အပိုင်း ၆၇
ပိုဆိုးသည်က
ဂွီ…..
ဆောယောင်း၏ ဗိုက်ထဲမှ မြည်ဟည်းသံကြီး ထွက်ပေါ်လာခြင်းပင်။
“အင်း……”
ဤသို့ ရှက်ဖို့ကောင်းသည့် အခိုက်အတန့်မှာပင် အေးခဲနေသော ခန္ဓာကိုယ်က တဖြည်းဖြည်း အရည်ပျော်နေ၏။ ပို၍ နက်ရှိုင်းသော အနွေးဓာတ်ကို ရှာဖွေရင်း ကိုယ်ကို လူးလွန့်မိတော့သည်။
မေးစေ့အောက်၊ သွေးခုန်နှုန်း ပြင်းပြင်းထန်ထန် ခုန်နေသည့်နေရာ။ ဆောယောင်းက အပူဆုံးနေရာကို မိမိ၏အေးစက်နေသောပါးပြင်နှင့် မသိမသာ သွားကပ်လိုက်မိသည်။
ထိုအခါ အီဝူရှင်းက အံ့ဩသွားသည့် အရိပ်အယောင် လုံးဝမပြဘဲ၊ အပြန်အလှန်အားဖြင့် ခေါင်းကို ပို၍တိုးကပ်လာ၏။ ထိုအခါ ထူးဆန်းသောခံစားချက်တစ်ခု လှိုင်းလုံးလို တိုးဝင်လာတော့သည်။
“နည်းပြကြီး။ ဧကန္တ… သမီးရှိတာလား။”
“ဘာ။”
“မဟုတ်ပါဘူး၊ အခုလို ပွေ့ဖက်ထားတဲ့ပုံစံက အရမ်း ရင်းနှီးသဘာဝကျနေသလို ခံစားရလို့ပါ။”
ထိုအခါ အီဝူရှင်းက အံ့ပါရဲ့ဟူသော မျက်နှာထားနှင့် မျက်မှောင်ကြုတ်သွားသည်။
“အဖွဲ့ဝင် ဟန်ဆောယောင်းက ငါ့ကို တကယ်ပဲ ဘယ်လိုမြင်နေတာလဲ။”
“ရှင်။”
“မိန်းမက ဖောက်ပြန်ရာကနေ၊ အလုပ်ခွင်မှာ ဒေါသပုံချတတ်တဲ့ အထက်လူကြီး၊ အခုတော့ ကလေးပါရှိတဲ့ တစ်ခုလပ်လို့ မြင်နေတာလား။”
“အဲ……. ဟို…….”
တွေဝေနေသော အဖြေကြောင့် အီဝူရှင်းက မေးရိုးကို တင်းနေအောင် အံကြိတ်ကာ မျက်လုံးကိုပါ မှိတ်ချလိုက်သည်။
သူ သက်ပြင်းချလိုက်တော့ ခန္ဓာကိုယ်ထဲမှ အားအင်များ အကုန် ထွက်သွားသလိုပင်။ သူက သော့ခလောက်တစ်ခုကို ဖွင့်ချလိုက်သလို စကားလုံးများကို စီးဆင်းစေခဲ့သည်။ မျက်လုံးကိုတော့ မှိတ်ထားဆဲပင်။
“သမီးတော့ မရှိပေမဲ့ အမျိုးသမီးက……”
အီဝူရှင်းက လျှာတောင့်သွားသလို တစ်ချက် တုံ့ဆိုင်းသွားသည်။ သို့သော် ထိကပ်နေသော ရင်ဘတ်ထဲမှ တစ်စုံတစ်ရာ လေးလေးလံလံ ကျသွားသည့် အသံက ပဲ့တင်ထပ်လာ၏။
“အမျိုးသမီးက ငါ့ထက်ငယ်ပြီး ဘာမဆို မကျွမ်းကျင်တော့ အမြဲ ပွေ့ဖက်ပေးရတယ်။ အဲ့ဒါကြောင့် သဘာဝကျသလို ဖြစ်နေတာနေမှာပေါ့။”
နူးညံ့သော အကြောင်းအရာနှင့် မလိုက်အောင် သူက မျက်ခုံးများကို ခပ်ကြမ်းကြမ်း ပင့်လိုက်သည်။
“အံ့ဩစရာပါလား။”
“ဘာကလဲ။”
“ထင်ထားတာထက် မိသားစုအပေါ် တာဝန်ကျေတာပဲလို့ တွေးမိလို့ပါ။”
သူက ကိုယ့်ကိုယ်ကိုယ် လှောင်သလို ရယ်လိုက်သော်လည်း အဓိပ္ပာယ်ကိုမသိနိုင်ခဲ့ပေ။
“ဒါနဲ့... အဲ့ဒီလောက်ကောင်းတဲ့ ယောက်ျားကိုထားပြီး ဇနီးဖြစ်သူက ဘာလို့ ဖောက်ပြန်ရတာလဲဟင်။”
“…….”
အီဝူရှင်း မျက်လုံးကို အသာအယာ ဖွင့်လိုက်သည်။ တစ်ဝက်ပွင့်နေသော မျက်ခွံအောက်မှ တောက်ပလှသော မျက်ဆန်များက ဆောယောင်းကို ငုံ့မိုးကြည့်နေ၏။ စိတ်တိုမှုကို အတင်းဖိနှိပ်ထားသည့် မျက်နှာထားကြောင့် စကားမှားသွားပြီဟု ဆောယောင်း နောင်တရသွားတော့သည်။
ကိုယ်တိုင်ပင်မသိလိုက်ဘဲ ထွက်လာသည့် သိချင်စိတ်ဆိုသော်လည်း မိုင်းနင်းမိသလိုပင်။ ဆောယောင်းက အမှားကိုပြင်ဆင်ရန် ကြိုးစားလိုက်သည်။
“မဟုတ်ပါဘူး၊ နည်းပြကြီးကိုကြည့်ပြီး ကျွန်မ ယောက်ျားကို တွေးမိသွားလို့ပါ။”
“……”
သူက ဆတ်ခနဲ တွန့်သွားသည်။ ဆောယောင်းက ထိုအဖြစ်ကို မကျေနပ်မှုဟုယူဆကာ ထပ်ပြီး ဆင်ခြေပေးလိုက်၏။
“ကျိန်းသေပေါက် လုံးဝတော့ တခြားစီဖြစ်နေမှာပေါ့။ ကျွန်မ ယောက်ျားက ကိုရီးယားပြည်ဖြစ် ကျောက်တုံးကြီးလို ရုပ်မျိုးဖြစ်မှာမို့လို့…”
“…….”
“ဒါပေမဲ့လည်း ထူးထူးဆန်းဆန်း တူသလိုခံစားရတဲ့အချိန်တွေ ရှိလို့ပါ။”
အီဝူရှင်း၏ မျက်ခုံးအစွန်းများက မကျေမနပ် ကျုံ့သွားသည်။
“တစ်ချိန်ကတော့ ဂျင်ဟိုဂျယ်လို ကြည့်လောက်စရာနေရာ တစ်ခုမှမရှိဘူးလို့ လျှာအရိုးမရှိ တောင်ပြောမြောက်ပြော ပြောခဲ့ပြီးတော့။”
“အဲ့ဒီလိုတော့ ပြောခဲ့တာပေါ့၊ ပြောခဲ့ပေမဲ့လည်း…. လူကို သက်သောင့်သက်သာဖြစ်အောင် ကောင်းကောင်းဖက်ထားပေးနိုင်သားပဲ။”
ကိုယ်နံ့ကလည်း မရင်းနှီးသလို၊ ကြွက်သားများနှင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကလည်း လုံးဝ အသစ်အဆန်းပင်။ အထူးသဖြင့် မိန်းမတစ်ယောက်ကို ဂရုမစိုက်ဘဲ ကိုင်တွယ်တတ်သည့် ကြမ်းတမ်းသော လက်အမူအရာက ပိုဆိုး၏။
သို့သော်လည်း ရင်ခွင်ထဲ ပိတ်မိနေချိန်တွင် ကြောက်စိတ်များ ပျောက်ကွယ်သွားသည့် ခံစားချက်က ဆင်တူနေပြန်သဖြင့်…. ဆောယောင်း မျက်မှောင်ကြုတ်ကာ ခေါင်းကို ခါယမ်းလိုက်သည်။
ဒီလို မပြတ်မသား ယိုင်ချင်ချင်စိတ်ကို အကြိမ်တစ်ရာလောက် သတိထားမှပေါ့။
ဆောယောင်း တမင်ပင် တစ်ဖက်လူ၏ အိမ်ထောင်ဖက်အကြောင်း စကားစရင်း မိမိ၏စိတ်ထဲတွင် စည်းတစ်ခုသားလိုက်၏။
“နည်းပြကြီးရော... လမ်းခွဲထားတဲ့ ဇနီးကို သတိရတဲ့အချိန်ရှိလားဟင်။”
“…….”
သူက ဘာမှမပြောဘဲ ဆောယောင်းကို စိုက်ကြည့်နေသည်။ ထို့နောက် မျက်နှာကို တင်းလိုက်ကာ အေးစက်စွာ တုံ့ပြန်လာ၏။
“ပြီးသွားတဲ့ကိစ္စတွေကို ဘာလို့ အစပြန်ဖော်နေမှာလဲ၊ စိတ်ရှုပ်စရာကောင်းလွန်းလို့ ထမင်းတောင်ဝင်မှာမဟုတ်ဘူး။”
မျက်စိရှေ့မှ စိုက်ကြည့်နေသော မျက်လုံးများက မြင့်တက်နေသည့် နှင်းတံတိုင်းများလိုပင် စူးရှလျက်။
ဆောယောင်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်အတိုင်း အီဝူရှင်းက အချိန်မရွေးထွက်သွားမည့်သူလို မည်သည့်အရာအပေါ်တွင်မှ အတွယ်အတာထားတတ်သူ မဟုတ်ပေ။ ရှိသည်ဆိုလျှင်ပင် ငရဲရက်သတ္တပတ်တစ်လျှောက်လုံး ကိုင်ထားခဲ့သည့် ထိုအကော်ဒီယံလောက်သာ ရှိပေမည်။ သို့သော် လေ့ကျင့်ရေး ပြီးသွားလျှင် ယင်းကိုလည်း နှမြောတွန့်တိုမှုမရှိ အမှိုက်ပုံးထဲ ပစ်သွားမည့်လူစားမျိုးပင်။
သူက အဖွဲ့ဝင်များကို ပေါက်ကရ နောက်ပြောင်တတ်သော်လည်း သူတို့ကို ခေါ်သည့်အခါတိုင်း ရင်ဘတ်မှ နာမည်ကတ်ကိုကြည့်ပြီး ဖတ်လေ့ရှိသည်။ မိမိ ကိုယ်တိုင် လေ့ကျင့်ပေးနေသည့် အဖွဲ့ဝင်များအပေါ်မှာပင် စိတ်မဝင်စားကြောင်း တစ်စက်ကလေးမျှ မဖုံးကွယ်ခဲ့ပေ။
“အဖွဲ့ဝင် ဟန်ဆောယောင်းလည်း အတိတ်ကို ခဏခဏ ပြန်မသွားနဲ့။”
“…….”
“ပြန်သွားလို့လည်း အဲ့ဒီမှာ ဘာမှမရှိတော့ဘူး။”
အီဝူရှင်းက ဆောယောင်း၏အကြည့်ကို ရှောင်ဖယ်ကာ ဖြူဖွေးနေသည့် ချောက်ကမ်းပါးအောက်သို့ ငုံ့ကြည့်ခဲ့သည်။
ထင်ရာစိုင်းတတ်သောလူ၏ ခုခံကာကွယ်လိုသော အကြည့်။ ပန်းချီကားတစ်ချပ်ပမာ တိကျပြတ်သားသော ဘေးတိုက်ရုပ်သွင်ပေါ်၌ နှင်းပွင့်အချို့ တင်နေသည်။
ရှုပ်ထွေးနေသလိုထင်ရသော မျက်နှာထားကို ကြည့်နေရင်း၊ တစ်ချိန်က ဆေးပေးခန်းတွင် တဒင်္ဂ ဖိနှိပ်ထားခဲ့သည့် အလားတူခံစားချက်မျိုး ရုတ်တရက် ပေါ်ထွက်လာ၏။
ဟုတ်တယ်…. ယုံကြည်ခဲ့ရတဲ့ အိမ်ထောင်ဖက်ရဲ့ သစ္စာဖောက်မှု၊ အဲ့ဒါက တကယ် မကြုံဖူးရင် မသိနိုင်တဲ့အရာပဲ။
နေ့ချင်းညချင်း ဘဝက ဒုက္ခိတဖြစ်သွားသလို၊ တစ်သက်လုံး ပြန်မကောင်းနိုင်တော့ဘူးဟူသော မျှော်လင့်ချက်မဲ့မှု၊ အချစ်က စော်ကားမှုအဖြစ် ပြောင်းလဲကာ ရင်ထဲသို့ စိုက်ဝင်လာသော အခိုက်အတန့်….
ဤသည်က လူတစ်ယောက်ကို လုံးဝ ပျက်စီးသွားစေသည့် အကြမ်းဖက်မှုပင်။
ဆောယောင်း ခါးသီးသော ခံစားချက်ကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ထို့ကြောင့်ပဲ လူတို့က ဝိုင်းဖွဲ့ထိုင်ပြီး မိမိအကြောင်းမိမိ ပြောပြကြခြင်းလား။
ဘာကြောင့်မှန်းမသိ မိမိနှင့် ဆင်တူသော ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရလောက်မည့် အီဝူရှင်းက ယခုအချိန်တွင် လူသားဆန်ကာ ပို၍နီးစပ်လာသလို ခံစားလိုက်ရသည်။ စာနာမှုဆိုသည်က ထင်ထားသည်ထက် ပို၍အားကောင်းသည့်ပုံပင်။
“ဟတ်ချိုး….”
ဆောယောင်း ဆက်တိုက် နှာချေပြီးနောက် တုန်ယင်နေသည့် ခန္ဓာကိုယ်ကို ပို၍ကျုံ့လိုက်မိသည်။ ပါးစပ်ဟပြီး အသက်ရှူတိုင်း မျက်နှာဖုံးတွင် နှင်းရည်များ တင်ကျန်ကာ စိုစွတ်လာ၏။
နောက်ဆုံးတော့ ကော်လံကို မေးစေ့အထိချကာ အေးစက်သော ဝင်သက်ကို ရှူသွင်းလိုက်သည်။ နဂိုကတည်းက ဖြူဖျော့နေသော နှုတ်ခမ်းများက ယခုမူ အပြာရောင်သမ်းနေချေပြီ။ ဂျာကင်ထဲတွင် နွေးနေသော်လည်း ဘာကြောင့် ခန္ဓာကိုယ်က ဤမျှအထိ နာကျင်ကာ ပင်ပန်းနေမှန်းမသိတော့။
မကြာမီ လေးလံလာသော မျက်လုံးများ မှိတ်ကျသွားသည့်ခဏတွင်….
ဖြန်း….
ပါးပေါ်၌ နာကျင်မှုတစ်ခု ပျံ့နှံ့သွား၏။
“အဖွဲ့ဝင် ဟန်ဆောယောင်း၊ သတိကပ်ထားပြီး ပါးစပ်ကို ဆက်လှုပ်နေစမ်း။”
“ရှင်…”
“စကားပြော နှေးလာတာ ဒါမှမဟုတ် သတိက ဝေဝေဝါးဝါးဖြစ်လာတာဆိုရင် နည်းပြက ဆက်ရိုက်နေမှာ။”
“ကျွန်မ အဆင်ပြေပါတယ်…”
“ရယ်စရာတွေ မပြောစမ်းနဲ့၊ မင်း အခု အသက်ရှူနှုန်းလည်း နှေးသွားပြီ။”
ဆောယောင်း၏ နှာခေါင်းအောက်တွင် ဘယ်အချိန်ကတည်းက လက်ချောင်းကို တင်ထားမှန်းမသိ၊ အီဝူရှင်းက နှာခေါင်းရှုံ့ရင်း ပါးကို ဆွဲလိမ်ခဲ့သည်။ သူက ဆောယောင်း၏ အသားကို မနားတမ်း ဆွဲလိုက်၊ လွှတ်လိုက်နှင့် သွေးလည်ပတ်မှုကောင်းအောင် လုပ်ပေးနေ၏။
“အလကားနေရင်း အားမလျှော့ဘဲ သတိကို မြဲမြဲကပ်ထား။”
“သိတဲ့အတိုင်း ကျွန်မမှာ စားထားတာလည်း မရှိ… ဆက်တိုက် ရေပဲသောက်နေရတာမို့လို့…”
ဒီအတိုင်း တောင့်ခံကြည့်ရအောင်ဟု ပြောခဲ့စဉ်က ကယ်ဆယ်ရေးအဖွဲ့ကို စောင့်ရုံပဲဟု ထင်ခဲ့သော်လည်း အားကုန်နေသည့် ခန္ဓာကိုယ်နှင့် သတိမြဲအောင် လုပ်ရခြင်းက ထင်သလောက်မလွယ်ကူပေ။
မိမိကိုယ်တိုင် ခံစားရသလောက်လည်း နှလုံးခုန်နှုန်းက သိသိသာသာ နှေးကွေးလာကာ ကြွက်သားများလည်း တောင့်တင်းလာပေပြီ။ တောင်ပေါ်တွင် တစ်ယောက်တည်း ရှိနေစဉ်ကထက် ပို၍လေးလံသော ပင်ပန်းမှုက သူ့ကို ဖိနှိပ်ထား၏။
မဖြစ်ဘူး…. ငါ အခုမှ အထူးတပ်ဖွဲ့ထဲဝင်ပြီး မကောင်းတာတွေ အများကြီး လုပ်ရဦးမှာကို… အဲ့ဒီလိုလုပ်ဖို့ အီဝူရှင်းကို အဆုံးအထိ စောင့်ကြည့်ရဦးမှာကို….ချီးလို ငါ့ယောက်ျားကိုလည်း ပညာပေးရဦးမှာ….
ဆောယောင်း ဝိုးတိုးဝါးတား အခြေအနေနှင့် တဖွဖွ တွေးနေမိသည်။
မကြာမီ သူက ခေါင်းကို ခါယမ်းကာ မှိတ်ကျနေသော မျက်လုံးများကို အတင်း ဖွင့်လိုက်၏။
“နည်းပြကြီး... ဒါပေမဲ့... ကျွန်မ ပါးစပ်တွေ အေးခဲနေလို့ လိမ်သွားတော့မလိုပါပဲ.... ဒီအတိုင်း ငြိမ်ငြိမ်နေချင်လို့ ပါးကို မရိုက်ပါနဲ့တော့….”
“မဖြစ်ဘူး၊ လှုပ်ရှား။”
“…….”
ဆွဲလိမ်ခံထားရသည့် ပါးပြင်က တုန်ခါနေသော်လည်း သတိကမူ တဖြည်းဖြည်း ဝေဝါးလာသည်။
“အဖွဲ့ဝင် ဟန်ဆောယောင်း၊ နည်းပြ ပြောနေတာ မကြားဘူးလား။”
“…….”
“ငြိမ်ငြိမ်မနေနဲ့လို့ ပြောနေတယ်လေ။”
“…….”
“ပေါက်ကရတွေပဲဖြစ်ဖြစ် ပြောစမ်း။ မင်း ဒီမှာ သတိလစ်သွားလို့ မဖြစ်ဘူး။”
“…….”
“ဟန်ဆောယောင်း…မင်း ကြိုက်တဲ့ လီးအကြောင်းပဲဖြစ်ဖြစ် ပြောပြီး အာရုံစိုက်စမ်း…”
“အဲ့ဒါ.....ချမ်း... ငြိမ်ငြိမ်……”
နည်းပြ၏ အော်ဟစ်သံကြောင့် တစ်ခုခု ပြန်ပြောလိုက်သော်လည်း အသံက ထူးဆန်းစွာ အာလေးလျှာလေး ဆွဲသွားသည်။ ပါးစပ်ထဲတွင် ရေခဲငုံထားသလို အသံထွက်က မပီမသဖြစ်လာကာ မျက်စိရှေ့တွင်လည်း တဖြည်းဖြည်း ဝေဝါးလာ၏။
ထူထဲသော နှင်းပွင့်များ မျက်နှာပေါ်ကျလာပြီး ထိုအတိုင်း အရည်ပျော်သွားသည်။
ဒီအတိုင်းသာ နာရီပေါင်းများစွာ ထိုင်နေမယ်ဆိုရင် ငါတို့နှစ်ယောက်လုံး နှင်းလူသားဖြစ်သွားကြမှာ မဟုတ်ဘူးလား။
“အခု သေသေချာချာ မပြောရင် ငါ ကိုက်မှာနော်။”
“ရှင်။”
“ကျိန်းသေပေါက် သတိပေးပြီးပြီ။ သတိကပ်ထား၊ နှုတ်ခမ်းကို လှုပ်ပြီး စကားပြောလို့။”
“…….”
“နောက်မှ နောင်တမရချင်ရင် ထစမ်း။”
တစ်စုံတစ်ယောက်က ညီညာသော မျက်ခုံးများကို အလိုက်သင့်လေး ပွတ်သပ်ပေးနေသည်။ ထူးဆန်းသော ခံစားချက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကြောက်စရာမျက်နှာနဲ့ မျက်လုံးချင်းဆုံသွား၏။
သူက အေးစက်ကာ စောင့်ကြည့်နေသလိုအကြည့်နှင့် ဆောယောင်း၏ လည်ပင်းအောက်ကိုကိုင်ထားရင်း မျက်နှာအခြေအနေကို စူးစိုက်ကြည့်နေသည်။
အဲ့ဒါတောင် လှနေတာပဲ….
ဆောယောင်းက နီးကပ်သော အကွာအဝေးမှ နှင်းပွင့်လို မျက်လုံးများကို ငေးကြည့်ရင်း တွေးလိုက်မိ၏။
လူ့မျက်လုံးဆိုတိုင်း အကုန် လှနေတာတော့မဟုတ်တာကို…. ဒါဆို ဂင်ဟျွန်းရဲ့ မျက်လုံးကရော ဘယ်လိုနေမလဲ။
သို့သော် တစ်ခါမှ မမြင်ဖူးသည့် ထိုအရာကို စဉ်းစားလိုက်တော့ အချည်းနှီးဖြစ်ခဲ့သည့် မင်္ဂလာဓာတ်ပုံဘောင်လိုပင် ဟာလာဟင်းလင်း ဖြစ်နေသော အပေါက်ကြီးသာ ပေါ်လာသည်။
ဆောယောင်း ထိုအခါမှ မျက်မှောင်ကြုတ်ရင်း ဝေဝါးနေသော အာရုံကို ပြန်စုစည်းလိုက်၏။
သတိကို သေချာကပ်ထားရမယ်။ ဒီမှာတင် အလကားဖြစ်သွားလို့ မဖြစ်ဘူး။
အေးခဲနေသည့် ပါးစပ်ကို အတင်းဟလိုက်သည့်အချိန်တွင်။
“ဒါဆို... နည်းပြကြီး... ကျွန်... ကျွန်မတို့... အချိန်တွေလည်း အများကြီးရှိပြီး ပျင်းနေတာနဲ့……”
အချင်းချင်း၏ပါးစပ်မှ ထွက်လာသော အဖြူရောင် အာငွေ့များက လေထဲတွင် ရောယှက်သွားသည်။
“အတူတူ... အိမ်ထောင်ဖက်အကြောင်း... အတင်းပြောကြ…”
ပြင်းထန်သော ဝင်သက်ထွက်သက်ကိုထုတ်ပြီး သူက ဆောယောင်း၏ နှုတ်ခမ်းများကို ငုံခဲပစ်လေတော့၏။ ထူထဲသော အသားစများကို စိုစွတ်စွာ စုပ်ယူသွားကာ အထဲသို့ နွေးထွေးသော အာငွေ့များ မှုတ်သွင်းပေးခဲ့သည်။
အီဝူရှင်းက မေးရိုးကိုပိုဟပြီး အစိမ်းသက်သက်ဖြစ်နေသော အပူရှိန်ကို အတင်း တွန်းပို့ပေးခဲ့၏။ အကြားအလပ်မရှိ ထပ်တူကျနေသော နှုတ်ခမ်းကြားထဲမှ ပူပြင်းသော ပင့်သက်များ အားရပါးရ စီးဝင်လာသည်။
စိုစွတ်သော သွားရည်ကို ခံစားရသော်လည်း နှုတ်ခမ်းမျက်နှာပြင်ကိုသာ ပွတ်တိုက် ဖိချေနေပြီး လျှာကိုမူ တစ်စက်ကလေးမျှမထိသည့် လှုပ်ရှားမှုမျိုးပင်။
“ဟင်း…”
အသက်ရှင်ရန်သက်သက်အတွက် ကပ်ထားသော နှုတ်ခမ်းများဖြစ်သည်။ နူးညံ့မှုလည်း မရှိသလို၊ ကြမ်းတမ်းမှုလည်းမရှိသော၊ အစွမ်းကုန် ထိန်းချုပ်ထားသည့် အနမ်းက လူသားကူသော အသက်ရှူခြင်းကိုသာ ခွင့်ပြုထား၏။
သို့သော် နှုတ်ခမ်းအတွင်းဘက်မှ စေးကပ်ကပ် အချွဲမြှေးကို စုပ်ယူလိုက်ချိန်တွင် ထိုမျှတည်ငြိမ်လှသည့် အီဝူရှင်းလည်း အသက်ရှူသံများ မြန်လာတော့သည်။
တစ်ခါတစ်ရံ ဖိနှိပ်ထားသော အသံများက တိုပြတ်ပြတ် ထွက်ပေါ်လာတတ်သော်လည်း ထိုလူက သူ့ကိုယ်သူ အစွမ်းကုန် ထိန်းချုပ်နေသည့်ပုံပင်။
သို့တိုင်အောင် မည်သူ့ထံမှလာမှန်းမသိရသည့် အာငွေ့များက ရောထွေးပြီးရင်း ရောထွေးနေသည်။ အေးခဲနေသော နှုတ်ခမ်းများ တဖြည်းဖြည်း အရည်ပျော်လာ၏။
အခု... ဘာတွေ ဖြစ်နေတာလဲ။
ဆောယောင်း ယခုမှ သတိပြန်ဝင်လာကာ ကိုယ်ကို လူးလွန့်လိုက်သည်။ သို့သော် လည်ပင်းကိုအားစိုက်ပြီး ခေါင်းကိုလွှဲဖယ်ရန် ကြိုးစားလိုက်သည်နှင့် ချက်ချင်းပင် နောက်စေ့က ဆုပ်ကိုင်ခံလိုက်ရသည်။
“အစ်…”
ထိုလူက လက်တစ်ဖက်ဖြင့် ခေါင်းလုံးလုံးလေးကို တင်းတင်းဆုပ်ကိုင်ကာ ဆောယောင်း ထပ်မံမလှုပ်ရှားနိုင်အောင် နှုတ်ခမ်းများကို နာကျင်အောင် ကိုက်လေ၏။
မကြာမီ မျက်မှောင်ကြုတ်ကာ မျက်လုံးဖွင့်လာသည့် အီဝူရှင်းက ဘာကြောင့်မှန်းမသိ ဆောယောင်းကို စိုက်ကြည့်ရင်း တစ်ယောက်နှင့်တစ်ယောက် ကွက်တိကျမည့် ထောင့်ချိုးကို ချက်ချင်းရှာဖွေကာ ခေါင်းကို ငဲ့စောင်းလိုက်သည်။
ကိုယ်ငွေ့ကိုသာ ပေးနေသည့် သူ့ထံမှ ရုတ်တရက် မရင်းနှီးသော အပူဓာတ်တစ်ခု တိတ်တဆိတ် ပေါက်ကွဲလာသည်က ထိုအချိန်တွင် စတင်လေ၏။
လျှာကိုမူ မထည့်သေးဘဲ ဆောယောင်းကို ဝါးမျိုတော့မလို နှုတ်ခမ်းများကို သိမ်းကျုံးထွေးငုံကာ နုနယ်သည့် အချွဲမြှေးကို အရိုင်းဆန်ဆန် စုပ်ယူခဲ့သည်။
ဆုံသွားသော အကြည့်ထဲတွင် ဆိုးယုတ်သော ရမ္မက်ဆန္ဒကို ဖတ်လိုက်ရ၏။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၉၈ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။