no

Font
Theme

အပိုင်း ၂၈

“အဲ့ဒီတော့ သေနတ်မောင်းကို ပါးစပ်နဲ့ ဆွဲလိုက်တယ်လို့ ပြောနေတာလား။”

“ဟုတ်ကဲ့။”

ထိုလူက ကြားလိုက်ရသည့်စကားကို မယုံနိုင်သည့်အလား မျက်မှောင်ကြုတ်လိုက်သည်။

မည်သူထက်မဆို စစ်မြေပြင်တွင် ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရသူဖြစ်သော်လည်း အပြစ်အနာအဆာမရှိ ပြောင်လက်ဝင်းပနေသည့် အသားအရေ။ အသင့်အတင့် ထူထဲပြီး နီမြန်းနေသော နှုတ်ခမ်းများက ပွင့်ဟလာလိုက်၊ ပြန်ပိတ်သွားလိုက် ဖြစ်နေပုံမှာ အမျိုးသမီးထုကြီးကို ငိုကြွေးစေမည့် မျက်နှာထားမျိုးပင်။

ဆောယောင်းက ညှို့ယူဖမ်းစားနိုင်သည့် ထိုမျက်နှာကို အမှတ်တမဲ့စိုက်ကြည့်ရင်း အသေးစိတ် ထပ်ရှင်းပြလိုက်သည်။

“စစချင်းမှာ သွားနဲ့ ကိုက်ဆွဲကြည့်ဖို့ လုပ်ခဲ့ပေမဲ့ မာလွန်းလို့ပဲလားမသိ၊ အဆင်မပြေခဲ့ပါဘူး။ အဲ့ဒါနဲ့ နှုတ်ခမ်းနဲ့ ငုံပြီးဆွဲကြည့်တော့လည်း အားက မလုံလောက်ပြန်ဘူးရှင့်။ အဲ့ဒါကြောင့်ပဲ ပါးစပ်ထဲ ထည့်လိုက်ရတာပါ။ သေနတ်ပြောင်းကို ထည့်တာမဟုတ်ဘဲ၊ ကိုယ်ထည်ကို စုပ်သလိုမျိုး တစ်ချက်လောက် ဆွဲထုတ်ကြည့်ဖို့ပဲ ကြိုးစားခဲ့တာ။ အခြေအနေက အရမ်းအရေးကြီးနေတော့လေ။ လုပ်နိုင်သမျှ အကုန်လုံးကို စမ်းကြည့်ရမှာပေါ့။”

“......”

“အဲ့ဒီမှာ သွားဖုံးကို ဖျတ်ခနဲ ရိုက်မိသွားတယ်ရှင့်။ အဲ့ဒီအချိန်မှာ ဒဏ်ရာရသွားတာ ထင်ပါရဲ့။”

“သေနတ်ကို ပထမဆုံး ကိုင်ဖူးတဲ့လူက အဲ့ဒီလိုမျိုး လုပ်ရင်းနဲ့ အမှားအယွင်းဖြစ်ပြီး ကျည်သာထွက်သွားခဲ့ရင်...”

ထိုလူက ဒေါသတကြီးဖြင့် အသံကိုမြှင့်လိုက်ပြီးမှ သူ၏မေးစေ့အောက်ကို လက်ညှိုးဖြင့် နက်နက်ရှိုင်းရှိုင်း ထောက်ပြခဲ့သည်။

'ဒါက ဒီနေရာ ပွင့်ထွက်သွားနိုင်တဲ့ ကိစ္စဗျ' ဟု ဆိုကာ နားထင်ကို ဖိထားရင်း စကားပင် ဆက်မပြောချင်တော့သည့်အလား ခေါင်းငုံ့သွား၏။

“တကယ်ပဲ ဟန်ဆောယောင်းက ဘယ်နေရာကနေစပြီး လွဲနေရတာလဲ။”

“ရှင်...”

“ခင်ဗျားရဲ့ ခင်ပွန်းဆိုတဲ့လူကရော ဒါကို သိရဲ့လား။ ဆင်ခြင်ဉာဏ်မရှိ၊ မိုက်ရူးရဲဆန်ပြီး ခေါင်းမာရုံတင်မကဘဲ စိတ်ပါဖောက်ပြန်နေတယ်ဆိုတာကို။”

“......”

“တကယ်က ဖြောင့်မတ်ချင်ယောင်ဆောင်ပြီး ဆရာကြီးလုပ်ချင်နေတဲ့ မိန်းမဆိုတာကိုရောလေ။”

“ကျိန်းသေပေါက် ဘယ်သိပါ့မလဲ။”

ဆောယောင်းက ပုခုံးကို ပေါ့ပေါ့ပါးပါး တွန့်ပြလိုက်ရာ ထိုလူက အင်မတန် ဟက်ဟက်ပက်ပက် ရယ်ချခဲ့သည်။

“ဒါပေမဲ့ ကျွန်မ အမျိုးသားကလေ... ကျွန်မမျက်နှာလေးကို မြင်ရရုံနဲ့တင် လုံလောက်တဲ့သူပါ။ ဒီလောက်အထိတော့ သိစရာမလိုပါဘူး။”

“......”

ဆောယောင်းက ဒဏ်ရာရထားသည့် လက်မောင်းကို မည်သည့်ခံစားချက်မှမပါဘဲ စိုက်ကြည့်နေရင်း စကားဆက်ခဲ့သည်။ တည်ငြိမ်ပြီး အေးစက်ကာ မည်သည့်အရာကိုမျှ ခံစား၍မရနိုင်သော အသံမျိုးပင်။

“ဒါပေမဲ့ တစ်ခုတော့ အထင်မလွဲပါနဲ့။ ချန်နာကို သနားတာတော့ ဟုတ်ပေမဲ့ သူ့ကို ကယ်ဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ ပြေးဝင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ အမျိုးသားကိုပဲ ခနဲ့ချင်ခဲ့တာမို့လို့။”

“......”

“လူတစ်ယောက်ကို စွန့်ပစ်လို့ရတဲ့အချိန်မျိုး ရှိတယ်ဆိုတဲ့အချက်ကို ကျွန်မ လက်မခံနိုင်ပါဘူး။ အဲ့ဒီအချိန်မှာ၊ ချန်နာကို စွန့်ပစ်ပြီး ထွက်လာခဲ့ဖို့ ပြောလိုက်တဲ့အချိန်မှာ၊ အရေးမပါပေမဲ့ ကျွန်မကိုယ်တိုင် နောက်တစ်ကြိမ် ထပ်ပြီးအစွန့်ပစ်ခံရသလို ခံစားလိုက်ရလို့ပါ။ အဲ့ဒါကြောင့် ကျွန်မရဲ့ နည်းလမ်းက မှန်တယ်ဆိုတာကို သက်သေပြချင်ခဲ့တာ။ ရှင်လည်း မှားတယ်၊ ကျွန်မရဲ့ အမျိုးသားလည်း မှားတယ်ဆိုတာကို။ ပြီးတော့ ကျွန်မဘက်က မှန်ကန်နေမှပဲ နောက်ပိုင်းမှာ အကြီးအကျယ် ကလဲ့စားပြန်ချေနိုင်မှာမဟုတ်လား။”

လူနာဝတ်စုံနှင့် သနားစရာကောင်းသည့်ပုံစံပေါက်နေသော်လည်း ဆောယောင်းက နှုတ်ခမ်းအစုံကို လှပစွာ ကွေးညွတ်ပြီးပြုံးခဲ့သည်။

“အဲ့ဒါကြောင့် ဒါတွေအားလုံးက တွက်ချက်ထားတဲ့ ကိစ္စတွေချည်းပါပဲ။ သူရဲကောင်းစိတ်ဓာတ် ဘာညာ မဟုတ်ပါဘူး။”

ထိုသို့သောသူက သတိလစ်သွားသည်အထိ ဟောချန်နာ၏ လည်ပင်းကို ဆို့ထားခဲ့သတဲ့လား။ အီဝူရှင်းက စိတ်ထဲမှ လှောင်ရယ်သံကို မျိုသိပ်လိုက်သည်။

“အင်းလေ။... ဆရာကြီးလုပ်ချင်တာကတော့ မှန်ကောင်းမှန်နေမလားမသိပါဘူး။”

အီဝူရှင်းက ဆောယောင်း၏ စကားလုံးတိုင်းကို အစိမ်းသက်သက်လူတစ်ယောက် ဖြစ်နေသည့်အလား သတိမလွတ်ဘဲ နားထောင်နေခဲ့သည်။ စိတ်မသက်မသာဖြစ်နေသည့် မျက်နှာထားကလည်း ထိုခံစားချက်ကို ကိုယ်စားပြုနေ၏။

ထိုစဉ် ဆောယောင်းက ရှက်ရွံ့မှုကို အောင့်အည်းရင်း စကားတစ်ခွန်းကို ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သတိရလာလျှင် တစ်ခါတော့ပြောရမည့် စကားမျိုးပင်။

“ပြီးတော့...... ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။”

“ဘာ...”

“အဲ့ဒီဘက်သာ မရှိခဲ့ရင်...... ကျွန်မလည်း ကျိန်းသေပေါက် သေမှာပါ။ သေနတ်အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်ကွယ်က ကိစ္စတွေ ရှင်းပေးတာလည်း ကျေးဇူးတင်ပါတယ်။ နိုးလာတဲ့အချိန်မှာ အကုန်ပြီးသွားပြီဆိုတော့ အမှန်အတိုင်းပြောရရင် နည်းနည်း စိတ်သက်သာသလို ခံစားရ......”

“ခဏလောက် ပါးစပ်ပိတ်ထားပေးလို့ ရမလားခင်ဗျ။”

“ရှင်...”

“အဲ့ဒီလျှာကပဲ ပြဿနာအားလုံးရဲ့ ရင်းမြစ်ဖြစ်နေပုံရလို့ပါ။”

“......”

“တစ်ချက်လောက် ပါးစပ်ပိတ်နေပေးနိုင်မလားလို့။”

ပြုံးစစလုပ်နေသော်လည်း ဒေါသက အတော်လေး အထွတ်အထိပ်ရောက်နေသည့် မျက်နှာထားမျိုးပင်။ ခဏနေတော့ သူက ဆောယောင်းအနားသို့ တိုးကပ်လာကာ ခုတင်ဘေးတွင် ဝင်ထိုင်ခဲ့သည်။

ရုတ်တရက် ကျရောက်လာသော အေးစက်စက် အကြည့်နှင့် နီးကပ်လာသည့် မျက်နှာကြောင့် ဆောယောင်း အနည်းငယ် လန့်သွားမိ၏။ သို့သော် မည်သည့်ခံစားချက်မှမရှိဘဲ ရန်လိုနေသည့် သူ၏ အကြည့်အောက်တွင် ဆောယောင်းတစ်ယောက် ကျောက်ရုပ်ပမာ ငြိမ်သက်နေရုံမှတစ်ပါး အခြားမရှိခဲ့ပေ။

“ဟန်ဆောယောင်းခင်ဗျ၊ စကားစပ်မိတုန်း ပြောတာဆိုပေမဲ့ ကျွန်တော်တို့လည်း ‘တွက်ချက်မှုလေး' တစ်ခုလောက် လုပ်ကြည့်ကြမလား။”

“ဘာကို......”

“စားဝတ်နေရေးကိစ္စက အရေးတကြီး မဟုတ်ဘူးဆိုရင် ဒီကုမ္ပဏီကနေ ထွက်လိုက်ပါ။”

“ရှင်...”

“ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်နဲ့တော့ အခုချက်ချင်း အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလေ။ ကုမ္ပဏီကနေ ခရီးသွားစရိတ်နဲ့ နစ်နာကြေးတွေ ပေးပါလိမ့်မယ်။ အဲ့ဒီပိုက်ဆံနဲ့သာဆိုရင် ခင်ဗျား ဘာမှမလုပ်ဘဲ နောက်ထပ် ခြောက်လလောက်အထိ အေးအေးဆေးဆေး နေလို့ရတယ်ဗျ။ ဆေးကုသဖို့နဲ့ ပြန်သက်သာလာဖို့ကိုပဲ အာရုံစိုက်ပါ။ Blast ကုမ္ပဏီဆီကို ပြန်လာဖို့တော့ စိတ်မကူးပါနဲ့။”

ထိုလူက မျက်တောင်တစ်ချက်မခတ်ဘဲ ပြောနေခြင်းပင်။ ပြတ်သားသည့် သူ၏မျက်လုံးများကို ကြည့်ရုံဖြင့် ဤသည်က အကြံပြုချက်မဟုတ်ဘဲ အသိပေးချက်မှန်း သိသာပေါ်လွင်လှ၏။

“ကျွန်တော့်မှာ ဟန်ဆောယောင်းကို အလုပ်ထုတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်က အခုပဲ ရသွားပြီလေ။”

“......”

“အဖွဲ့မှူးရဲ့ ညွှန်ကြားချက်ကိုလည်း လျစ်လျူရှုတယ်၊ ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ်လည်း ထင်ရာစိုင်းခဲ့တဲ့ ကျေးဇူးကြောင့်... ကျွန်တော့်မျက်စိထဲမှာ အမြဲတမ်း ကန့်လန့်ဖြစ်နေတဲ့အရာကို အခုတော့ အပြီးအပိုင် ဖယ်ရှားပစ်နိုင်ပြီပေါ့။ အကူအညီရခဲ့တဲ့အတွက် ကျေးဇူးတင်စကားတောင် ပြောချင်သေးပေမဲ့ ခင်ဗျားရဲ့ အဲ့ဒီအူကြောင်ကြောင် မျက်နှာထားကိုကြည့်ရတာ ပြောဖို့မလိုတော့ဘူးထင်ပါတယ်။”

သူက အံ့အားသင့်ကာ မှင်တက်နေသည့် ဆောယောင်း၏ မျက်နှာကို မေးငေါ့ပြခဲ့သည်။

“ဒီမှာရှင့်....."

သတိပြန်ဝင်လာသည့် ဆောယောင်း ကြမ်းကြမ်းတမ်းတမ်း ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ကြီးမားသော လက်တစ်ဖက်က ဆောယောင်း၏ နောက်စေ့ကို အတင်းဆွဲယူလိုက်လေသည်။

ပြင်းထန်လှသော ဆုပ်ကိုင်အားကြောင့် ဦးရေပြားပင် နာကျင်သွားရ၏။ အီဝူရှင်းက ဆောယောင်းကို မျက်လုံးချင်း တည့်တည့်စိုက်ကြည့်ကာ စကားလုံးတိုင်းကို ရိုက်သွင်းနေသည့်အလား သတိပေးခဲ့သည်။

“မှတ်မိတယ်မဟုတ်လား။ သေနတ်နဲ့ လူသတ်ခဲ့တဲ့ အဲ့ဒီအခိုက်အတန့်ကို။”

ထင်မှတ်မထားသော စကားကြောင့် ဆောယောင်း၏ ပုခုံးများ ဆတ်ခနဲတုန်သွားသည်။

ဓားဖြင့်အခုတ်ခံနေရသည့်တိုင်အောင် အသာလေး တန်ပြန်တိုက်ခိုက်ရန် စောင့်ဆိုင်းခဲ့သည့် သည်းခံမှု၊ အဒရီနယ်လင်များ ပန်းထွက်လာသကဲ့သို့ ခံစားခဲ့ရသည့် စိတ်လှုပ်ရှားမှု၊ စည်းလွတ်ဝါးလွတ် သေနတ်ပစ်ခဲ့ရသည့် သာယာမှုနှင့် အရေးကြီးသည့်နေရာကို တိတိကျကျ ချိန်ရွယ်ခဲ့သည့် တဒင်္ဂ အာရုံစူးစိုက်မှု။

ဆောယောင်းအဖို့ ထိုစဉ်က အခိုက်အတန့်တိုင်းက ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ မည်သည့်အရာကိုမျှ ပေါ့ပေါ့တန်တန် မေ့ပျောက်သွားခြင်းမျိုးမရှိခဲ့ပေ။

“ဟန်ဆောယောင်းက သာမန်အရပ်သားတစ်ယောက်အနေနဲ့ သေနတ်ပစ်ခဲ့တယ်၊ ပြီးတော့ လူလည်း သတ်ခဲ့ပါသေးတယ်။”

“......”

“ကုမ္ပဏီက ဒါကို ဖုံးကွယ်ပေးထားတယ်ဆိုပေမဲ့ ခင်ဗျားကိုယ်တိုင်ကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး မျက်နှာပြောင်တိုက်ပြီး နေလို့မရဘူးမဟုတ်လား။”

အေးစက်စက်အသံက ဆောယောင်းကို တိတ်တဆိတ် ပြစ်တင်ရှုတ်ချနေသည်။

“ဒါပေမဲ့ ဒီကိစ္စကို တစ်ခါလောက် ဆိုးဝါးတဲ့ အိပ်မက်ဆိုးမက်ခဲ့တယ်လို့ပဲ သဘောထားပြီး ဖုံးကွယ်ထားလို့ ရနိုင်ပါတယ်။ လမ်းမှားပေါ်ကို ရောက်မသွားခင် ဒီတင်ရပ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီနေရာက ဟန်ဆောယောင်း ရှိနေရမဲ့နေရာ မဟုတ်ဘူးဗျ။”

စောစောက ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ထားခဲ့သည့် လက်အစုံကို ရုတ်တရက် လွှတ်ပေးလိုက်ပုံမှာ ပေါ့ပါးလွန်းပြီး ဖြစ်ကတတ်ဆန်းနိုင်လှသည်။

“အခုလည်း တော်တော်လေး ပျက်စီးနေပါပြီ။”

အီဝူရှင်းက ခုတင်ပေါ်မှ ထရပ်ကာ လျော့ရဲနေသည့် neck tie ကို ပြန်ပြင်၍ စည်းလိုက်၏။

ဆောယောင်းထံမှ အကြည့်လွှဲသွားသည့် သူ၏ မျက်နှာတွင် တာဝန်ခံတစ်ယောက်၏ ဝတ္တရားနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့သာ ကျန်ရှိတော့ကာ အခြားမည်သည့် ခံစားချက်မျှ မပါဝင်တော့ပေ။

ကိစ္စတိုင်းကို လွယ်လွယ်ကူကူနှင့် ပေါ့ပေါ့ပါးပါး ကိုင်တွယ်တတ်သော ထိုလူက ရောက်လာခဲ့စဉ်ကကဲ့သို့ပင် ရုတ်တရက် ဝေးကွာသွားပြန်သည်။

“ဟန်ဆောယောင်းသာ ကျွန်တော့်ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ရင် ဒီလိုမျိုးနဲ့ ပြီးသွားမှာမဟုတ်ဘူးဗျ။ ဒီလောက်အထိ ရိုးရိုးရှင်းရှင်းနဲ့ ယဉ်ယဉ်ကျေးကျေး ရှင်းပြတာမျိုး လုပ်နေမှာမဟုတ်ပါဘူး။ အဲ့ဒီအစား အဲ့ဒီအသုံးမကျတဲ့ ခန္ဓာကိုယ်ထဲမှာ မှတ်လောက်သားလောက်အောင်ကို သေအောင်သင်ခန်းစာပေးမိမှာ။”

“......”

“အဲ့ဒါကြောင့် သာမန်ဘဝဆီကိုပဲ ပြန်သွားပါ။ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးသော ထောက်ထားသက်ညှာမှုပါပဲ။”

ရေငွေ့ပေးစက်မှ ထွက်လာသည့် အဖြူရောင် ရေငွေ့များက သူတို့နှစ်ဦးကြားတွင် ပျံ့လွင့်သွားသည်။

“ဘယ်သူ့ကိုမှ အားမနာဘဲ စွန့်ပစ်ဖို့ သတ္တိမရှိဘူးဆိုရင် ဒီဘက်ကို လှည့်တောင်မကြည့်ပါနဲ့။ အဖိုးတန်တဲ့အရာတွေကိုလည်း မဖန်တီးပါနဲ့။ လူနာကိုပဲ သေသေချာချာ ပြုစုစောင့်ရှောက်ရတာက အမြဲတမ်း မှန်ကန်တဲ့ အဲ့ဒီကမ္ဘာထဲမှာပဲ ဘေးမသီရန်မခ နေသွားပါ။”

“......”

“ကျွန်တော်က လွယ်လွယ်နဲ့ စွန့်ပစ်နိုင်ပြီး လွယ်လွယ်နဲ့ ကျောခိုင်းလှည့်ထွက်နိုင်တဲ့ လူမျိုးကိုပဲ လိုချင်တာဗျ။ ခင်ဗျားလို လူမျိုးဆီကနေတော့ ဘာအသုံးကျမှုကိုမှ မခံစားရဘူး။ တစ်သက်လုံး အဲ့ဒီလိုပဲ ရှင်သန်လာခဲ့လို့လားမသိ၊ ဆင်ခြေတွေပဲ ပေးနေတဲ့ ဟန်ဆောယောင်းကို ကြည့်နေရတာ စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာတောင် ဖြစ်ရပါသေးတယ်။”

ကျောခိုင်းထားရင်း အဝတ်အစားကို ပြန်ပြင်နေသည့်လူက ရုတ်တရက် ခေါင်းကို လှည့်လာသည်။ ကြည်လင်သော အပြုံးနှင့်အတူ ချိန်းတွေ့ရန် ကမ်းလှမ်းနေသည့်အလား သူက နောက်ဆုံးစကားတစ်ခွန်းဖြင့် အဆုံးသတ်လိုက်၏။

“ဒီတော့ တောင်းဆိုနေတာမို့လို့ ကျွန်တော်တို့ နောက်ကို ဘယ်တော့မှ ထပ်မတွေ့ဘဲနေကြရအောင်လားဗျ။”

ဆောယောင်း ဘာမှပြန်မပြောနိုင် ဖြစ်နေစဉ်မှာပင် သူက ပုခုံးတစ်ချက် တွန့်ပြပြီးနောက် ခြေလှမ်းကျဲများဖြင့် အခန်းထဲမှ ထွက်ခွာသွားသည်။ ဒုန်းခနဲ ပိတ်သွားသည့် တံခါးသံက ပြတ်သားလွန်းသလို အေးစက်လွန်းလှ၏။

ဆောယောင်းလည်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် ဆေးရုံခန်းထဲတွင် ကြောင်တောင်တောင်ဖြစ်နေသော မျက်နှာထားကို မဖုံးကွယ်နိုင်ခဲ့ပေ။

တကယ်ပဲ ဘာတွေဝုန်းဒိုင်းကြဲပြီး ထွက်သွားမှန်းပင် မသိတော့။ သူက စိတ်ပျက်အားလျော့စွာ ပျော့ခွေနေသော ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။

မျက်တောင်များကိုသာ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်နှာကြက်ကို ငေးကြည့်နေမိရာမှ နောက်ကျမှပင် အခြေအနေကို သဘောပေါက်သွားတော့၏။

ငါ အခု... အလုပ်ပြုတ်သွားတာလား။

~~~~

ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ဆောယောင်း သတိရလာသည့်နေ့နောက်ပိုင်းတွင် အီဝူရှင်းက ဆေးရုံခန်းဆီသို့ နောက်ထပ် ရောက်မလာတော့ပေ။ တကယ် ပြောစရာရှိတာပြောပြီးသည်နှင့် ကိစ္စပြတ်ပြီဟူသော ယတိပြတ် ပြတ်သားသည့် အမူအရာမျိုးပင်။

သူ၏ အခြေအနေကို လာကြည့်တတ်သည့် သူနာပြုမလေးက 'လူနာ အိပ်နေတုန်းက ကြည့်ကောင်းတဲ့လူတစ်ယောက် ခဏခဏ လာကြည့်သွားသေးတယ်' ဟု တိုးတိုးလေး ပြောပြခဲ့သော်လည်း ဆောယောင်းကမူ မည်သို့ပင်ဖြစ်စေ အလုပ်ပြုတ်သွားခဲ့ပေပြီ။ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားရပြီဟူသည့် အချက်ကသာ သူ့နားထဲတွင် တဝဲလည်လည် ကျန်ရစ်နေလေသည်။

ထိုအတောအတွင်း ဆောယောင်းက ချန်နာ၏ အခန်းဆီသို့လည်း သွားကြည့်ဖြစ်၏။

သတိမရသေးဘဲ လူသေလို လဲလျောင်းနေသည့် မိန်းကလေး။

သူ့ဘေးပတ်ပတ်လည်တွင်မူ မျက်နှာမကောင်းလှသော ဂျောင်ဖီလ်ဂယူနှင့် သူ၏ဇနီး၊ ထို့အပြင် သူတို့၏ သမီးလေးကပါ ချန်နာကို ဝိုင်းအုံကြည့်နေကြသည်။

ဂျောင်ဖီဂယူ၏ အကြည့်များက ဘာကြောင့်မှန်းမသိ ဆောယောင်းထံသို့ မသက်မသာ စိုက်ဝင်လာသော်လည်း ဆောယောင်းက ဂရုမစိုက်ခဲ့ပေ။ သူက ချန်နာ၏ လည်ပင်းတွင် ထူထူထဲထဲ ပတ်ထားသည့် ပတ်တီးစကိုသာ အကြာကြီး စိုက်ကြည့်နေမိပြီးမှ အခန်းထဲက ထွက်လာခဲ့သည်။

ဟုတ်တယ်။ အသက်ရှင်နေရင်ရပြီ။ အခုချက်ချင်း သတိမရလာသေးရင်တောင်မှ... အသက်ရှင်နေရင် ရပြီ။ နင့်ကို တစ်ယောက်တည်း အသေမခံဘူးလို့ ငါပြောခဲ့တယ်မဟုတ်လား။

ဆောယောင်းက စင်္ကြံလမ်းအတိုင်း ပြန်လာရင်း မျိုသိပ်ထားခဲ့သော အပြုံးကို ဖော်ထုတ်လိုက်မိသည်။

သိလား... ငါ အဲ့ဒီကောင်ကို သေနတ်နဲ့ ပစ်ထည့်လိုက်တာ။

ထိုအချိန်ကို ပြန်တွေးမိလိုက်တိုင်း မေးစေ့အောက်မှ သွေးခုန်နှုန်းက အရေပြားကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။ တစ်နည်းအားဖြင့် သိပ်မဆိုးလှသော ခံစားချက်ပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment