အပိုင်း ၁၉
"ဒီမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လားဗျ။"
"…ဟုတ်ကဲ့။"
တိတ်တဆိတ်လေး သွားရန်ကတော့ လွယ်ကူမည်မဟုတ်ပေ။
"သတင်းအချက်အလက် အဖွဲ့မှူးရဲ့ ထောက်ခံချက်နဲ့ ရောက်လာတာဆို။ ခင်ဗျားတို့နှစ်ယောက်က အရင်ကတည်းက အသိတွေလား။"
"ကျွန်မ ပြန်ဖြေမှ ဖြစ်မှာလားရှင့်။"
နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းနေသော မေးခွန်းကို ဆောယောင်းက ခပ်မာမာ တုံ့ပြန်လိုက်သည်။
ထိုလူက လှပသောနှုတ်ခမ်းများကို တွန့်လိုက်သော်လည်း သူ၏မျက်လုံးထဲတွင် ရယ်မြူးရိပ်လုံးဝရှိမနေပေ။
"ဟုတ်ကဲ့၊ အဲ့ဒီလိုဆို ပိုကောင်းပါလိမ့်မယ်။ နဂိုအစီအစဉ်အတိုင်းဆိုရင် ခရီးကိုလိုက်မဲ့ အဒေါ်ကြီးရှိပေမဲ့ ခါးထိသွားလို့ ဆေးရုံတက်နေရတယ်ဆိုပြီး ကြားထားတာလေ။"
"..."
"ကျွန်တော်က အဲ့ဒီနေရာလွတ်ကို ဖြည့်ဖို့ ကြိုးစားနေတာပါ။ မေးခွန်းကို အမှန်အတိုင်း ရိုးရိုးသားသားဖြေလေ ကောင်းလေပေါ့။ နားလည်တယ်ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။"
ဒါဆိုရင် ဒါက… ယာယီအင်တာဗျူးလိုမျိုးလား။
သို့သော် 'ပူးပေါင်းဆောင်ရွက်ပေးပါ' ဆိုသည့်စကားက အပေါ်ယံစကားသာဖြစ်ကာ ဖိအားပေးနေသည့် လေသံက ပခုံးကို ဖိနှိပ်နေ၏။ ထို့ကြောင့် ဤနေရာ၊ ဤအလုံပိတ်လေထုက ပို၍စိတ်မသက်မသာ ဖြစ်လာစေတော့သည်။
"ပုဂ္ဂိုလ်ရေးအရလည်း နည်းနည်းသိတဲ့ ဆက်ဆံရေးပါ။"
"ပုဂ္ဂိုလ်ရေးအရပေါ့လေ၊ ဟက်ကာလား။"
သူက ဆောယောင်း၏စကားကို ပြန်တွေးနေသလို လိုက်ရေရွတ်ကာ စတီယာရင်ကို တတောက်တောက် ခေါက်နေသည်။ ဆောယောင်းလည်း လည်ပင်းသားတွေ တောင့်တင်းလာသည်အထိ ကားပြတင်းပေါက်ကို အကြာကြီး ကြည့်နေလိုက်၏။ ဘယ်သူကြည့်ကြည့် ဤစကားဝိုင်းကို မနှစ်သက်သည့် ဟန်ပန်ပင်။
"ပုဂ္ဂိုလ်ရေးအရ နည်းနည်းသိနေရအောင် ဂျောင်ဖီလ်ဂယူက မိန်းမနဲ့ကလေးတွေရှိတဲ့လူပါ။"
"..."
ခေါင်းကို ဝှစ်ခနဲလှည့်လိုက်တော့ ကွေးညွတ်နေသည့် မျက်လုံးများနှင့် တည့်တည့်ဆုံလိုက်ရသည်။ ထိုမျက်လုံးများထဲတွင် ရိုင်းစိုင်းသည့် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖတ်၍ရနေ၏။
"ဟန်ဆောယောင်းက စကားကို တိုတိုပြောရင် ကျွန်တော့်အတွေးကလည်း တိုသွားမှာပဲလေ။ ဒီထက် ပိုတိုအောင် လုပ်ကြည့်မလားဗျ။"
ခနဲ့တဲ့တဲ့ ဆွပေးနေသလို လေသံကြောင့် ဆောယောင်း၏ မျက်ခုံးများ အလိုလို ကျုံ့သွားတော့သည်။ ဤလူက သွေးသားဆန္ဒများသာ ပြည့်နေသော ကလေးဆန်ဆန် ဟိုကောင်နှင့် လုံးဝကို ကွဲပြားသူပင်။ စဉ်းလဲဉာဏ်များစွာ ပြုမူနည်းကို သိနေသည့်လူက ရယ်စရာလည်းမကောင်းသလို၊ လွယ်လည်းမလွယ်ပေ။ ဆောယောင်းက ကိုယ့်ကိုယ်ကိုယ် အေးစက်စွာ ဖုံးကွယ်ရင်း ရှင်းပြချက်ကို ထပ်ဖြည့်လိုက်သည်။
"ဂျောင်ဖီလ်ဂယူထက် သူ့ရဲ့ ခယ်မဖြစ်သူနဲ့ သိတာပါ။"
"ဟောချန်နာလား။"
သူက မျက်မှောင်ကြုတ်ရင်း ဟွန်းကို ခပ်ဖွဖွ တီးလိုက်သည်။ စုတ်တစ်ချက်သပ်လိုက်သည့် ထိုလူက ရုတ်တရက် ဝင်လာသည့်ကားကို ကျော်တက်ရန် ကျင်လည်စွာ လမ်းကြောင်းပြောင်းလိုက်၏။
ဆောယောင်းက ကိုယ်တိုင်ပင်မသိဘဲ ကိုင်းနေသည့်ပခုံးကို မတ်လိုက်သည်။ ယခုဆိုလျှင် အသားကျသင့်နေပြီဖြစ်သော်လည်း ရုတ်တရက် ဆူညံသံကြောင့် နှလုံးက ခုန်သွားမြဲပင်။ ခန္ဓာကိုယ် တောင့်သွားရလောက်အောင် ကျယ်လောင်သည့်အသံလည်းမဟုတ်။ သို့တိုင်အောင် ဤအရာအားလုံးက မျက်မမြင်တစ်ဦးအဖြစ် နေထိုင်ခဲ့ရသည့် အချိန်များ၏ အကြွင်းအကျန်များလို ခံစားနေရသည်။
မလွှဲမရှောင်သာဘဲ ဂင်ဟျွန်းကို သတိရမိတော့ သူ၏စိတ်အခြေအနေက ရုတ်တရက် မှိုင်တွေသွားတော့၏။
"…အဲ့ဒီကလေးက အင်မတန်ထက်တဲ့ ဟက်ကာမှန်း သိလားဗျ။"
ရှုပ်ထွေးနေသည့် ယာဉ်အသွားအလာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေ၍ပဲလားမသိ၊ ရုတ်တရက် နိမ့်သွားသည့်အသံက တိတ်ဆိတ်မှုကို ဖြိုခွဲခဲ့သည်။ ဆောယောင်းလည်း ရုတ်တရက် ဝင်လာသည့် ဂင်ဟျွန်းအကြောင်း အတွေးများကို ဖျစ်ညှစ်ထိန်းချုပ်ကာ ခေါင်းညိတ်လိုက်၏။ ချန်နာက ဟက်ကာတစ်ယောက်မှန်း သိထားသော်လည်း အင်မတန် ထက်မြက်သည်ဟုတော့ တစ်ခါမှမကြားဖူးပေ။
"၂၀၁၆ တုန်းက ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံပိုင်ဘဏ်တစ်ခု ဟက်ခံရဖူးတယ်ဗျ။ ခန့်မှန်းခြေ ဆုံးရှုံးမှုပမာဏက ၁၀ ဘီလီယံလောက်ရှိတာကို ရခါနီးလေးမှ မအောင်မြင်လိုက်ဘူးလေ။ အဲ့ဒီနောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရရှိနေပြီးတော့ ဗဟိုချက်က ၁၆ နှစ်အရွယ် မိန်းကလေးတဲ့။"
"..."
"အဲ့ဒါ ဟောချန်နာပေါ့။"
စိတ်မဝင်စားသည့်ပုံစံပေါက်အောင်နေနေသည့် ဆောယောင်း၏မျက်နှာ ပျက်သွားတော့သည်။ ထိုလူက ကားကို ကွေးကောက်သောလမ်းတွင် ညင်သာစွာ ကွေ့နေသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ စကားဆက်ခဲ့၏။
"မြောက်ကိုရီးယားက ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲ တစ်ခုပါတယ်ဆိုပေမဲ့ ဆိုက်ဘာဒုစရိုက်အဖွဲ့တွေကို အကောင်းဆုံး မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံလေ။ ငယ်ငယ်ကတည်းက သင်္ချာမှာ ပါရမီပါတဲ့ ကလေးတွေကိုရွေးပြီး တရုတ်က အဆောက်အအုံတွေမှာ မြေတောင်မြှောက်ပေးတာ။ ဟောချန်နာက အဲ့ဒီဆိုက်ဘာစစ်ရေးတပ်ဖွဲ့ရဲ့ အကောင်းဆုံး ရလဒ်ပေါ့။"
"..."
"အင်းလေ၊ မြောက်ကိုရီးယားကနေ ထွက်ပြေးမလာခင်အထိဆိုပါတော့။"
ဆောယောင်း၏ နောက်စေ့က ထုံကျဉ်သွားတော့သည်။ ရိုးရိုးသာမန် ထွက်ပြေးလာသူလည်း မဟုတ်၊ ဤသို့သော မယုံနိုင်စရာအတိတ်ရှိသည့် ချန်နာကို မြောက်ကိုရီးယားသို့ ထွက်ပြေးမည့်ကိစ္စနှင့် ချည်တုပ်ရန် ကြိုးစားခဲ့ခြင်းမှာ...
ဂျောင်ဖီလ်ဂယူတစ်ယောက် သူ၏ ခြိမ်းခြောက်မှုကို နားထောင်ရင်း ဘယ်လောက်တောင် ဇောချွေးပြန်နေခဲ့မလဲ။ မှားပြီးဆွဲထည့်မိလျှင် တကယ်ပင် ကပ်ဆိုက်သွားနိုင်သည်ဟူသော အတွေးကြောင့် နောက်ကျမှ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားရ၏။
ထိုကဲ့သို့ တွေဝေနေစဉ် မီးပွီုင့်မီးနီကြောင့် ကားရပ်သွားသည်။
"အဲ့ဒီတော့..."
ထိုလူက ဂီယာခုံပစ္စည်းထည့်သည့် box ထဲတွင် လိမ့်နေသော သကြားလုံးကိုဖောက်ကာ ပါးစပ်ထဲသို့ အမြန်ထည့်လိုက်သည်။ ဖောင်းနေသည့် ပါးတစ်ဖက်မှ မသိမသာ အစွန်းထွက်နေသည်ကို တွေ့လိုက်ရ၏။ သကြားလုံးကို လျှာဖြင့်လှိမ့်နေသည့်အလား မပီမသ အသံထွက်နှင့် သူက ပြောလာသည်။
"ဘယ်လိုတွေ့ကြတာလဲဗျ။ ဘယ်လိုပဲကြည့်ကြည့် နှစ်ယောက်ကို ဆက်စပ်ကြည့်လို့မရဘူး။"
"အဲ့ဒီလို ကိုယ်ရေးကိုယ်တာကိစ္စတွေအထိပါ ပြောပြရမှာလားရှင့်။"
"အလကားနေရင်း ခေါင်းစားမနေဘဲ ပါးစပ်က ထွက်လာသလို ပြောလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲဗျ။"
"..."
"တိုတောင်းတဲ့ အချိန်ဇယားဆိုပေမဲ့လည်း အဖွဲ့သားတွေကို အပ်ရမှာဆိုတော့ ယုံကြည်ရခက်တဲ့လူဆိုရင် ကျွန်တော်တို့တွေ အခက်တွေ့နိုင်ပါတယ်။ အစာအဆိပ်သင့်မှုလေးတစ်ခုလောက် ဖြစ်သွားတာနဲ့တင် စစ်ဆင်ရေးရဲ့ အောင်မြင်နိုင်ခြေက တစ်ဝက်လောက် ကျသွားနိုင်တယ်လေ။ အဲ့ဒါကြောင့် တစ်ခုခု စိတ်မရှင်းရင် မစနိုင်ပါဘူး။"
'စိတ်ကျဉ်းကျပ်စရာ စရိုက်ပါလား။'
ဆောယောင်းက အသံမထွက်စေဘဲ စုတ်တစ်ချက်သပ်လိုက်သည်။
"အဲ့ဒီလောက်တောင် ပြောလို့မရတဲ့ အကြောင်းအရာလားဗျ။ ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ကို တရားမဝင် ရှာခိုင်းခဲ့တာလား။"
"..."
ထိုလူ လှောင်ရယ်ရင်း ပေါက်ကရပြောလိုက်သည့်စကားက အရှိူက်ကို တည့်တည့်ထိသွားခဲ့သည်။ ဆောယောင်းက ဘာမှမပြောဘဲ အဝတ်စကိုသာ ဆုပ်ကိုင်ထားတော့ ထိုသို့သော သေးငယ်သည့်အမူအရာကို ဘယ်လိုများ သတိထားမိသည်မသိ၊ ကြည့်ကောင်းသော မျက်လုံးများက ရုတ်တရက် တင်းမာသွား၏။
"တကယ် အဲ့ဒီလိုလားဗျ။"
ဆောယောင်း ကိုယ့်အကြောင်းကိုယ် ဘယ်လောက်အထိ ဖော်ပြသင့်သလဲဟု ဆုံးဖြတ်မရဘဲ တွေဝေနေစဉ် သူက ခပ်ထေ့ထေ့ ပြုံးလိုက်သည်။
"တစ်ယောက်ယောက်က ဟန်ဆောယောင်းရဲ့ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးသွားတာထင်တယ်။"
သူက သကြားလုံးကို တဂွပ်ဂွပ်မြည်အောင် ကြမ်းကြမ်းတမ်းတမ်းဝါးရင်း ပခုံးတွန့်လိုက်သည်။ ထိုသို့သောကိစ္စမျိုးက ပေါပါတယ်ဟု ပြောနေသလိုပုံစံပင်။
ယခင်အတိုင်း သူစိမ်း၏အနံ့ကို မခံမရပ်နိုင်အောင် မုန်းတီးနေဆဲဖြစ်၍ မကောင်းသည့် ပထမဆုံးအမြင်ကို ပေးခဲ့သော ဤလူကိုလည်း စိတ်ကသိကအောက်ဖြစ်ရသည်။ သို့သော် ပို၍နားမလည်နိုင်သည်က သူ၏ ဤသို့သော အပြုအမူပင်။ လူ့စိတ်ကို စမ်းသပ်နေသလိုဖြစ်သော်လည်း တကယ်တမ်းတွင် စိတ်မဝင်စားသည့် ပေါ့တိပေါ့ပျက်နိုင်မှု။ ထိုသို့သော အသေးအဖွဲ စိတ်ပျက်စရာများက ဆောယောင်း၏ အာရုံကို လာထိနေသည်။
ဆောယောင်းက သတိနှင့် ပါးစပ်ကို တင်းတင်းပိတ်ထား၏။
"စကားက တိုပြတ်ပြတ်ဖြစ်နေရင် ကျွန်တော် ဘာလုပ်မယ်လို့ ပြောခဲ့လဲ။"
"ဒီမှာရှင့်။"
"အရေးမပါတာတွေ ပြောရတာ မခက်ပေမဲ့ သင်ယူနိုင်စွမ်း နိမ့်ပါးတာကတော့ တခြားပြဿနာဖြစ်သွားပါပြီ။ စကားတစ်ခွန်းတည်းကို နှစ်ခါရှင်းပြနေတုန်းမှာပဲ သေသွားတဲ့လူတွေ အများကြီး မြင်ဖူးတယ်ဗျ။"
ခပ်ငိုက်ငိုက်ဆောင်းထားသော ဦးထုပ်ကြောင့် အရိပ်ကျနေသည့် မျက်နှာက ဆောယောင်းကို စူးစိုက်ကြည့်နေသည်။ သွယ်ဝိုက်သော အပြစ်တင်မှုပါဝင်သည့် အကြည့်ကိုပင် ဆောယောင်းက တုံ့ပြန်ခြင်းမရှိခဲ့။ တိတ်ဆိတ်သော အကြည့်များ လေထဲတွင် တဒင်္ဂ ဆုံသွားတော့သည်။
"အသာတကြည် ပူးပေါင်းဆောင်ရွက်မှု မလုပ်ပေးဘူးဆိုတော့ ကျွန်တော်လည်း ပေါ်တင်ပဲ ထုတ်ပြောလိုက်ရမလား။"
"..."
"ပြည်ပခရီးစဉ် စာရင်းကို ကျွန်တော်ပဲ ဆွဲတာပါ။ ပြီးတော့ အထူးလုံခြုံရေးအဖွဲ့ရဲ့ ခရီးစဉ်တွေကို မလိုက်တာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ စိတ်အားငယ်တတ်တဲ့သူဆို ပိုလို့တောင်ဆိုးသေးတာပေါ့။"
"..."
"ဟန်ဆောယောင်းလည်း ဒီမှာပဲ အလုပ်ဆင်း အလုပ်ပြန်လုပ်တာ မကောင်းဘူးလား။"
မီးပွိုင့် မီးစိမ်းသွားတော့ သူက လီဗာကို နင်းလိုက်သည်။
'ခဏလေး... အခု သူပြောတဲ့စကားက...'
"အဲ့ဒါကြောင့် စိတ်ကျဉ်းကျပ်ရရင်တောင် ကျွန်တော့်ရဲ့ စိတ်အခြေအနေကို လိုက်ညှိပေးပါ။ အဲ့ဒီကိုသွားပြီး သေလောက်အောင် ဒုက္ခမခံချင်ရင်ပြောပါတယ်။"
ဆောယောင်းက နားမလည်သလို မျက်နှာထားနှင့် ခေါင်းကို ငဲ့စောင်းလိုက်သည်။
'အဲ့ဒါကစကားလဲ။ အဲ့ဒီတော့က၊ ပြည်ပခရီးစဉ် လိုက်သွားရင် အန္တရာယ်ရှိမယ်ပေါ့လေ။ စိတ်ပျော့တဲ့သူတွေ မကြည့်သင့်တဲ့ ကိစ္စတွေ လုပ်ကြမှာလား။ ရူးနေလား။ ငါ လိုချင်တာက အဲ့ဒါပဲကို။'
ချက်ချင်းပင် အသားများ ထုံကျဉ်သွားရလောက်အောင် ပြင်းထန်သည့် ကြိုတင်အာရုံရမှုက အတိတ်နိမိတ်ပေးသလို ဝင်ရောက်လာသည်။
"နာနာခံခံနဲ့ ကောင်းကောင်းဖြေပေးမယ်ဆိုရင် ကြည့်ကြပ်ပြီး ချန်လှပ်ပေးမယ်လို့ ပြောနေတာပါ။"
'မဟုတ်ဘူး...ဘာယ်လိုခွေးစကားလဲ။ ဘာပဲဖြစ်ဖြစ် လိုက်ကိုလိုက်ရမယ်။ ဒါက လုံးဝလိုက်ရမယ့် ခရီးစဉ်ပဲ။ ဒါဆို ပြောင်းပြန်လုပ်လိုက်ရင် ရပြီမဟုတ်ဘူးလား။'
ဆောယောင်းက အလျင်အမြန် စဉ်းစားတွက်ချက်ပြီးသည့်နောက် တွန့်ကြေနေသော အပေါ်ဝတ်ကို လက်နှင့် ဖြန့်လိုက်ကာ ခါးကို မတ်မတ်ပြင်လိုက်သည်။
"ကျွန်မဆီကနေ ဘာသိချင်တာလဲရှင့်။"
"ဟောချန်နာက အမျိုးသားထောက်လှမ်းရေးကတောင် ခေါ်ဖို့မအောင်မြင်ခဲ့တဲ့ ထူးချွန်သူဆိုတော့ သူ တကယ်တမ်း ရသင့်ရထိုက်တဲ့ ပိုက်ဆံမျိုးရောရရဲ့လားဗျ။"
"အဲ့ဒါက... အမျိုးသားထောက်လှမ်းရေးက အသုံးမကျလို့ လက်လွတ်သွားတယ်လို့ရော မတွေးမိဘူးလားရှင့်။"
သူက တစ်ချက်ရပ်တန့်သွားသော်လည်း တစ်ဖန်ပြန်ပြီး စတီယာရင်ကို ညင်သာစွာ လှည့်ခဲ့သည်။
"တကယ်ပဲ ရှိသမျှပိုက်ဆံအကုန် အလိမ်ခံလိုက်ရတာလားဗျ။"
"အဲ့ဒါထက် ပိုတန်ဖိုးရှိတာကို အလုခံလိုက်ရတာပါ။ လူတစ်ယောက် လုယူပြီး ထွက်ပြေးနိုင်တာက ပိုက်ဆံတစ်ခုတည်းမှ မဟုတ်တာ။ နိုင်ငံခြားမှာ အတွေ့အကြုံများခဲ့တယ်ဆိုပြီး ထင်ထားတာထက် တော်တော်လေး ရိုးတာပဲနော်။"
"…ဒါဆိုရင် တရားခံကို ဖမ်းမိပြီလားဗျ။"
"ဘာလို့လဲရှင့်။ အဲ့ဒီကောင်ကို ဖမ်းမိလို့ နှိပ်စက်တဲ့အခါ တစ်တပ်တစ်အား လာကူပေးမလို့လား။ ဝန်ထမ်း D/C တို့ (discount)၊ ဝန်ထမ်းသက်သာချောင်ချိရေးတို့ အဲ့ဒီလိုမျိုးလားရှင့်။"
ထိုလူက ခဏတိတ်သွားရာမှ ဦးထုပ်ကို ချွတ်ပြီးပြန်ဆောင်းခဲ့သည်။ သို့သော် လှောင်ရယ်နေသော အသံတွင် ထူးဆန်းသည့် သဘောတွေ့မှု ပါဝင်နေ၏။
"နှိပ်စက်ရလောက်တဲ့အထိဆိုတော့ မဖမ်းမိသေးဘူး ထင်ပါရဲ့။"
"..."
"ဘယ်လိုလုပ်မလဲ၊ ဟန်ဆောယောင်းက တော်တော်လေး ရယ်စရာကောင်းတဲ့ပုံ ဖြစ်နေသလိုပဲနော်။"
ဘာလဲဟ...။
ရင်ထဲမှ မကျေနပ်စိတ်ကြောင့် စိုက်ကြည့်လိုက်သော်လည်း တစ်ဖက်လှည့်ထားသည့် မျက်နှာတွင် ထွင်းထုပုံဖော်ထားသလို မေးရိုးကိုသာ မြင်နေရသည်။ ထူးထူးဆန်းဆန်း စိတ်တိုသွားသည့် ဆောယောင်းလည်း မပြောသင့်သော စကားကိုပင် ပြောလိုက်မိ၏။
"မဟုတ်ပါဘူး၊ ရှာနေတုန်းပါပဲ။ ဘယ်နှစ်လပဲ ကြာကြာ၊ ဘယ်နှစ်နှစ်ပဲ ကြာကြာ လက်လျှော့ဖို့ စိတ်ကူးမရှိပါဘူး။ အဲ့ဒါကြောင့် သနားစရာမလိုသလို၊ စာနာပေးဖို့လည်း စောပါသေးတယ်။"
ထိုအခါ ဆောယောင်း၏ ဦးခေါင်းထက်မှ ဂွပ်ခနဲအသံနှင့်အတူ သကြားလုံးက နောက်တစ်ကြိမ် ကြေမွသွားတော့သည်။
"ကိုယ့်ကိုယ်ကိုယ် အချိန်ဖြုန်းနေမိမှန်းတောင် သတိမထားမိဘူးဆိုရင် အဲ့ဒါက မကောင်းတဲ့လူနဲ့ လူပေါင်းမှားခဲ့တာပဲပေါ့။"
သို့သော် ဆောယောင်းက ပြတ်သားစွာ ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး၊ အဲ့ဒီလူကမှ လူပေါင်းမှားသွားတာပါ။ ကျွန်မ မဟုတ်ဘူး၊ အဲ့ဒီလူပါ။"
"..."
"နောက်ဆုံးကျရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တွေ့ကြမှာမို့လို့။"
ထိုလူက မမြင်ဖူးသည့်အရာတစ်ခုကို မြင်ရသူလို ဆောယောင်းကို စိုက်ကြည့်နေသည်။ မျက်လုံးမှ နှာခေါင်း၊ နှာခေါင်းမှ ပါးစပ်ဆီသို့။ ထိုအကြည့်က ထူးဆန်းစွာ စိမ်းသက်နေကာ မသွေမဖည်ရှိလှသည်။ လုံးဝ ခံစားချက်မရှိသော မျက်နှာထားက တစ်ချက်ကြည့်လိုက်လျှင် ဘဝင်မကျသည့်ပုံပင်ပေါက်နေ၏။
တစ်ချိန်တည်းတွင် လမ်းညွှန်စက်မှ ရောက်ရှိကြောင်း သတိပေးသံ ထွက်လာသည်။ သူက သင့်တော်သည့်နေရာတွင် ကားကိုရပ်ကာ side break ကိုပါ ဆွဲလိုက်၏။
တိတ်ဆိတ်နေသော ကားထဲတွင် ရှင်းပြ၍မရသည့် ထူးဆန်းသော အငွေ့အသက်တစ်မျိုး နေရာယူသွားသည်။ ဆောယောင်းက ချက်ချင်း ခါးပတ်ကိုဖြုတ်ကာ တံခါးကို ဖွင့်လိုက်၏။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် 'ဂျောက်' ဟူသောအသံနှင့်အတူ တံခါးက ပြန်ပိတ်သွားခဲ့သည်။
ဘာလဲ...။
ဆောယောင်း မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်တော့ "အဲ့ဒီလိုဆိုမှ နှုတ်ဆက်ဖို့ နောက်ကျသွားတာပဲ" ဟု ပြောရင်း သူက တည်ငြိမ်စွာဖြင့် နှုတ်ခမ်းထောင့်စွန်းများကို အပေါ်သို့ပင့်လိုက်သည်။
"ပထမဆုံးတွေ့ဆုံမှုပါ။ ကျွန်တော်က အထူးလုံခြုံရေးအဖွဲ့ခေါင်းဆောင် အီဝူရှင်းလို့ ခေါ်ပါတယ်ခင်ဗျ။"
~~~~
Miel's Translations