… တောင်ဂျိုဆွန်း အပြင်ဘက်မှာ တွေ့ရတော့ ပိုလို့တောင် ဝမ်းသာသေးတာပေါ့…”

“……ဘာလို့ ဒီမှာ...”

Mask နောက်ကွယ်မှ ပါးစပ်က အဟောင်းသားဖြစ်သွားသည်။ ဆောယောင်း တောင့်ခနဲ ဖြစ်သွားသည်နှင့် ချန်နာက ဟီးခနဲရယ်ကာ ချဉ်းကပ်လာ၏။

“အံ့ဩသွားတာလား။ ကျွန်မလည်း အလုပ်လာလုပ်တာပေါ့။”

“ချန်နာက ဒီမှာ အလုပ်လုပ်တာပေါ့လေ။”

အဖွဲ့မှူးအား 'ချီးလိုပဲ' ဟု ဆဲခဲ့သည်ကို ထိုအဖွဲ့မှူးက... ထိုသို့ဆိုလျှင်...

ချန်နာက အိုးတိုးအမ်းတမ်းဖြစ်သွားသလို မျက်လုံးကို လွှဲရှောင်လိုက်သည်။

ထိုခိုက်အတန့်တွင် ချန်နာ၏ အနောက်ဘက်မှ အဖွဲ့ဝင်များ တက်လာကြ၏။ အထူးလုံခြုံရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်း သီးသန့်မေးနေစရာမလိုပေ။

ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် မျက်လုံးထောင့်များ စူးစူးရှရှရှိသူ၊ အသားညိုညိုနှင့် ကြံ့ခိုင်ပုံရသူ၊ နှုတ်ခမ်းကို မသိမသာ ကိုက်ထား၍ စကားနည်းပုံရသူတို့ တစ်ပြိုင်နက်တည်း အမြင်အာရုံထဲသို့ ရောက်လာသော်လည်း သူတို့က အီဝူရှင်းကို ဦးညွှတ်ဂါရဝပြုပြီးနောက် အခန်းများဆီသို့ ချက်ချင်း ဝင်ရောက်သွားကြ၏။

သာမန်အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မျက်လုံးအကြည့်များက ပုံမှန်မဟုတ်သော အားတစ်မျိုးကို ထုတ်ဖော်ပြသနေသည်။ ချန်နာပါ အဖွဲ့ဝင်များနောက်သို့ လိုက်ဝင်သွားသောအခါ စင်္ကြန်တွင် လူနှစ်ဦးသာ ကျန်ခဲ့တော့၏။

ခပ်ကိုင်းကိုင်း ရပ်နေသော သူက ပျင်းတိပျင်းတွဲ အသံဖြင့် မေးလာသည်။

“နှုတ်ပိတ်နေဖို့ ကတိပြုလွှာမှာ လက်မှတ်ထိုးပြီးပြီလားဗျ။”

“…ဟုတ်ကဲ့။”

“ဒါဆို အလုပ်ရဲ့ အကြောင်းအရာ အားလုံးကို ကြားပြီးပြီပေါ့။ ဘာလို့ ဒီမှာ ရှိနေသေးတာလဲဗျ။”

ထိုလူက ညစ်ပတ်ပေကျံနေသော ဆောယောင်းအား စိတ်ပျက်သည့် မျက်လုံးများဖြင့် စွပ်စွဲသလိုကြည့်နေသည်။

အဲ့ဒါက ဘာစကားလဲ။

ဆောယောင်းက မေးခွန်းထုတ်သည့် သဘောဖြင့် သူ့ကို စိုက်ကြည့်လိုက်၏။ ထိုအခါ ချောမွေ့သော အောက်နှုတ်ခမ်းကို ပွတ်သပ်ရင်း မျက်ခုံးကျုံ့ထားသော အီဝူရှင်းက ပါးစပ်ဖွင့်လာသည်။

“ဘယ်လိုတွေးတွေး နားမလည်နိုင်လို့ပါ။”

“……”

“အားလုံး ကြားပြီးပြီဖြစ်မှာ သေချာတာကို ဘာလို့ ဖုန်အလိမ်းလိမ်းကပ်နေတဲ့ ခန္ဓာကိုယ်ဖြစ်နေရတာလဲ။”

“အခန်းက အရမ်းညစ်ပတ်နေလို့ပါ။”

“……”

“ဒီက သန့်ရှင်းမှုက လုံးဝ အမှိုက်ပုံလိုပါပဲ။”

အီဝူရှင်းက မျက်ခုံးကို ရုတ်တရက် ကျုံ့လိုက်ပြီးနောက် အသက်ရှူသွင်း၍ မျက်နှာထားကို အမူအရာကင်းမဲ့အောင် ပြောင်းလိုက်သည်။

ယင်းမှာ အမှန်တကယ် ထူးဆန်းသော မျက်နှာထားပင်။ တစ်ခုခု လုံးဝမှားယွင်းနေသည်ကို မြင်နေရသည့်အလား၊ ခက်ခဲသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည့်အလား၊ သူက လက်နှစ်ဖက်ကိုယှက်ပြီး မျက်လုံးကိုအုပ်ကာ မျက်နှာကြက်ကို တစ်ချက်မော့ကြည့်လိုက်သည်။

'မေးချင်တာက ဒါမဟုတ်ဘူးလား။ အဖြေမှန်လို့ ထင်ထားတာကို…။ သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ရပုံထောက်ရင် မဟုတ်ဘူးထင်တယ်။'

ခဏနေတော့ စုစည်းတည်ငြိမ်သော မျက်နှာထားသို့ ပြန်ရောက်လာသည့် သူက ယဉ်ကျေးစွာ ပြုံးပြခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထိုင်းရဲမှူးချုပ်တစ်ယောက် မူးယစ်ရာဇာဆီကနေ လာဘ်ထိုးငွေတောင်းရင်း သူ့ကို ကိုယ်တိုင် သတ်ပစ်ခဲ့တဲ့ အဖြစ်တစ်ခုရှိဖူးတယ်ဗျ။”

“……"

“အတိအကျပြောရရင် နှိပ်စက်ပြီးမှ သတ်လိုက်တာပါ။ သဘောတူထားတဲ့ လာဘ်ထိုးငွေပမာဏက တအားနည်းလွန်းတယ်ဆိုပြီးတော့ မျက်နှာပေါ်ကို ပလတ်စတစ်အိတ်စွပ်ပြီး ဆက်တိုက် ရိုက်ခဲ့တာ။ အဲ့ဒီလိုမျိုး အသက်ရှူကျပ်ပြီး သေအောင်လုပ်ခဲ့တာဗျ။”

ဆောယောင်းက အဆက်အစပ်မရှိသော စကားများကြောင့် မျက်လုံးကိုသာ ပေကလပ်ပေကလပ် လုပ်နေမိသည်။

“အဲ့ဒီဗီဒီယို ပြန့်သွားလို့ အမှုပေါ်လာပေမဲ့ အဲ့ဒီရဲမှူးချုပ်ကိုတော့ အခုအထိ မမိသေးဘူး။”

“……”

“ဟန်ဆောယောင်းက အခု အဲ့ဒီလို နိုင်ငံမျိုးမှာ မကောင်းမှုလုပ်ဖို့ လာကူညီပေးနေတာပါ။ အဲ့ဒါတင်ဘယ်ကမလဲ။ မူးယစ်ဆေးဝါး မှောင်ခိုကူးဖို့ဖြစ်ဖြစ် ကိုယ်ရံတော်လုပ်ပေးဖို့ဖြစ်ဖြစ် သေနတ်တွေတပ်ဖို့ ဝင်လာတဲ့ ကောင်တွေကိုပါ ထမင်းချက်ကျွေးရမှာ။”

ထိုလူက စိတ်ရင်းဖြင့် မျက်လုံးထောင့်စွန်းများ ကွေးညွှတ်ကာ ဆောယောင်းကို လှောင်ပြောင်ပြောဆိုခဲ့သည်။

“ဒါတောင် ဒီလိုနေရာမျိုးကို သန့်ရှင်းရေးလုပ်ချင်စိတ် ပေါ်သေးတယ်ပေါ့လေ။”

အူတူတူ အတတ ကလေးတစ်ယောက်ကို ချော့မော့နေသလို လေသံဖြစ်သော်လည်း ဆုံမိသွားသော မျက်လုံးများကတော့ အေးစက်လှ၏။

ဆောယောင်းက တစ်ဖက်သတ် ဆူပူအပြစ်တင်မှုကြောင့် မျက်ခုံးကို အနည်းငယ် ကျုံ့လိုက်သည်။ ဤစကားများ အားလုံးကို… ‘ဘာဖြစ်လို့ ဒီကနေ ထွက်မသွားသေးတာလဲ’ ဟု မေးနေသလို ကြားနေရသောကြောင့်ပင်။

ဆောယောင်းက ဖိုသီဖပ်သီကျနေသော ဆံပင်များကို လက်ဖမိုးဖြင့် ဖြစ်ကတတ်ဆန်း ဖယ်ရှားလိုက်သည်။

အခု လာနောက်နေတာလား။

ခရီးစဉ်စာရင်းတွင် သူ့ကို ထည့်ပေးခဲ့သည့် လူက ထိုစကားမျိုး ပြောနေသတဲ့လား။

ရင်ထဲတွင် ဒေါသက ပြင်းထန်စွာ ဆူပွက်လာသော်လည်း မည်သို့သော အမူအရာဖြင့် တုံ့ပြန်ရမည်မှန်းမသိသောကြောင့် ခဏလောက် တွေဝေနေစဉ် သူ့ပါးစပ်က နောက်တစ်ကြိမ် လှုပ်ရှားလာပြန်သည်။

“နည်းနည်းလောက် အကြောက်အလန့်လေး ရှိပါဦးလို့။”

“……”

“အကန်းလည်း မဟုတ်ဘဲနဲ့ ဘာလို့ အကန်းလို လုပ်နေရတာလဲ။”

'သူ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုစကားမျိုး ပြောနေတာဖြစ်မလဲ။'

“အရင်က လုပ်နေကျအတိုင်း၊ အရှိကိုအရှိအတိုင်း ပြုမူပြီး နေပါဗျ။”

အီဝူရှင်းက ယခင်အတိုင်း ကျက်သရေတုံးနေဆဲပင်။ လူမှုရေးအတွေ့အကြုံ များပြားလာသည်နှင့်အမျှ ပို၍ပင် ခက်ခဲလာသော်လည်း...

“ကျွန်မလည်း အဲ့ဒီလိုပဲ နေနေတာပါ။”

ဆောယောင်းတွင် အထူးလုံခြုံရေးအဖွဲ့မှ ထွက်လိုစိတ် မရှိတော့ပေ။ ယခုအချိန်မှစပြီး အဖြေကို ကောင်းကောင်းပေးရုံသာရှိတော့သည်။

“မနက်ဖြန်မနက် နံနံပင်ထည့်ထားတဲ့ ခေါက်ဆွဲပြုတ်ဆို အဆင်ပြေမလားရှင့်။”

“……”

“နံနံပင် ဖယ်ပေးရမလားဟင်။”

မျက်နှာပျက်ယွင်းသွားပုံထောက်လျှင် အဖြေမှားကို ပေးလိုက်မိသည့်ပုံပင်။

~~~~

ပတ်ဝန်းကျင် ပထဝီဝင်အနေအထားနှင့် အကျွမ်းဝင်အောင် လုပ်ထားခြင်းက ကောင်းသည်ဟု ပြောသောကြောင့် ဆောယောင်းက မနက်တိုင်း လမ်းသွယ်အချို့ကို လျှောက်သွားခြင်းဖြင့် တစ်နေ့တာကို စတင်လေ့ရှိသည်။

သူက မိုးမလင်းမီ စောစောထ၊ ဈေးသို့သွားပြီး အဆင်ပြေသော အစားအစာများကို ပြင်ဆင်ကာ ပြင်ပြီးသွားသော ဟင်းလျာများကို အဖွဲ့ဝင်များ၏ အခန်းရှေ့တွင် သေသေချာချာ ချထားပေးခဲ့၏။

ရင်းနှီးမှုမရှိသော ဗိသုကာပုံစံများကြောင့် ခြေလှမ်းများ နှေးကွေးသွားကာ၊ လေထဲတွင် သင်းပျံ့စွာ ပျံ့လွင့်လာသော ဟင်းခတ်အမွှေးအကြိုင်နံ့များကြောင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်။ ဆောယောင်းက ယခုလက်ရှိတွင် ချန်နာ ဆွဲခေါ်သွားသည့်အတိုင်း ထိုင်းနိုင်ငံ၏ မြို့ထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment