အပိုင်း ၃၁
တစ်စုံတစ်ယောက်ကို ပြန်တွေးနေသည့်အလား သူ၏နှုတ်ခမ်းအစုံက သိသိသာသာ ကွေးညွတ်သွားသည်။ ယင်းမှာ တကယ့် အချီကြီးပင်...။ အရေးအကြောင်းများထင်နေသော သူ၏မျက်ဝန်းအိမ်တွင် လောဘရိပ်များ လွှမ်းခြုံနေ၏။
“အခုအထိ သုံးစားလောက်တဲ့ မိန်းကလေး မရှိသေးလို့ မရွေးချယ်ခဲ့တာပေါ့။ နဂိုကတည်းက အမျိုးသမီးအင်အားစုဆိုတာ အသုံးချစရာနေရာ တော်တော်များတာပါ။ ဟိုကိစ္စတစ်ခုတည်းအတွက် မဟုတ်ရင်တောင်မှလေ။ ဒါပေမဲ့ ဒီတစ်ခါတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့အရာကို ရှာတွေ့ခဲ့တာမို့လို့။”
ဂန်ထယ်ဂွန်းက ရေခဲတုံးများသာ ကျန်တော့သည့် အရက်ခွက်ကို လှုပ်ခါရင်း ကျေနပ်အားရစွာ ပြုံးလိုက်သည်။
“အေးစက်ပြီး တည်ငြိမ်လိုက်တာမှ... ဟုတ်တယ်၊ အတိအကျပြောရရင် ရေခဲတုံးလို မာကျောနေတာမျိုး။”
ပြန်စဉ်းစားကြည့်လျှင်လည်း ထူးဆန်းသော မျက်လုံးများပင်။ အသေးစိတ် အစီရင်ခံစာကို လက်ခံရရှိထားပြီးဖြစ်သည့်တိုင် အလွယ်တကူ ယုံကြည်နိုင်စရာမရှိသည့်ကိစ္စလည်း ဖြစ်နေပြန်၏။
နာကျင်မှုကို သည်းခံနိုင်စွမ်းက သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းသည်ဟူသော ကောက်ချက်မှလွဲ၍ အခြားရှင်းပြစရာမရှိပေ။
တစ်သက်မှတစ်ခါ ကြုံရခဲသည့်ကိစ္စမျိုးကို ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်က အလူးအလဲ ခံစားခဲ့ရသော်လည်း အနည်းငယ်မျှ ပျက်စီးမသွားခဲ့။ ထိုအကြည့်မျိုးက စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော စစ်သားများပင်လျှင် ရရှိရန်မလွယ်ကူသည့် အကြည့်မျိုးပင်။
ဂန်ထယ်ဂွန်းက သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်သလို ပုခုံးများ တုန်ယင်သွားသည်။ အဓိပ္ပာယ်မဖော်နိုင်သော ထိုမျက်ဝန်းအစုံကို ပြန်တွေးမိသည်နှင့် တစ်ဖန် ပြန်၍ ရယ်မောမိပြန်၏။
ဖြစ်နိုင်ခြေက နှစ်ခုထဲမှ တစ်ခုသာ ဖြစ်လိမ့်မည်။ မွေးရာပါ ပင်ကိုစရိုက်ကြောင့်၊ သို့မဟုတ် ထိုထက်ဆိုးဝါးသော ငရဲခန်းကို ကြိုတင်ဖြတ်သန်းခဲ့ဖူးသောကြောင့်။
သို့သော် ဟန်ဆောယောင်း၏ ကိုယ်ရေးအချက်အလက်များကမူ သာမန်ထက်ပင် ပို၍ပျင်းစရာကောင်းလှ၏။ အနည်းဆုံး ပြစ်မှုမှတ်တမ်းတစ်ခုခုတော့ ရှိနေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း...။ ထိုကဲ့သို့သော စရိုက်နှင့် ယခုအထိ ပြဿနာတစ်စုံတစ်ရာမရှာဘဲ မည်သို့နေထိုင်ခဲ့သလဲဆိုသည်က အံ့ဩစရာပင်။
“ကျွန်တော့်ရဲ့ လူကဲခတ်က အခုအထိ မှန်ကန်သေးတယ်ဆိုရင် လေ့ကျင့်ရေးကို တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့မှာမဟုတ်ပါဘူး။”
ဂန်ထယ်ဂွန်း၏ အသံက သိသိသာသာ နိမ့်ဆင်းသွားသည်။
“တခြားသူလည်းမဟုတ်ဘဲ 'အဲ့ဒီပုဂ္ဂိုလ်' ကို တိုက်ရိုက်စောင့်ရှောက်ရမဲ့ အမျိုးသမီး သက်တော်စောင့် လိုအပ်နေတာလေ။”
အမျိုးသားက ညရှုခင်းကို ကျောခိုင်းလျက် စားပွဲပေါ်သို့ အရက်ခွက်အလွတ်ကို ချလိုက်သည်။
“အူတူတူအသစ်လေးဆိုရင် ခက်မယ်မဟုတ်လား။”
ထို့နောက် သူက လင်းယုန်ငှက်တစ်ကောင် လက်ဝါးကပ်တိုင်ကို ကိုက်ခဲထားသည့်ပုံစံ ရုပ်တုကို ပွတ်သပ်နေ၏။
“ဒါဆို ကိုရီးယားကို ရောက်လာတဲ့အခါ တွေ့ကြတာပေါ့။ အဲ့ဒီမိန်းကလေး ဒီနေရာအထိ တက်လှမ်းလာနိုင်ဖို့ စောင့်နေရုံအပြင် မရှိတော့ဘူးကိုး။”
ကွန်ပျူတာ မော်နီတာထက်တွင်မူ ဟန်ဆောယောင်း၏ မှတ်ပုံတင်ဓာတ်ပုံက အထင်းသား ပေါ်လွင်လျက်ရှိနေသည်။
~~~~
အမှုဆောင်ဒါရိုက်တာ ဂန်ထယ်ဂွန်း ပို့ပေးလိုက်သည့် ဆောင်းရာသီသစ်ခွပန်းက ကိုယ်တိုင် သတိမထားမိခင်မှာပင် ပွင့်လန်းနေပေပြီ။ သီးသန့် ရေလောင်းပေးခြင်း၊ အရွက်များကို ဖြတ်သင်ပေးခြင်းမျိုး မလုပ်ခဲ့ပါဘဲနှင့် သူ့အလိုလို ပွင့်လာခဲ့ခြင်းပင်။
ထိုလူ ထည့်သွင်းပေးပို့လိုက်သည့် လက်ကမ်းစာစောင်ကို တစ်ကြိမ်သာ ဖွင့်ကြည့်ဖူးပြီး ထိုအတိုင်း အံဆွဲထဲတွင် ထည့်ပိတ်ထားခဲ့၏။
သူများလက်ကို မငှားဘဲ ကိုယ်တိုင်လုပ်ခိုင်းသည့် သဘောလား။ ကိုယ်တိုင် အဖွဲ့ဝင်ဖြစ်လာလျှင် လိုချင်တာရနိုင်မည်တဲ့လား။ ဤသည်က အခွင့်အရေးလား၊ မဟုတ်လျှင် ထောင်ချောက်လား ခွဲခြားမရနိုင်သဖြင့် လက်ကမ်းစာစောင်ကို ဒုတိယအကြိမ် ထပ်မထိရဲခဲ့ပေ။
သို့သော်လည်း စာလုံးအကြီးကြီးများဖြင့် အလေးပေးဖော်ပြထားသည့် ခေါင်းစဉ်ကို ပြန်တွေးမိတိုင်း ရင်ထဲ၌ အကြောင်းမဲ့ ဂနာမငြိမ်စွာ တုန်လှုပ်လာရသည်။
တကယ်ပဲ ဘာလို့ ဒီလိုဖြစ်နေတာလဲ...
ဆောယောင်းတစ်ယောက် အစာမကြေဖြစ်နေသည့်လူလို ရင်ညွန့်ကို ခပ်ပြင်းပြင်း ထုလိုက်မိသည်။
အတိအကျပြောရလျှင် ထိုအချိန်မှစ၍ အလကားနေရင်း အံဆွဲကို အကြာကြီး ငေးကြည့်နေတတ်သည့် အလေ့အထက ပို၍များလာ၏။
“ဘုရားရေ၊ ပန်းကို ထပ်ကြည့်နေပြန်ပြီလား။”
“……”
မဟုတ်ပါဘူး၊ ကျွန်မက အဲ့ဒီအောက်မှာရှိတဲ့ ထူးထူးဆန်းဆန်း လက်ကမ်းကြော်ငြာကို...
“အပြင်ထွက်ပြီး လမ်းလျှောက်တာမျိုး မလုပ်ချင်ဘူးလားဟင်။ နေရောင်လေးလည်း ခံရင်းပေါ့။ လူငယ်လေးက ဆေးရုံမှာပဲ အောင်းနေရတာ ဘယ်လောက် ပျင်းဖို့ကောင်းလိုက်မလဲ။ ခဏလေးနေဦး၊ ကျွန်မ အပေါ်အင်္ကျီနဲ့ လည်စည်းပဝါ သွားယူပေးမယ်...”
စိတ်အားထက်သန်စွာ တတွတ်တွတ်ပြောနေသော လူနာပြုစုသူက ခဏအတွင်းမှာပင် ဆောယောင်းကို တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်ပေးတော့သည်။
ထိုသို့ဖြင့် မမျှော်လင့်ဘဲ ထွက်လာသည့် လမ်းလျှောက်ထွက်မှုပင်။
ဆောယောင်းက ကျောက်ပတ်တီးကြောင့် လေးလံနေသော လက်မောင်းကို ပုခုံးသိုင်းကြိုးဖြင့် ထိန်းထားလျက် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ချန်နာနှင့်အတူ ထိုင်းနိုင်ငံ၏ လမ်းမများထက်တွင် လမ်းလျှောက်ခဲ့သည့်နေ့နောက်ပိုင်း ယခုကဲ့သို့ အေးအေးလူလူ လျှောက်သွားနေရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ချန်နာက ယခုအထိ သတိမရသေးပေ။ ပါးပြင်တစ်ဖက်က အေးစက်စွာ တောင့်တင်းနေသော်သလို ဆောင်းလေကလည်း ထိုနည်းတူ အေးစက်လှသည်။ ဆောယောင်းတွင် သွားစရာနေရာ အမြဲတမ်းမရှိခဲ့ဘဲ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ရုံသာ။
ဂင်ဟျွန်းနှင့် မဆုံတွေ့ခင်အထိ နေ့စဉ်ရက်ဆက် ထိုသို့သာ ရှင်သန်ခဲ့ရ၏။
“…….”
ခဏအကြာတွင် ဆောယောင်းတစ်ယောက် ဘာအတွေးမှမရှိဘဲ ဘတ်စ်ကားမှတ်တိုင်တွင်ထိုင်ရင်း ဖြတ်သန်းသွားလာနေသော လူများကို ငေးကြည့်နေမိသည်။ ထို့နောက် ဘာသတင်းအချက်အလက်မှမရှိသည့် ဖုန်းကို ဖွင့်ကြည့်ကာ အလားတူပင် ဘာဓာတ်ပုံမှမရှိသည့် ဓာတ်ပုံမှတ်တမ်းထဲသို့ ဝင်ကြည့်လိုက်၏။
အပိုအလုပ်မှန်းသိသော်လည်း ဗလာကျင်းနေသည့် ဖုန်းစခရင်န်ကို လက်မဖြင့် ထပ်ခါတလဲလဲ ပွတ်သပ်နေမိသည်။ ဤနေရာတွင် ရှိနေရမည့် အမျိုးသားကို စိတ်ကူးထဲတွင် ပုံဖော်ရင်း...
“အဲ့ဒီတော့ အစ်ကို့သူငယ်ချင်းက မနေ့က ငါ့ကို စာပြန်တယ်လေ...”
“ဟော၊ တကယ်ကြီးလား...”
“အဲ့ဒါတင် မပြီးသေးဘူး။ အဆုံးအထိ နားထောင်ဦး။ 'ခစ်ခစ်' ဆိုတဲ့ စာလုံးတွေက အရင်ကထက် ပိုများလာတယ်။ အခုတလော 'ခ' တွေ၊ 'က' တွေနဲ့ ရောပြီးတော့ အာရုံလွတ်သလိုကို ပို့နေတာ။ ဒါ ငါ့ကို စိတ်ဝင်စားနေတာ သေချာတယ်မဟုတ်လား။”
ထိုစဉ် ကျောင်းဝတ်စုံဝတ်ထားသည့် ကလေးတစ်သိုက် အုပ်စုလိုက် ဖြတ်သန်းသွားကြသည်။ သူတို့က တစ်ချက်တစ်ချက်လည်း တည်တည်တံ့တံ့၊ တစ်ချက်တစ်ချက်လည်း ပေါ့ပေါ့ပါးပါး တစ်ယောက်နှင့်တစ်ယောက် ပုခုံးချင်းတိုက်ကာ တဟားဟား ရယ်မောနေကြ၏။
ဆောယောင်းက ထိုကလေးများကို ငေးကြည့်နေရင်း နေရာမှ ထရပ်လိုက်သည်။
သွားချင်သည့် နေရာတစ်ခုကို ဆုံးဖြတ်ပြီးသွားပေပြီ။
ဂျီဆူ အမျိုးသမီးအထက်တန်းကျောင်း ကျွမ်းဘားအဖွဲ့။
ဘာကြောင့် ရုတ်တရက် တက်ခဲ့ဖူးသော အထက်တန်းကျောင်းကို သတိရသွားမှန်း မသိပေ။
ဆောယောင်းတစ်ယောက် ဟောင်းနွမ်းနေသော ဆိုင်းဘုတ်ကို အမူအရာကင်းမဲ့စွာ ငေးကြည့်နေပြီးမှ ခြေလှမ်း လှမ်းလိုက်သည်။ ကျောင်းသားများ အားလုံးနီးပါး ပြန်သွားကြပြီဖြစ်၍ ကျောင်းဝန်းတစ်ခုလုံး တိတ်ဆိတ်နေကာ ကျွမ်းဘားခန်းမကို ရှာရသည်မှာလည်း မခက်ခဲလှပေ။
ကျောင်းခန်းမဆောင်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံထားသည့် ကြီးမားသော ကျွမ်းဘားခန်းမမှာ တစ်ချိန်က ဤပုဂ္ဂလိကကျောင်း၏ ဂုဏ်ယူစရာနှင့် အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ခဲ့ဖူးသည်။ တံခါးကို ဒရွတ်တိုက်ဖွင့်လိုက်သည်နှင့် မေ့လျော့နေခဲ့သော အနံ့အသက်များက ဒိုင်းခနဲ တိုးဝင်လာ၏။
“…….”
ဆောယောင်းက ကျွမ်းဘားခန်းမအတွင်းရှိ ရင်းနှီးနေသော ကိရိယာများကို တစ်ခုချင်းစီ လိုက်ကြည့်နေမိသည်။
ကြမ်းပြင်၊ လေ့ကျင့်ခန်းကွင်း၊ မညီမညာဘားတန်း၊ နှစ်တန်းဘား၊ ဟန်ချက်ထိန်းတန်း...
ကျယ်ဝန်းသော ပြတင်းပေါက်မှ တိုးဝင်လာသည့် နေရောင်ခြည်အောက်တွင် ဖုန်မှုန့်များက လေထုထဲ၌ ပေါ့ပေါ့ပါးပါး ပျံ့လွင့်လျက်။
သစ်သား၏ ထူးခြားသော သက်တမ်းရင့်ရနံ့၊ လက်ရာများစွာ ထင်ကျန်နေသည့် ကိရိယာများ၊ အဖြူရောင် မြေဖြူမှုန့်များ...
သူ ဖြတ်သန်းခဲ့သည့် အတိတ်ကာလတစ်ခုက ဤနေရာတွင် မပျက်မယွင်း ကျောက်ချရပ်တန့်နေ၏။
ထိုစဉ်၊ လူသူကင်းမဲ့နေသော ကျွမ်းဘားခန်းမထဲတွင် မီးများ တစ်ခုပြီးတစ်ခု စတင်လင်းထိန်လာသည်။
လှည့်ကြည့်လိုက်ရာ လည်ပင်းတွင် ဝီစီကို ခိုင်မြဲစွာ ချိတ်ဆွဲထားသော အမျိုးသမီးငယ်တစ်ဦး၊ ထို့နောက် ကျွမ်းဘားဝတ်စုံပေါ်တွင် လေကာအင်္ကျီများ ထပ်ဝတ်ထားကြသည့် ဆယ်ကျော်သက် အားကစားမယ်လေးများ ဝင်လာနေကြသည်ကို တွေ့လိုက်ရ၏။
သူတို့သည်လည်း လူသူမရှိသော ခန်းမထဲတွင် ရုတ်တရက် မတ်တပ်ရပ်နေသည့် အပြင်လူကိုမြင်ကာ တုံ့ခနဲ ရပ်တန့်သွားကြသည်။ မကြာမီမှာပင် တစ်ဖက်လူ၏ မျက်လုံးများက ပြူးကျယ်သွားလေ၏။
ကျွမ်းဘားအဖွဲ့ နည်းပြများ ဖြစ်လေမလား။
သူက မျက်မှောင်ကြုတ်လျက် ဆောယောင်းကို စိုက်ကြည့်နေရာမှ ယခုမူ မျက်လုံးကိုပါ ပွတ်ကြည့်ခဲ့သည်။ ထို့နောက် သရဲမြင်လိုက်ရသည့်အလား ဖြူဖျော့သွားသော မျက်နှာဖြင့် တစ်လှမ်းချင်း တိုးလာ၏။
“ဧကန္တ... နင်၊ နင် ဟန်ဆောယောင်း မဟုတ်လား။”
ထိုအမျိုးသမီးက ဆောယောင်းကို ခြေဆုံးခေါင်းဆုံး တုန်တုန်ယင်ယင်ဖြင့် အကဲခတ်ကြည့်နေသည်။
“ဆောယောင်း မဟုတ်ဘူးလား။”
“ဟုတ်ပါတယ်။”
“……”
“ဟန်ဆောယောင်း။ တကယ်ကြီး ဟန်ဆောယောင်းလား။”
“ဟုတ်ကဲ့။ ဒါနဲ့ ဘယ်သူလဲဆိုတာ...”
“ငါ့ကို မမှတ်မိဘူးလား။ နင် ကျောင်းထွက်သွားတဲ့နှစ်မှာ ငါက ဂျီဆူအထက်တန်းကျောင်း ကျွမ်းဘားအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်လေ...”
“အာ...”
ထိုစကားကိုကြားမှ အမျိုးသမီး၏ မျက်နှာကို သေချာပြန်မြင်ယောင်လာတော့သည်။
“ဝါး...နင်နဲ့ ဒီမှာ ပြန်ဆုံရတယ်တဲ့လား။ ငါတော့ သရဲမြင်နေတာပဲ မှတ်နေတာ...”
ထိုအမျိုးသမီးက အင်မတန် အံ့ဩတကြီးဖြင့် တတွတ်တွတ် ပြောနေတော့သည်။
“တကယ်ပဲ ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...။ ဆောယောင်း နင့်ကို ပြန်တွေ့ရတယ်တဲ့လား။ အဲ့ဒါကလည်း ကျွမ်းဘားအဖွဲ့မှာမှ။ တအားကို ရုတ်တရက်ဆန်လွန်းလို့ ဘယ်ကနေ စပြောရမှန်းတောင် မသိတော့ဘူး...”
“…….”
“အဆင်ပြေရဲ့လား။ ဪ၊ ငါကတော့ ကိုယ့်ကျောင်းမှာပဲ နည်းပြပြန်လုပ်နေတာ။ နင်ရော ဒီအတောအတွင်း ဘယ်လိုနေထိုင်နေလဲ။ တခြားသူငယ်ချင်းတွေအကြောင်းတော့ ခဏခဏ ကြားရပေမဲ့ ဆောယောင်း၊ နင့်သတင်းကတော့ ကြားရဖို့ တကယ်ကို ခက်လွန်းတာပါ။”
လက်ရှိအခြေအနေကို မေးမြန်းသည့် ရိုးရှင်းသော စကားလုံးများအောက်၌ပင် ဆောယောင်း၏ နှုတ်ဖျားမှ စကားလုံးများ ထွက်မလာခဲ့ပေ။ ပေါက်ကွဲမှုတစ်ခုကြောင့် ခဏအတွင်း ချိုင့်ခွက်ကြီးတစ်ခုလို ဖြစ်သွားသည့် မိမိ၏ဘဝကို ပြန်ကြည့်မိရင်း သဘောပေါက်သွား၏။ ဆောယောင်းက မတင်မကျ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ထိုသို့သော ဆောယောင်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ တစ်ယောက်တည်း စိတ်လှုပ်ရှားနေသော အမျိုးသမီးက ဒီဘက်သို့ ခိုးခိုးကြည့်နေသည့် ကျောင်းသူများကို "ကလေးတို့၊ ဒီမှာ စီနီယာကြီး ရောက်လာတယ်ဟေ့...” ဟု အော်ပြောလိုက်ရာ ကလေးများက စုရုံးရောက်လာကာ အရိုအသေပေး နှုတ်ဆက်ကြလေသည်။
“အချိန်က တကယ်ကို မြန်တာပဲနော်။ ငါတို့ အဲ့ဒီဝတ်စုံကို ဝတ်ခဲ့တာ ဆယ်နှစ်တိတိရှိသွားပြီ။”
လေကာအင်္ကျီများကို ချွတ်ပစ်လိုက်သည့် ကလေးများက ကိုယ်စီကိုယ်စီ သွေးပူလေ့ကျင့်ခန်းလုပ်ရန် အလုပ်များနေကြပြီး ဆောယောင်းက ထိုမြင်ကွင်းကို အေးတိအေးစက် အကြည့်ဖြင့် တဒင်္ဂ ငေးကြည့်နေမိသည်။
ထိုအမျိုးသမီးက တကယ်ပင် နည်းပြဖြစ်ပုံရ၏။ မိမိနှင့် စကားပြောနေရင်းမှပင် “ကလေးတို့၊ အေရိုးဗစ် အရင်လုပ်ပြီးမှ Agility Drill လုပ်ကြ” ဟု ညွှန်ကြားချက် ပေးနေသေးသည်။
ဆောယောင်းက အတိတ်မှ အတွေးများကြောင့် မသိမသာ ခပ်ရေးရေး ပြုံးမိသွား၏။ ထို့နောက် မှတ်ဉာဏ်ထဲ၌ပင် မရှိတော့သော ကျွမ်းဘားအဖွဲ့ဝင်များ၏ လက်ရှိအခြေအနေများကို ဆက်တိုက်ကြားရပြန်သည်။
နည်းပြအမျိုးသမီး ရုတ်တရက် လက်ခုပ်တီးလိုက်သည်မှာ ထိုအချိန်၌ပင်။
“ဟုတ်သားပဲ၊ နင် ဂျူဒါအွန်း သတင်း ကြားပြီးပြီလား။”
“…….”
ဂျူဒါအွန်းက ဘယ်သူပါလိမ့်ဟု ဆောယောင်း ခဏ စဉ်းစားလိုက်မိသည်။
“သူက ကျွမ်းဘားအဖွဲ့ကထွက်ပြီး ပြဇာတ်နဲ့ ရုပ်ရှင်မေဂျာကို တက်သွားတာလေ။ အခုတလော TV ဖွင့်လိုက်ရင် ခဏခဏ တွေ့နေရတယ်။ ငယ်ငယ်တုန်းက ကျွမ်းဘားမှာ ထူးချွန်တဲ့ မျိုးဆက်သစ် အားကစားသမား ဖြစ်ခဲ့တယ်ဆိုတဲ့ ပုံရိပ်ကို ကောင်းကောင်း အသုံးချနိုင်လို့လားမသိဘူး၊ ဖျော်ဖြေရေး အစီအစဉ်တွေမှာဆို အမြဲတမ်း အဲ့ဒီအကြောင်းပဲ ပြောနေတာ။ မှတ်တမ်းဗီဒီယိုတွေဆိုလည်း ငါတို့ကျောင်းကိုပဲ အမြဲတမ်း လာတောင်းပေမဲ့ အဲ့ဒါတွေက အကုန်ပျောက်ပြီး မရှိတော့တာ ကြာလှရောပေါ့။ အဲ့ဒါကြောင့် အမြဲတမ်း ငြင်းလွှတ်လိုက်ရပေမဲ့……”
ဪ၊ သူလား……။ ခဏနေတော့ မညီမညာဘားမှ ပြုတ်ကျပြီး ခြေထောက် အနောက်ဘက်သို့ ကွေးလိမ်သွားခဲ့သော အတန်းဖော်ကို ပြန်သတိရလိုက်သည်။ ဆောယောင်း၏ နှုတ်ခမ်းအစုံက မဲ့ရွဲ့စွာ ကွေးညွတ်သွား၏။
“ခြေထောက် ကျိုးသွားတဲ့တစ်ယောက်၊ ဟုတ်တယ်မဟုတ်လား။”
“…….”
ထိုအခါ နည်းပြက တဒင်္ဂ စကားစ ပြတ်သွားဟန်ဖြင့် မျက်တောင်တခတ်ခတ် လုပ်နေခဲ့သည်။
“သူ ဘာလို့ ခြေထောက် ဒဏ်ရာရသွားလဲဆိုတာ... မှတ်မိသေးလား။”
သူက ရှေ့ဆံပင်ကို အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်စွာ ပွတ်သပ်ရင်း ပြောလာသည်။
နည်းပြက ထိုနေ့ကို တစ်ခါမှ မမေ့ခဲ့ပေ။
ထိုအချိန်က ဂျီဆူအထက်တန်းကျောင်းမှာ ကျွမ်းဘားအားကစား အားနည်းသည့် ကိုရီးယားတွင် သူ့နည်းသူ့ဟန်ဖြင့် ထူးချွန်သူများကို မွေးထုတ်ပေးနေသည့် နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်ခဲ့၏။ ထို့အပြင် ကျောင်းသားသစ်အဖြစ် ဝင်လာသော ဂျူဒါအွန်းနှင့် ဟန်ဆောယောင်းကို မသိသူမရှိခဲ့ပေ။
မိဘနှစ်ပါးစလုံး အိုလံပစ်ဆုရှင်များ ဖြစ်ကြသော ဂျူဒါအွန်းမှာ ငယ်စဉ်ကတည်းက ကျွမ်းဘားပါရမီရှင်အဖြစ် နာမည်ကြီးခဲ့သောကြောင့် ဂျီဆူအထက်တန်းကျောင်း ကျွမ်းဘားအဖွဲ့က သူ့ကို ဗဟိုပြု၍သာ လည်ပတ်ခဲ့သည်။ သို့သော် မသိမသာ ရှိနေသော ထိုအဆင့်အတန်းခွဲခြားမှုများကို ရိုက်ချိုးပစ်ခဲ့သူကား အတန်းတူ သူငယ်ချင်း ဟန်ဆောယောင်းပင်။
~~~~
Miel's Translations