အပိုင်း ၂၁
“……”
အဝါရောင်သမ်းပြီး ကြည်လင်နေသည့် အရည်ပျစ်ပျစ်များက ကွဲကြေနေသော အခွံများနှင့်အတူ စီးကျလာသည်။ ကြက်ဥအစိမ်းများပင်။
သို့သော် နေရာမှရှောင်တိမ်းချိန်ပင် မရလိုက်။ ဒုတိယ၊ တတိယ ကြက်ဥများ ဆက်တိုက် ပျံဝင်လာ၏။ ဆောယောင်းတစ်ယောက် အလိုလို လက်မောင်းများကို ကန်လန့်ဖြတ်မြှောက်ကာ မျက်နှာကို ငုံ့လိုက်ရသည်။
နေရာမှ ရှောင်တိမ်းရန် ကြိုးစားသော်လည်း ပတ်ပတ်လည် အရပ်မျက်နှာများမှ ပျံသန်းလာသော ကြက်ဥများကြောင့် မတတ်သာဘဲ အဝတ်အစားများ စိုစွတ်ကုန်၏။ သူ့ကို စက်ရုံ ရုံးချုပ်ဘက်မှ လူဟုများ ထင်နေကြလေသလားမသိ။ ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုသံများလည်း ပါဝင်နေသေးသည်။
"တကယ်ပဲ ဆေးခြောက်သုံးတာလား။"
"အခု အဲ့ဒါက အရေးကြီးလို့လားရှင့်..."
ဒေါသတကြီး အော်ပြောလိုက်သော်လည်း အီဝူရှင်းက ကြက်ဥများ မည်သို့ပင် ပျံဝင်လာပါစေ လက်ပိုက်ထားရင်း ဆောယောင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။
ကြမ်းပြင်ပေါ်သို့ တဖောက်ဖောက် ကျရောက်လာသည့် ကြက်ဥများက ဗုံးပေါက်ကွဲသံ အသေးစားလေးများလိုပင်။
"အရေးကြီးတယ်ဗျ။ စိတ်ဂယောင်ချောက်ချားဖြစ်နေတဲ့သူကို ခရီးစဉ်စာရင်းထဲ ထည့်လို့မရဘူးလေ။"
"ကျွန်မ ဆေးခြောက်မသုံးပါဘူး။"
"မျက်ဖြူလန်တယ်ဆို။"
"မြန်မြန်လေး ထွက်သွားရအောင်ပါရှင့်......"
"ဆေးခြောက်လည်း မဟုတ်ဘူးဆိုရင် တကယ်ပဲ ဘယ်လိုအနံ့မျိုးကြောင့် လူက စိတ်လွတ်သွားတာဖြစ်မလဲဗျ။"
"လခွမ်းထဲမှ၊ ကျွန်မယောက်ျားရဲ့ အနံ့ပါ...။ ကားသော့ ဘယ်မှာလဲရှင့်။"
ဆောယောင်းတစ်ယောက်မှတ်ဉာဏ်၏ အောက်ခြေတွင်ရှိနေသောအရာကို ဖွင့်အန်ချလိုက်သည်။ ဤနေရာတွင် အလျင်လိုနေသူက သူတစ်ယောက်တည်းဖြစ်သည့်ပုံပင်။
တဖောက်ဖောက်နှင့် သူ့ထံသို့ ပစ်ပေါက်လိုက်သော ကြက်ဥများက မနည်းလှသော်လည်း အီဝူရှင်းက ထိုထက်ပို၍ ကြီးမားသော အရာတစ်ခုနှင့် အထိုးခံလိုက်ရသလို မျက်နှာထားမျိုးဖြင့် တုတ်တုတ်မျှပင်မလှုပ်ဘဲ ရပ်နေခဲ့သည်။
ဟာ၊ ဒီလူနဲ့တော့ အလုပ်မဖြစ်တော့ဘူး...။
နောက်ဆုံး၌ တစ်ယောက်တည်း ထွက်ပြေးသလို အရှေ့မှ ထွက်သွားလိုက်ချိန်တွင် အီဝူရှင်းက သူ၏ တံတောင်ဆစ်ကို ဖမ်းဆွဲလိုက်၏။
"ဘာ......"
ပါးကို ရိုက်ချတော့မတတ် ကြီးမားသောလက်ဖဝါးကြီးက အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။
ဘာလဲ...။
မွေးညင်းလေးများ ထောင်သွားသော်လည်း ဆောယောင်းကတော့ မျက်လုံးပင်မမှိတ်ဘဲ သူ့ရင်ဝတည့်တည့်ကိုသာ စိုက်ကြည့်နေ၏။
နင်ရိုက်ရင် ငါလည်း ပြန်ရိုက်မယ်။
တစ်စက္ကန့်အတွင်းမှာပင် ထိုသို့သော ဆုံးဖြတ်ချက်ကို ချလိုက်စဉ် သူ့နားထင်နားတစ်ဝိုက်တွင် ဖြူဖွေးပြီး တောင့်တင်းကြံ့ခိုင်သော လက်တစ်ဖက်က ရပ်တန့်သွားလေသည်။
ခွပ်ခနဲ တစ်စုံတစ်ရာ ကွဲသွား၏။ ထင်ရှားပြတ်သားလှသော ထိုအသံကြောင့် နားရွက်နားမှစကာ လည်တိုင်တစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားရသည်။
ဤအရာအားလုံးက တစ်ချက်တည်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ဆောယောင်း၏ ဦးခေါင်းကို ပစ်မှတ်ထားကာ ပျံဝင်လာသည့် ကြက်ဥကို သူက ဖမ်းယူပြီး ချေမွပစ်လိုက်ခြင်းပင်။ သူ့လက်ဖဝါးထဲမှ စေးကပ်သော အရည်ပျစ်ပျစ်များ စီးကျနေသည်။
"ထူးဆန်းလိုက်တာ။"
ဆောယောင်း မှင်တက်နေစဉ် အီဝူရှင်းက စိုစွတ်နေသော လက်ကို ဆောယောင်း၏ အဝတ်ပေါ်တွင် ဘာမှမဖြစ်သလို သုတ်လိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။ ယဉ်ကျေးမှုကို တစ်စက်ကလေးပင် ရှာမတွေ့နိုင်လောက်အောင် သဘာဝကျသော အပြုအမူပင်။
“အနံ့လေးတစ်ခုတည်းကြောင့် သူစိမ်းယောက်ျားနောက်ကို လိုက်သွားတာက ပုံမှန်လုပ်ရပ်များ မှတ်နေလားဗျ။ ယောက်ျားတွေဆီကလာတဲ့ အနံ့လို့ ပြောရင်တောင်မှ..."
ရှင်းလင်းမြင်သာစွာ အချွဲအကျိများကို အမျှင်တန်းအောင် ဆွဲဆန့်ထားသည့် လက်ဖျားများဆီသို့ သူက ခေါင်းကိုကိုင်းကာ နှာခေါင်းဖြင့် တေ့လိုက်သည်။ ကြက်ဥအစိမ်း၏ ထူးခြားသော အနံ့ပြင်းပြင်းက ဒီအထိရောက်အောင် လှိုင်နေလေ၏။ သူက ခပ်တိုးတိုး ရယ်လိုက်သည်။
"အဲ့ဒီလိုကြည့်လိုက်တော့ အပေါစား -ီးနံ့ပဲ မဟုတ်လား။"
"…"
"ဒီလို တဏှာရူးတဲ့သူကို ရှေ့လျှောက် ကျွန်တော်တို့ တပ်သားတွေရဲ့ အတွင်းခံတွေ ဘယ်လိုများ ယုံကြည်ပြီး အပ်နှံနိုင်တော့မှာလဲဗျ။"
သူက အေးစက်သွားသလို မျက်နှာဖြင့် ပြောခဲ့သည်။ သို့သော်လည်း မထီတရီပြုံးနေသော နှုတ်ခမ်းထောင့်စွန်းက တစ်နည်းအားဖြင့် အင်မတန် အံ့ဩစရာကောင်းလှ၏။
အသံက ယခင်အတိုင်း ပျော့ပျော့ပျောင်းပျောင်းရှိသော်လည်း တည့်တည့်စိုက်ကြည့်နေသည့် မျက်လုံးများကတော့ ပြောမပြနိုင်လောက်အောင် အေးစက်နေသောကြောင့်ပင်။ ဆောယောင်းက ထိုအကြည့်ကို ရှောင်ဖယ်ခြင်းမရှိဘဲ ပြန်လည်တုံ့ပြန်လိုက်သည်။
"ယောက်ျား မဟုတ်ပါဘူး။ ကျွန်မရဲ့ ခင်ပွန်းပါ။"
"……"
"ယောက်ျားဆိုတာ လမ်းဘေးမှာ တောင်လိုပုံနေပေမဲ့ ကျွန်မရဲ့ ခင်ပွန်းကတော့ ဒီကမ္ဘာမှာ တစ်ယောက်တည်ရှိတာမို့လို့ပါ။ ပြီးတော့ ရမ္မက်ကြီးတာလည်း မဟုတ်ပါဘူး၊ ထူးဆန်းတဲ့အပြုအမူလည်း မဟုတ်ပါဘူး၊ အဲ့လိုမျိုး စိတ်ပျက်စရာကောင်းတဲ့ အနံ့လည်း မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာလည်း အနှောက်အယှက် မဖြစ်စေရပါဘူး။"
အခွင့်အရေးရသည်နှင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပြောဆိုလိုက်သည်။ ခရီးစဉ်တွင် အတူလိုက်ပါရန်အတွက် မည်သို့သော အရည်အချင်းမပြည့်မီမှုမျိုးမှ မရှိဘူးဟူသည့် အဓိပ္ပာယ်ပင်။
သို့သော်လည်း အီဝူရှင်းက ခပ်ရေးရေး အပြုံးဖြင့်သာ ဆောယောင်းကို စိုက်ကြည့်နေခဲ့သည်။ စိတ်အနှောက်အယှက်ဖြစ်သလိုလို၊ အရေးမစိုက်သလိုလို ရှုပ်ထွေးသော ထိုအကြည့်က အညှာအတာမဲ့စွာ ထိတွေ့လာ၏။
ခင်ပွန်းတဲ့လား...။ သူက နှာခေါင်းရှုံ့ရယ်လိုက်ကာ ထိုစကားလုံးကိုပဲ ပြန်လည်ရေရွတ်နေမိသည်။
"ဟုတ်ပါပြီ၊ သေချာတာကတော့ ဟန်ဆောယောင်း ဒီနေရာမှာ မရှိတာက ပိုကောင်းပါလိမ့်မယ်။"
ဆောယောင်း၏ မျက်လုံးလေးများက လက်ခနဲ အလင်းရောင်နှင့်အတူ ဝိုင်းစက်သွားတော့၏။ ဤသည်က ခရီးစဉ်တွင် အတူလိုက်ပါခွင့်ရပြီဟူသော အဓိပ္ပာယ်ပဲလား။
ထို့နောက် ခဏနေတော့ မျက်ခုံးစွန်းကို စိတ်ပျက်လက်ပျက် ကုတ်ခြစ်လိုက်သည့် အီဝူရှင်းက အနောက်ဂိတ်ဆီသို့ အလျင်အမြန် လှမ်းသွားလေသည်။ ယခုမှ ကြည့်လိုက်တော့ သူ၏ ကျောပြင်ကျယ်မှာလည်း ကွဲသွားသော ကြက်ဥများကြောင့် ညစ်ပတ်နေသည်ကို တွေ့လိုက်ရ၏။
ကုမ္ပဏီကို ပြန်ရောက်သည်အထိ သူက တစ်ခွန်းတစ်ပါဒမှ စကားထပ်မပြောခဲ့ချေ။
~~~~
“ထိုင်းနိုင်ငံလားရှင့်။”
ဌာနခွဲမှူးက ခေါ်တွေ့သည်က နောက်တစ်နေ့မနက်တွင်ဖြစ်သည်။
ဆောယောင်းတစ်ယောက် လက်ခံရရှိသော စာရွက်စာတမ်းဖိုင်ကို လှန်လှောကြည့်ရင်း မျက်လုံးပြူးသွား၏။
ဟုတ်ပြီ၊ ဒီမှာ... ဆေးဘက်ဆိုင်ရာ၊ ယာဉ်မောင်း၊ ပြီးတော့ စားဖိုဆောင်။ စားဖိုဆောင်မှာ ဟန်ဆောယောင်း...
“ဟန်ဆောယောင်းက နောက်တန်း ပံ့ပို့ရေးအနေနဲ့ အတူတူ သွားရမှာဗျ။ ဒါကိုကြည့်ပြီးတော့ သေချာနားလည်အောင်လုပ်ပြီး ပြင်ဆင်ထားပါ။ အနောက်ဖက်စာမျက်နှာက နှုတ်ပိတ်နေဖို့ ကတိပြုလွှာ၊ အဲ့ဒါကို မြန်မြန်လက်မှတ်ထိုးပြီး...”
နားရွက်နောက်ကို ကုတ်နေသော ဌာနခွဲမှူးက ဘာကြောင့်မှန်းမသိ သိပ်မကျေနပ်ပုံပင်။
“လက်တွေ့လုပ်ငန်းခွင်ထဲ ကွင်းဆင်းစရာမလိုလို့ မပူပါနဲ့။ အနောက်ကနေ အထောက်အပံ့ပေးရုံပဲ လိုတာ။ ဆေးတပ်သားလည်း အတူပါသွားမှာဆိုတော့ ဆေးဝါးတွေကို အဲ့ဒီကပဲ ယူလောက်မှာပေါ့။ လေဆိပ်မှာ ဝန်ထမ်းတွေနဲ့တွေ့ပြီး အရင်ဆုံး ထွက်ခွာလိုက်ပါ။ တပ်သားတွေကတော့ တခြားလေယာဉ်နဲ့ ထွက်ခွာကြမှာဗျ။”
“အဲ့ဒီတပ်သားတွေက... ထိုင်းမှာ ဘာလုပ်ကြမှာလဲရှင့်။”
ဆောယောင်းက ဤအချိန်ကို အခွင့်ကောင်းယူကာ အထူးလုံခြုံရေးအဖွဲ့က တကယ် အတိအကျ ဘာတွေလုပ်ကြသလဲဟု အသိချင်ဆုံးအရာကို မေးလိုက်သည်။
ထိုအခါ ခပ်မဲ့မဲ့ ပြုံးလိုက်သော ဌာနခွဲမှူးက ကုလားထိုင်ကို ဝှစ်ခနဲ လှည့်လိုက်၏။ သူက ကွန်ပျူတာ မော်နီတာကိုသာ စိုက်ကြည့်ရင်း ကီးဘုတ်ကို အကြမ်းပတမ်း ရိုက်လေသည်။
“ကျွန်တော်လည်း အသေးစိတ်ကိုတော့ မသိဘူးဗျ။ ခရီးစရိတ် ထွက်ပေးရတော့မယ် ထင်တယ်၊ ဘဏ်အကောင့်က မပြောင်းဘူးမဟုတ်လား။”
"အာ၊ ဟုတ်ကဲ့။”
“ဝန်ထမ်းတွေကို စောင့်ကြပ်ပေးမဲ့ လူအင်အားက သီးသန့်မရှိတော့ ကိုယ့်ဘာသာကိုယ် သတိထားပြီးသာနေပါ။ ဘာဖြစ်ဖြစ် သိနေလည်း မသိချင်ယောင်ဆောင်ပြီးသားနေ။ အဲ့ဒီမှာ စားကြွင်းစားကျန်တွေ သွားသွန်မိရင် ကံမကောင်းလို့ကတော့ သေနတ်ထိမှာဗျ။”
သူက ရုတ်တရက် စုတ်တစ်ချက်သပ်လိုက်ကာ စားပွဲကို ဆူညံစွာ ရှင်းလင်းခဲ့သည်။ ဟန်ဆောယောင်းက မျက်စိမှိတ်ပြီး နေလိုက်တာ အကောင်းဆုံးဖြစ်မယ်ဟု ထပ်ပြောရင်း ဌာနခွဲမှူးက ဖုန်ပေနေသော သူ့လက်ကို ခါချလိုက်၏။
နောက်တစ်ရက်နှစ်ရက်အတွင်း ထွက်ခွာရမည့် အစီအစဉ်က တင်းကျပ်လှသည်။ ဆောယောင်းက ယနေ့ အလုပ်ဆင်းလျှင် အထုပ်အပိုး အရင်ပြင်ရမည်ဟု တွေးရင်း အမဲရိုးပြုတ်ကို ဟင်းခပ်ဇွန်းနှင့် မွှေနေခဲ့၏။
နာရီအတော်ကြာ မီးဖိုရှေ့တွင် ရပ်နေခဲ့ရသဖြင့် သန့်ရှင်းရေးခေါင်းစွပ်နှင့် mask ကြားထဲတွင် ချွေးများစိုရွှဲနေလေသည်။ ဘေးမှ အဒေါ်ကြီး ကြက်ဥလိပ်လုပ်နေရင်း တောက်ခနဲ၊ တောက်ခနဲ ဥခွံကို ခွဲလိုက်တိုင်း သူ့နားရွက်လေးများ ဆတ်ခနဲ တွန့်သွားရ၏။
ထိုအသံကြောင့် ဆောယောင်းလည်း မနေ့ကအဖြစ်ကို ဖျတ်ခနဲ ပြန်တွေးလိုက်မိသည်။ ကုမ္ပဏီသို့ ပြန်လာသည့်လမ်းတစ်လျှောက်လုံး ညှီစို့စို့အနံ့များဖြင့် ပြည့်နေသည့် ကားထဲတွင် တိတ်ဆိတ်ခြောက်ကပ်ကာ အသက်ရှူရခက်လှ၏။
အဖွဲ့မှူး အီဝူရှင်းက ထိုအချိန်တွင် ဆုံးဖြတ်လိုက်ခြင်းပေပဲလား။ သူ့အား ခေါ်သွားရန် အဆင်ပြေသည်ဟူ၍လား။ ဘာကြောင့်မှန်းမသိ စိတ်ထဲ မတင်မကျဖြစ်မိသော်လည်း ယင်းမှာ သူ့ကိစ္စမဟုတ်ပေ။
ဆောယောင်းက လုပ်ငန်းစဉ်၏ ရိုးသားမှုကို နဂိုကတည်းက စိတ်မဝင်စားသူပင်။ သို့သော် အချင်းချင်း တဏှာရူးများဟု ယူဆခဲ့ကြသည့် အချက်ကိုတော့ အနည်းငယ် စိတ်ထဲကလိကလိဖြစ်မိ၏။
“ထမင်းစားခန်း ဖွင့်ပါတော့မယ်။”
စားဖိုမှူးက နာရီကိုကြည့်ပြီး အော်လိုက်သည်။ အဒေါ်ကြီးများက ပြန့်ပြူးသော ဗန်းပေါ်တွင် ထမင်းနှင့် ဟင်းချိုများကို ထည့်ပေးနေစဉ် ဆောယောင်းက ပန်းကန်လုံးအသေးလေးများထဲသို့ ဟင်းရံများကို တင်ပေးနေခဲ့သည်။ ထိုကဲ့သို့ စက်ကိရိယာဆန်ဆန် အလုပ်ကို လုပ်နေစဉ် ရင်းနှီးသော အဒေါ်ကြီးတစ်ယောက်က သူ့အား စကားပြောလာ၏။
“ဆောယောင်းက ခရီးထွက်ရမယ်ဆို။”
“ဟုတ်ကဲ့။”
“ဆောယောင်းသာ နုတ်ထွက်သွားရင် ဒီနေရာက ထိုင်းမှိုင်းသွားမှာကို ဘယ်လိုနေရတော့မလဲ... နှမြောလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲနော်...”
ဆောယောင်းက ဟင်းခွက်ထည့်နေရင်း ခေါင်းမော့လိုက်သည်။ ဌာနခွဲမှူးနှင့် သိသိသာသာ ကွာခြားသော တုံ့ပြန်မှုကြောင့် မျက်လုံးကိုသာ မှိတ်လိုက်ဖွင့်လိုက် လုပ်နေမိ၏။
“ကျွန်မက ရက်ပိုင်းလောက်ပဲ ခဏ ထွက်သွားရမှာပါ။”
“ငါပြောတာ အဲ့ဒါမဟုတ်ဘူး...”
အဒေါ်ကြီးက ခဏလောက် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးမှ အသံကို နှိမ့်လိုက်ကာ ပြောခဲ့သည်။
“ခရီးသွားပြီးတာနဲ့ လူတိုင်း နုတ်ထွက်သွားကြလို့လေ။”
“ဘယ်သူတွေကလဲ။”
“ဒီအတိုင်း ငါတို့လို လူတွေပေါ့။”
“......”
“ဘာလို့ နုတ်ထွက်တာလဲလို့ မေးရင်လည်း ပါးစပ်ပိတ်ပြီး ဘာမှမပြောကြဘူး။”
ဆောယောင်းတစ်ယောက် သူလက်မှတ်ထိုးခဲ့သော နှုတ်ပိတ်နေရန် ကတိပြုလွှာကို ပြန်အမှတ်ရလိုက်သည်။
“အဲ့ဒီ အထူး...ဘာဆိုလား အဖွဲ့ရဲ့ ခရီးစဉ်ကို လိုက်သွားတာနဲ့ ဒီလိုပြဿနာမျိုး အမြဲဖြစ်နေကျကို... ငါက ဆောယောင်းကို ကိုယ့်သမီးလေးလို သဘောထားပြီး သဘောကျခဲ့တာ။ နှမြောလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ...”
“အဒေါ်ကြီး၊ သားချည်းပဲ နှစ်ယောက်ရှိတယ် မဟုတ်ဘူးလား။”
“အဲ့ဒါကြောင့်လေ။”
အဒေါ်ကြီးက ဆောယောင်း၏ ပခုံးကို ပုတ်ကာ ခပ်ကျယ်ကျယ် ရယ်လိုက်သည်။ ဆောယောင်းတစ်ယောက် ခန္ဓာကိုယ် ယိုင်သွားသော်လည်း အတွေးထဲ နစ်မျောသွား၏။
ခရီးသွားပြီးတာနဲ့ လူတွေက နုတ်ထွက်ကြတယ်တဲ့လား။
သို့သော် နောက်တန်း ပံ့ပိုးရေးအဖွဲ့က တိုက်ရိုက် လုပ်ငန်းခွင်ထဲသို့ မသွားရဘူးဟု ပြောထားသည့်အတွက် ဒဏ်ရာရခြင်းပြဿနာတော့ မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျှင်...
“......”
ပါဝင်ပတ်သက်နိုင်ခြင်းမရှိသဖြင့် အပြစ်ရှိစိတ် ခံစားရခြင်းမျိုး ဖြစ်မလား။
ဆောယောင်းတစ်ယောက် mask အတွင်းတွင် ကွယ်ကာ ပြုံးလိုက်မိတော့သည်။
~~~~
ပထမဆုံးအကြိမ် ခြေချဖူးသည့် ထိုင်းမြေ။
ထူးခြားဆန်းသစ်သော ရှုခင်းနှင့် စိမ်းသက်သော ရနံ့များကြောင့် နှလုံးခုန်နှုန်းက မြန်နေခဲ့သည်။ သို့သော် လှုံ့ဆော်မှုအသစ်များက ဆောယောင်း၏ အမြင်အာရုံနှင့် အနံ့အာရုံကို ချက်ချင်းပင် နွမ်းလျထိုင်းမှိုင်းသွားစေ၏။
ကိုရီးယားတွင် ဆောင်းရာသီဖြစ်သော်လည်း ဘန်ကောက်က နွေခေါင်ခေါင်တမျှ ပူပြင်းလှသည်။ စိုထိုင်းသော လေထုက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေခြင်းသည်လည်း လျင်မြန်စွာ ပင်ပန်းလာရသည့် အကြောင်းများထဲမှ တစ်ခုပင်။ ပူပြင်းသော နေရောင်ကြောင့် နီရဲနေပြီဖြစ်သည့် အသားအရေက ကျက်နေသလားမှတ်ရ၏။
ဆောယောင်းက အခြားအထောက်အပံ့ပေးရေးအဖွဲ့နှင့်အတူ ခရီးသွားများအဖြစ် ဟန်ဆောင်ကာ ဝင်ရောက်လာခြင်းပင်။
ဝန်ထမ်းဟူ၍ သုံးယောက်သာရှိသည်။
ဆေးဘက်ဆိုင်ရာအတွက် တစ်ဦး၊ ယာဉ်မောင်းအတွက် တစ်ဦး၊ ပြီးတော့ စားဖိုဆောင်အတွက် တစ်ဦး။
ဆောယောင်းက သူတို့နှင့် ဝတ်ကျေတမ်းကျေ နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီးနောက် လေယာဉ်ပေါ်သို့ တက်ခဲ့၏။ သူတို့က အတွေ့အကြုံကြောင့်ပဲလားမသိ၊ အပြုအမူပိုင်းတွင် ပိုကဲမှုမျိုးမရှိဘဲ စကားပြောရာတွင်လည်း လိုအပ်သည်ကိုသာ ပြောဆိုကြသည်။
နောက်ဆုံးတွင် အထုပ်အပိုးဖြေရသည့်နေရာက လေဆိပ်နှင့် ဝေးကွာလှသော အိုဟောင်းနုံနဲ့သည့် ရပ်ကွက်တစ်ခုပင်။ မြင်မြင်သမျှ အဆောက်အအုံတိုင်းက အိုဟောင်းညစ်ပတ်နေ၏။ ယင်းတို့အနက်မှ ဆောယောင်းတို့အဖွဲ့က နံရံများ အားလုံးကွာကျနေသော တည်းခိုခန်းတစ်ခုသို့ဝင်ကာ ဘောင်သာ ဟုတ်တိပတ်တိကျန်နေသော ခနော်ခနဲ့သံလှေကားကို တက်သွားခဲ့ကြသည်။
အခန်းထဲရောက်တော့ ဆေးတပ်သားက ပြည်တွင်းမှ ရှာဖွေထားသော ပတ်တီး၊ ဆေးထိုးအပ်၊ ပဋိဇီဝဆေးများအပါအဝင် ဆေးဝါးများကို ဖြန့်ခင်းကာ ဆောယောင်းက တပ်သားများအတွက် အသွင်ယူအဝတ်အစားများနှင့် အသင့်စား အစားအစာများကို နေရာချထားလိုက်၏။
ထို့နောက် အသက်ရှူမှန်အောင် လုပ်ရန်ကြံရုံရှိသေးချိန်တွင် ရုတ်တရက် ခေါင်းက ဝှစ်ခနဲ လှည့်သွားရလေသည်။
~~~~
Miel's Translations