အပိုင်း ၃၀
“အရည်အချင်းကတော့ လုံလောက်ပေမဲ့ ယုံကြည်မှုအပိုင်းမှာတော့ အခုအထိ အားနည်းနေသေးတဲ့ပုံပဲ။”
ယုံကြည်မှုတဲ့လား။ ဘာကိုလဲ။
ဆောယောင်း၏ မျက်မှောင်ကြုတ်သွားသော နဖူးပြင်ထက်မှ အရေးအကြောင်းတို့ ခဏတွင်းချင်းမှာပင် ပြန်လည်ပြေလျော့သွားသည်။
ယခုအချိန်တွင် သူက လူသားတို့ကိုလည်း မယုံကြည်သလို၊ မျက်စိဖြင့်မမြင်ရသည့် အရာတို့ကို ပို၍ပင် မယုံကြည်ပေ။
“အမျိုးသားထောက်လှမ်းရေး အရာရှိကို ပြန်ပေးဆွဲပေးရမဲ့ကိစ္စကိုတော့ အားနာပေမဲ့ လက်မခံနိုင်ဘူး။”
“……”
“အထူးလုံခြုံရေးအဖွဲ့ အပြင်ကနေ ရှာဖွေပေးနေတဲ့ ငွေကြေးနဲ့တင် လုံလောက်နေပြီပဲ။ အန္တရာယ်တွေကြားထဲကနေ အမျိုးသားထောက်လှမ်းရေးနဲ့ ပတ်သက်မိလို့ ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ဘူးလေ။”
“…….”
“ဒါပေမဲ့ ကူညီပေးလို့တော့ ရတာပေါ့။ အထူးလုံခြုံရေးအဖွဲ့ကို တကယ်လိုအပ်နေတာဆိုရင်ပြောပါတယ်။”
ဒါက ငြင်းလိုက်တာပဲ မဟုတ်ဘူးလား။
တစ်မျိုးကြီးဖြစ်နေသော စကားအသုံးအနှုန်းကြောင့် စိတ်ထဲတွင် တစ်ခုခုလိုနေသလို ခံစားလိုက်ရသည်။
နေရာမှ ထရပ်လိုက်သော အမှုဆောင်ဒါရိုက်တာဂန်က တံခါးဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွား၏။
“အဲ့ဒီလက်က ဘယ်တော့လောက် သက်သာမှာလဲ။”
“အာရုံကြောထိခိုက်ထားတာမဟုတ်လို့ ချုပ်ရိုးဖြေလိုက်ရင် အဆင်ပြေသွားမှာပါ။”
“နှစ်လ။”
“ရှင်...”
“ဒါဆို နှစ်လအတွင်းမှာ ကုသမှုတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ကောင်းကောင်းအနားယူလိုက်။”
နေပါဦး…။ အဲ့ဒါက ကျွန်မလိုချင်တဲ့ အဖြေမဟုတ်ဘူးလေ။ ဒီတော့ ဘယ်လိုမျိုး ကူညီပေးမယ်လို့ ပြောနေတာလဲ…
ဒီအတိုင်း ကူညီပေးမလိုလိုနှင့် လူကို သွေးတိုးစမ်းနေခြင်းပဲလား။ ထိုသို့ဖြစ်နိုင်ခြေက ပိုများနေသလို ခံစားရသဖြင့် အားခဲထားသမျှ အကုန်လုံးလည်း လေထဲလွင့်ပါးကုန်သလိုပင်။
ဒီလိုမှန်းသာသိရင် ကုမ္ပဏီမှာပဲ အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုခဲ့ရမှာ…။
အချည်းနှီး နောင်တရနေမိသည့် အချိန်မှာပင်။
“ဒါဆို ရှေ့လျှောက် ပြဿနာမရှိအောင် ကုသမှုကို သေချာခံယူပါ။ မြန်မြန်သက်သာလာအောင် ဆုတောင်းပေးတဲ့အနေနဲ့ သစ်ခွပင်လေး ပို့ပေးလိုက်မှာမို့လို့ ဝမ်းမြောက်ဝမ်းသာ လက်ခံပေးစေချင်တယ်။ အဲ့ဒီလိုဆိုရင် ကိုယ်ဖြစ်ချင်တာမှန်သမျှ အကုန်လုံး ဖြစ်မြောက်လာမှာ။”
အဓိပ္ပာယ်ပါပါ ပြောသွားသော်လည်း အတည်ပြုချက် မရရှိခဲ့သည့်အတွက် စိတ်ပျက်နေသော ဆောယောင်းက ထိုစကားကို ချက်ချင်းပင် မေ့ပစ်လိုက်သည်။
သို့သော် ရက်ပိုင်းလောက်အကြာတွင် ပွင့်ချပ်လေးများ ထွက်ပေါ်နေသော သစ်ခွပင်အသေးလေးနှင့်အတူ အစိမ်းသက်သက်ဖြစ်နေသည့် လက်ကမ်းစာစောင်တစ်ခုက အမြန်ချောပို့ဖြင့် ရောက်ရှိလာ၏။
လက်ဆောင်ကို ဖြေကြည့်လိုက်သော ဆောယောင်းတစ်ယောက် အမှုဆောင်ဒါရိုက်တာဂန်၏ ကြောက်စရာအတွင်းစိတ်ကြောင့် အံ့အားသင့်ကာ မှင်တက်သွားရတော့သည်။
အန္တရာယ်များလှသော ဖိတ်ခေါ်စာတစ်စောင်ပင်။
~~~~
အာဖရိက ရဲသင်တန်းသားများက မြေပြင်ပေါ်တွင် ထိုင်ချလျက် အမောတကော အသက်ရှူနေကြသည်။ အာဖရိက၏ ပူပြင်းလှသော နေရောင်ခြည်က တစ်ကိုယ်လုံးကို ဆူးနှင့်ထိုးသလိုဖြစ်နေကာ ချွေးတို့ဖြင့် ရွှဲနစ်နေသော အဝတ်အစားများက အရေပြားပေါ်တွင် လေးလံစွာ ကပ်ငြိနေ၏။
“ဒါဆို နားနေချိန် ၁၀ မိနစ်ပြီးမှ ပြန်တွေ့ကြတာပေါ့။”
(အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခြင်း)
အီဝူရှင်းက မြေပြင်ပေါ်တွင် မောပန်းနွမ်းနယ်စွာ လဲကျနေသည့် အာဖရိက ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားလိုက်သည်။
ဟောချန်နာ၏ အမှတ်မထင် အဖွဲ့မှထွက်ခွာသွားမှုကြောင့် အထူးလုံခြုံရေးအဖွဲ့၏ အစီအစဉ်များက ရုတ်တရက် အခက်အခဲ ဖြစ်သွားရ၏။ ပြင်ဆင်ထားသည့် စာချုပ်များ ကြန့်ကြာသွားသလို အချို့မှာလည်း ဖျက်သိမ်းခံလိုက်ရသဖြင့် မထင်မှတ်ဘဲ အားလပ်ချိန်များ ထွက်ပေါ်လာသည်။
ထိုစဉ် နိုင်ဂျီးရီးယားဘက်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး သင်တန်းပို့ချပေးရန် တောင်းဆိုလာသဖြင့် Blast ကုမ္ပဏီက လုပ်ငန်းများ ရပ်တန့်နေသည့် အထူးလုံခြုံရေးအဖွဲ့ကို စေလွှတ်ခဲ့၏။
လက်ရှိ နိုင်ဂျီးရီးယားတွင် ‘ဘိုကို ဟာရမ်’ ဟုခေါ်သော အစ္စလာမ်အစွန်းရောက် ဂိုဏ်းဝင်များနှင့် အကြမ်းဖက်အဖွဲ့အစည်းများ သောင်းကျန်းနေကြပြီး အကြီးအကျယ် ကျောင်းသားပြန်ပေးဆွဲမှု ဖြစ်စဉ်များလည်း ဆက်တိုက် ဖြစ်ပွားနေသည်။
ထို့ကြောင့် နိုင်ဂျီးရီးယားအစိုးရက မိမိတို့၏ ရဲတပ်ဖွဲ့ဝင်များအတွက် ဓားစာခံကယ်ဆယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုများကို Blast ကုမ္ပဏီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်၏။
ပုံမှန် စစ်တပ် လေ့ကျင့်ရေးအစီအစဉ်က ကုမ္ပဏီ၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သလို၊ ဦးတည်ရာနေရာမှာ အာဖရိကဖြစ်နေခြင်းကလည်း အဓိက အဆုံးအဖြတ်ပင်။
မကြာသေးမီက အမေရိကန်နှင့် တရုတ်တို့ သိသိသာသာ အားပြိုင်နေကြသည့် နေရာမှာ ဤအာဖရိကတိုက်ဖြစ်ပေသည်။
စစ်အေးတိုက်ပွဲ အသစ်ဖြစ်ပွားရာ နေရာတွင် ငွေရှိသည်ဟု Blast ကုမ္ပဏီက ယုံကြည်ထား၏။ အမှန်တကယ်လည်း အခြားနိုင်ငံများမှ PMC (Private Military Company - ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီ) များက အာဖရိက၏ သတ္တု တူးဖော်ခွင့်များကို စာချုပ်ကြိုတင်ငွေအဖြစ် ရယူနေကြလေသည်။
ထို့ကြောင့် Blast ကုမ္ပဏီက မျက်စိကျနေခြင်းမှာလည်း ထူးဆန်းသည့်ကိစ္စမဟုတ်ပေ။ ကိုရီးယား၏ ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီများမှာ အနောက်နိုင်ငံများနှင့်ယှဉ်လျှင် ဈေးနှုန်းသက်သာပြီး ဝန်ဆောင်မှုကလည်း ထိပ်တန်းအဆင့်ဖြစ်သဖြင့် ယှဉ်ပြိုင်နိုင်စွမ်း အလွန်မြင့်မား၏။ တစ်ပန်းသာနေသည့် အလုပ်တစ်ခုပင်။
အီဝူရှင်းက စစ်ဆင်ရေးစခန်းအတွင်းသို့ ဝင်လာပြီး အကျင့်ဖြစ်နေသည့်အတိုင်း ရေခဲတုံးကို ဝါးစားလိုက်သည်။ အမြဲတမ်း အပူပိုင်းရာသီဥတုရှိသော နိုင်ငံခြားတိုင်းပြည်များသို့သာ လှည့်လည်သွားလာနေရသဖြင့် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ခြင်းမှာ သူ၏ ထမင်းစားရေသောက်ကိစ္စလို ဖြစ်နေပေပြီ။
Blast ကုမ္ပဏီ၏ လျှို့ဝှက်စာချုပ်များကို စူးစမ်းရှာဖွေရမည့်အစား အာဖရိကတွင်သာ လှည့်ပတ်နေရသဖြင့် "အမလေး... အဖွဲ့မှူး ပင်ပန်းနေတော့...ဟူး...မှာပဲ...” ဟု ပြောနေမည့် နာဝန်ချန်း၏ အသံဆိုးကြီးက နားထဲတွင် ရစ်ဝဲနေသလိုပင်။
အီဝူရှင်းက ကျဉ်းမြောင်းသော ဆိုဖာပေါ်တွင် ရှည်လျားသော သူ၏ ခန္ဓာကိုယ်ကိုကျုံ့ပြီး လဲလျောင်းလိုက်ကာ ပြတင်းပေါက်အပြင်ဘက်မှ လွင့်မျောနေသော တိမ်တိုက်များကို ငေးကြည့်နေသည်။ မည်သည့်တိမ်တိုက်ကို ရှာနေသည်မှန်းပင် မသိဘဲ ပျင်းရိငြီးငွေ့သော အကြည့်များဖြင့် ကောင်းကင်ယံကို ကြည့်နေမိခြင်းပင်။
“ဟာကွာ။ ချီးပဲ။”
ထိုစဉ် အတွင်းဘက်မှ ကွန်ပျူတာ မော်နီတာကို အသည်းအသန် ကြည့်နေသော အဖွဲ့ဝင်တစ်ဦးက ဝုန်းခနဲ ထရပ်လိုက်သည်။ ထိုအသံကြောင့် အသီးသီး နားနေကြသော အဖွဲ့ဝင်များ၏ ခေါင်းများက တစ်ပြိုင်နက်တည်း လှည့်ကြည့်ကုန်ကြ၏။
မတော်တဆ ဆဲမိသွားသော UDT* ထွက် ဂျင်ဟိုဂျယ်က တိမ်တိုက်ရှာပြီး လှဲအိပ်နေသော အဖွဲ့မှူးကို အသည်းအသန် လှမ်းကြည့်ခဲ့သည်။
[TL/N : UDT* - UDT/SEAL (Underwater Demolition Team/Sea Air and Land)
တောင်ကိုရီးယားရေတပ်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ပါ။ ကုန်း၊ ရေ၊ လေ သုံးမျိုးစလုံးမှာ စစ်ဆင်ရေးတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပြီး လေ့ကျင့်ရေးက တအား ပြင်းထန်ခက်ခဲလို့ ကမ္ဘာ့အတော်ဆုံး အထူးတပ်ဖွဲ့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဓိကတာဝန်တွေက ပင်လယ်ရေအောက် မိုင်းရှင်းလင်းရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေးနဲ့ ရန်သူ့နယ်မြေအတွင်း လျှို့ဝှက်စစ်ဆင်ရေး ဆောင်ရွက်ရတာတွေပါ။]
“အဖွဲ့မှူး၊ အသစ်ထွက်လာတဲ့ အမိန့်စာကို မြင်ပြီးပြီလား။”
“စိတ်မဝင်စားဘူး။”
“ဟား... တကယ်ပဲ အဲ့ဒီလို လှဲနေရမဲ့အချိန် မဟုတ်ပါဘူးဆို။ မြန်မြန် ကြည့်လိုက်စမ်းပါ။”
“အပြင်ကနေ ရေခဲထပ်ယူပေးမယ်ဆိုရင်။”
“…….”
“ဂျင်ဟိုဂျယ် အဖွဲ့ဝင်က အရင်ဆုံး ချစ်စရာကောင်းအောင် လုပ်ပြမှ ငါကလည်း အကူအညီတောင်းတာကို စဉ်းစားပေးမှာပေါ့။”
“မဟုတ်ဘူးလေ၊ အဖွဲ့မှူး၊ ကျွန်တော်တို့အဖွဲ့ရဲ့ကိစ္စပဲကို ဘာလို့ အကူအညီတောင်းတာဖြစ်ရမှာလဲ...”
အီဝူရှင်း မေးစေ့ဖြင့် အပြင်ဘက်ကို ညွှန်ပြလိုက်ရာ ဂျင်ဟိုဂျယ်လည်း မျက်နှာပျက်ပျက်ဖြင့် နှုတ်ခမ်းကို လှုပ်ရုံသာ လှုပ်နိုင်တော့သည်။ ဤကဲ့သို့ ပျင်းတိပျင်းတွဲနှင့် ဖြစ်သလိုနေတတ်သော လူက လက်တွေ့ကွင်းဆင်းလုပ်ငန်းခွင်ထဲ ရောက်သွားလျှင် သရဲလို လျင်မြန်စွာ လှုပ်ရှားတတ်သည်မှာ အံ့ဩစရာပင်။
“ဒါဆိုလည်း ကျွန်တော်ပဲ ဖတ်ပြလိုက်ပါ့မယ်။”
အီဝူရှင်းက မိမိအား ပေးအပ်ထားသော တာဝန်မဟုတ်လျှင် ခလုတ်ပိတ်ထားသလို အခြားကိစ္စများကို လုံးဝ စိတ်မဝင်စားပေ။ ပြန်ကြည့်လေ အံ့ဩဖို့ကောင်းလေ... ဟင့်အင်း....အင်မတန် ထူးခြားသော လူတစ်ဦးပင်။
နောက်ဆုံးတွင် ဂျင်ဟိုဂျယ်က အသံကျယ်ကျယ်ဖြင့် အမိန့်စာအသစ်ကို ဖတ်ပြလေတော့သည်။
“Blast အဖွဲ့ဝင်သစ်များရဲ့ အခြေခံလေ့ကျင့်ရေးအစီအစဉ်မှာ လေ့ကျင့်ရေးနည်းပြအဖြစ် ပါဝင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်...”
“လေ့ကျင့်ရေးနည်းပြတဲ့လား။”
တိမ်တွေကိုသာ ကြည့်နေသော အီဝူရှင်း၏ မျက်ခုံးများက သိသိသာသာ မြင့်တက်သွားသည်။
“ဟုတ်ကဲ့၊ ပြီးတော့ ဒါက ကျွန်တော်တို့ အဖွဲ့ဆီကို တိုက်ရိုက်ကျလာတာပါ။”
“…….”
“အာဖရိက,ကနေ ပြန်လာတာနဲ့ အဖွဲ့ဝင်သစ်တွေကို လေ့ကျင့်ပေးဖို့ ကျွန်တော်တို့ကို သုံးတော့မှာတဲ့လား... ကျွန်တော်တို့ရဲ့ လုပ်အားခက ဘယ်လောက်တောင်လဲ။ ဘာလို့ ဒီလို အသေးအမွှား ကိစ္စတွေကိုပဲ ခိုင်းနေရတာလဲဗျ။”
“ဟောချန်နာ သေသွားတော့ ငါတို့ရဲ့ ခြောက်လစာ အစီအစဉ်တွေ အကုန်ပျက်သွားလို့လေ။”
“အဖွဲ့မှူး၊ သူက အခုအထိ မသေသေးပါဘူး။”
“ဟုတ်သားပဲ။”
“…….”
“ဒါဆိုလည်း မြန်မြန်လေး ထလာမှပေါ့။”
စိုးရိမ်ပူပန်နေသည့် လေသံမဟုတ်ပေ။ အမြန်ထလာမှ အမြန်ပြန်သုံးလို့ရမည်ဟူသော ရက်စက်သည့် စကားလုံးများက နေပူစာလှုံနေသည့် သားရဲတစ်ကောင်အလား ပျော့ပျောင်းစွာ လှဲအိပ်နေသောလူ၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာခြင်းပင်။ ထိုဆန့်ကျင်ဘက်ဖြစ်မှုက မလိုက်ဖက်သဖြင့် ပို၍ပင် စိတ်ထဲ တစ်မျိုးကြီးဖြစ်ရသည်။
ထိုစဉ် မျက်နှာသစ်လာသဖြင့် မျက်နှာတစ်ခုလုံး စိုစွတ်ဝင်းပနေသော လူတစ်ဦးက မော်နီတာကို အမြန်ကြည့်လိုက်၏။
“ဒါက... အသေးအမွှားကိစ္စတော့ ဖြစ်မဲ့ပုံမပေါ်ဘူးနော်။”
“ဟေ့ကောင်။ မင်းလို မင်းသားလေးက ဘာများသိလို့လဲ။”
အီဝူရှင်းအရှေ့တွင် ယဉ်ကျေးပြနေသော ဂျင်ဟိုဂျယ်က ရုတ်တရက် ဒေါသထွက်သွားသည်။
“ဒီအောက်မှာ၊ ငါတို့အဖွဲ့အတွက် လစ်လပ်နေရာကို ကိုယ်တိုင်ရွေးပြီး ဖြည့်လို့ရတယ်လို့ ရေးထားတယ်လေ။”
“အာ...”
အရပ်အမောင်းတူညီသော အဖွဲ့ဝင်နှစ်ဦးက ချွေးစိုနေသော တဘက်များဖြင့် အချင်းချင်း ရိုက်နှက်ကာ စနောက်ကြတော့သည်။
ကြိမ်လုံးလို ရှည်လျားသော တဘက်ဖြင့် တစ်ဖက်လူ၏ ခေါင်းကိုရိုက်၊ ပါးကိုရိုက်၊ ရင်ဘတ်နှင့် ပခုံးအထိ အဆက်မပြတ် လွှဲရိုက်နေကြသော်လည်း တားမည့်သူ မရှိပေ။
တစ်ချက်စီ အပြန်အလှန် လက်တုံ့ပြန်ပြီးနောက်တွင် ပုံမှန်အတိုင်း စကားဆက်ပြောခဲ့ကြသည်။
“ကျေးဇူးပြုပြီး အငယ်လေးဖြစ်ပါစေ။”
“လူသစ် အငယ်လေးတွေက အရင်တစ်ခါရော၊ အဲ့ဒီမတိုင်ခင်ကရော ရှိခဲ့တာပဲလေ။ သိပ်မကြာဘူး ထွက်သွားကြလို့ပေါ့။”
“အဲ့ဒါကြောင့် ပြောတာလေ၊ ဘာလို့ မခံနိုင်ဘဲ ထွက်ကုန်ကြတာလဲလို့။”
နှစ်ယောက်သား တဘက်များကို ပစ်ချလိုက်ပြီး ဂျူဒိုကစားကြတော့သည်။ ကော်လာကို အရင်ဆုပ်ကိုင်နိုင်သူက အသာစီးရမည့် ဂိမ်းပင်။
“ဂီထယ်မင်း၊ မင်းကြောင့် မဟုတ်လား။ မင်းက အမြဲတမ်း ဇီဇာကြောင်ပြီး ခပ်တန်းတန်းနေ၊ သန့်ရှင်းရေးကိစ္စမှာလည်း အကဲတွေပိုနေတော့ လူသစ်တွေလည်း စီနီယာနဲ့ ကြားမှာ နံရံကြီးရှိနေသလို ခံစားရပြီး အသားမကျဘဲ ထွက်သွားကြတာပေါ့။”
“အရူးကောင်၊ မင်းကြောင့်ပဲနေမှာပေါ့။ သူတို့ရောက်လာတာနဲ့ တစ်ရက်တည်းမှာတင် အရက်ကို သေတ္တာလိုက်တိုက်၊ မင်းအိမ်ရှေ့မှာ အိပ်ခိုင်း၊ ချွေးထုတ်ခန်းအထိ အတင်းခေါ်သွားတော့ ကြောက်ပြီး ထွက်ပြေးကုန်တာလေ။”
“ဒီလူမှုဆက်ဆံရေးမရှိတဲ့ကောင်တော့၊ အဲ့ဒါကို ‘ရဲဘော်ရဲဘက်စိတ်’ လို့ ခေါ်တာကွ။”
“အရူးကောင်၊ အဲ့ဒါကို ‘ညှဉ်းပန်းနှိပ်စက်မှု’ လို့ ခေါ်တာ။”
နှစ်ဦးသား အချင်းချင်း ကော်လာကို ဆုပ်ကိုင်ရင်း စိုက်ကြည့်နေကြရာမှ အီဝူရှင်းကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
“အဖွဲ့မှူးကရော ဘယ်လို လူသစ်မျိုး ဖြစ်စေချင်လဲ။”
ရင်းနှီးအသားကျနေသော ဆူညံသံများကြားတွင် မျက်လုံးတစ်ဝက်ပွင့်လာသောလူက သမ်းဝေလိုက်သည်။ ထို့နောက် နာရီကို ကြည့်လိုက်ကာ အရိပ်လို အသံမထွက်ဘဲ နေရာမှ ထလိုက်၏။
ခြေတံရှည်ကြီးများကို စားပွဲပေါ် တင်ကာ လှဲအိပ်နေသော လူက ရုတ်တရက် လျင်မြန်စွာ လှုပ်ရှားလိုက်ပုံမှာ ကြောင်မျိုးနွယ်ဝင် သားရဲတစ်ကောင်လို ထက်မြက်လှသည်။ သူက ပြေလျော့နေသော စစ်ဖိနပ်ကြိုးကို တင်းကျပ်စွာ ပြန်လည်ချည်နှောင်ရင်း ပြောလိုက်၏။
“ငါ့မျက်စိထဲမှာ အနှောင့်အယှက် မဖြစ်ရင် ရပြီ။”
ပါးစပ်ထဲတွင် ငုံထားသော ရေခဲတုံးက အရည်ပျော်ကာ ပျောက်ကွယ်သွားခဲ့လေပြီ။
~~~~
ဝီစကီဖန်ခွက်ထဲသို့ ရေခဲတုံးလေးများ ချောက်ခနဲ ကျသွားပြီးနောက် ပယင်းရောင်ရင့်ရင့် အရက်များက ရေခဲတုံးကြားထဲ စိမ့်ဝင်သွားသည်။
Blast ကုမ္ပဏီအဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် တည်ရှိသော အမှုဆောင်ဒါရိုက်တာရုံးခန်း။
အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်းက ကြည်လင်နေသော အရက်ခွက်ကို လှည့်ရင်း လေးဘက်လေးတန် မှန်များတပ်ထားသော နံရံရှေ့တွင် ရပ်လိုက်၏။ လင်းထိန်နေသည့် ဆိုးလ်မြို့၏ ညရှုခင်းကို ဘာခံစားချက်မှမရှိဘဲ ငေးကြည့်နေသော ထိုလူက မကြာမီမှာပင် တစ်စုံတစ်ဦးထံ ဖုန်းခေါ်လိုက်သည်။
Blast ကုမ္ပဏီက ဆိုးလ်အပြင် ဟောင်ကောင်နှင့် စိန့်ပီတာစဘာ့ဂ်တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထား၏။
မကြာသေးမီကမှ ပြည်ပရုံးခွဲများသို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့သော ဂန်ထယ်ဂွန်းက အရက်ခွက်ကို ကိုင်ထားသည့် လက်ချောင်းများဖြင့် ကျုံ့ထားသော သူ၏မျက်ခုံးကို ပွတ်သပ်လိုက်သည်။ မြို့ပြ၏ ခန့်ညားထည်ဝါမှုကို အပေါ်စီးမှ နင်းခြေကြည့်ရှုနေသော်လည်း သူက ရေငတ်နေသူအလား အရက်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်၏။
ထိုစဉ် တစ်ဖက်မှ တည်ငြိမ်သော အသံတစ်ခုက ပြန်လည်ဖြေကြားလာသည်။ ဂန်ထယ်ဂွန်းက ဝတ်ကျေတမ်းကျေ နှုတ်ဆက်စကားများကို အကျဉ်းချုပ်ပြောပြီးနောက် ချက်ချင်းပင် လိုရင်းကို ပြောလိုက်လေ၏။
“အမျိုးသမီးအေးဂျင့်ကိုတော့ ဒီဘက်ကနေ ရှာပေးလို့ရမဲ့ပုံပဲဗျ။”
~~~~
Miel's Translations