no

Font
Theme

အပိုင်း ၆၂

ဆောယောင်းက ဖွဲဖွဲလေး စတင်ကျလာသော နှင်းများကို ခံယူရင်း တောင်ထဲသို့ ဝင်လာခဲ့သည်။

နှစ်ရက်တာအတွင်း ခန္ဓာကိုယ်ကို အပြည့်အဝ အပန်းဖြေထားသည့် အဖွဲ့ဝင်များက နည်းပြများ ကြိုတင်ပြင်ဆင်ပေးထားသော Survival Bag များ ကိုယ်စီလွယ်ကာ အရပ်မျက်နှာအသီးသီးသို့ လူစုခွဲထွက်ခွာသွားကြ၏။

ငရဲရက်သတ္တပတ်က တစ်ပတ်လုံးလုံး အိပ်စက်ခွင့်မရှိသော အချိန်ဖြစ်ခဲ့သည်ဆိုလျှင်၊ နောက်ဆုံးတံခါးဖြစ်သည့် 'နည်းပြဖမ်းပွဲ' ကမူ နာမည်ကျော် 'အငတ်ခံရက်သတ္တပတ်' နှင့် ပေါင်းစပ်ထားသဖြင့် အမြင့်ဆုံးသော ခက်ခဲမှုအဆင့်ကိုပြနေသည်။

အငတ်ခံရက်သတ္တပတ်ဆိုသည်မှာ လေ့ကျင့်ရေးကာလအတွင်း နာမည်ဆိုးနှင့် အ​ကျော်ကြားဆုံး လေ့ကျင့်ရေးဖြစ်ပြီး၊ ၅၀၀ မီလီလီတာရှိသော ရေသန့်တစ်ဘူးတည်းဖြင့် တစ်ပတ်လုံး ကြံ့ကြံ့ခံရခြင်းပင်။

ရှေ့လျှောက် အဖွဲ့ဝင်များက ပြင်းထန်သော ဆာလောင်မှုကို အံတုလျက် သစ်မြစ်ဖြစ်စေ၊ ပိုးမွှားဖြစ်စေ၊ မြက်ပင်ဖြစ်စေ တွေ့ရာကို ဝါးစားရင်း အသက်ရှင်အောင် ရုန်းကန်ကြရပေတော့မည်။

“နည်းပြကို အတူတူဖမ်းရရင် ဘယ်လောက်ကောင်းမလဲ။ ငါတို့ လက်ရည်ကလည်း ကွက်တိပဲဟာကို။ ဒီလိုအချိန်မျိုးမှာ မပူးပေါင်းရင် ဘယ်အချိန် သွားပူးပေါင်းမလဲ။”

“ငါက ဘယ်သူနဲ့မှ မျှဝေစားရတာကို မကြိုက်ဘူး။”

“မင်းကတော့ ရက်စက်လိုက်တာ၊ တစ်ခါလောက်ပဲ မျက်စိမှိတ်ပြီး ကျော်သွားပေးလို့ ရတာပဲကို…”

“တစ်ခါကနေ နှစ်ခါဖြစ်သွားမှာပေါ့။”

ဒုံဂျီဝူးက စိတ်မကောင်းဖြစ်ဟန်ဖြင့် ဘေးမှနေ၍ တတွတ်တွတ် မကျေမနပ်ပြောနေသော်လည်း ဆောယောင်းကမူ မိမိ၏အောင်မြင်မှုကို ခွဲဝေရန် စိတ်ကူးမရှိပေ။ ဖမ်းချင်သည့် နည်းပြက တစ်ယောက်တည်းရှိသည်ကို နှစ်ယောက်သား မည်သို့ခွဲယူကြမည်နည်း။ ဤသည်မှာ ယုတ္တိမရှိသည့်ကိစ္စပင်။

“ဒါနဲ့ ဒီနှစ် အထူးတပ်ဖွဲ့ထဲကို လူသစ် တစ်ယောက်မှ ဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောနေကြတယ်။”

“ဘာလို့လဲ။”

“နည်းပြတွေက UDT ထွက်တွေဖြစ်နေတော့ ဒီလို အငတ်ခံရက်သတ္တပတ်ဆိုတာ သူတို့အတွက် ပေါ့ပေါ့လေးပဲတဲ့လေ။ ဟူး… အခြေအနေအရ ငါကတော့ နည်းပြ ဂျင်ဟိုဂျယ်ကိုပဲ ပစ်မှတ်ထားတာ ပိုကောင်းမလားမသိဘူး။ နည်းပြ အီဝူရှင်း ရှေ့မှာ ဟိုဟိုဒီဒီ သွားလုပ်နေရင် တစ်စုံတစ်ယောက်လိုပဲ သေနတ်နဲ့ အပစ်ခံရ…”

“ငါ အရင်သွားပြီ။”

ဆောယောင်း မျက်မှောင်ကြုတ်ကာ နှုတ်ဆက်ခြင်းမရှိဘဲ ထွက်လာခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် အနောက်သို့ ပြန်လှည့်ကြည့်လိုက်၏။

“ဆာတယ်ဆိုပြီး တွေ့ကရာအပင်တွေ လျှောက်မစားနဲ့၊ မှားစားမိရင် ဝမ်းလျှောတတ်တယ်။”

“ဟေ့……”

စိတ်မကောင်းပါဘူး။

ဆောယောင်း စိတ်ထဲမှ ရေရွတ်ရင်း ပခုံးပေါ်တွင် ခြုံထားသော မိုးကာခြုံထည်ကို တင်းတင်းကျပ်ကျပ် စုစည်းလိုက်သည်။

နောက်ဆုံးစစ်ဆေးမှု မစတင်မီ သူ ပထမဆုံးလုပ်ခဲ့သည့်အရာက အဖွဲ့ဝင်တစ်ဦးချင်းစီထံ ပေးထားသော survival bag များကို တိုးတိုးတိတ်တိတ် လက်စွမ်းပြခဲ့ခြင်းပင်။

ရဲဘော်ရဲဘက်များ၏ ညကြည့်မှန်ပြောင်းနှင့် လက်နှိပ်ဓာတ်မီးများထဲမှ ဘတ္ထရီများကို အကုန်ထုတ်ပစ်ခဲ့၏။ ဤသို့ဆိုလျှင် ညဘက်တွင် သူတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားမည်ဖြစ်ပြီး၊ ကံကောင်း၍ နည်းပြကို တွေ့ခဲ့လျှင်ပင် လှုပ်ရှားမှု သို့မဟုတ် တုံ့ပြန်မှုနှုန်းက နှေးကွေးသွားမည်သာ။

အဲ့ဒါကြောင့် စိတ်မကောင်းပါဘူး။ ငါလည်း ရှင်သန်ရဦးမှာပေါ့။

ဆောယောင်း နှုတ်ခမ်းထောင့်စွန်းကို အနည်းငယ်ပင့်ကာ ပြုံးလိုက်ပြီး နှင်းများပါးပါးလေး စုပုံနေပြီဖြစ်သော နှင်းတောင်ပေါ်သို့ စတင်တက်လှမ်းခဲ့သည်။

“....”

ပတ်ဝန်းကျင် မှောင်အတိကျသွားပြီးသည့်နောက်မှသာ အဖွဲ့ဝင်များ၏ ဒေါသတကြီး အော်ဟစ်သံများက နေရာအနှံ့မှ ပဲ့တင်ထပ်လာ၏။ ဆောယောင်းကမူ ထိုအသံများကို နောက်ခံတေးဂီတသဖွယ် သဘောထားကာ မိမိအတွက် ခိုလှုံရာနေရာတစ်ခု ဖန်တီးရန် အာရုံစိုက်နေခဲ့သည်။

နည်းပြများ ချမှတ်ထားသော စည်းကမ်းက အတော်အသင့် မျှတ၏။ သူတို့က လက်နက်မပါဘဲ အဖွဲ့ဝင်များကဲ့သို့ပင် လက်ဗလာဖြင့် တောင်ထဲသို့ ဝင်လာကြခြင်းဖြစ်သည်။ သို့သော် စစ်ဖိနပ်၏ အောက်ခံပုံစံက မတူညီဘဲ၊ ခြူလေးများ ချိတ်ဆွဲထားသဖြင့် လှုပ်ရှားတိုင်း ကြည်လင်သော အသံလေးများ ထွက်ပေါ်လာ၏။

ထို့အပြင် အဆုံးအစမရှိ ကျယ်ပြောလှသော တောင်တန်းကြီးထဲတွင် မဟုတ်ဘဲ၊ လှုပ်ရှားမှုနယ်မြေကို သတ်မှတ်ပေးထားသောကြောင့် စိတ်ပိုင်းဖြတ်ထားလျှင် အလွယ်တကူ ဖမ်းမိနိုင်မည့် ပတ်ဝန်းကျင်ဖြစ်မည့်ပုံပင်။ သို့သော် လေးရက်မြောက်နေ့အထိ သူတို့၏ အရိပ်အယောင်ကိုပင် မမြင်ရသေးပေ။

ဆောယောင်းတစ်ယောက် ခြူသံကြားရတိုင်း အီဝူရှင်းကို လိုက်ရှာခဲ့သော်လည်း အချည်းနှီးသာ။

တစ်ခါတစ်ရံ အဖွဲ့ဝင်အချို့က ဂျင်ဟိုဂျယ်ကို တွေ့ရှိပြီး ဝိုင်းအုံတိုက်ခိုက်ကြသော်လည်း ပြန်လည်နှိမ်နင်းခံရကာ အကြီးအကျယ် အထိုးခံရရုံသာ အဖတ်တင်ခဲ့သည်။

ဆောယောင်းက ထိုမြင်ကွင်းကို မှန်ပြောင်းဖြင့် တိတ်တဆိတ် ကြည့်ရှုရင်း အတွေးထဲမျောနေမိ၏။

'အုပ်စုလိုက် တိုက်ခိုက်တာက ပိုကောင်းမလား။'

“ဖမ်းထား၊ အား၊ ဒီကောင့်ကို ဖမ်းထားလို့။”

“တစ်ချက် နည်းနည်းစိတ်လျှော့၊ အု…ဟေ့၊ ဒီခွေးမသားတွေ…ငါပြောတာ မကြားဘူးလား။”

“မလိုအပ်တဲ့ကောင်တွေကို အရင်ထုတ်ပစ်တာ ဘာဖြစ်လဲ…”

“လွှတ်စမ်း၊ ဒီခွေးမသား…”

“မင်း အခု ဝတ်ထားတဲ့ မိုးကာပါ အလုခံချင်တာလား။”

ဟင့်အင်း၊ အဲ့ဒါလည်း မဖြစ်ဘူးထင်တယ်…

ယခုအခါ အဖွဲ့ဝင်များက ကျန်ရှိနေသော ရေနှင့် survival bag များကို လုယူရန် သူတို့အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသော အကျည်းတန်သည့်ပုံစံကို ပြသနေကြပေပြီ။ ပိုင်ဆိုင်သမျှ အကုန်အလုခံလိုက်ရသော အဖွဲ့ဝင်ကမူ နောက်ဆုံးတွင် မျက်ရည်နှင့် မျက်ခွက်ဖြစ်ကာ တောင်အောက်သို့ ဆင်းသွားရရုံသာရှိတော့သည်။

အိတ်ထဲတွင် ဓား၊ မီးခတ်ကျောက်ပါသော ရေစိုခံဘူး၊ သံလိုက်အိမ်မြှောင်၊ နေကာမျက်မှန်၊ ကျော့ကွင်းလုပ်ရန် ဝါယာကြိုး၊ အလင်းပြအချက်ပေးဗုံး၊ သစ်သားမီးခြစ်၊ Sleeping Bag၊ ရှေးဦးသူနာပြုသေတ္တာ၊ အတွင်းခံအင်္ကျီ၊ ခြေအိတ်၊ စစ်မြေပြင်သုံး ပေါက်ပြား၊ ကြိုး စသည့် အသက်ရှင်ရန် အသုံးဝင်သော အရာများစွာ ပါဝင်၏။

အထူးသဖြင့် အတွင်းခံ၊ တဲအဖြစ် အသုံးပြုနိုင်သော ရေစိုခံစနှင့် sleeping bag တို့မှာ လုယူနိုင်သမျှ ပိုကောင်းသောပစ္စည်းများထဲတွင် ပါဝင်သည်။

ထိုသို့ အချိန်ကုန်လွန်လာသည်နှင့်အမျှ ယှဉ်ပြိုင်မှုက နည်းပြကို ဖမ်းရုံသာဖြစ်သည့် စမ်းသပ်စစ်ဆေးမှု မဟုတ်တော့ဘဲ ပို၍ ရက်စက်ကြမ်းကြုတ်သော ပုံသဏ္ဌာန်ကို ဆောင်လာတော့၏။

ထိုစဉ်၊ ဤဘက်ကို သေသေချာချာ စိုက်ကြည့်နေသော အဖွဲ့ဝင်တစ်ဦးနှင့် မှန်ပြောင်းမှတစ်ဆင့် မျက်လုံးချင်း ဆုံသွားလေသည်။

“……”

ချက်ချင်း ခေါင်းငုံ့လိုက်သော်လည်း အလိုအလျောက် တံတွေးမျိုချမိသွား၏။ ဆာလောင်မှုနှင့် အအေးဒဏ်အပြင် သတိထားရမည့်အရာများ ပိုများလာသလိုပင်။

ရက်ပိုင်းအတွင်း မရပ်မနားကျခဲ့သော နှင်းများကြောင့် စစ်ဖိနပ်က ခြေချင်းဝတ်အထိ မြုပ်ဝင်နေသည်။

နေ့စဉ် မနက်ခင်းရောက်တိုင်း ဆောယောင်းတစ်ယောက် ထူထပ်စွာ စုပုံနေသော နှင်းများကြောင့် မျက်နှာရှေ့အထိ လေးလံစွာတွဲကျနေသည့် ရေစိုခံစကိုကြည့်ကာ လန့်နိုးလာတတ်၏။

သူက အိတ်ထဲမှ ဆားနှင့် ရေကိုသောက်ရင်း ဆာလောင်မှုကို ဖြေသိမ့်ကာ ယနေ့လည်း တောင်ကို ပတ်ရှာခဲ့သည်။ စား၍ရသည့် သစ်မြစ်ကိုတွေ့လျှင် ဓားဖြင့်လှီးကာ ဝါးစားခဲ့ပြီး၊ ကံကောင်း၍ မှိုကို တွေ့လျှင်လည်း အဆိပ်ရှိ၊မရှိ ဝေခွဲမရသဖြင့် ဤအတိုင်းသာ ပြန်လှည့်လာခဲ့ရ၏။

“ဟား၊ ဟား…”

မိမိ၏ အသက်ရှူသံမှလွဲ၍ ဘာမှမကြားရသော တိတ်ဆိတ်အေးချမ်းသည့် နှင်းတောင်ကြီး။ ထိုနေရာတွင် တစ်ယောက်တည်း ကျန်ရစ်ကာ တစ်စုံတစ်ယောက်ကိုသာ လိုက်လံရှာဖွေနေရခြင်းက တစ်မျိုးတစ်ဖုံ အထီးကျန်သလိုပင်။

ချွင်….

ထိုစဉ်၊ လေထဲတွင် လွင့်မျောလာသော ခြူသံ၊ ဟင့်အင်း၊ နည်းပြတွင် ချိတ်ဆွဲထားသည်မှာ သေချာသော ခြူသံက အနီးအနားမှ မြည်လာသည်။ ဆောယောင်း ချက်ချင်း ကိုယ်ကိုနှိမ့်ကာ နားစွင့်လိုက်၏။

'ဒီမှာပဲ စောင့်ကြည့်ရမလား၊ ဒါမှမဟုတ် ချုံခိုတိုက်ခိုက်ရမလား။'

တဒင်္ဂ တွေးတောနေစဉ် နောက်တစ်ကြိမ် မြည်လာသော ခြူသံကြောင့် မနေနိုင်ဘဲ ပြေးထွက်သွားမိ၏။ သို့သော် ဘာမှမစားထားရသဖြင့် ရုတ်တရက် ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားခဲ့သည်။

ဆောယောင်း သွားကိုတင်းတင်းကြိတ်ကာ တစ္ဆေလို ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည့် ထိုအသံနောက်သို့ ခြေလှမ်းမရပ်ဘဲ လိုက်ခဲ့၏။

ငါ နင့်ကို ဘာလို့ မဖမ်းနိုင်ရမှာလဲ။ ငါက နင့်ကိုပဲ ဖမ်းမှာ။ ဂင်ဟျွန်း၊ ဟင့်အင်း၊ နည်းပြ အီဝူရှင်း၊ မဟုတ်ဘူး၊ ဂင်ဟျွန်းကို… မဟုတ်ဘူး၊ လောလောဆယ်တော့ နည်းပြကို……

ထိုသို့ အသက်ရှူသံများ မပီမပြင် ထွက်ပေါ်ရင်း ရောက်ရှိသွားသောနေရာက အရပ်မျက်နှာအနှံ့ ဟင်းလင်းဖြစ်နေသည့် ကမ်းပါးတစ်ခုသာ။

ဆောယောင်း၏ မျက်နှာက ချက်ချင်းပင် စိတ်ပျက်မှိုင်တွေသွားတော့သည်။

မည်သည့်ပုံရိပ်မျှမရှိဘဲ ပြင်းထန်သော လေတိုးသံသာ ရှိနေ၏။

ထိုနေ့ည။

ငှက်မွေးများ အပြည့်ထည့်ထားသော sleeping bag ထဲသို့ ကိုယ်ကို ကျုံ့သွင်းထားသော်လည်း ဘာကြောင့်မှန်းမသိ မေးတဆတ်ဆတ် တုန်နေသည့် ထူးဆန်းသောနေ့ပင်။

ထို့ကြောင့် ဆောယောင်းလည်း သူ၏ ဆီးကို ထည့်ထားသော ပလတ်စတစ်ဘူးကိုဖက်ကာ အိပ်စက်ရန် ကြိုးစားခဲ့သည်။

'အခု ဘယ်နှရက် ရှိသွားပြီလဲ။'

ယနေ့မှ ထူးထူးခြားခြား စိတ်ဓာတ်ကျမှုကို ခံစားရင်း ကိုယ်ကို လုံးထွေးကျုံ့ထားလိုက်သည်။

ဖြည်းဖြည်းချင်း လှုပ်ရှားမှဖြစ်မှာကို။ ပြီးတော့ လွမ်းရတဲ့ အိပ်မက်တွေ ထပ်လာပေးရင် ကောင်းမှာကို……

ထိုသို့ အိပ်စက်ခြင်းထဲ နစ်ဝင်သွားသည်က နာရီပိုင်းမျှကြာသွားချိန်။

အရုဏ်ဦး၏ ကြည်လင်သော လေထုထဲမှတစ်ဆင့် ဇွက်ခနဲ နှင်းနင်းသံ ထွက်ပေါ်လာသည်။

တစ်နေ့လုံး ဆာလောင်မှုဒဏ်ကို ခံစားနေရသဖြင့် နဂိုကပင် အကဲဆတ်နေသော စိတ်အာရုံက ထိုအခိုက်အတန့်တွင် ချက်ချင်း စူးရှလာ၏။

'တောရိုင်းတိရစ္ဆာန်များလား။'

ရေစိုခံစကို အရင်ဖွင့်ကြည့်လိုက်ရာ ထိုနေရာတွင် လှည့်ပတ်နေသော အရိပ်တစ်ခုနှင့် မျက်လုံးချင်းဆုံသွားသည်။

“……”

သို့သော် ထိုအရာက တိရစ္ဆာန် မဟုတ်ပေ။ ထူးဆန်းစွာပင် မျက်လုံးအစုံက ဝိုးတိုးဝါးတား ဆောင်းဝုချန်းကို မြင်လိုက်ရသည့်ခဏ၌ ဆောယောင်း၏ မျက်ခုံးများ ကျုံ့သွားတော့သည်။

“ဘာလဲ။”

ဆောယောင်း သတိထားသော လေသံဖြင့် မေးလိုက်သည်။ အချိန်အတော်ကြာမှ ပြန်တွေ့ရသော သူက တစ်ညလုံး တောင်ထဲတွင် လမ်းပျောက်နေပုံရကာ တစ်ကိုယ်လုံး စိုရွှဲနေပြီး ပါးများလည်း ချောင်ကျနေ၏။

တစ်ချက် ယိုင်သွားသော ဆောင်းဝုချန်းက ဘာမှပြန်မပြောဘဲ ရေစိုခံစကို ဇွတ်အတင်းဆွဲဖယ်ကာ ဆောယောင်း၏ ခိုလှုံရာနေရာထဲသို့ နင်းခြေဝင်ရောက်လာသည်။

“ဟေ့…”

ဆောယောင်း အေးစက်စွာ အော်လိုက်သော်လည်း သူက ရှေ့ကိုမမြင်ရသည့် တိရစ္ဆာန်လို ဇွတ်တရွတ်တိုးဝင်လာရုံသာ။ ထို့ကြောင့် အားမရှိသော ဆောယောင်း၏ ခန္ဓာကိုယ်လည်း လဲကျကာ ဆောင်းဝုချန်း၏ အလေးချိန်အောက်တွင် ပိမိသွားတော့သည်။

“အင့်…”

သူက ဆောယောင်း၏ ရင်ခွင်ထဲသို့ အတင်းအကျပ် တိုးဝင်ကာ အနွေးဓာတ်ကို ရှာဖွေနေပုံရသော်လည်း၊ ထိုအင်အားနှင့် လုပ်ရပ်က အလွန်ကြမ်းတမ်းသဖြင့် အဓမ္မတိုက်ခိုက်ခံရသလိုပင်။

“ဆောင်းဝုချန်း၊ သတိထားစမ်း၊ အရင်ဖယ်ဦး။”

သို့သော် စကားပြော၍ရသည့်အခြေအနေ မဟုတ်သည့်ပုံပင်။ သူက ဆောယောင်းကို အတင်းအကျပ် ဖက်ထားရင်း အထပ်ထပ် ဝတ်ထားသော အဝတ်အစားများကို တစ်ခုချင်းစီ လှန်လှောနေ၏။

“နင် ရူးနေတာလား။”

ဆောယောင်း အော်ဟစ်လိုက်တော့ ဆောင်းဝုချန်းက ခေတ္တရပ်တန့်သွားကာ စိုက်ကြည့်လာသည်။

သူက မျက်တောင်ကို နှေးကွေးစွာခတ်ရင်း ပတ်ဝန်းကျင်ကို ခဏကြည့်လိုက်ပြီးနောက် ခေါင်းထဲတွင် မူးဝေနေသလို ခေါင်းကို ခါယမ်းလိုက်၏။

အနီးကပ် မြင်လိုက်ရသော မျက်လုံးအစုံက အမှောင်ဖုံးလျက်။ သူက မျက်မှောင်ကြုတ်ကာ ဆောယောင်းကို ထပ်မံ ပွေ့ဖက်လာပြန်သည်။

“ငါ မင်းကို ပထမဆုံး စတွေ့ကတည်းက ဒီလိုလုပ်ချင်နေတာ။”

“……”

“မင်းမျက်လုံးတွေက…တအားစိတ်ကြွအောင် လုပ်တာပဲ။”

သူ၏ ​လေသံက ဆေးဝါးတစ်မျိုးမျိုး သုံးစွဲထားသလို ဗလုံးဗထွေး ဖြစ်နေသည်။

ဆာလောင်မှုက လူကို အစွန်းရောက်အောင် တွန်းပို့နိုင်မှန်း သိသော်လည်း၊ ယခုအချိန်အထိ ကြိုးစားခဲ့သမျှကို ဤနေရာတွင် ကိုယ်တိုင် ဖျက်ဆီးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဆောယောင်း အမည်မသိ ဒေါသကို မျိုသိပ်ရင်း သူ့ကို ဒူးဖြင့် ဆောင့်ကန်လိုက်သည်။ သို့သော် ဆောင်းဝုချန်းက မမှုသည့်အလား ဆောယောင်း၏ လည်ပင်းသားဖြူဖြူကို ကိုက်ခဲလေ၏။

အစ်…

တစ်ချိန်တည်းမှာပင် ရေခဲတမျှ အေးစက်နေသော လက်ဖျားများက ဆောယောင်း၏ အသားပေါ်သို့ တဖြည်းဖြည်း တက်လာနေပေပြီ။

“နင် တကယ်ပဲ…… တောင်ထဲမှာ ဘာတွေ လျှောက်စားထားတာလဲ။”

“…….”

“ခွေးမသား၊ သတိထားစမ်း။”

ဆောယောင်း ဒေါသအပြည့်ဖြင့် ဆောင်းဝုချန်း၏ ပါးကို ဆက်တိုက် ဖြတ်ရိုက်လိုက်သော်လည်း သူက ကြောင်တောင်တောင် မျက်နှာထားဖြင့်သာ ရှိနေ၏။ မြေပြင်တွင် ခင်းထားသော ရေစိုခံစက တရှပ်ရှပ်မြည်နေပြီး နှင်းများက တိတ်ဆိတ်စွာ ကျဆင်းနေဆဲပင်။

သို့သော် ဤအခိုက်အတန့်တွင်….

'....နိဂုံးချုပ်ရရင် ကိုယ်ထည်ကြီးတဲ့ကောင်နဲ့ တွေ့တယ်ဆိုပြီး အလွယ်တကူ အရှုံးမပေးနဲ့။ အရေးကြုံလာရင် ဘောပင်ဖြစ်ဖြစ်၊ လက်ချောင်းဖြစ်ဖြစ် လုပ်နိုင်သမျှ အကုန်သုံးပြီး ထိုးနှက်ပစ်လိုက်။'

လျှပ်စီးလက်သလို ခေါင်းထဲဖြတ်ပြေးသွားသည်က အီဝူရှင်း၏ စူးရှသော အသံပင်။

သူ တံတောင်ဖြင့် မေးစေ့၊ ရင်ဘတ်၊ ကုပ်သားနှင့် ဝမ်းဗိုက်တို့ကို မည်သို့ထိုးနှက်ခဲ့သနည်း။ ထိုနည်းစနစ်ကျသော လှုပ်ရှားမှုများက မနေ့တစ်နေ့ကကဲ့သို့ မျက်စိထဲ ထင်ဟပ်လာသည်။

ထိုအချိန်တွင် ကြမ်းတမ်းသော လက်များက ဘရာစီယာရှိသည့်နေရာအထိ ရောက်ရှိလာ၏။ စိတ်ထဲမှ အံကြိတ်ကာ ပြင်ဆင်ထားသော်လည်း မျှော်လင့်ထားသည်ထက် ပို၍အေးစက်ကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အထိအတွေ့ကြောင့် တစ်ကိုယ်လုံး ကြက်သီးများ ထသွားရသည်။

သို့သော်လည်း ဆောယောင်းက မျက်နှာသေဖြင့် sleeping bag ထဲတွင် ဝှက်ထားသော ဓားကို အသာလေး ထုတ်ယူလိုက်၏။

ထို့နောက် မည်သည့် တွေဝေမှုမျှမရှိဘဲ သူ၏မေးစေ့ကို တံတောင်ဖြင့် ဆောင့်လိုက်ကာ တုတ်ခိုင်သော ပေါင်သားကို ဇွက်ခနဲ ထိုးစိုက်လိုက်တော့သည်။

“အား… အား……”

နဂိုကတည်းက မကောင်းမှုလုပ်လျှင် လူများစုဝေးလာတတ်သည်။ သားကောင်ကို ဆွဲဆောင်ရန်အတွက် သွေးက အကောင်းဆုံးပင်။ ဆောယောင်း ဤထက်ပို၍ အေးစက်ပြီး ဆာလောင်ခဲ့ရသော စိမ်းသက်သည့် နယ်မြေကို ပြန်လည်အမှတ်ရလိုက်၏။

ကလေးငိုသံကို ဖုံးလွှမ်းသွားလောက်အောင် ပြင်းထန်သော နှင်းမုန်တိုင်းများ တိုက်ခတ်ခဲ့သည့်နေရာ။ ထိုနေရာက လျှပ်စစ်စီးသလို ခေါင်းထဲသို့ ရောက်လာပြီး ပြန်လည်ပျောက်ကွယ်သွား၏။

ဒါပေမဲ့ အဲ့ဒီနေရာက… ဘယ်မှာလဲ။

ဆောယောင်း ရုတ်တရက် ပေါ်လာသော ရင်းနှီးသည့်ခံစားချက်ကြောင့် ခေါင်းကို ခါယမ်းလိုက်သည်။ ခေါင်းကိုက်သလို ဖြစ်သွားသော်လည်း သတိကို ချက်ချင်းပြန်စုစည်းကာ ဘေးသို့ လှိမ့်ထွက်လာ၏။ ထို့နောက် ဆောင်းဝုချန်း၏ နောက်​ခြေကိုလည်း ဓားဖြင့် ထပ်မံထိုးစိုက်လိုက်ပြန်သည်။

အင်း။ အတော်ပဲ။

ဤအတိုင်း သွေးထပ်ထွက်လာရင် နည်းပြထံ ကယ်ဆယ်ရေး တောင်းခံနိုင်ပေပြီ။

ဆောယောင်းက အမိုက်အမှောင်အကြံအစည်ကို ဖုံးကွယ်ရင်း လိပ်တက်သွားသော အဝတ်များကို တည်ငြိမ်စွာ ပြန်ချလျက် တွေးလိုက်၏။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၆၃ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment