အပိုင်း ၂၄
“အာ.... ရှိတာလား၊ မရှိဘူးလား။”
အတင်းဖြေခိုင်းသလို မေးလာသည့် အသံကြောင့် ချန်နာတစ်ယောက် အလိုလို ခေါင်းခါပြလိုက်သည်။
“အဲ့ဒါမှမဟုတ်ရင် နားမလည်နိုင်လို့လေ။”
“ဘာကိုပြောတာလဲရှင့်။”
ချန်နာက အတတ်နိုင်ဆုံး အသံကြားနိုင်ရုံလောက်သာ တိုးတိုးလေးပြောလိုက်သည်။
“ဒီလောက် အချိန်တိုလေးအတွင်းမှာ အကြောက်အလန့်မရှိဖြစ်သွားစရာ အကြောင်းမရှိဘူးလို့။”
“ဘာ...”
“ဒါဆို အခု သူလုပ်နေတဲ့လုပ်ရပ်တွေကို ပုံမှန်လို့ ပြောလို့ရလား။”
“……”
ချန်နာလည်း ထိတ်လန့်သွားတော့သည်။ မရည်ရွယ်ဘဲ ပြစ်မှုဆိုင်ရာ အကြံပေးခြင်းကို နှစ်ကြိမ်တိုင်တိုင် လုပ်ပေးခဲ့ဖူးသူအနေဖြင့် အရင်ဦးဆုံး ခြေမကိုင်မိလက်မကိုင်မိဖြစ်လာသည်ကို ခံစားလိုက်ရ၏။
ဧကန္တ သိသွားပြီလား။ အစ်မရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်ကိုလေ။
မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့်ကိစ္စ၊ အမျိုးသားထောက်လှမ်းရေး၏ ဒုညွှန်မှူးကို ပြန်ပေးဆွဲရန် စီစဉ်ထားသည့်အစီအစဉ်များ အားလုံး ပေါ်သွားကုန်ပြီလား။ ခဏတွင်းချင်းမှာပင် ချန်နာ၏ မျက်နှာက ဖြူဖျော့သွားတော့သည်။
အဖွဲ့မှူးအသစ်က ယေဘုယျအားဖြင့် ဘာသိဘာသာနေတတ်သော်လည်း အချို့ကိစ္စများတွင်မူ အသေးစိတ်ကျကျ မေးမြန်းစိစစ်ရသည်ကို နှစ်သက်သူပင်။
အထူးလုံခြုံရေးအဖွဲ့၏ ဖောက်သည်အများစုမှာ ငွေကြေးချမ်းသာပြီး ဖောက်ပြန်ပျက်စီးနေသူများဖြစ်သော်လည်း အီဝူရှင်းက အံ့အားသင့်စရာကောင်းလောက်အောင် ကျွမ်းကျင်ပိုင်နိုင်သော လူမှုဆက်ဆံရေးစွမ်းရည်နှင့် အလုပ်လုပ်ပုံကို ပြသခဲ့သည်။
သို့သော်လည်း သူက အဖွဲ့ဝင်များကို သွေးအမျိုးအစား သို့မဟုတ် ချစ်သူရည်းစားရှိ၊ မရှိကဲ့သို့သော အဓိပ္ပာယ်မရှိသည့် အကြောင်းအရာများသာ မေးမြန်းလေ့ရှိပြီး စိတ်မဝင်စားသလို ဘာသိဘာသာနေတတ်ကာ အားလပ်ချိန်ရလျှင် အမြဲတမ်း တစ်ရေးတစ်မော အိပ်နေလေ့ရှိ၏။ ထို့နောက် လေ့ကျင့်ရေးအချိန်ရောက်လျှင်မူ ချောမောလှပစွာ ပြုံးနေသည့် မျက်နှာဖြင့် လူကို မာနထိခိုက်အောင် မထိတထိဆွတတ်သူဖြစ်ပေသည်။
စိတ်ကူးပေါက်ရာ လုပ်တတ်ပြီး စိတ်နေစိတ်ထား မတည်ငြိမ်သည့် အထက်အရာရှိဟူသော အဓိပ္ပာယ်ပင်။
အကယ်၍သာ ထိုသို့သောလူ၏ မျက်စိထဲသို့ ကန့်လန့်ဝင်သွားမည်ဆိုလျှင်...။
“မကောင်းတဲ့ကောင်တွေကို မနက်တိုင်း ဟင်းသုံးမျိုးပါတဲ့ ထမင်းပွဲ သွားချပေးနေတာက စိတ်မှန်သေးရဲ့လားလို့။”
"အာ...”
တော်ပါသေးရဲ့၊ အဲ့ဒီဘက်ကိစ္စ ဖြစ်နေတာကိုး။
တောင့်တင်းနေသော ချန်နာ၏ ပခုံးများလည်း ခဏတွင်းချင်း ပြေလျော့သွားတော့သည်။
“စစ်သားတွေစားတဲ့ အသင့်စား အစားအစာလောက်ပဲ စားရရင်ဖြစ်တဲ့ ကောင်တွေကို၊ အဲ့ဒါကလည်း မစ်ရှင်လုပ်နေတုန်း ဘယ်သူကများ ကိုရီးယားအစားအသောက်တွေ ချက်ပြုတ်ပြီး ခူးခပ်ကျွေးလို့လဲ။ မဟုတ်မှ ကုမ္ပဏီက ငါတို့ရဲ့ စားရေးသောက်ရေးအတွက် စိတ်ပူလို့ ဒီတစ်လျှောက်လုံး အစ်မကြီးတွေ လွှတ်ခဲ့တယ်များမှတ်နေတာလား။”
“...”
“တစ်ယောက်ယောက် လျှောသွားတဲ့အခါ အချိန်မီ အလောင်းကောက်မဲ့ မိသားစုရှိမှဖြစ်မှာမို့လို့ အယောင်ဆောင်ပြီး လွှတ်လိုက်တာပဲပေါ့။ ဒါပေမဲ့ မင်းရဲ့ နှေးတိနှေးတုံ့ လုပ်ပုံကိုင်ပုံကို ကြည့်လိုက်တော့ ဟန်ဆောယောင်းက ဒီခရီးစဉ်မှာ တကယ် အသုံးဝင်လာမလားမသိဘူး။”
ခေါ်လာရကျိိုးနပ်လောက်တယ်ဟု ပြောနေသလို လေသံကြောင့် ချန်နာ၏ ပခုံးများ ဆတ်ခနဲတွန့်သွားတော့သည်။
ထိုစဉ် laptop မျက်နှာပြင်တွင် စနစ်ဖွင့်တင်မှုညွှန်းကိန်းများ လျင်မြန်စွာ အပြည့်တက်လာ၏။ Security firewall ကို ဖြတ်ကျော်ကာ စနစ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် လက်ဗွေပုံစံများ တစ်စုတစ်ဝေးကြီး ပေါ်လာလေသည်။
ထိုအခိုက်အတန့်မှာပင် တစ်စုံတစ်ဦးက ကျူးကျော်ဝင်ရောက်မှုကို သိရှိသွားသည့်အလား အမှောင်ထဲမှ မီးလုံးများ တစ်လုံးပြီးတစ်လုံး လင်းလာတော့၏။ ချန်နာက လက်သည်းကိုကိုက်ရင်း မော်နီတာကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်။
အမြန်ဆုံး ပြီးမှဖြစ်မယ်... မြန်မြန်လေး...
“အခု ဟန်ဆောယောင်းက သူ့အသက်အရွယ်နဲ့ယှဉ်ရင် ဆင်ခြင်သိမြင်နိုင်စွမ်း သိသိသာသာ ကျနေသလိုပဲ။”
သို့သော်လည်း အရေးပေါ်အခြေအနေနှင့် မအပ်စပ်သော စကားတစ်ခွန်း ထပ်မံထွက်ပေါ်လာပြန်သည်။
“အရက်ကြောင့် ဦးနှောက်ထိသွားတာမှ မဟုတ်ရင် စိတ်ဖိစီးမှုကြောင့် ချီးလား၊ ပဲငပိလားဆိုတာ စားကြည့်မှသိတော့တဲ့ အရူးဖြစ်သွားတာပဲနေမှာကို။ ပိုင်ဆိုင်သမျှတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့ အဲ့ဒီကောင်က သာမန်လူဆိုး မဟုတ်ဘူးထင်တယ်။”
“……”
“လူက ဒီလောက်အထိ ရူးကြောင်ကြောင်ဖြစ်သွားနိုင်လိမ့်မယ်မှန်း မသိခဲ့ဘူး။”
ဘယ်သူ့ကို ရည်ရွယ်မှန်းမသိသော ခနဲ့စကားက အေးစက်စွာထွက်လာသည်။ ချန်နာတစ်ယောက် အသာလေး နားထောင်နေရင်း အကြောင်းမဲ့ ဒေါသထွက်လာကာ အံကြိတ်လိုက်မိ၏။
“……အဆိုးဆုံးထဲက အဆိုးဆုံးဖြစ်တဲ့ကောင်နဲ့ ဆုံခဲ့ရတယ်လို့ပဲ ရှင်းပြနိုင်ပါတယ်။ အဲ့ဒီ ခွေးလိုကောင်ကြောင့်သာ အစ်မက ဒီလောက်အထိ ဒုက္ခရောက်ပြီး ဒီလိုဖြစ်သွားတာပါ……”
“……”
“ကျွန်မ အသက်ရှင်နေသရွေ့ အဲ့ဒီကောင်ကို တွေ့ရင် ဗိုက်ကိုခွဲပြီး အသားကင်တုတ်ထိုး လုပ်ပစ်မှာပါ။ တခြား ဘာမှထပ်မမေးဘဲနဲ့ အဲ့ဒါတစ်ခုပဲ သိထားပေးပါ……”
အီဝူရှင်းက လက်မဖြင့် သွေးကြောနေရာကို နှိပ်နေသကဲ့သို့ တင်းနေသော လည်ပင်းကြောကို ဖြည်းညင်းစွာ ဖိနေသည်။
“အဲ့ဒါကြောင့် ကျွန်မကပဲ အစ်မကို ကျွန်မတို့ကုမ္ပဏီထဲ ဆွဲသွင်းခဲ့တာပါ။”
“……မင်းကလား။”
အီဝူရှင်းက တစ်ချက်ကြောင်သွားကာ မေးလိုက်သည်။
“အကြောင်းရင်း အများကြီးရှိပေမဲ့ ပထမဆုံး အကြောင်းရင်းကတော့ ယောက်ျားတွေများလို့ပါ။ တခြားအတွေးတွေ မတွေးဘဲ၊ ငယ်ငယ်ရွယ်ရွယ် ခန္ဓာကိုယ်တောင့်တဲ့ ရဲဘော်တွေနဲ့ မျက်လုံးချင်းဆုံပြီး အချစ်ကို ရှာနိုင်အောင် ကျွန်မက ဝင်ပါပေးခဲ့တာပါ။”
“……”
“အဲ့ဒီလိုလုပ်မှပဲ အမြန်ဆုံး ပြန်သက်သာလာမှာ မဟုတ်လား။ တကယ် နောင်တမရမဲ့ ကြားဝင်ခြယ်လှယ်မှုပါ။”
Laptop မျက်နှာပြင် ပြောင်းသွားသည်။ ရှုပ်ထွေးစွာ လည်ပတ်နေသော စကားဝှက်များက တစ်ခုတည်းအဖြစ် ပုံသေဖြစ်သွားကာ နောက်ဆုံးတွင် ဖိုင်များက သွန်ကျသလို ပွင့်လာတော့၏။
ချန်နာက နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေရသဖြင့် ရုတ်တရက် ပတ်ဝန်းကျင် တိတ်ဆိတ်သွားသည်ကို သတိမထားမိလိုက်ချေ။
“မင်းပဲကိုး။”
ထိုအခိုက်အတန့်တွင် အီဝူရှင်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။ တစ်ဖက်ကလည်း စိတ်သက်သာရာရသွားသလို ရယ်သံစွက်နေသည့် အသံပင်။
သူက ထိုသို့သော အဓိပ္ပာယ်မသိရသည့် စကားကိုဆိုကာ ချန်နာ၏ကျောကို တွန်းလိုက်သည်။ မင်းလုပ်ရမဲ့အလုပ် ပြီးပြီ၊ ဒီနေရာက ထွက်သွားတော့ ဟူသော အချက်ပြမှုပင်။
ချန်နာလည်း ခေါင်းဆောင်းကို ဆောင်းထားလျက် နောက်သို့ပင်လှည့်မကြည့်ဘဲ စံအိမ်ကြီးထဲမှ ထွက်လာခဲ့သည်။
ကျန်အဖွဲ့ဝင်များက နယ်စပ်သို့ ဆက်သွားကြမည်ဖြစ်သော်လည်း ချန်နာ၏ အလုပ်ကမူ ဤမျှဖြင့် ပြီးဆုံးသွားခဲ့ပေပြီ။
'ပြန်ရောက်ရင် အစ်မနဲ့ ခေါက်ဆွဲပြုတ်စပ်စပ်လေး ပြုတ်စားရမယ်။'
မကြာခင်မှာပင် ချန်နာတစ်ယောက် မီးများပိတ်ထားသည့် နောက်ဖေးလမ်းကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
~~~~
“...”
သန်းခေါင်ယံအချိန်တွင် ဆောယောင်း အိပ်ရာမှလန့်နိုးလာသည်။
မည်သည့် အရိပ်လက္ခဏာမျှမရှိဘဲ ရုတ်တရက် မျက်လုံးများ ပွင့်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေရာ နိုးလာပြီးနောက် အတန်ကြာသည်အထိ မျက်နှာကြက်ကိုသာ ငေးကြည့်နေမိ၏။
ခေါက်ဆွဲပြုတ်ကို ညဉ့်နက်ကြီး စားခဲ့မိလို့များလား...။
သန်းခေါင်ကျော် အချိန်လွန်မှ ညစာစားကာ အိပ်ခဲ့ပြီး ယင်းကလည်း နည်းနည်းငန်သွား၍ပေပဲလား။ ရေငတ်ပြီး အာခြောက်နေသည်။
နေရာမှထကာ နာရီကို ကြည့်လိုက်တော့ နယ်စပ်သို့ ထွက်ခွာသွားခဲ့သော အဖွဲ့ဝင်များ ပြန်လာရမည့်အချိန် ဖြစ်နေပေပြီ။
ခရီးထွက်လာသည်ဟုဆိုသော်ငြားလည်း တကယ်တော့ ရုံးချုပ်တွင် နေရသည်နှင့်မခြားသည့် နေ့စဉ်ဘဝကိုသာ ဖြတ်သန်းခဲ့ရ၏။
သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ ပြီးလျှင်လည်း သန့်ရှင်းရေးပြန်လုပ်ရသည့် အက်ကြောင်းထပ် နေ့စဉ်ဘဝကို ဖြတ်သန်းရင်း ကိုရီးယားသို့ ပြန်ရမည့်နေ့က မနက်ဖြန်ကို ရောက်ရှိခဲ့လေပြီ။ ပါးကို ပွတ်သပ်ပြီးနောက် ခုတင်ပေါ်မှ ခြေချလိုက်၏။
“……”
ထိုစဉ် ခဏတွင်းချင်း ပျောက်သွားခဲ့သော သူ၏ မှုန်တေတေမျက်နှာက လေဟာနယ်သို့ လှမ်းကြည့်မိသွားတော့၏။
ဘာ...ပါလိမ့်။
ဤတစ်ကြိမ်လည်း ဘာမှန်းမသိရသော ထူးဆန်းသည့် ခံစားချက်က ဝင်လာပြန်သည်။
ဟောင်းနွမ်းစုတ်ပြတ်နေသော ဤတည်းခိုခန်းက နံရံများ ပါးလွန်းလှသဖြင့် ညဘက်ရောက်တိုင်း အသံပေါင်းစုံ ကြားနေရလေ့ရှိ၏။
နိုင်ငံခြားဘာသာစကားဖြင့် ပြောဆိုသံများ၊ ရေအိမ်သွားပြီး ရေဆွဲချသည့်အသံများ၊ တဒုန်းဒုန်း ခြေသံများနှင့် စားပွဲပေါ်သို့ ဖန်ခွက်ချသည့် သေးငယ်သော အသံလေးများအထိ။ ထိုသို့သော ဆူညံသံများအားလုံးက လေထုထဲတွင် ထုထည်ကြီးမားစွာ ရှိနေခဲ့သည်ကို။
ဘာလို့......ဘာသံမှ မကြားရတော့တာလဲ။
ဟုတ်တယ်၊ ဒီအချိန်ဆိုရင် ဘေးခန်းက ဝန်ထမ်း တဟွတ်ဟွတ် ချောင်းဆိုပြီးတော့ ရုပ်ရှင်ဟောင်းကြီးကို မပိတ်ဘဲထားခဲ့လို့ ဆူညံနေရမှာကို။ နဂိုအတိုင်းဆို အဲ့ဒီလို ဖြစ်နေသင့်တာကို။
ဆူညံသံအားလုံး လုံးဝ ပျောက်ကွယ်နေလေသည်။
“……”
ဆောယောင်းလည်း အကြောင်းမဲ့ လက်မောင်းကို ပွတ်သပ်ရင်း တံခါးကို ဖွင့်လိုက်သည်။ ကျွီခနဲ မြည်သံနှင့် ပတ္တာကျပ်နေသော တံခါးက ကြက်သီးထရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေသော စင်္ကြံလျှောက်လမ်းပေါ်သို့ တွန်းပွင့်သွား၏။ ထူးဆန်းလောက်အောင် တိတ်ဆိတ်နေသောညပင်။
ဆောယောင်းလည်း ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်ရင်း စုတ်ပြတ်နေသော စင်္ကြံအတိုင်း ခြေလှမ်းတစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ထိုစဉ် မပိတ်ဘဲ အနည်းငယ် ဟနေသော ယာဉ်မောင်း၏ အခန်းတံခါးဘက်သို့ သူ့အကြည့်က ဆွဲယူခံလိုက်ရသလို ကျရောက်သွား၏။
ထူးဆန်းစွာပင် လျှာက ခြောက်ကပ်လာကာ နှလုံးက တဒိတ်ဒိတ် ခုန်လာသည်။ လက်ကို ဆန့်တန်းကာ တံခါးကို တွန်းလိုက်သည်နှင့်တစ်ပြိုင်နက် ဆောယောင်းတစ်ယောက် ရေခဲရေ လောင်းချခံလိုက်ရသလို တောင့်တင်းသွားရ၏။
“အော… အော……”
အော်သံမထွက်စေရန် မသိစိတ်ဖြင့် ပါးစပ်ကို ဖိပိတ်ထားလိုက်မိသည်။
သူ လျှော်ဖွပ်ပေးခဲ့သည့် ဖြူလွလွ အိပ်ရာခင်းက အကုန် သွေးအလိမ်းလိမ်းနှင့် ဆိုးဆိုးဝါးဝါး စွန်းထင်းလျက်။ လည်ပင်းနှင့် နဖူးတွင် ဓားမြှောင်၏ လက်ကိုင်ကိုသာ မြင်ရလောက်သည်အထိ ဓားသွားက နက်ရှိုင်းစွာ ထိုးစိုက်လျက်။ သွေးများက ယခုအထိ ပွက်ခနဲ ပွက်ခနဲ ဆက်လက်စီးဆင်းနေဆဲပင်။
“အွတ်……”
မရွေ့တော့သည့် ခြေထောက်များကို အတင်းအကျပ် လှုပ်ရှားကာ ဝန်ထမ်း၏ နှာခေါင်းဆီသို့ လက်ချောင်းကို ထိကပ်ကြည့်လိုက်သည်။
ဒါက တကယ်ပဲ...တကယ်ပဲ ဘာဖြစ်တာလဲ...
ထိုလူက အသက်မရှိတော့။ ယာဉ်မောင်းက သွေးချင်းချင်းနီကာ မျက်လုံးပင်မမှိတ်နိုင်ဘဲ သေဆုံးနေခဲ့သည်။
ခေါင်းတစ်ခုလုံး ဖြူဖွေးပြီးဗလာဖြစ်သွားသည့် ဆောယောင်းက ခေတ္တမျှ မလှုပ်မယှက်နေနေပြီးနောက် အခန်းထဲမှထွက်လာကာ သူ အသာဖွဖွလေး လျှောက်လာခဲ့ရာ လမ်းကြောင်းအတိုင်း ပြန်လှည့်ပြီး ဘေးခန်းသို့ ဦးတည်လိုက်သည်။ ဘာသိဘာသာ ဖြတ်ကျော်ခဲ့သည့် အခန်းပင်။
အားပြတ်နေသလို ယိုင်နဲ့နေသော ခြေလှမ်းများက တဖြည်းဖြည်း မြန်လာသည်။ သူက တွန့်ဆုတ်မနေဘဲ ဘေးခန်း၏ တံခါးလက်ကိုင်ကို ဆွဲလိုက်၏။
တစ်ချက်လေး လက်များ တုန်ယင်သွားသော်လည်း အံကိုတင်းတင်းကြိတ်ကာ အထဲသို့ဝင်လိုက်သည်။ ထိုအခါ ညှီစို့စို့၊ ကြောက်စရာအနံ့က နှာခေါင်းပေါက်ကို ပိတ်ဆို့သွားတော့၏။
“မဖြစ်ဘူး……”
ဒါက ဘာလဲ၊ တကယ်ပဲ ဒါက ဘာလဲ၊ မဖြစ်ဘူး……
ဆံပင်အရောင်ဖျော့ဖျော့နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းက ကျောဘက်တွင် ဓားဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေလေသည်။
ပါးစပ်နားတစ်ဝိုက်တွင် သွေးများ အဆက်မပြတ်အန်နေခဲ့သဖြင့် မေးရိုးအောက်ပိုင်းနှင့် အင်္ကျီရှေ့ပိုင်းက အကုန်ရဲရဲနီနေ၏။ ဘယ်နေရာကို ဘယ်လို ပိတ်ရမည်မှန်း မသိနိုင်လောက်အောင် သွေးများရွှဲနစ်နေခဲ့သည်။
ဘယ်လိုများ လူနှစ်ယောက် သေသွားသည်ကို ဘာမှမသိဘဲ နေနိုင်ခဲ့ရသလဲ။
ဆောယောင်းက စိုထိုင်းထိုင်းဖြစ်နေသော လက်များဖြင့် မျက်နှာကို ပွတ်သပ်လိုက်သည်။ အသက်ရှူမဝဘဲ မူမမှန် ဖြစ်နေသော အသက်ရှူနှုန်းကို ထိန်းချုပ်ရင်း အခန်းထဲကို ဝေ့ဝဲကြည့်လိုက်၏။
“……”
အခန်းထဲတွင် တိုက်ခိုက်ခဲ့သည့် အရိပ်အယောင် တစ်စက်ကလေးမျှ မရှိချေ။
သို့ဆိုလျှင် အော်ဟစ်သံပင် မပြုနိုင်ဘဲ သေဆုံးသွားခြင်း ဖြစ်ပေမည်။ တစ်ချက်တည်းဖြင့် အသက်အန္တရာယ်ရှိသော နေရာကို အထိုးခံခဲ့ရသောကြောင့် အသံပင်မထွက်နိုင်ခဲ့ခြင်းဖြစ်၏။
ဒါပေမဲ့ ဘယ်လိုဖြစ်လို့လဲ။
ဒီလို ညကြီးသန်းခေါင် အချိန်မျိုးမှာ ဘယ်သူကများ သူတို့ကို သတိလက်လွတ်ဖြစ်အောင် လုပ်ခဲ့တာလဲ။
ရုတ်တရက် စူးစိုက်မှုမရှိသော မျက်လုံးက တစ်ဖက်နံရံပေါ်သို့ စူးစိုက်ကျရောက်သွားတော့သည်။
နေဦး...... နောက်...... နောက်တစ်ခန်းက.....
“ချန်နာ……”
'အွတ်' ဟု ပူနွေးသော ခံစားချက်တစ်မျိုး တရစ်ရစ်တက်လာသည်။
အခြားသူမဟုတ်ဘဲ ချန်နာ၏ အခန်းပင်။
ဒူးခွေကာ လဲကျသွားသော ဆောယောင်းတစ်ယောက် ကြမ်းပြင်ကိုထောက်ကာ ထရပ်လိုက်စဉ် သေဆုံးသွားသော ဆေးဘက်ဆိုင်ရာဝန်ထမ်း၏ နားရွက်တစ်ဖက်က မျက်လုံးထဲသို့ ဝင်လာ၏။
“...”
သူ၏နားထဲတွင် အနက်ရောင် ကြိုးမဲ့နားကြပ်တစ်ခု တပ်ထားသည်ကို တွေ့လိုက်ရသည်။ တိုက်ခိုက်ခံရပြီးနောက် နောက်ဆုံးအထိ တစ်ခုခု လုပ်ဆောင်ရန် ကြိုးစားခဲ့ပုံရကာ လက်မအရွယ်ခန့်ရှိသော ကိရိယာက သွေးများစိုရွှဲလျက်ရှိနေ၏။
ဆောယောင်းလည်း သေဆုံးသူထံမှ ထိုနားကြပ်ကို ယူကာ သူ့နားထဲသို့ ထည့်လိုက်သည်။ သို့သော် အလုပ်လုပ်အောင် မည်သို့လုပ်ရမည်ကို မသိပေ။
ဆောယောင်းက ခေါက်ကြည့်၍လည်းကောင်း၊ နှိပ်ကြည့်၍လည်းကောင်း ရရာနည်းဖြင့် ကြိုးစားရင်း ချန်နာ၏ အခန်းသို့ ချက်ချင်း ပြေးထွက်သွားခဲ့သည်။
ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး......
ချန်နာ၏ အခန်းတံခါးကို ဆောင့်ဖွင့်လိုက်သည့်အခိုက်အတန့်တွင် လေးတွဲပြီး ရင်းနှီးနေသောအသံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
~~~~
Miel's Translations