အပိုင်း ၃၂
ဆောယောင်းက သူများထက် အတော်နောက်ကျမှ စတင်ခဲ့သော အားကစားသမား၊ မိဘမဲ့ဂေဟာထွက်၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုဖူလုံရေးအထောက်အပံ့လိုအပ်သူဟူသော အားနည်းချက်ပေါင်းစုံကို ကျော်ဖြတ်ကာ ဂျီဆူအထက်တန်းကျောင်း ဒါရိုက်တာ၏ အပြည့်အဝထောက်ခံမှုဖြင့် ဝင်ရောက်လာခဲ့သူပင်။
ဟန်ဆောယောင်း၏ ကျွမ်းဘားစွမ်းရည်က မူလတန်းကျောင်းဆင်းခါနီးမှ စတင်ခဲ့သည်ဟုပြောလျှင်ပင် မယုံနိုင်လောက်အောင် တစ်မူထူးခြား၏။ အထက်တန်းလွှာ ကျွမ်းဘားလောက၏ စံနှုန်းအတိုင်းသာ လျှောက်လှမ်းလာခဲ့သည့် ဂျူဒါအွန်းနှင့် ရေနှင့်မီးပမာ ကွာခြားသော ဟန်ရေးပြမှုမျိုးကို လုပ်နိုင်ခဲ့သည်။
ဂျူဒါအွန်းကဲ့သို့ သွက်လက်တက်ကြွမှု၊ ရင်းနှီးဖော်ရွေမှုမျိုး မရှိသည့်တိုင် လှုပ်ရှားမှုတစ်ခုကို စတင်လိုက်သည်နှင့် အဖွဲ့ဝင်အားလုံး၏ အကြည့်ကို ဆွဲဆောင်နိုင်သော ဆန်းကြယ်လှသည့် ဆွဲဆောင်မှုမျိုး ရှိနေသူပင်။
သို့သော်လည်း ကြမ်းတမ်းသော ကစားကွက်များကြောင့် အမှတ်လျှော့ခံရလေ့ရှိပြီး မလုပ်ပါနှင့်ဟု တားမြစ်ထားသည်ကိုမှ ဇွတ်လုပ်တတ်ကာ အန္တရာယ်ရှိသော အကွက်များကိုလည်း မတွန့်မဆုတ် ပြုလုပ်လေ့ရှိသည်။
ထို့ကြောင့် ဂျူဒါအွန်းက ပြိုင်ပွဲများတွင် ဆုများသိမ်းပိုက်နေစဉ် ဟန်ဆောယောင်းကမူ အမှတ်လျှော့ခံရကာ ကွင်းထဲမှ ထွက်ခွာခဲ့ရသည်က အမြဲတမ်းလိုလိုပင်။ ကျွမ်းဘားအဖွဲ့ထဲတွင် ရှိနေစဉ်အတွင်း သူက ပြိုင်ပွဲဝင်၍ ဆုရဖူးခြင်း တစ်ကြိမ်တစ်ခါမျှမရှိခဲ့။
သို့သော်လည်း ဂျူဒါအွန်းက ဟန်ဆောယောင်းကို ပညာသားပါပါ စတင်ဖယ်ကြဉ်ခဲ့သည်။ ဘယ်သောအခါမှ မပြုံးတတ်သော ထိုကျွမ်းဘားမယ် အမျိုးသမီးငယ်လေး တည်တည်ငြိမ်ငြိမ်ဖြင့် လက်ဖဝါးတွင် အမှုန့်များကို သုတ်လိမ်းလိုက်သည့် အခိုက်အတန့်၌ လူအများအပြား အသက်ရှူမှားကာ ငေးမောသွားရသည်ကို ဂျူဒါအွန်းလည်း မသိစရာအကြောင်းမရှိသောကြောင့်ပင်။
သို့ရာတွင် တစ်ည၌...
သန်းခေါင်ယံအချိန်တွင် အားကစားရုံအတွင်း ဂျူဒါအွန်း၏ ခြေထောက်က လုံးဝကျိုးကြေပျက်စီးသွားခဲ့ပြီး ဟန်ဆောယောင်းကမူ ထိုနေရာမှ ကောင်းကောင်းမွန်မွန်ပင် လျှောက်ထွက်လာ၏။
နည်းပြအမျိုးသမီးက ခဲရာခဲဆစ် တံတွေးမျိုချပြီးမှ ပြောလာသည်။ ဆယ်နှစ်ပင် ကြာသွားပြီဖြစ်သည့်ကိစ္စဖြစ်သော်လည်း...
“ဆောယောင်း... နင်ပဲ ဂျူဒါအွန်းရဲ့ ခြေထောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာလေ။”
“.......”
“ငါ... ငါ တကယ်တော့ အဲ့ဒီတုန်းက မြင်ခဲ့တယ်။ နင် အဲ့ဒီအချိန်မှာ Korbut Flip လုပ်နေတာကို။”
ပြင်သစ်ဘာသာဖြင့် ‘ကျီးကန်းတောင်ပံ’ ဟု အဓိပ္ပာယ်ရသော ထိုအရာမှာ ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် ပိတ်ပင်ထားသော ကျွမ်းဘားနည်းစနစ်တစ်ခုပင်။
“အဲ့ဒါကို လုံးဝမလုပ်ရဘူးလို့ ဒါရိုက်တာက မှာထားတာလေ။ အဲ့ဒါကို မှားလုပ်မိရင် ခြေချင်းဝတ်နဲ့ ခြေထောက်တွေ ပျက်စီးသွားလိမ့်မယ်ဆိုပြီး။ ပြုတ်ကျလို့ အရိုးတွေ ကြေသွားရင်တောင် တာဝန်မယူဘူးလို့ အထပ်ထပ်အခါခါ မှာခဲ့ဖူးတယ်မဟုတ်လား။”
Korbut Flip ဆိုသည်မှာ မညီမညာ တန်းမြင့်တန်းနိမ့်ပေါ်တွင် နောက်ပြန်ဂျွမ်းထိုးသည့် လှုပ်ရှားမှုပင်။ ကျီးကန်းတစ်ကောင် အမြင့်တွင် ပျံဝဲရင်း ဟန်ချက်ထိန်းနေသည်နှင့် တူသောကြောင့် ပေးထားသည့် အမည်ဖြစ်သည်။
ခန္ဓာကိုယ်၏ ရုန်းကန်အားကိုသာ အသုံးပြုပြီး တန်းနိမ့်မှ တန်းမြင့်သို့၊ သို့မဟုတ် နောက်ပြန် ပျံသန်းသကဲ့သို့ ကူးပြောင်းရသည့် နည်းစနစ်။
သို့သော် နိုင်ငံတကာ ကျွမ်းဘားအဖွဲ့ချုပ် (FIG - International Gymnastics Federation) ကမူ အလွန်အန္တရာယ်များလွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် ယင်းကို ပိတ်ပင်တားမြစ်ခဲ့သည်။
[TL/N : Koburt Flip ကို မြင်သာအောင် ကြည့်ချင်ရင် video ရှာကြည့်လိုက်ပါနော်။ Dead Loop လို့လည်း ခေါ်တယ်။ ၁၉၇၂ မြူးနစ် အိုလံပစ်မှာ ဆိုဗီယက် ကျွမ်းဘားမယ် Olga Korbut က ပထမဆုံး သရုပ်ပြခဲ့တာပါ။]
“ဒါပေမဲ့ နင်က... အဲ့ဒါကို အောင်အောင်မြင်မြင် လုပ်ပြပြီးတော့ ဂျူဒါအွန်းကို ရန်စခဲ့တာလေ။”
ယင်းမှာ အိပ်မက်ဆိုးတစ်ခုကဲ့သို့သော မှတ်ဉာဏ်ပင်။
အသက် ၁၇ နှစ်အရွယ် ကျွမ်းဘားမယ်က ရှေးပဝေသဏီကတည်းက ပျောက်ကွယ်သွားခဲ့သည့် နည်းစနစ်ကို ကြက်သီးထဖွယ် အောင်မြင်စွာ လုပ်ပြခဲ့ရုံသာမက တစ်စုံတစ်ဦး၏ ခြေထောက်က ဒူးဆစ်မှ ခြေချင်းဝတ်အထိ လိမ်သွားသည့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
နောက်ဆုံးတွင် ဂျူဒါအွန်းတစ်ယောက် နာကျင်လွန်း၍ အော်ဟစ်ရင်း သတိလစ်သွား၏။
ဟန်ဆောယောင်းက တကယ် ဘာမှမသိဘဲ သူ့ကို မြှောက်ပေးခဲ့ခြင်း ဖြစ်မည်လား။
“...အာ။ အဲ့ဒီတုန်းက ပုန်းနေတဲ့ ကြွက်စုတ်က စီနီယာဖြစ်နေတာကိုး။”
တည်ငြိမ်ပြီး အေးစက်သော မျက်လုံးများက နည်းပြထံသို့ ဦးတည်သွားသောအခါ တောင့်တင်းသွားသည့် နည်းပြလည်း စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်တော့သည်။
“မဟုတ်ဘူး၊ ငါ၊ ငါက...”
“စိတ်ဝင်စားဖို့ကောင်းသားပဲ။”
“......”
“အဲ့ဒါကြောင့် လူတွေက ကျောင်းသားဟောင်းတွေ့ဆုံပွဲတွေ သွားကြတာကိုး။ ဒီလို စိတ်ဝင်စားစရာ စကားတွေ ပြောဖို့အတွက်လေ။”
အဲ့ဒါက... အဲ့ဒါနဲ့တော့ တော်တော်လေး အကွာကြီးကို... နည်းပြက အကြည့်ကို အတင်းလွှဲဖယ်သွားသည်။
ထိုအချိန်တွင် ဆောယောင်းက လေ့ကျင့်နေကြသော ကလေးများကို ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်၏။
“ကျွန်မတော့ ကျွမ်းဘားကို မကြိုက်ပါဘူး။”
“ဘာ။”
“ကွင်းလေးကလည်း အရမ်းကျဉ်း၊ အပြိုင်တန်းတွေက အရမ်းသေး၊ အမြင့်တန်းတွေကလည်း အရမ်းနိမ့်နဲ့...”
“......”
“မွန်းကျပ်စရာကြီးလေ။”
ဆောယောင်းက ကျောက်ပတ်တီးစည်းထားသည့် သူ၏လက်ကို ကြည့်ပြီးနောက် ပခုံးသိုင်းကြိုးကို ဆွဲချွတ်လိုက်သည်။
“အဲ့ဒါကြောင့် စမ်းလုပ်ကြည့်ခဲ့တာ။ ဒါရိုက်တာက တာဝန်မယူဘူးလို့ ပြောထားပေမဲ့လည်း။”
“.......”
“အန္တရာယ်ရှိတာက မလုပ်သင့်တဲ့ အကြောင်းရင်း ဖြစ်သွားတာလား။ ကျွန်မကတော့ အဲ့ဒီစကားကို အခုအထိ ရယ်စရာကောင်းတယ်လို့ ထင်နေတုန်းပဲ။ အဲ့ဒီလိုဆိုရင် ကျွန်မရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲဆိုတာ ဘယ်လိုလုပ် အတည်ပြုနိုင်မှာလဲ။”
“.......”
“အဲ့ဒါကြောင့် လုပ်ကြည့်ရမှာပေါ့။”
ဤကဲ့သို့ ပြင်းထန်လွန်းသည့် စရိုက်က ဟန်ဆောယောင်းကို စံပြကျွမ်းဘားမယ်အဖြစ် ကြီးပြင်းမလာစေခဲ့ခြင်းပင်။
ကျွမ်းဘားက အားကစားအားလုံး၏ အခြေခံနှင့် ရင်းမြစ်ဖြစ်သည်။ အထူးသဖြင့် ကျွမ်းဘားပြိုင်ပွဲက ခွန်အားနှင့် ပျော့ပျောင်းမှုကို အခြေခံသည့် 'အားကစားပွဲ' ဖြစ်သော်လည်း ဟန်ဆောယောင်းကမူ အန္တရာယ်ရှိသော နည်းစနစ်များကို သရုပ်ပြသည့်အဆင့်တွင်သာ ထာဝရ ရပ်တန့်နေ၏။
ယင်းမှာ ဂျူဒါအွန်းနှင့် အခြေခံအားဖြင့် ကွဲပြားသည့် အချက်ပင်။ တစ်နေရာရာတွင်... အထုံးမှားနေသည့် ကြိုးစတစ်ခုအလား။
“အဲ့ဒီတစ်ယောက် ကျွန်မနောက်ကနေ လိုက်လုပ်တာ ကျွန်မတာဝန် မဟုတ်ပါဘူး။”
“ဒါပေမဲ့... နင်က ဂျူဒါအွန်းအရှေ့မှာမှ အဲ့ဒါကို အောင်မြင်အောင် လုပ်ပြလိုက်တာကို.....”
နည်းပြက မိမိကိုယ်တိုင်ပင် ဘာကြောင့် ဂျူဒါအွန်းဘက်မှ ကာကွယ်ပြောဆိုနေမိမှန်းမသိဘဲ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် ဂျူဒါအွန်းက ကျွမ်းဘားလောကမှ နုတ်ထွက်သွားခဲ့ပြီး ဟန်ဆောယောင်းကမူ ထိုနေရာတွင် အတူရှိနေခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အခြေအမြစ်မရှိဘဲ တရားခံအဖြစ် သတ်မှတ်ခံရကာ ကျောင်းထုတ်ခံခဲ့ရ၏။
သို့သော်လည်း ဆောယောင်းက Korbut Flip ကို ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့သည်ဟူသော အကြောင်းအရာကိုမူ မည်သူတစ်ဦးတစ်ယောက်မျှ နှုတ်မဟခဲ့ကြပေ။
မယုံနိုင်ဖွယ် ထိုနေ့က ဖြစ်ရပ်က ထိုအတိုင်းပင် မြှုပ်နှံခြင်းခံလိုက်ရသည်။
“အဲ့ဒီတုန်းက... အမှန်အတိုင်း ပြောပြလိုက်ရမှာ။ အရင်စပြီး ရန်စတာက ဂျူဒါအွန်းပါလို့။ မဟုတ်လည်း အားကစားရုံထဲမှာ ဖြစ်ခဲ့တာကို အမှန်အတိုင်း ဖွင့်ပြောခဲ့ရင် နင် ကျောင်းထုတ်ခံရမှာ မဟုတ်ဘူး။ အဲ့ဒီလိုသာဆိုရင် အခုလောက်ဆို နင်လည်း ဆုတံဆိပ်တွေ ရနေလောက်ပြီ။”
“တကယ်ပဲ စီနီယာကရော အဲ့ဒီလိုဖြစ်စေချင်ခဲ့တာလား။”
“ဘာ။”
“ဒါဆို ဘာလို့ အမှန်အတိုင်း မပြောခဲ့တာလဲ။ ပုန်းပြီးတော့ အကုန်လုံးကို ကြည့်နေခဲ့တာပဲဟာ။”
“.......”
ထိုစကားကြောင့် အမျိုးသမီးလည်း ဖြူဖျော့ကာ ဆွံ့အသွားတော့သည်။ တုန်လှုပ်ချောက်ချားနေသော သူ၏ အကြည့်များက သနားစဖွယ်ပင် ကောင်းနေ၏။
သို့သော် ယင်းက ကြောက်ရွံ့မှုကြောင့်ပဲဖြစ်ဖြစ်၊ သိမ်ငယ်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ဆောယောင်းကမူ စိတ်မဝင်စားသည့်နှယ် ခေါင်းကို လွှဲဖယ်လိုက်သည်။
“အဲ့ဒီတုန်းကတော့ ကျွမ်းဘားဖျာပေါ်ကနေ နှင်ထုတ်ခံရရင် ပျော်စရာကောင်းမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက အရမ်းငယ်သေးတာကိုး။ မိဘလည်းမရှိ၊ ပိုက်ဆံလည်းမရှိတဲ့ ကလေးတစ်ယောက်က ရှိစုမဲ့စု အဆက်အသွယ်တွေပါ ပြတ်တောက်ပြီး လူ့အဖွဲ့အစည်းထဲကို ရောက်သွားတော့......”
သူက လေ့ကျင့်နေသည့် ကလေးများကိုသာ ဂရုမစိုက်ဟန်ဖြင့် ငေးကြည့်နေခဲ့သည်။
“အဲ့ဒီလိုကိုး။... စီနီယာ ကျွန်မကတော့ တစ်လျှောက်လုံး စိတ်ဝင်စားဖို့မကောင်းတဲ့ ဘဝမှာပဲ နေလာခဲ့ရတာ။”
နာကျင်နေသူများ၊ သေအံ့ဆဲဆဲလူများ၏ အပါးတွင်... အကဲခတ်သူတစ်ယောက်လို တိတ်တဆိတ်နေထိုင်ရင်း။
ဆယ်နှစ်တာ အချိန်ကာလကို ဖြတ်သန်းပြီးနောက် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သော ဆောယောင်းက ငယ်စဉ်ကထက် ပိုမိုတည်ငြိမ်ကာ ရင့်ကျက်သော အရှိန်အဝါမျိုး ရှိနေခဲ့သည်။ သို့သော်လည်း သူ၏မူပိုင်ဖြစ်သော နက်ရှိုင်းပြီး လစ်ဟာနေသည့် ထိုအငွေ့အသက်ကမူ မပြောင်းလဲသေးပေ။
“ပြီးခဲ့တဲ့ရက်ပိုင်းအထိပဲဆိုပါတော့။”
နည်းပြက ဆောယောင်း၏ ဘေးတိုက်မျက်နှာထံမှ အကြည့်မခွာနိုင်ဘဲရှိနေသည်။ ထို့နောက် မိမိ၏ ရှက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်ကို ဖုံးကွယ်လိုသည့်အလား တက်ကြွသောလေသံဖြင့် မေးခဲ့၏။
“အဲ့... အဲ့ဒီလိုလား။ ဒါဆို အခုတော့ သဘောကျရတဲ့အရာ ထပ်ရှိသွားပြီပေါ့။”
ထိုစကားကြောင့် ဆောယောင်း၏ နှုတ်ခမ်းအစုံက အနည်းငယ် ကွေးညွတ်သွားသည်။ ထိုမျှလေးဖြင့်ပင် ဗလာစာရွက်ကဲ့သို့ အသက်ဝင်မှုမရှိသော သူ၏ မျက်နှာပေါ်၌ အရောင်အသွေးများ ဖြာထွက်လာသလို ခံစားရစေ၏။
“ရှိခဲ့တာပေါ့၊ လောကကြီးမှာ သဘောအကျဆုံးအရာ။”
“.......”
“ကျွန်မအတွက် တစ်ခုအပြင်မရှိတဲ့အရာ။”
သို့သော်လည်း နုနယ်လှသော ထိုအပြုံးရေးရေးက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကာ ဘာမှမကျန်တော့သော သူ၏ မျက်နှာက ပြန်လည်၍ ခြောက်ကပ်သွားပြန်သည်။
နည်းပြအမျိုးသမီးလည်း အနေခက်လာသဖြင့် တစ်စုံတစ်ရာကို အလျင်စလို ပြောလိုက်မိ၏။
“...တော်တော်လေးကြာမှ ဘားတန်းကို တစ်ချက်လောက် ပြန်ကိုင်ကြည့်မလား။”
ထိုအခါ သူ၏ အရှေ့မှ ‘ဟားဟား’ ဟု ထင်မှတ်မထားသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ ဆောယောင်းက နှစ်နှစ်ကာကာ ပြုံးနေသော မိမိ၏ နှုတ်ခမ်းကို ဖုံးကွယ်ခြင်းမပြုဘဲ ကျောက်ပတ်တီးစည်းထားသော လက်ကို ပြလိုက်၏။ နည်းပြလည်း နှမြောတသဖြစ်နေသည့် အရိပ်အယောင် ထင်ရှားပေါ်လွင်နေသည့်အတိုင်း မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။
ဆောယောင်း၏ မျက်နှာ တောင့်တင်းသွားခဲ့သည်မှာ ထိုအချိန်၌ပင်။ သူက ရုတ်တရက် ခေါင်းအရိုက်ခံလိုက်ရသည့်အလား အပြာရောင် ကျွမ်းဘားဖျာကို စူးစိုက်ကြည့်နေခဲ့သည်။ စူးရှသော ထိုမျက်လုံးများအတွင်းမှ ဆန်းကြယ်သော ဝမ်းသာပီတိကို ခံစားလိုက်ရ၏။
“ဘာ... ဘာဖြစ်လို့လဲ။”
နည်းပြက အနည်းငယ် ကြောက်လန့်တကြား မေးလိုက်သောအခါ ဆောယောင်းက လန်းဆန်းစွာ အကြောဆန့်လိုက်သည်။ မသိခဲ့သော ပုစ္ဆာတစ်ပုဒ်ကို နောက်ဆုံးတွင် အဖြေထုတ်နိုင်ခဲ့သည့်အလား ပေါ့ပါးသွားသော မျက်နှာထားမျိုးပင်။
“ခဏလောက် ဖျာပေါ် တက်ကြည့်လို့ ရမလား။”
“ရတာပေါ့...”
နည်းပြထံမှ ခွင့်ပြုချက်ရသည်နှင့် သူက စောင့်ဆိုင်းနေခဲ့သည့်အလား ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်သည်။ ထို့နောက် ပင်လယ်ထဲသို့ ဆင်းတော့မည့်သူပမာ တစ်လှမ်းချင်း တစ်လှမ်းချင်း မတွန့်မဆုတ် လှမ်းတက်သွား၏။
ခြေဗလာနှင့် ထိတွေ့မိသော အပြာရောင်ဖျာ၏ အထိအတွေ့မှာ မွေးရပ်မြေသို့ ပြန်ရောက်သွားသည့်အလား သက်သောင့်သက်သာ ရှိလှပေသည်။ ထိုအခိုက်အတန့်တွင် ဆောယောင်းတစ်ယောက် မိမိကိုယ်ကိုယ် ဘာကြောင့် ဆယ်လ်မွန်ငါးပမာ ရေဆန်လမ်းအတိုင်း ဤနေရာအထိ ပြန်လည်ကူးခတ်လာခဲ့မိမှန်း နားလည်သွားသလိုပင်။
ပြန်ပြီး... တက်လှမ်းရမဲ့ စင်မြင့်တစ်ခု လိုအပ်နေခဲ့တာများလား။
ဒါကြောင့်ပဲ နှလုံးခုန်သံက အဲ့ဒီလောက် မြန်နေခဲ့တာလား။
ရာသီတစ်ခုစာမျှသာ ကြာမြင့်ခဲ့သည့် တိုတောင်းသော အချိန်ကာလလေးဖြစ်သော်လည်း ဤနေရာက အမှန်တကယ် ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည့် နယ်မြေတစ်ခုပင်။ မရင့်ကျက်သေးဘဲ မိုက်မဲခဲ့ကာ၊ ထို့ကြောင့်ပင် ပို၍ ကြမ်းတမ်းခက်ထန်ခဲ့သည့် ထိုစဉ်က အချိန်များက ရုတ်တရက်....
ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် ထပ်တူကျသွား၏။
“.......”
ဟုတ်တယ်... ငါ့မှာလည်း တစ်ချိန်က အပြင်းအထန် ရုန်းကန်တိုက်ခိုက်ခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့တာပဲ။
ဆောယောင်းတစ်ယောက် ကျွမ်းဘားဖျာပေါ်မှ တော်တော်နှင့် ပြန်မဆင်းခဲ့ပေ။ သို့သော် ဖျာပေါ်တွင် တစ်ဖန်ပြန်ရပ်လိုက်သည့် ထိုအခိုက်အတန့်၌ သူ၏ အာရုံထဲတွင် ပေါ်လာသည့် မြင်ကွင်းက လူအများ၏ အားပေးသံ၊ ဟစ်ကြွေးသံများ မဟုတ်ခဲ့။
ဒိုင်း.... ဒိုင်း... ဒိုင်း ဒိုင်း...
နားစည်ကို ရိုက်ခတ်နေသည့် သေနတ်သံများနှင့် သွေးအိုင်ထဲတွင် လဲကျသွားသော လူတစ်ယောက်၏စကား။
ဘားတန်းပေါ်တွင် ခိုင်မြဲအောင်ဆုပ်ကိုင်ရင်း၊ ဖျာပေါ်တွင် ကျွမ်းထိုးရင်း၊ ဟန်ချက်ထိန်းတန်းပေါ်တွင် ဟန်ချက်ထိန်းရင်း သတ်မှတ်ထားသည့် ပုံစံအတိုင်း အလွတ်မှတ်ကာ သရုပ်ဆောင်ရသည့် ပြိုင်ပွဲမျိုးမဟုတ်ဘဲ အရာအားလုံး ပျက်စီးယိုယွင်းကာ ပေါက်ကွဲပြိုလဲနေသည့် ထိုမြင်ကွင်းကို နောက်တစ်ကြိမ် ထပ်မံမြင်တွေ့ချင်မိ၏။
ဒါရိုက်တာဂျောင်၏ စကားက မှန်နေလောက်မည်လား။
ယခု သူ သွားရမည့်နေရာက လုံးဝအသစ်စက်စက်ဖြစ်သော ဖျာအထက်သို့ပင်။
~~~~
ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာရန် ကြိုးစားရင်းနှင့်ပင် နှစ်လဟူသော အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
နှစ်တစ်နှစ်၏ နောက်ဆုံးလသို့ ရောက်ရှိလာလျှင် ဆောယောင်းက ကုန်စုံဆိုင်မှ ဈေးပေါပေါ ဝိုင်တစ်ပုလင်းကို ဝယ်ယူကာ တစ်ယောက်တည်း ကုန်အောင်သောက်ပစ်လေ့ရှိ၏။
အရာအားလုံးက စမှတ်သို့ ပြန်ရောက်သွားချေပြီ။
မိခင်ကျောင်းသို့ သွားရောက်ပြီးနောက် သိရှိလိုက်ရသည့်အရာ ရှိခဲ့သည်ဆိုလျှင် ယင်းမှာ ‘ဘားတန်းကို မိမိဘာသာ ဆုပ်ကိုင်ရမည်’ ဟူသောအချက်ပင်။
ဖျာပေါ်သို့ တက်လိုက်သည့် အခိုက်အတန့်တွင် မည်သူမျှ မိမိကိုယ်စား ခုန်ပေးမည်မဟုတ်သလို၊ လှိမ့်ပေးမည်လည်း မဟုတ်ပေ။ ကျွမ်းဘားဆိုသည်မှာ တစ်ကိုယ်တော် ယှဉ်ပြိုင်ရသည့် အားကစားဖြစ်ပြီး မိမိ၏ အင်အားဖြင့်သာ စင်မြင့်ထက်တွင် အပြည့်အဝ လွှမ်းမိုးနိုင်ရပေမည်။
ဧကန္တ ငါက သူများလက်ကို ငှားသုံးဖို့ လုပ်ခဲ့မိတာလား။ မသိစိတ်ထဲမှာ အဲ့ဒီလိုရှိခဲ့လားလည်း မသိတော့ဘူး။
အန္တရာယ်ရှိသည့် ကျွမ်းကျင်မှုများရှိသော်လည်း အသိတရားမရှိသူ။ လူ့အဖွဲ့အစည်းအပေါ် မကျေနပ်ချက်များပြီး စရိုက်လည်း မကောင်းသူ။
အဲ့ဒါက တကယ်တော့ ငါကိုယ်တိုင်ပဲ မဟုတ်လား...
ထို့ကြောင့် စမှတ်သို့ ပြန်ရောက်သွားပေပြီ။
ဟင့်အင်း၊ ယခုမှ တကယ်စတင်မည့် အစပျိုးမှတ်တိုင်ပင်။
~~~~
Miel's Translations