အပိုင်း ၂၃
“အထူးလုံခြုံရေးအဖွဲ့ဝင်မှန်း ဂျောင်ဖီလ်ဂယူရော သိလား။”
“သိတာပေါ့…”
သို့ရာတွင် ချန်နာက သူ့အဖြေနှင့်ဆန့်ကျင်စွာ မသက်မသာ နှုတ်ခမ်းကို ကုတ်ခြစ်လိုက်သည်။
“ကျွန်မတို့ခဲအို အမျိုးသားထောက်လှမ်းရေးကနေ ထွက်လာတုန်းက ကျွန်မနဲ့အတူ ဒီကုမ္ပဏီကို ဝင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ အရည်အချင်းကလည်း သာမန်မှ မဟုတ်တာ။ အဲ့ဒါကြောင့် ကျွန်မက ပိုက်ဆံအများကြီးပေးတဲ့ အဖွဲ့ကိုပဲ သွားမယ်လို့ ပြောခဲ့တာပေါ့။”
“ခရီးခဏခဏ ထွက်ရလား။”
ချန်နာက ခေါင်းခါပြခဲ့သည်။
“ပုံမှန်ဆိုရင်တော့ ရုံးခန်းကနေပဲ အဝေးထိန်းနဲ့ အလုပ်လုပ်တာပေါ့။ ဒီတစ်ခါတော့ လုံခြုံရေးစနစ်ကို ကိုယ်တိုင် ဖောက်မှရမှာမို့လို့ မလွှဲမရှောင်သာ ဖြစ်သွားတာလေ။”
ယခု နှစ်ယောက်သား အမှတ်တရပစ္စည်းမျိုးစုံကို တန်းစီချိတ်ဆွဲထားသည့် လမ်းကြားလေးထဲသို့ ရောက်ရှိလာကြပေပြီ။
“ချန်နာရှင့်၊ ကျွန်မ ဒီကုမ္ပဏီကို သဘောကျတယ်။”
“အဲ့ဒီလိုလား။”
“ဟုတ်တယ်၊ ထင်ထားတာထက် စိတ်ပျက်စရာကောင်းတဲ့ လူတွေလည်းများပြီး၊ မကောင်းတဲ့အလုပ်တွေလည်း တော်တော်များများ လုပ်နေကြလို့လေ။”
“……”
“အဲ့ဒါက ကျွန်မအတွက်တော့ မျှော်လင့်ချက်လို ခံစားရလို့။”
ချန်နာက စိတ်ပျက်လက်ပျက် အမူအရာဖြင့် သူ့ကို ကြည့်ခဲ့သည်။
“ယောက်ျားက အမျိုးသားထောက်လှမ်းရေးရဲ့ အေးဂျင့်ဆိုတော့ ဘယ်လောက်တောင် မုန်းနေလိုက်မလဲ။”
“……”
“ဂင်ဟျွန်းတစ်ယောက် ဘယ်လောက်တောင် ဒေါသထွက်နေလိုက်မလဲ။”
ဆောယောင်းက တကယ် ပျော်ရွှင်နေသည့်အလား အသံထွက်ရယ်လိုက်ရာ ချန်နာက ရှုံ့မဲ့ပြီး မျက်နှာလွှဲသွားခဲ့သည်။
'အစ်မက လှလှလေးရယ်မှ လှတာ၊ အဲ့ဒီလိုကြီးရယ်ရင် ကြောက်စရာကြီး' ဟု အဓိပ္ပာယ်မရှိသော စကားကို ရေရွတ်ရင်း ပခုံးတုန်သွားဟန် လုပ်ပြခဲ့၏။ ဆောယောင်းလည်း ရယ်မောမှုကို ထိန်းချုပ်ကာ မျက်လုံးကို အဝေးသို့ လွှဲလိုက်သည်။
ထိုစဉ် ဆွဲခြင်းအဟောင်းတစ်ခုကို ကိုင်ဆောင်ထားသည့် ကလေးငယ်က ခရီးသွားများဟု ထင်ရသူများနောက်သို့ လိုက်နေသည်ကို တွေ့လိုက်ရ၏။ ကလေးငယ်က ရွှင်လန်းစွာ ရယ်မောပြုံးပြရင်း အရောင်အသွေးစုံလှသော လက်ကောက်များကို မိတ်ဆက်ပေးကာ ဈေးရောင်းနေသည်။
ဆယ်နှစ်ခန့် ရှိပေလိမ့်မည်။ မျက်လုံးလေး ကြည်လင်နေသော ကလေးငယ်က နွမ်းဖပ်ဖပ် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ဖာထေးချုပ်ထားသည့် နေရာများက သပ်ရပ်သန့်ရှင်းကာ ညစ်ပတ်နေသော အစွန်းအထင်းများ လုံးဝမရှိပေ။ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံရသည့် ကလေးတစ်ယောက်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
“အစ်မ၊ ပျားရည်စမ်းခရီးကို ဘယ်သွားတာခဲ့လဲဟင်။”
“အာ……”
ချန်နာ၏ မေးခွန်းကြောင့် အာရုံလွင့်နေသည့် စိတ်လည်း ပြန်ရောက်လာတော့သည်။
“ဂျယ်ဂျူးကျွန်းကို သွားခဲ့တာပါ။”
“……အဟမ်း၊ ကောင်းလားဟင်။”
လည်ချောင်းရှင်းဟန်ပြုကာ သတိထား၍ မေးလာသော မေးခွန်းကို ဆောယောင်းက ခပ်ရေးရေး အပြုံးလေးဖြင့်သာ ဖြေလိုက်သည်။
“တကယ်တော့ မကောင်းတဲ့အချိန်ဆိုတာ မရှိခဲ့ဖူးဘူး၊ အမျိုးသားနဲ့ အတူရှိခဲ့ရတဲ့ အချိန်တွေက။”
“……”
“ဘယ်မှာ ပုန်းနေမှန်းတော့မသိပေမဲ့ တစ်ခါတစ်လေကျရင် ကျွန်မဘေးမှာ ရှိနေသလို ခံစားရတယ်။ အဓိပ္ပာယ်မရှိပေမဲ့ တကယ် အဲ့ဒီလို ခံစားရတဲ့ အချိန်တွေရှိတယ်… ကျွန်မ ရူးနေတာများလားဟင်။”
တစ်ချက် လှမ်းကြည့်ပြီး တွေ့လိုက်ရသည့် ချန်နာ၏ မျက်နှာကြောင့် ရယ်လိုက်မိသည်။ သူက အင်မတန် လေးနက်သည့် မျက်နှာထားနှင့်ရှိနေသောကြောင့်ပင်။
“အစ်မက ဘာကိုမှ မယုံပါနဲ့။ ခံစားချက်ကိုလည်း မယုံနဲ့၊ ဆဋ္ဌမအာရုံကိုလည်း မယုံနဲ့၊ သဘောကျတဲ့စိတ်ကိုလည်း မယုံနဲ့၊ ယောက်ျားကိုလည်း မယုံပါနဲ့…တောက်လျှောက် သံသယဝင်နေပါ။ စာချုပ်ကိုလည်း သံသယဝင်၊ ရိသဲ့သဲ့လာလုပ်ရင်လည်း သံသယဝင်။ အထူးသဖြင့် တစ်ယောက်ယောက်က လှတယ်ဆိုပြီး အီစီကလီလုပ်လာရင်—”
“သူဌေးက လှပါတယ်။”
“……”
ထိုစဉ် ချန်နာ၏ စကားကိုဖြတ်ပြီး အပြစ်ကင်းသော အသံလေးတစ်ခု ဝင်လာသည်။
“လှပါတယ်။”
တုံးတိတိ ကိုရီးယားစကားဖြစ်သော်လည်း ထင်မှတ်မထားဘဲ အသံထွက်က ရှင်းလင်းပြတ်သားလှ၏။ သူ့ အကြည့်ကို ခဏတာ ဖမ်းစားခဲ့သော ကလေးငယ်က ဘယ်အချိန်ကတည်းက သူ့မျက်နှာရှေ့အထိ ရောက်နေမှန်းမသိပေ။
“ချန်နာ၊ တစ်ယောက်ယောက်က လှတယ်ဆိုပြီး အီစီကလီလုပ်လာရင် ဘာလုပ်ရမယ်။”
“……သွားပြီး ပျော်ပျော်ပါးပါး ကစားလိုက်မှာပေါ့။”
ချန်နာက 'ဟူး၊ တကယ်ပါပဲ' ဟု တီးတိုးရေရွတ်ရင်း သူ့ကိုယ်သူ လက်ဖြင့်ယပ်ခတ်ခဲ့သည်။
ဆောယောင်းက ခါးကို ကိုင်းညွှတ်ကာ ကလေးငယ် ကမ်းပေးနေသော လက်ကောက်များကို ကြည့်လိုက်၏။ ပြောင်လက်နေသော ကျောက်စိမ်းရောင်၊ ပန်းရောင်နှင့် သန္တာကျောက်တန်းရောင်များက ဆန်းကြယ်လှပေသည်။ ယင်းတို့မှာ ရောင်စုံ ကျောက်တုံးများကို ထပ်ပြန်တလဲလဲ ထွင်းထုထားသော လက်ကောက်များပင်။
ထိုလက်ကောက်များတွင် ထွင်းထုထားသည့် ရိုးရှင်းသော ပုံစံဒီဇိုင်းကလည်း သူ့စိတ်ကြိုက်ဖြစ်နေသဖြင့် လက်ကောက်တစ်ခုကို ရွေးယူလိုက်စဉ်...
“……”
ရုတ်တရက် ဆောယောင်း မျက်နှာထား တင်းသွား၏။ ပတ်ဝန်းကျင်ကို လျင်မြန်စွာ ဝေ့ကြည့်လိုက်သော မျက်နှာက အစွမ်းကုန် နိုးကြားနေသည်။
“ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ။”
“ဘာမှမဟုတ်ဘူး…”
ရှင်းပြ၍မရသော ထူးဆန်းသည့် ခံစားချက်တစ်ခုက တစ်ကိုယ်လုံးကို ရစ်ပတ်လာသည်။
ဒီခံစားချက်ကို ဘယ်လို ရှင်းပြရမလဲ…
အရေပြား ပေါက်သွားလုမတတ် စူးရှပြင်းထန်စွာ ထိုးဖောက်လာသော အကြည့်။ သို့သော် ထို တဒင်္ဂ နိမိတ်မကောင်းသည့် အရိပ်အယောင်က မကြာမီ လူအုပ်ထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားကာ အစအနပင် မရှိတော့ပေ။
ဆောယောင်းက စကားများများပြောမနေတော့ဘဲ ချန်နာ၏ လက်မောင်းကို ခပ်ကြမ်းကြမ်းဆွဲလိုက်သည်။
“ပြန်ကြရအောင်။”
“ရှင်။”
“အားတော့နာပေမဲ့ ဒီအတိုင်း… ဒီအတိုင်း ပြန်ကြရအောင်ပါ။”
“အဆင်ပြေရဲ့လားဟင်။”
“……”
“အစ်မ အခု… အဲ့ဒီမျက်နှာထားက ကြောက်စရာ၊ အဲလေ မျက်နှာ သိပ်မကောင်းဘူးနော်…”
“ဒီအတိုင်း ခံစားချက်က မကောင်းလို့ပါ။”
တကယ်တော့ လုံးဝ အဆင်မပြေပေ။ ရုတ်တရက် ချွေးစေးများပြန်လာကာ အသားပါ စပ်ဖျဉ်းဖျဉ်းဖြစ်လာခြင်းမှာ အကြောင်းရင်းအတိအကျမရှိသဖြင့် ပို၍ပင် ထိတ်လန့်သွားရ၏။
ဆောယောင်းက ချန်နာကို တင်းတင်းဆုပ်ကိုင်ထားရင်း လူအုပ်ကြားထဲ တိုးဝှေ့ကာ နောက်ကြောင်းပြန်လှည့်လာခဲ့သည်။ အနောက်ဘက်မှ “သူဌေး လှလှလေး” ဟု နှမြောတသသလို အသံလေးကို ကြားနေရသော်လည်း တစ်ချိန်တည်းမှာပင် ဘာကိုမှ မကြားရသလိုပင်။
ရေစီးသလို စီးဝင်လာသော အာရုံအမျိုးမျိုးကြောင့် မျက်လုံးများ ပြာဝေကာ အသက်ရှူရခက်လာတော့သည်။ မော်တော်ဆိုင်ကယ် အိတ်ဇောသံ၊ နားမလည်နိုင်သော နိုင်ငံခြားဘာသာစကားနှင့် ဈေးသည်များ၏ အော်ဟစ်သံများ အားလုံး ရောယှက်ကာ နားများကို ပိတ်ဆို့လာ၏။ ရုတ်တရက် စူးရှစွာ တင်းမာလာသော အာရုံခံစားမှုကြောင့် မူးဝေအော့အန်ချင်သလို ဖြစ်လုမတတ်ပင်။
“……”
အာရုံထွေပြားစွာ ဖြတ်သန်းလာခဲ့သည့် လမ်းကြားလေးတွင် ပြည့်တန်ဆာဟု ထင်ရသူများ ရံဖန်ရံခါ လျှောက်သွားနေကြသည်။ အချို့မှာ တလက်လက်တောက်ပသည့် အရာများဖြင့် ပေါင်းစပ်ချုပ်ထားသော ကြိုးသိုင်း အင်္ကျီပါးလေးနှင့် ခပ်ဟော့ဟော့ ဘောင်းဘီတိုများကို ဝတ်ဆင်ထား၏။ ဆွဲဆောင်ဖမ်းစားနေသော ရယ်သံများကို အနောက်တွင် ချန်ထားခဲ့ရင်း ဆောယောင်းလည်း ချွေးစေးများဖြင့် စိုရွှဲနေသော လည်ပင်းကို သုတ်လိုက်တော့သည်။
~~~~
- အဆင်သင့်ဖြစ်ပါပြီ။
- ပြဿနာမရှိပါဘူး။
- အတူတူပါပဲ။
နားကြပ်ထဲမှ အဖွဲ့ဝင်အသီးသီး၏ အသံများကို တစ်ယောက်ပြီးတစ်ယောက် ကြားနေရသည်။
Blast ကုမ္ပဏီ၏ VIP ဖောက်သည်ဖြစ်သူ ထီအန်းက ထိုင်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကားနေသည့် အာရှ၏ အကြီးဆုံး မူးယစ်ရာဇာပင်။
သူတို့က မြန်မာနိုင်ငံတွင် ကုမ္ပဏီပုံစံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ပြီး ဟောင်ကောင်၊ ထိုင်ဝမ်၊ မက္ကာအို၊ ကိုရီးယား၊ ဂျပန် အစရှိသော နိုင်ငံများသို့ တရားမဝင် တင်ပို့ရောင်းချကာ အာရှတစ်လွှားကို လွှမ်းမိုးချုပ်ကိုင်ထားသော အဖွဲ့အစည်းဖြစ်ပေသည်။
အီဝူရှင်းက Blast ကုမ္ပဏီ အဖွဲ့ဝင်တစ်ယောက်အနေနှင့် စာချုပ်ကို အကောင်အထည်ဖော်နေရင်း တစ်ချိန်တည်းမှာပင် အမျိုးသားထောက်လှမ်းရေးအဖွဲ့ဝင်တစ်ယောက်အနေနှင့် သူ၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ကြယ်သီးတွင် ကင်မရာ တပ်ထား၏။ ဤအခိုက်အတန့်တိုင်းက သက်သေအထောက်အထားများပင်။
ဤသို့သော အကြီးစား အရောင်းအဝယ်များမှတစ်ဆင့် Blast ကုမ္ပဏီက အကျိုးအမြတ် အချီကြီး ရရှိခဲ့ခြင်းဖြစ်ပေလိမ့်မည်။ တစ်ဖန် အမျိုးသားထောက်လှမ်းရေး၏ အတွင်းသတင်းများမှတစ်ဆင့် ဖမ်းဆီးဖြိုခွဲရေးကာလများကို ရှောင်တိမ်းခြင်းဖြစ်စေ၊ တရားမဝင် ရောင်းဝယ်ဖောက်ကားသည့်နေရာကို ဖျက်ဆီးခြင်းဖြစ်စေ လုပ်ကြခြင်းဖြစ်နိုင်သည်ဟု တွေးမိ၏။
မြန်မာနှင့် ထိုင်းနယ်စပ်တွင် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဆောင်ရွက်မည့်အချိန်က ယနေ့ မနက်အစောပိုင်းပင်။
အထူးလုံခြုံရေးအဖွဲ့ လုပ်ရမည့်အလုပ်က ဂိုဏ်းခေါင်းဆောင် ထီအန်းကို စောင့်ကြပ်ကာကွယ်ပေးရန်ဖြစ်၏။ တရားမဝင် ရောင်းဝယ်ဖောက်ကားသည့်နေရာက မလွှဲမရှောင်သာ ဖော်ထုတ်ခံရပြီး ရုတ်တရက် ဝင်ရောက်စီးနင်းခံရမည့် အခြေအနေမျိုး၌။ အဆိုးဆုံး အခြေအနေများကို ကြိုတင်ပြင်ဆင်ကာ ထွက်ပြေးရန် လမ်းကြောင်းဖန်တီးပေးရမည်၊ ရန်သူကို ပစ်ခတ်ရမည်၊ ပြီးတော့ ထီအန်းကို ခိုးထုတ်သွားပေးရမည်။
ဤသို့သော စကားမျိုး ကြားလျှင် သာမန်လူတိုင်း အင်မတန် ထိတ်လန့်သွားကြမည်မှာ ကျိန်းသေပေသည်။
အင်မတန် စိတ်ကောင်းရှိသည့်လူစားမျိုး မဟုတ်သည့်တိုင် တရားမဝင်ဘဲ အန္တရာယ်ရှိသည့် အရာများကို ရှောင်ရှားရန်ဆိုသည်မှာ ဗီဇအလျောက် အလိုလိုသိသည့်စိတ်ပင်။ ထိုသို့သော အရာများက ကိုင်ထားသည့် အနိမ့်ဆုံးအင်အား၊ တစ်စုံတစ်ယောက်၏ဘဝကို အလွယ်တကူ ဖျက်ဆီးနိုင်သည်ဟူသော ကြောက်ရွံ့မှုကို သိနေကြသောကြောင့်ဖြစ်၏။
ပုံမှန်ဆိုလျှင် ဇီးကွက်လည်း ထိုအတိုင်းဖြစ်သင့်ပေသည်။
သို့ရာတွင် မျက်တောင်တစ်ချက်မခတ်ဘဲ ပြောလိုက်သည့် စကားက...
'ဘာ။ အခန်းက ညစ်ပတ်နေလို့ ရှင်းတယ်တဲ့လား။'
“……”
ဇီးကွက်ကို ပြည်ပခရီးစဉ် ခေါ်လာခဲ့သည်က ရည်ရွယ်ချက်ရှိ၏။
ကိုယ်ကျင့်တရားက အလုပ်မဖြစ်သော လောကကို မျက်မြင်ကိုယ်တွေ့ ခံစားရပြီးသည်နောက် ဇီးကွက် Blast ကုမ္ပဏီမှ သူ့သဘောနှင့်သူ ထွက်သွားမည်ကို လိုချင်ခဲ့သည်။
ပထမတော့ ဖိအားပေးရန်အတွက် ခရီးစဉ်ကို အကြောင်းပြခဲ့သော်လည်း ဇီးကွက်၏ ပါးစပ်မှ စကားထွက်လာအောင်လုပ်ရန်မှာ ထင်ထားသည်ထက် ပို၍ခက်ခဲလှ၏။
မတွေ့တာကြာ၍ သတိပိုထားလာသောကြောင့်ပဲလားမသိ၊ စကားသုံးခွန်းထက် ပိုမပြောဖြစ်ခဲ့။ ထို့ကြောင့် အန္တရာယ်များသည့်နေရာသို့ ခေါ်သွားလျှင် နည်းနည်းလောက်တော့ စကားနားထောင်လာမည်ဟု တွေးခဲ့မိသည်။
အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး ဇီးကွက်က ယေဘုယျအားဖြင့် စိတ်အားငယ်တတ်သူ၊ ခင်ပွန်းအပေါ် မှီခိုပြီး မကြာခဏ စိုးရိမ်ပူပန်တတ်သူဖြစ်သဖြင့် ယခင်ကလို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့၏။
သို့ရာတွင် ယင်းထင်ယောင်ထင်မှားဖြစ်မှုက စကားတစ်ခွန်းတည်းနှင့် လုံးဝ ကွဲကြေသွားခဲ့ရသည်။ ဇီးကွက်က ‘ဂင်ဟျွန်း’ ကိုမှ အားနွဲ့ပြီး ကြင်နာပြခဲ့ခြင်းပင်။
အလုပ်သမားသမဂ္ဂ ဆန္ဒပြသည့်နေရာ၌ လူတစ်ယောက်ကို သဘာဝကျကျ အီစီကလီလုပ်နေသည့် ဇီးကွက်ကို မြင်လိုက်ရချိန်တွင် အီဝူရှင်းလည်း သူ့ကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်မိတော့သည်။
စက္ကူဖျက်ဆီးစက်ထဲ ထည့်ကြိတ်လိုက်သည့် မစ်ရှင်ဟောင်းက လက်ရှိမစ်ရှင်ကို အနှောင့်အယှက် မဖြစ်စေသင့်ပေ။ မျက်စိရှေ့တွင် ဆက်ပြီး လာရှုပ်ခွင့်မပေးသင့်တော့ဘူးဟူ၍ တိုးတိုးတိတ်တိတ် သတိပေးသံ ထွက်ပေါ်လာ၏။ ထိုအတွေးတစ်ခုတည်းကသာ ပို၍စွဲမြဲစွာ ခိုင်မာလာခဲ့သည်။
ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ခေါ်လာခဲ့သည့် ထိုင်းနိုင်ငံ ခရီးစဉ်တွင်။ ကိုယ့်ခြေထောက်နှင့်ကိုယ် ထွက်မသွားသည့်အပြင် အကြောက်အလန့်လည်းမရှိ၊ စက်ဆုပ်ခြင်းလည်း မရှိခဲ့။ မျက်နှာသေဖြင့် လုပ်စရာရှိသည်ကို လုပ်ဆောင်နေရုံသာ။ ထိုတည်ငြိမ်မှုက အစိမ်းသက်သက်ဖြစ်နေကာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
“အများဆုံး ၇ မိနစ်ပါပဲ။”
ထိုစဉ် ကလေးသံစွက်နေသော အသံက သူ၏ ခေါင်းမာမှုကို ဖြတ်တောက်သွားသည်။ အီဝူရှင်းက နှုတ်ခမ်းတွင် ဓာတ်မီးကို ကိုက်ထားကာ လုံခြုံရေးစနစ်ကို ဖြုတ်နေသော ဟောချန်နာကို ငုံ့ကြည့်လိုက်၏။
အထူးလုံခြုံရေးအဖွဲ့က ယနေ့မနက် အစောပိုင်းတွင် နယ်စပ်သို့မသွားမီ ထီအန်း အချိန်ကြာမြင့်စွာ သူ့ဘေးတွင်ထားခဲ့သော လက်အောက်ငယ်သား၏ အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်နေကြခြင်းဖြစ်သည်။ ဂိုဏ်းအတွင်း ပဋိပက္ခဖြစ်စေ၊ စစ်ဆေးရေးဆိုင်ရာ အချက်အလက်များဖြစ်စေ ပေးပို့ခြင်းမှာ ရေရှည်ဖောက်သည်များအတွက် ဝန်ဆောင်မှုတစ်ရပ်ပင်။
သို့သော် ယနေ့ခေတ်တွင် သီးသန့် အင်ထရာနက်ကို တည်ဆောက်ထားသဖြင့် အင်တာနက်မှတစ်ဆင့် အချက်အလက်များကိုရယူရန် မဖြစ်နိုင်ပေ။ အဆောက်အအုံအတွင်းရှိ ဆာဗာခန်းထဲသို့ ဝင်ရောက်ကာ ချန်နာကိုယ်တိုင် ဟက်ခ်လုပ်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။
ခဏနေတော့ သံပြားငယ်တစ်ခု ပြုတ်ကျလာကာ အထဲမှ အပေါက်နှစ်ပေါက်ပေါ်လာ၏။
“ဟန်ဆောယောင်းဆီကနေ ပိုက်ဆံလိမ်ယူပြီး ထွက်ပြေးသွားတဲ့ကောင်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မင်းက ဖော်ထုတ်ပေးခဲ့တာဆို။”
“……”
ချန်နာတစ်ယောက် အိတ်ထဲမှ laptop ကို ထုတ်နေရာမှ တုံ့ခနဲရပ်သွား၏။
“အဲ့ဒါက…အတိအကျပြောရရင် မကောင်းတဲ့အလုပ် လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။”
“မကောင်းတဲ့အလုပ်ဆိုတာက အခု ငါတို့ လုပ်နေတာကို ပြောတာပေါ့။”
“……”
“ဧကန္တ ဟန်ဆောယောင်းက၊ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ အရက်ကို အပြင်းအထန် စွဲခဲ့ဖူးတာမျိုးရှိလား။”
“ရှင်။”
ချန်နာက အနက်ရောင် ကေဘယ်လ်ကြိုးကို လုံခြုံရေးစနစ်တွင် ချိတ်ဆက်ရင်း သူ့ကို လှည့်ကြည့်လိုက်သည်။ မှောင်မည်းနေသည့်အထဲတွင် တစ်ကိုယ်တည်း ထင်ရှားနေသော သူ၏ ဖြူဖျော့ဖျော့ မျက်နှာက တည်ကြည်ကာ အေးစက်လွန်းလှသဖြင့် ကြက်သီးမွေးညင်းများပင် ထလာရ၏။
~~~~
Miel's Translations