no

Font
Theme

အပိုင်း ၃၅

ဆောယောင်း၏မျက်နှာက တဖြည်းဖြည်း တင်းမာခက်ထန်လာသည်။ သွေးမရှိတော့သည့်လူအလား လက်သီးကို တင်းတင်းဆုပ်လိုက်၊ ပြန်ဖြန့်လိုက် လုပ်နေမိ၏။

တစ်သက်နှင့်တစ်ကိုယ် မိမိသတ်မှတ်ထားသော စည်းအပြင်ဘက်မှ သူစိမ်းတစ်ယောက်အပေါ် ဤမျှအထိ ဒေါသထွက်ဖူးခြင်း မရှိသလောက်ပင်။ အီဝူရှင်းအပေါ်ထားရှိသည့် ပြင်းထန်သော ရန်လိုစိတ်ကြောင့် သွားများကို တင်းတင်းကြိတ်ထားမိကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေသည်။

“ဒါကြောင့် ကိုယ့်ဦးနှောက်ရဲ့ လှည့်စားမှုကို မခံပါနဲ့။ ဒါက အချစ်မဟုတ်ဘဲ လိမ်လည်သူရဲ့ လှည့်ကွက်ထဲမှာ ကစားခံလိုက်ရရုံသက်သက်ပဲမို့လို့။”

ဆောယောင်းက မည်သူမဆို၏ ပေါ့ပေါ့တန်တန် ပရောပရည်လုပ်မှုများကို ဘာမှမမှုသလို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်သူဖြစ်သော်လည်း ယခု အီဝူရှင်း ပြောလိုက်သော စကားများကိုမူ ထိုကဲ့သို့ လျစ်လျူရှု၍ မရခဲ့ပေ။

စကားလုံးတိုင်းက ဓားတစ်လက်အလား ရင်ထဲသို့ စိုက်ဝင်လာသည်။

“အခုအထိ အဲ့ဒီကောင်ဆီကနေ ရုန်းမထွက်နိုင်သေးဘူးဆိုတာ ဟန်ဆောယောင်းက အဲ့ဒီလောက်အထိ အရူးလုပ်ရလွယ်တဲ့သူ ဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေပါပဲ။ အဲ့ဒီလိုလူမျိုးကြောင့် ကိုယ့်ခန္ဓာကိုယ်ကို နှိပ်စက်နေတာက အဓိပ္ပာယ်ရှိပါ့မလား။”

“……”

“ဒီက အခြေခံသင်တန်းဆိုတာ နာမည်ကသာ အခြေခံပါ၊ လူကို အစွမ်းကုန် နှိပ်စက်ပြီး အကန့်အသတ်အထိ တွန်းပို့မှာ။ တကယ်ကို ရူးသွားစေနိုင်တယ်ဗျ။”

အီဝူရှင်းက သူ၏ နားထင်ကို လက်ညှိုးဖြင့် အသာအယာ ဖိနှိပ်ပြခဲ့သည်။

တကယ် ကျက်သရေတုံးတဲ့ကောင်စုတ်….။ စတွေ့ကတည်းက စိတ်ထဲမှာ ဘာမှန်းမသိ မတင်မကျဖြစ်နေခဲ့တာကို….။

ဝန်မခံချင်သော်လည်း လျစ်လျူရှုထားခဲ့သည့် အားနည်းချက်အပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်သွားသလို ခံစားလိုက်ရသည်။ သင်တန်း မတက်ရောက်ရသေးမီမှာပင် အားအင်များ ကုန်ခမ်းနေပေပြီ။

အီဝူရှင်းက စောင့်ဆိုင်းနေသည့် တက္ကစီဆီသို့ မေးငေါ့ပြပြန်သည်။

“အဲ့ဒီ လူလိမ်က ဟန်ဆောယောင်းအကြောင်း တွေးတောင်တွေးမိမှာမဟုတ်တာကို ဘာလို့များ ကိုယ့်ဘဝကိုယ် အလဟဿ ဖြုန်းတီးနေရတာလဲ။ တကယ် လက်စားချေချင်တယ်ဆိုရင် အပြင်ထွက်ပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နေလိုက်စမ်းပါ။”

ဘာကြောင့် သူစိမ်းတစ်ယောက်၏ စကားလုံးတိုင်းက ဤမျှအထိ နာကျင်ပြီး စူးရှနေရသည်ကို မသိတော့ပေ။ ဆောယောင်းတစ်ယောက် အံ့ဩစရာကောင်းလောက်အောင် မျက်ရည်များ ဝဲလာသည်။

ကျိန်းသေပေါက် စွဲလမ်းမှုနှင့် မလျော့သောဇွဲကြောင့် ဤနေရာအထိ ရောက်လာခဲ့ခြင်းပင်။ သို့သော် ပြန်လည် မတုံ့ပြန်နိုင်သော မိမိကိုယ်ကိုယ် မုန်းတီးမိ၏။ အရှေ့မှ အီဝူရှင်းကို ခြေမွပစ်ချင်သည့် တွန်းအားများလည်း တိုးဝင်လာသည်။

“မသွားနိုင်ပါဘူး။”

“ဟန်ဆောယောင်းခင်ဗျ။”

သူက ဆူပူငေါက်ငမ်းသလို နာမည်ကို ထပ်ခေါ်ခဲ့ပြန်သည်။ ဒေါသထွက်နေ၍လားမသိ နားရွက်များပါ ပူထူလာ၏။ တစ်ခုခု ပြန်အော်ပစ်ချင်သော်လည်း ထူးဆန်းစွာပင် လည်ချောင်းထဲ၌ ဘာကမှန်းမသိ တစ်စို့နေသဖြင့် တံတွေးမျိုချရန်ပင် ခက်ခဲနေသည်။

သို့သော်လည်း ဆောယောင်းက ကြည့်ရဆိုးနေမည်မှာ သေချာသည့် မိမိ၏ မျက်လုံးအစုံကို အားတင်းကာ ပင့်ကြည့်လိုက်၏။

“တကယ့် လက်စားချေခြင်းဆိုတာက အဲ့ဒီကောင်ကိုလည်း ကောင်းကောင်းမွန်မွန် မနေနိုင် မစားနိုင်အောင် လုပ်တာပါ။”

……ကျွန်မ မရှိဘဲနဲ့။ ထိုစကားကိုမူ ရင်ထဲ၌သာ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိုက်သည်။

“နောက်ပြီးတော့ အဲ့ဒီဘက်ရဲ့ စကားတွေက အကုန်မှန်နေတယ်ပဲထားဦး……”

ပေါက်ပြဲနေသော ဒဏ်ရာကြားမှ စိမ့်ထွက်လာသည့် သွေးစများက ချက်ချင်းပင် နက်ရှိုင်းသော မုန်းတီးရွံရှာမှုအဖြစ် ပြောင်းလဲသွားသည်။

“ကျွန်မ ခင်ပွန်းဆီကပဲ ကိုယ်တိုင် နားထောင်မှာပါ။ ရှင့်လို အချစ်အကြောင်း ဘာတစ်လုံးမှ မသိနားမလည်တဲ့ကောင်ဆီက မဟုတ်ဘဲနဲ့…”

ဆောယောင်းတစ်ယောက် သူ၏လက်ကို အစွမ်းကုန် ခါချလိုက်ကာ တက္ကစီပေါ်သို့မဟုတ်ဘဲ ဘတ်စ်ကားပေါ်သို့ တက်သွားလေတော့သည်။

~~~~

သွားပြီ...

လာမည့် ၁၀ ပတ်တာလုံးလုံး ရင်ဆိုင်ရမည့် သင်တန်းနည်းပြအား ထိုသို့သော စကားကြမ်းကြမ်းများ ပြောလိုက်မိပြီဖြစ်ရာ မိမိဘဝက သေလူနှင့် မခြားတော့ပေ။

ဆောယောင်းတစ်ယောက် သင်တန်းစခန်းသို့ သွားရာလမ်းတစ်လျှောက်လုံး ဘတ်စ်ကားပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်ရင်း မတည်ငြိမ်သော အသက်ရှူသံများကို ထိန်းချုပ်နေခဲ့သည်။ သို့သော်လည်း အတော်ကြာမှ တစ်ကျော့ပြန်ကာ ထွက်ပေါ်လာသည့် ဒေါသက လွယ်လွယ်နှင့် ပြေလျော့မသွားခဲ့ပေ။

အီဝူရှင်း၏ စကားများကို ပြန်တွေးမိလေလေ လက်သီးကို ပိုမိုတင်းကျပ်စွာ ဆုပ်မိလေလေပင်။ ထိုသို့ဖြင့် ရှုပ်ထွေးနေသော စိတ်အစဉ်ကို ပြန်လည်စုစည်းနေစဉ်အတွင်း ဘတ်စ်ကားက ရပ်တန့်သွားလေသည်။

“ပစ္စည်းတွေယူပြီး ဆင်းကြ။”

နည်းပြ၏ လမ်းညွှန်မှုအောက်တွင် သင်တန်းသားအသစ်များက ဘာတစ်ခွန်းမှမဆိုဘဲ လှုပ်ရှားခဲ့ကြသည်။

ရောက်ရှိလာသော နေရာမှာ ပင်လယ်နှင့်နီးသည့် ပုဂ္ဂလိက စစ်လေ့ကျင့်ရေးကွင်းတစ်ခုပင်။ တရားရုံး စာရွက်စာတမ်းများတွင်မူ 'ကလေးများအတွက် နွေရာသီစခန်း' ဟု မှတ်ပုံတင်ထားသော နေရာဖြစ်၏။ ကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုထားသော အဆောက်အအုံ မဟုတ်သည့်အတွက် ထိုသို့ အမည်လွှဲထားခြင်း ဖြစ်သည်ဟု ကြားဖူးသည်။

ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဆောယောင်းထံသို့ ကွက်ကြည့်ကွက်ကြည့် စိုက်ကြည့်လာသော အကြည့်ပေါင်းစုံက စူးဝင်လာ၏။ အချို့က မသက်မသာဖြစ်ဟန်ဖြင့်၊ အချို့က မနှစ်မြို့ဟန်ဖြင့်၊ အချို့ကမူ တဟီးဟီး ရယ်မောရင်း။ ထိုအထဲတွင် ရင်းနှီးဖော်ရွေသော အကြည့်ဟူ၍ တစ်ခုမျှ မပါဝင်ခဲ့ပေ။

ကြောက်စရာပါလား...။ ဆောယောင်းက မျက်နှာသေဖြင့် တွေးလိုက်မိသည်။

မိမိကို သင်တန်းမှ ထုတ်ပစ်ရန် အားသန်နေသော အီဝူရှင်းသာမက လုပ်ဖော်ကိုင်ဖက်အဖြစ် လက်မခံသော ဤနေရာမှ လူသားများက ပို၍ကြီးမားသော အတားအဆီးများ ဖြစ်နေပုံပင်။

မိမိအား တိုက်ရိုက် လှောင်ပြောင်ခြင်းဖြစ်စေ၊ မကျေနပ်ချက်ကို ထုတ်ဖော်ပြောဆိုသူဖြစ်စေ မရှိသော်လည်း တစ်ဦးနှင့်တစ်ဦး စကားမပြောဘဲ မျက်ရိပ်မျက်ကဲ ပြနေကြသည့် ဤအခြေအနေက ထစ်ခနဲဆိုသည်နှင့် ပေါက်ကွဲတော့မည့်အလား ပို၍ပင် စိုးရိမ်စရာကောင်းနေသည်။

မီးပွားလေးတစ်စ ရှိရုံနှင့်ပင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားမည့် တင်းမာမှု။ ထိလွယ်ရှလွယ် ထိုအငွေ့အသက်က အဆောင်ထဲသို့ ရောက်သည်အထိ ဆက်ရှိနေ၏။

ထို့နောက် စခန်းတန်းလျားအတွင်းရှိ ခုတင်ပေါ်သို့ ပစ္စည်းများ ချလိုက်သည့် အခိုက်အတန့်တွင် ပြဿနာက စောင့်ဆိုင်းနေသည့်အလား ပေါက်ကွဲထွက်လာတော့သည်။

“ချီးပဲ။ မိန်းမတစ်ယောက်နဲ့ တစ်ခန်းတည်း ဘယ်လိုလုပ် မျှသုံးရမှာလဲ။”

ရင်းနှီးနေသော အသံကြောင့် လူတိုင်း၏ အကြည့်က တစ်နေရာတည်းသို့ စုပြုံသွားတော့သည်။

“လေ့ကျင့်ရေးမှာ အဲ့ဒီမိန်းမပဲ အရင်လက်လျှော့သွားမှာမို့လို့ ကိစ္စမရှိပေမဲ့ အနည်းဆုံး အဆောင်လေးတော့ ခွဲထားပေးသင့်တယ် မဟုတ်ဘူးလား။ အဲ့ဒီမိန်းမ ကြည့်နေတဲ့အရှေ့မှာ အဝတ်အစား ဘယ်လိုလဲရမလဲ၊ ရေချိုးရင်ရော ဘယ်လိုလုပ်ရမလဲ။”

ဗြောင်ကျကျ ရန်စနေခြင်းဖြစ်သော်ငြား ကျန်ရှိသူများ၏ အတွေးကလည်း သိပ်မထူးခြားလှသဖြင့် တိတ်တဆိတ် ခေါင်းညိတ်ထောက်ခံနေကြသည်။

“ငါက ဒီမှာ လေ့ကျင့်ဖို့ လာတာလေ၊ မိန်းမတစ်ယောက်နဲ့ တစ်ခန်းတည်းအိပ်ဖို့ လာတယ်များမှတ်နေလား။ မတော်လို့ တစ်ခုခု ဖြစ်သွားရင် ငါတို့ပဲ တရားခံအဖြစ် လက်ညှိုးထိုးခံရမှာ မဟုတ်ဘူးလား...”

စားကြွင်းစားကျန်လူ၏ အော်ဟစ်သံနောက်တွင် ထောက်ခံသည့်အသံများ တဖြည်းဖြည်း တိုးလာခဲ့သည်။

“ဟုတ်တယ်လေ၊ ဒါက စဉ်းစားပုံ မှားနေတာပဲပေါ့။”

“အဲ့ဒီပုဂ္ဂိုလ်ကို အခန်း သီးသန့်ပေးလိုက်တာက ပိုမကောင်းဘူးလား။”

“ဟေ့ ဟေ့၊ အဲ့ဒါတော့ မဟုတ်သေးဘူးလေ။ ဘယ်သူကတော့ အခန်း တစ်ယောက်တည်းမသုံးချင်ဘူးဆိုပြီး ဒီလို စုပေါင်းနေချင်မှာလဲ။ အတူတူ ဒုက္ခခံပြီး လေ့ကျင့်ဖို့ လာတာကို အဲ့ဒီမိန်းမ တစ်ယောက်တည်းကပဲ သက်သောင့်သက်သာ ဖြစ်နေရင် ခွဲခြားဆက်ဆံမှု ဖြစ်သွားမှာပေါ့။”

ပေါက်ထွက်သွားသော ရေကာတာကဲ့သို့ သင်တန်းသားအသစ်များ၏ မကျေနပ်ချက်များက ဒလဟော ထွက်ပေါ်လာတော့သည်။

“Blast ကုမ္ပဏီက အာရှမှာ ထိပ်တန်းဆိုပြီး ကြားလို့ မျှော်လင့်ချက်အပြည့်နဲ့ လာခဲ့တာ... အခုတော့ ထင်သလောက်လည်း မဟုတ်ပါလား။”

“မဟုတ်ဘူးလေ၊ ငါကတော့ အဲ့ဒါကြောင့်ပဲ ပိုပြီးတော့ကို မျှော်လင့်နေတာ။”

လူတစ်ယောက်က ထိုသို့ပြောပြီးသည်နှင့် 'ဟင်း... အား...' ဟူသည့် ညည်းသံနှင့်အတူ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ခါးလှုပ်ရှားမှုကို လုပ်ပြခဲ့သည်။

ဝါးခနဲ ရယ်သံများ ထွက်ပေါ်လာပြီး အချို့ကမူ ခေါင်းတခါခါ လုပ်နေကြ၏။ ပွက်လောရိုက်နေကြပုံမှာ ပြောစရာပင်မရှိတော့။

ဆောယောင်းက ထိုအခြေအနေကိုကြည့်ရင်း ရယ်လည်းရယ်ချင်သလို အဖြစ်မရှိလိုက်တာဟုလည်း တွေးမိသည်။ ယောကျ်ားအုပ်ထဲ ရောက်နေသည့် မိမိကိုယ်တိုင်က ငြိမ်နေပါလျက် သူတို့အချင်းချင်း ဘာကြောင့် ဤမျှအထိ ပြဿနာတက်နေကြသနည်းဟု တွေးမိသောကြောင့်ပင်။

ဆောယောင်းက ထွက်လာတော့မည့် ရယ်သံကို အောင့်ထားလိုက်သည်။ ဤအခြေအနေမျိုးတွင် ရယ်လိုက်မိပါက မိမိအတွက် ဘာမျှအကျိုးရှိမည်မဟုတ်ကြောင်း ကောင်းကောင်း သိထား၏။

“ဪ...အားလုံး တအား အမြင်ကျဉ်းကြတာပဲ။ ဧကန္တများဆိုတာ ဘယ်သူသိမှာလဲ။ တကယ်တမ်း ထူးချွန်တဲ့ ထိပ်တန်းအထူးအေးဂျင့် ဖြစ်လာနိုင်တာပဲလေ။”

“ဟုတ်သား၊ အစ္စရေးမှာတောင် ကာရာကယ်လ်ဆိုပြီး ယောကျ်ားမိန်းမ ရောထားတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ရှိသေးတာပဲ။ တော်တော် နာမည်ကြီးတာ။”

ပြောနေကြသည့် အကြောင်းအရာက ဆောယောင်းအကြောင်းသာ ဖြစ်သော်လည်း အားလုံးက သူ့ကို ပထုတ်ကာ ပြောနေကြခြင်းပင်။

ထိုစဉ် တစ်စုံတစ်ယောက်က သတ္တိမွေးကာ ဆောယောင်းကို မေးလာသည်။

“ဧကန္တ ကောင်းကောင်း တိုက်ခိုက်တတ်တာလား။”

“…….”

“ဒီကို မလာခင် ဘာလုပ်ခဲ့တာလဲဗျ။ ဧကန္တ စစ်သားလား။ ဘယ်တပ်ရင်းကလဲ။”

လူတိုင်းက ဆောယောင်း၏ နှုတ်ဖျားမှ ထွက်လာမည့်စကားကို စောင့်ကြည့်နေစဉ် ရင်းနှီးနေသော အသံက ထပ်မံ၍ ကြားဖြတ်ဝင်လာပြန်သည်။

“ငါ့နှယ်၊ ဘာကို ဘယ်တပ်ရင်းက ဖြစ်ရဦးမှာလဲ...အဲ့ဒီဟာက ငါတို့ ကုမ္ပဏီရဲ့ ထမင်းချက်မိန်းမ။”

“ဘာ။”

“ငါတို့ကို ထမင်းချက်ပေး၊ အဝတ်လျှော်ပေးတဲ့ အစ်မကြီးတွေကို မမှတ်မိကြဘူးလား။ အဲ့ဒီထဲမှာ အငယ်ဆုံးနဲ့ အလှဆုံး... အဲလေ၊ ချီးပဲ၊ ငါ့အပေါ် စားကြွင်းစားကျန် အမှိုက်ပုံး မှောက်ချခဲ့တဲ့ ကောင်မလေ...”

ထိုအခါ သင်တန်းသား အချို့က သူ့ကို မှတ်မိသွားဟန်ဖြင့် မျက်လုံးများ ပြူးသွားကြသည်။ အလုပ်အကိုင်တွင် အနိမ့်အမြင့်မရှိဟု ဆိုသော်လည်း အံ့အားသင့်နေသော သူတို့၏ မျက်လုံးများတွင် မိမိအပေါ် ပို၍ အထင်သေးစရာတစ်ခု ရသွားပြီဟူသော အတွေးများကို အတိုင်းသား မြင်နေရ၏။

ဝါး... ဒီနေရာက တကယ့် အမှိုက်ပုံးလိုပါလား၊ ပျော်စရာပဲ...

ဆောယောင်းတစ်ယောက် အသာလေး မျက်လုံးများ တောက်ပနေစဉ်။

ရုတ်တရက် 'ဒေါက်... ဒေါက်' ဟူသော စစ်ဖိနပ်သံက နီးကပ်လာသည်။ ဆောယောင်းက တံခါးဘက်သို့ အသာအယာ စိုက်ကြည့်နေသော်လည်း ဒေါသ အလိပ်လိပ်ထွက်နေသော လူကမူ ထိုအသံကို သတိမပြုမိဘဲ အာခေါင်ခြစ်ကာ အော်ဟစ်နေဆဲပင်။

“ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်ပြီး လက်လျှော့မှာဆိုရင် အခုပဲ ထွက်သွားလိုက်စမ်းပါ... မင်းအတွက် ငါတို့က ရေချိုးချိန်တွေ ဖယ်ပေးရ၊ မင်းသုံးတဲ့ လစဉ်သုံး ဂွမ်းထုပ်ခွံတွေကို ကြည့်နေရမှာဆိုရင် အခုချက်ချင်းသာ ထွက်သွားလိုက်လို့...”

“သင်တန်းသား ဆောင်းဝုချန်း။”

ထိုစဉ် ရှည်လျားသော အရိပ်တစ်ခုက ဆူညံနေသော အသံကို ဖြတ်တောက်ပစ်လိုက်သည်။

ဪ... သူ့နာမည်က အဲ့ဒါလား...။ ဆောယောင်းက မျက်တောင်ခတ်ရင်း တွေးလိုက်သည်။

စစ်လေ့ကျင့်ရေး ဝတ်စုံသို့ လဲဝတ်ပြီးသားဖြစ်နေသော အီဝူရှင်းက လက်ကို အနောက်ပစ်ထားရင်း သောင်းကျန်းနေသည့်လူကို ငုံ့မိုးကြည့်နေ၏။

“ဒါက ဘာတွေ ပွက်လောရိုက်နေတာလဲ။”

အေးစက်သော မေးခွန်းကြောင့် ဆောင်းဝုချန်းတစ်ယောက် ရင်ဘတ်ကို နိမ့်ချည်မြင့်ချည် လုပ်ရင်း အသက်ရှူနှုန်းကို ထိန်းလိုက်သည်။ စောစောက မြင်းရိုင်းတစ်ကောင်ပမာ သောင်းကျန်းနေသည့် လူက နည်းပြရှေ့ရောက်မှ စိတ်ကို ချက်ချင်း ပြန်ထိန်းချုပ်နေသည်ကို ကြည့်ရသည်မှာ ရယ်ချင်စရာပင်။

“နည်းပြကြီး၊ ကျွန်တော် မိန်းမတစ်ယောက်နဲ့ တစ်ခန်းတည်း အတူတူ မနေနိုင်ပါဘူး။ အတူတူနေရင်း တစ်ခုခု ဖြစ်သွားနိုင်တာကို ကျွန်တော်တို့က တစ်ခန်းတည်း သုံးရမှာလား။ စိတ်မသက်မသာဖြစ်ရလို့ မကြိုက်ပါဘူး။”

“မိန်းမ။”

သူက ထိုစကားလုံးကို ထူးဆန်းသလို ရေရွတ်လိုက်သည်။ ထိုအခြေအနေကိုမသိဘဲ ဆောင်းဝုချန်းက ဆက်လက်၍ စောဒကတက်နေ၏။

“ဒါဆို သူက ယောကျ်ားလားဗျ။ အတူတူ လေ့ကျင့်၊ ရေချိုး၊ အိပ်ရမှာကို သူ့ကိုပဲ အာရုံစိုက်နေရရင် ကျွန်တော်တို့က လေ့ကျင့်ရေးမှာ ဘယ်လိုလုပ် အာရုံစူးစိုက်နိုင်မှာပါလဲ။”

“အဆောင်ထဲမှာ မိန်းမတစ်ယောက် ရှိနေတာက အဲ့ဒီလောက်တောင် အာရုံစိုက်စရာ ဖြစ်နေတာလား။”

“ဟုတ်ကဲ့...”

“ဘာလို့လဲ၊ ထန်လာမှာ စိုးလို့လား။”

“……”

ဗြောင်ကျကျစကားကြောင့် ဆောင်းဝုချန်း ဆတ်ခနဲတုန်သွားသည်။ အခြားသင်တန်းသားများကလည်း ထိုနည်းတူပင်။

“အရေးမပါတဲ့ ဆင်ခြေတွေ အများကြီး လျှောက်ပေးမနေဘဲ မနက်တိုင်း အဖွဲ့လိုက်ကြီး အောက်ပိုင်းတွေ တောင်နေတာကို ပြရမှာရှက်လို့ပါဆိုပြီးတော့သာ ပြောလိုက်ပါလား။ အဲ့ဒါကမှ ပိုပြီး ကျိုးကြောင်းဆီလျော်သေးတယ်။”

“မ... မဟုတ်ပါဘူး...”

“ဘယ်လိုတွေရွေးထားလို့များ ဒီလိုကောင်တွေချည်း အရွေးခံလာရတာပါလိမ့်။”

အီဝူရှင်းက နှာခေါင်းရှုံ့လိုက်ပြီး အခန်းအတွင်းကို အေးစက်စွာ ဝေ့ဝဲကြည့်လိုက်သည်။

“နောက်ပိုင်း VIP က အမျိုးသမီးဖြစ်နေရင်ရော boycott လုပ်ကြမှာလား။ ပူးပေါင်းဆောင်ရွက်ရမဲ့ အဖွဲ့အစည်းမှာ အမျိုးသမီး အေးဂျင့် ပါလာရင်ရော အားလုံး ဝိုင်းပြီး ကန့်ကွက်ကြမှာလား။”

“…….”

“ဒီတစ်သုတ်ကတော့ ခေါင်းထဲမှာ အပေါက်တွေ ဖြစ်နေကြတာလားပဲ။ ဘာလို့ ကလေးတွေလို လုပ်နေကြတာလဲ။ အဲ့ဒီလောက်လေးနဲ့ တာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုရင် အစကတည်းက အထုတ်ခံရဖို့ပဲတန်တယ်။”

အေးစက်သော ဆူပူမာန်မဲသံကြောင့် သင်တန်းသားအားလုံး ဆွံ့အသွားကြ၏။

အီဝူရှင်းက အဆောင်ခုတင်ပေါ်တွင် ဝင်ထိုင်ကာ လက်နှစ်ဖက်ကို ခုတင်ပေါ်၌ ထောက်လိုက်သည်။ သူ၏ ကိုယ်ဟန်အနေအထားက သက်သောင့်သက်သာ ဖြစ်သွားကာ ခေါင်းကို အနည်းငယ် ငဲ့စောင်းလိုက်၏။ သူက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော သင်တန်းသားများကို တစ်ဦးချင်းစီ စိုက်ကြည့်အကဲခတ်နေလေသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment