အပိုင်း ၆၆
“အခု ဘာလုပ်နေတာလဲ။”
မီးခိုးရောင်သမ်းပြီး တောက်ပနေသော မျက်ဝန်းများက တစ်ခါတစ်ရံတွင် လူသားနှင့်မတူသော အငွေ့အသက်မျိုး ရှိတတ်သည်။ ဆောယောင်းက သတိရလာသော သူ့ကို မြင်ရ၍ ဝမ်းသာအားရဖြင့် မျက်နှာအခြေအနေကို သေချာကြည့်နေရင်းမှလည်း လက်ကိုမူ လုံးဝ မရပ်တန့်ခဲ့ပေ။
သူ့လက်ကောက်ဝတ်တစ်ဖက်ကို ဝါယာကြိုးဖြင့် ချည်နှောင်ပြီး မိမိလက်ကောက်ဝတ်နှင့်ပါ အတင်းတွဲချည်ခဲ့သည်။ အီဝူရှင်းက ထိုမြင်ကွင်းကို အံ့ပါရဲ့ဟူသော မျက်နှာထားဖြင့် အသာကြည့်နေ၏။
“ပုံစံက ရယ်စရာကောင်းပေမဲ့လည်း၊ ကျွန်မ နည်းပြကြီးကို ဖမ်းလိုက်ပါပြီ။”
“……”
“ကျွန်မက ဖမ်းလိုက်ပြီလို့။”
ကြွက်သားများ လောင်ကျွမ်းနေသလို နာကျင်မှုက တိုးဝင်လာသော်လည်း ခေါင်းထဲတွင်မူ အောင်နိုင်မှုအထိမ်းအမှတ် မီးရှူးမီးပန်းများ ပေါက်ကွဲနေသလိုပင်။ မျက်လုံးများ နက်ရှိုင်းစွာ ကွေးညွှတ်သွားပြီး နှုတ်ခမ်းအစုံကလည်း ကျေနပ်အားရစွာဖြင့် အပေါ်သို့ ကွေးတက်သွားသည်။ ပါးမို့များ ဝိုင်းစက်စွာ မြင့်တက်လာကာ မျက်နှာတစ်ခုလုံး တင်းသွားသည်အထိပင်။
“နောက်မှ တခြားစကားထွက်မလာရအောင်ပါ။”
ညီညာသော သွားလေးများ ပေါ်လာပြီး နှာတံပေါ်တွင်လည်း ညစ်ကျယ်ကျယ် အရေးအကြောင်းလေးများ ထင်ကျန်လာ၏။
အမြဲတမ်း ဖျစ်ညှစ်လုပ်ယူ၍ဖြစ်စေ၊ ဟန်ဆောင်၍ဖြစ်စေ ပြုံးပြခဲ့သော အပြုံးမျိုးမဟုတ်ဘဲ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရင်ခုန်စိတ်လှုပ်ရှားစွာ ပြသလိုက်သော စစ်မှန်သည့် ခံစားချက်ပင်။
ဂင်ဟျွန်းအရှေ့တွင်သာ အကာအကွယ်မဲ့စွာ ပြုံးပြတတ်သည့် နွေးထွေးသော ထိုအပြုံးမျိုး။ ထိုသို့ တောက်ပစွာ ပြုံးပြရင်း ယခုအထိ ထမလာနိုင်သေးသော သူ့ကို ငုံ့မိုးကြည့်နေ၏။
အီဝူရှင်းက ပြုတ်ကျခဲ့သည့်ဒဏ်ကြောင့်လားမသိ၊ မျက်နှာကို အစွမ်းကုန် ရှုံ့မဲ့ထားလျက် ဆောယောင်းထံမှ အကြည့်မခွာနိုင်ဘဲ ဖြစ်နေသည်။ သူ၏ လည်စေ့က အရက်သောက်သည့်အခါလို အေးရာအေးကြောင်း လှုပ်ရှားသွား၏။
“အံ့ပါရဲ့၊ မျက်လုံးဖွင့်ဖွင့်ချင်း အခု ဘာတွေမြင်နေရတာလဲ…”
“လက်ကောက်ဝတ် နာနေလို့လားဟင်။ ကျွန်မ တအားတင်းအောင် ချည်လိုက်မိလို့လား။”
“နာလည်းမနာသလို တင်းလည်းမတင်းပေမဲ့ နည်းပြအရှေ့မှာ ဘယ်သူက အဲ့ဒီလို ပြုံးလို့လဲ။”
“ရှင်။”
“ပြုံးရင်လည်း အချိန်နဲ့နေရာ ရွေးရဦးမှပေါ့။ အိပ်ရာပေါ်မှာ ညုတုတုလုပ်ပြတဲ့ မျက်နှာမျိုးကို ဘာလို့ ပြနေတာလဲ။”
“ကျွန်မက ဘယ်တုန်းက…”
“အလုပ်လုပ်တဲ့အချိန်မှာ မျက်နှာသေထားတတ်ဖို့က အခြေခံပဲ။”
ထိုလူက မှိုင်းညို့ညို့ရှိသော သူ၏မျက်လုံးများဖြင့် ဆောယောင်း၏ ဦးခေါင်းမှစ၍ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ထို့အပြင် အတွင်းပိုင်း အနက်ရှိုင်းဆုံးအထိပါမကျန် စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုနေသည်။ နီရဲသော လျှာနှင့် သွားများကိုပါ ဝေ့ဝဲကြည့်နေသည့် ထိုအကြည့်က အမဲလိုက်ရန် ပြင်ဆင်နေသည့် သားရဲတစ်ကောင်လိုပင်။
ဆောယောင်းလည်း စူးစိုက်လှသော ထိုအကြည့်များကြောင့် အာခေါင်ခြောက်လာသည်အထိ တုန်လှုပ်သွားရသည်။ တစ်သက်လုံး သတိမထားမိခဲ့ဖူးသော လျှာ၏တည်နေရာနှင့် လှုပ်ရှားမှုများပါ ရုတ်တရက် သဘာဝမကျတော့သလို ခံစားလာရသည်အထိပင်။
ယခုမူ ပြုံးနေသဖြင့် ဟသွားသော မေးရိုးပါ နေရခက်ကာ ကိုးရိုးကားရားဖြစ်လာတော့၏။ အီဝူရှင်း၏အကြည့် ရောက်လာလျှင် အမြဲတမ်း ထိုသို့ပင် နေရခက်စေသည်။ ကြွက်သားများနှင့် အာရုံကြောများက တင်းကျပ်စွာ စုဆုံသွား၏။
တစ်စုံတစ်ယောက်နှင့် ယခုကဲ့သို့ တိုက်ရိုက် အကြည့်ချင်း ဖလှယ်ဖူးသော အတွေ့အကြုံ ရှားပါးလှ၍ဖြစ်မည်လား။ ဆောယောင်း အကြောင်းမရှိဘဲ ဂင်ဟျွန်းကို သတိရမိကာ ခင်ပွန်းဖြစ်သူပေးခဲ့သော အကြင်နာနှင့် သက်သောင့်သက်သာရှိမှုတို့ကို ပြန်လည်တွေးမိတော့သည်။ ဘာကြောင့်မှန်းမသိ ထိုသို့လုပ်ရမည်ဟု ခံစားနေရသလိုပင်။
“ဒါနဲ့… ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ။”
ထိုစကားကြောင့် အီဝူရှင်းက ကိုယ်ကို အနည်းငယ်ကြွကာ ထိုင်လိုက်သည်။ သူက စိတ်ညစ်စရာပဲဟူသော မျက်နှာထားဖြင့် ညည်းတွားသံကို မျိုသိပ်ကာ ရေခဲနံရံကို ခေါင်းမှီထား၏။ တစ်ချက်တစ်ချက် နဖူးကို ကျုံ့လိုက်သော်လည်း အသံကမူ တည်ငြိမ်နေဆဲပင်။
“နည်းလမ်းက နှစ်မျိုးတည်းပဲ။ အပေါ်ပြန်တက်မလား၊ အောက်ကို ဆင်းမလား။”
“……”
အလွန်ဆုံးရှိမှ ကူညီမည့်သူကိုသာ စောင့်ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကိုယ်တိုင်သွားကြမည်တဲ့လား။ ဆောယောင်း မလုပ်ရဲသဖြင့် ပါးစပ်ပိတ်နေမိသည်။ ထိုအခါ ခေါင်းကို ပို၍ အနောက်သို့လှန်လိုက်သော အီဝူရှင်းက ခနဲ့သလို ပြောလာ၏။
“အာ….ငါတို့ အဖွဲ့ဝင် ဟန်ဆောယောင်းကတော့ အပေါ်တက်ရတာကို ကြိုက်တာပေါ့။”
“ဘာ…”
“ဒါပေမဲ့ လက်တွေ့ကျကျ ပြောရရင် နှစ်မျိုးလုံး မဖြစ်နိုင်ဘူး။ ကိရိယာမပါဘဲ လက်ဗလာနဲ့တော့ ရေခဲနံရံကို မတက်နိုင်ဘူးလေ။”
“……”
“အဲ့ဒါကြောင့် တောင့်ခံထားရုံအပြင် မရှိပေါ့။”
သူက နှင်းကာအင်္ကျီတွင် ပါလာသော ခြူလုံးလေးကို ရုတ်တရက် ဆွဲဖြုတ်ကာ မြေပြင်ပေါ်တွင် တဒုန်းဒုန်း ထုခွဲပစ်တော့သည်။
“အထဲမှာ တည်နေရာပြစနစ်ပါ ပါတယ်။”
နောက်ဆုံးတွင် အက်ကွဲပြီး ပိန်ချိုင့်သွားသော ခြူလုံးလေးအတွင်းမှ အနီရောင်မီးလေး လင်းလာသည်။ ယခု အီဝူရှင်းက ထိုတည်နေရာပြစက်ကိုပါ ကျောက်ကြမ်းပြင်ပေါ်တွင် ဆောင့်ထုကာ လုံးဝပျက်စီးသွားအောင် လုပ်လေ၏။
“ဒီလိုဆိုရင်တော့ နည်းပြရဲ့ အခြေအနေမှာ ပြဿနာရှိနေမှန်း ရိပ်မိသွားမှာပေါ့။ နောက်ဆုံးရခဲ့တဲ့ တည်နေရာက ဒီနေရာဖြစ်နေမှာဆိုတော့ သူတို့ဘာသာ လာရှာကြလိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့ လုပ်ရမှာက ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတဲ့အထိ အေးခဲမသေအောင် အတတ်နိုင်ဆုံး တောင့်ခံထားဖို့ပဲ။”
ပြဿနာက ဤမျှလောက် အေးစက်လှသော ရာသီဥတုတွင် အိတ်လည်းမပါ၊ ကိရိယာလည်းမပါဘဲ ကိုယ်ခန္ဓာတစ်ခုတည်းသာ ကျန်ရစ်ခြင်းပင်။ ထို့အပြင် ဆောယောင်းက အပေါ်ထပ်အင်္ကျီကိုပါ လွှင့်ပစ်ခဲ့သဖြင့် မရှိတော့သော အခြေအနေ ဖြစ်နေသည်။
လက်တွေ့အခြေအနေကို သတိပြုမိလိုက်သည်နှင့် ထွက်နေသော အဒရီနယ်လင်များ တဖြည်းဖြည်း လျော့နည်းသွားကာ သွားများ တဂတ်ဂတ်ရိုက်လာပြီး လက်ဖျားများလည်း ထုံကျဉ်လာတော့၏။
ထိုအချိန်တွင် အီဝူရှင်းက သူ၏ မျက်နှာဖုံးခေါင်းစွပ်ကို ချွတ်၍ ဆောယောင်း၏ ခေါင်းပေါ်သို့ အတင်းစွပ်ပေးလာသည်။
“အု…”
ဆောယောင်းလည်း ခေါင်းကို ကျပ်နေအောင်ချုပ်ထားသော သိုးမွှေးထည်ပေါ်သို့ ခေါင်းကို ခဲရာခဲဆစ် ထုတ်လိုက်ရသည်။ အဝတ်နှင့်ပွတ်တိုက်မိ၍ နီမြန်းနေသော မျက်နှာဖြင့် မော့ကြည့်လိုက်ရာ အီဝူရှင်းက သူ့ရှေ့တည့်တည့်တင် နီးကပ်စွာ ရှိနေ၏။ သူက ဘာမှမဟုတ်သလိုပင် သိုးမွှေးထည်ကို နှာတံအထိ ဆွဲတင်ပေးရင်း စကားဆက်ပြောခဲ့သည်။
“ခေါင်းက အနွေးဆုံး ဖြစ်နေရမယ်။ ခေါင်း အအေးမိသွားရင် ခန္ဓာကိုယ်အပူချိန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတတ်တယ်။ အထူးသဖြင့် ဦးနှောက်က အပူချိန်အပြောင်းအလဲကို အာရုံအခံရဆုံးဖြစ်လို့ အအေးဒဏ်ကို လုံးဝ မခံနိုင်ဘူး။ အဲ့ဒါကြောင့် ဒီအတိုင်း အသာစွပ်ထားစမ်းပါ။”
“ဒါဆို နည်းပြကြီးကျတော့…”
“ငါက ပိုလီပရိုပိုင်လင်းန် အတွင်းခံလည်း ဝတ်ထားတယ်၊ အကုန် ရေစိုခံ၊ လေကာသားတွေချည်းပဲ။”
သူက နှင်းကာဂျာကင်တွင် ပါလာသော ခေါင်းစွပ်ဦးထုပ်ကို ဆွဲယူကာဆောင်းလိုက်သည်။
ဆောယောင်းအနေနှင့် ယခုကဲ့သို့ ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ထိတ်လန့်တုန်လှုပ်ခြင်းမရှိသော သူ့ကို ကြည့်ရင်း မိမိပါ လိုက်ပါတည်ငြိမ်သွားသလိုပင်။ အခြေအမြစ်မရှိသည့် အတွေး ဖြစ်နိုင်သော်လည်း ‘ဒီမှာတော့ သေမှာမဟုတ်ဘူး’ ဟူသည့် ယုံကြည်ချက်မျိုး ဝင်လာသည်။
ထိုသို့ဖြင့် နှစ်ဦးသား ရေခဲနံရံအလယ်တွင် တင်ပါးထိရုံထိုင်ရင်း တိုက်ခတ်နေသော လေပြင်းများကို ကြံ့ကြံ့ခံနေကြ၏။
“အထူးလုံခြုံရေးအဖွဲ့ထဲကို ဝင်ရမှာ ကျွန်မပါ။”
“တကယ် အံ့ပါရဲ့။”
“ဘာဖြစ်လို့လဲ။”
“အခု ဒီအခြေအနေမှာတောင် အဲ့ဒီလိုစကားတွေ ထွက်လာနိုင်သေးတယ်လား။”
“ဒါဆို ဒါထက် ပိုအရေးကြီးတာ ဘာများရှိလို့လဲ။ ကျွန်မက နည်းပြကြီးကို ဖမ်းဖို့ကြိုးစားရင်း ဒီအထိ ကျလာတာကို။”
“……”
“ကျွန်မ နိုင်သွားပါပြီ။”
ဆောယောင်းက သူနှင့် တွဲချည်ထားသော လက်ကောက်ဝတ်ကို လှုပ်ယမ်းပြလိုက်သည်။ ထိုအခါ အီဝူရှင်းက မျက်မှောင်ကြုတ်ရင်း ခေါင်းကို လွှဲသွား၏။ ဘာကြောင့်မှန်းမသိ စကားပင် ထပ်မပြောချင်တော့ပုံပင်။
ဤအတောအတွင်း မျှော်လင့်မထားသော လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ခဲ့သည့် ချွေးစေးများ တဖြည်းဖြည်း ခြောက်သွေ့လာပြီး ခန္ဓာကိုယ်အပူချိန်က တရိပ်ရိပ် ကျဆင်းလာတော့သည်။
ခြေလက်များ အေးခဲကာ တောင့်တင်းနေသည်မှာ ကြာပြီဖြစ်ပြီး၊ အူများ လိမ်နေအောင် ဆာလောင်လာ၏။ နဂိုကတည်းက အစာအငတ်ခံခြင်းကိုပါ လုပ်ဆောင်နေရသဖြင့် ရက်ပိုင်းလောက် ရေကိုသာ သောက်နေရခြင်းဖြစ်သော်လည်း ယခုမူ ထိုရေပင် ခက်ခဲသွားချေပြီ။ ဆောယောင်း ဒူးထောင်ကာ နုံးခွေနေသောကိုယ်ကို အသာလေး မှီထားစဉ်မှာပင်။
ဂျစ်….
ရုတ်တရက် ဇစ်ဆွဲချသံ ကြားလိုက်ရပြီး ဆံပင်က အသာဆောင့်ဆွဲခံလိုက်ရသည်။
“မင်း ဒီထဲကို ဝင်လာခဲ့။ အရင်ဆုံး အသက်ရှင်အောင် နေကြရအောင်။”
အီဝူရှင်းက အအေးဒဏ်ခံ ဂျာကင်ကို ဇစ်ဆွဲချကာ ဒီထဲဝင်လာဟု ပြောနေသလို မေးစေ့ဖြင့် အရိပ်အကဲပြနေခဲ့သည်။
အခု အဲ့ဒီလုပ်ရပ်က ဘာသဘောပါလိမ့်…..
ဆောယောင်း စကားမထွက်နိုင်ဘဲ သူ့ကို ကြည့်ရုံကြည့်နေမိ၏။
“ကိုယ်ငွေ့ နှမြောစရာကောင်းအောင်လို့၊ လေတွေ တောက်လျှောက် ဝင်နေပြီမဟုတ်လား။”
“ဒီအတိုင်း အဲ့ဒါ ကျွန်မကိုပဲ ချွတ်ပေးလိုက်တာက……”
“နည်းပြက အေးတာကို တအားမုန်းတယ်။”
အလောတကြီး ကိုယ်ချင်းထိတွေ့ရန်ကို စိတ်ထဲတွင် အနည်းငယ် ငြင်းဆန်ချင်သော်လည်း သူပြောသလို လောလောဆယ် အသက်ရှင်ရန်က ပထမဖြစ်မည့်ပုံပင်။ ဆောယောင်းလည်း ရုပ်ရှင်ရုံတွင် ထိုင်ခုံပြောင်းသလို ပေါ့ပါးသောစိတ်ဖြင့် အိုးတိုးအမ်းတမ်း ဦးညွှတ်ပြီး အသိအမှတ်ပြုလိုက်သည်။
ထိုသို့ဖြင့် ဟထားသော ဂျာကင်အတွင်းသို့ သတိထားပြီး ဝင်ထိုင်လိုက်ရာ မာကျောတောင့်တင်းသော ပေါင်သားများကို တင်ပါးတွင် ခံစားလိုက်ရ၏။ ဆောယောင်းက အနေစိမ်းသလို ကိုယ်ကို တောင့်ထားပြီး ခါးကို မတ်မတ်ဆန့်ထားလိုက်သည်။ ထိုအခါ သူက ခနဲ့တဲ့တဲ့ ရယ်လေ၏။
“အဖွဲ့ဝင် ဟန်ဆောယောင်းက ထူးဆန်းတဲ့နေရာတွေမှာ လာပြီး ယဉ်ကျေးပြနေတာပဲ။”
ထိုခဏမှာပင် တင်ပါးကို အတင်းဆွဲယူလိုက်သဖြင့် မျက်နှာချင်းဆိုင်အနေအထားသို့ ဆွဲခေါ်ခြင်းခံလိုက်ရသည်။ ဆောယောင်း၏ ခြေသလုံးများကို ဘေးတစ်ဖက်စီသို့ ဆွဲထုတ်ပြီး ခါးကို ဆွဲဖက်လိုက်သော လက်အစုံက အင်မတန် အားပါပြီး ကြမ်းကြုတ်လှသည်ဟု တွေးလိုက်မိ၏။
မကြာမီ ရင်ဘတ်ချင်း ထိကပ်သွားကာ ဝမ်းဗိုက်နှင့် အောက်ပိုင်းကလည်း အကြားအလပ်မရှိ ကပ်သွားတော့သည်။ ထင်ထားသည်ထက် ပို၍နက်ရှိုင်းစွာ ဖိထပ်သွားသော ခန္ဓာကိုယ်ကြောင့် အံ့ဩနေစဉ်မှာပင် အီဝူရှင်းက ဇစ်ကို ချက်ချင်း ဆွဲတင်ခဲ့လေ၏။
ယဉ်ယဉ်ကျေးကျေး ပြောရလျှင် ကလေးကို အရှေ့တွင် ပိုက်ထားသလိုဖြစ်ပြီး၊ ရိုင်းရိုင်းပြောရလျှင်မူ မျက်နှာချင်းဆိုင်နေသော sex position မျိုးပင်။ နီးကပ်လွန်းသည်ဟု ပြောရုံနှင့် မလုံလောက်အောင် မျက်နှာချင်းက အလွန် ကပ်နေ၏။ သူ ရှူထုတ်လိုက်သော ထွက်သက်များက နှုတ်ခမ်းဆီသို့ တိုက်ရိုက်ရောက်လာသဖြင့် ယားကျိကျိပင်ဖြစ်ရသည်။
သို့သော် ဆောယောင်းတစ်ယောက်တည်း ရှက်နေသည်ဖြစ်စေ၊ မရှက်သည်ဖြစ်စေ အီဝူရှင်းကမူ တဆတ်ဆတ်တုန်နေသော ခန္ဓာကိုယ်ကို ကြေမွသွားမတတ် ဖက်ထားပေးကာ အအေးဒဏ်ကို အရည်ပျော်စေခဲ့ရုံသာ။ အသက်ရှူကျပ်ပြီး အရိုးအဆစ်များ နာကျင်စေသည့် အားပါသောပွေ့ဖက်မှုမျိုးပင်။
လိင်အင်္ဂါ အတင်းအကျပ် အဖွင့်ခံခဲ့ရဖူးသော်လည်း၊ လေတိုးနေသော ခန္ဓာကိုယ်က တစ်စုံတစ်ယောက်၏ကိုယ်ငွေ့ဖြင့် စေ့စေ့စပ်စပ် အဖြည့်ခံရလိမ့်မည်ဟုတော့ မတွေးထားခဲ့မိပေ…
နောက်ဆုံးတွင် အနေခက်မှုကို မခံစားနိုင်သဖြင့် တင်ပါးကို တဖြည်းဖြည်း ပြန်ဆုတ်လိုက်ရာ ထိုအချက်ကို ချက်ချင်းသိသွားသော လူက အင်္ကျီပေါ်မှတစ်ဆင့် ဆောယောင်း၏ တင်ပါးကို ဖြန်းခနဲ တစ်ချက်ရိုက်ခဲ့လေသည်။
“အား……”
အံ့ဩလွန်းသဖြင့် မည်သည့်စကားမျှ ထွက်မလာတော့ပေ။ အေးနေသည့်အချိန်မှာပင် ယခုလို ပူထူသွားအောင် လုပ်ပေးသဖြင့် ကျေးဇူးတင်ရမည်လား။ ဆောယောင်း မျက်လုံးအဝိုင်းသားဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်နေမိသည်။
“အောက်က ချောက်ကြီးဖြစ်နေတာကို အခုရော ဘယ်ကို ထွက်ပြေးဦးမလို့လဲ။”
အီဝူရှင်းက နီးကပ်လာသော ဆောယောင်း၏ လည်တိုင်ကို စူးစိုက်ကြည့်ရင်း တစ်ဖန် မျက်မှောင်ကြုတ်လိုက်ပြန်သည်။
“သူများတွေရဲ့ လိင်တံကိုကျတော့ ဘာမှမဟုတ်သလို သဘောထားပြီး၊ အသက်ရှင်ဖို့ လိုအပ်တဲ့ အထိအတွေ့ကျမှ စိတ်မသက်မသာဖြစ်နေတာလား။”
ဆောယောင်း တောင်ထဲတွင် ခံစားခဲ့ရသော အန္တရာယ်အငွေ့အသက်ကို ဤနေရာတွင်လည်း တစ်ဖန်ခံစားလိုက်ရသည်။ အလိုလိုသိစိတ်ဖြင့် တင်ပါးကို ထပ်မံလှုပ်ရှားလိုက်ရာ သူ၏ မျက်ဝန်းများတွင် ကြမ်းတမ်းသော ရယ်မြူးရိပ်များ ယှက်သန်းလာ၏။
“ဒီလောက် ပြောစကားနားမထောင်တဲ့လူကို အဖွဲ့ဝင်သစ်အဖြစ်နဲ့ ဘယ်လိုများ ခေါ်သွားရပါ့မလဲ။”
အီဝူရှင်းက အဖတ်များကွာနေသော သူ၏ နှုတ်ခမ်းကို သွားဖြင့်ကိုက်ရင်း ဆောယောင်း၏ လည်တိုင်ကိုသာ ထပ်မံစိုက်ကြည့်နေခဲ့သည်။
“မကြာခင် အထူးလုံခြုံရေးအဖွဲ့ကို ဝင်လာမဲ့ ထိပ်တန်းအဖွဲ့ဝင်က ရှက်စရာကောင်းအောင် အသားတွေပဲ အကိုက်ခံလာရပြီးတော့များ။ ဒါတောင် ဓားနဲ့ သေသေချာချာ ထိုးနိုင်ခဲ့တာလည်း မဟုတ်၊ မျက်နှာကို ဖျက်ဆီးပစ်နိုင်ခဲ့တာလည်း မဟုတ်။ အလွန်ဆုံးရှိမှ ငြိမ်ငြိမ်လေး ပြထားနိုင်ရုံတင်ကို ဘာတွေများ တော်နေလို့ တောက်လျှောက် ဟိုလူးဒီလွန့်လုပ်နေတာလဲ။”
“……”
မကြာခင်… အထူးလုံခြုံရေးအဖွဲ့ကို ဝင်လာမဲ့…အထူးချွန်ဆုံး အဖွဲ့ဝင်ပေါ့လေ…
ချက်ချင်းပင် ဆောယောင်း၏ မျက်နှာက ဝင်းပသွားသည်။
အမြဲတမ်း မိမိကို တွန်းထုတ်ပြီး၊ နှိမ်ချကာ၊ ဆူပူနေခဲ့သော နည်းပြက ပထမဆုံးအကြိမ်အဖြစ် အခွင့်အရေးပေးလိုက်သလိုပင်။
ထို့အပြင် သူ့အဖွဲ့ဝင်အဖြစ် လက်ခံပေးမည်ဆိုသည်မှာ အံ့ဩစရာကောင်းလောက်အောင် နှစ်လိုဖွယ်ကောင်းသောစကားဖြစ်သည်။
ချမ်းတုန်ပြီး မျက်စိများ ဝေဝါးနေခြင်းနှင့်မဆိုင်ဘဲ ဆောယောင်း၏ နှလုံးတွင် တဖြည်းဖြည်း အနွေးဓာတ်များ ကိန်းအောင်းလာတော့၏။
“မှတ်ထား။ ငါက အလုပ်လုပ်တာ စိတ်တိုင်းမကျရင် အဖွဲ့ဝင်တွေကိုလည်း ရိုက်တတ်တယ်။”
“ခုနကလို တင်ပါးကိုလား။”
“……”
“ဒါဆို နည်းပြ ဂျင်ဟိုဂျယ်ရဲ့ တင်ပါးကိုရော ရိုက်ဖူးလားဟင်။”
ဆောယောင်းက စိတ်လှုပ်ရှားစွာ မေးလိုက်ရာ သူက ကိုယ့်နားကိုယ်ပင် မယုံနိုင်သည့်အလား မျက်မှောင်ကြုတ်သွားပြီးနောက် စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ခေါင်းကို လွှဲသွားခဲ့သည်။
အီဝူရှင်းက ဝါယာကြိုးဖြင့် တုပ်နှောင်ထားသော သူ၏လက်ကောက်ဝတ်ကို ကြည့်ရင်း ‘ဒါကို ချက်ချင်းပဲ ဖြတ်ပစ်လိုက်ရမလား’ ဟု တစ်ချက် ဝေခွဲမရဖြစ်နေသော မျက်နှာထားမျိုး ပြောင်းလဲသွားလေတော့၏။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၉၁ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။