no

Font
Theme

အပိုင်း ၂၉

ခဏနေတော့ ဆောယောင်းလည်း ဆေးရုံခန်းထဲသို့ ပြန်ရောက်လာကာ ခုတင်အစွန်းတွင် တင်ပါးလွှဲ ထိုင်လိုက်သည်။ သူက ပတ်တီးများ စည်းထားသည့် မိမိ၏လက်မောင်းကို အကြောင်သား ငေးစိုက်ကြည့်နေမိ၏။

နစ်နာကြေးပေးမည်ဟူသော အီဝူရှင်း၏စကားမှာ အလိမ်အညာမဟုတ်ခဲ့ပေ။ ဌာနမှူးက ဘာကြောင့်မှန်းမသိ အသံကျယ်ကျယ်ဖြင့် နောင်ရေးအတွက် ဘယ်လိုနေထိုင်မလဲဟု စိတ်ပူသယောင်နှင့် ဆုံးမစကားများ ပြောခဲ့ကာ သူ၏ဘဏ်အကောင့်ထဲသို့လည်း အန္တရာယ်ခံစားခွင့်နှင့် သီးသန့် နှစ်သိမ့်ငွေများ အလျှံအပယ် ဝင်လာသည်။ တကယ်ပင် လပေါင်းများစွာ စားဝတ်နေရေးအတွက် ပူပန်စရာမလိုလောက်သည့် ပမာဏမျိုးပင်။

သို့သော်လည်း....

ဂင်ဟျွန်းအတွက်သာဆိုလျှင် မကောင်းမှုကိုပင် ကျူးလွန်ချင်သည့်စိတ်ဖြင့် ဝင်လာခဲ့သော ကုမ္ပဏီဖြစ်ပါလျက်။ ယခုလို အလုပ်ထုတ်ခံလိုက်ရသဖြင့် မွန်းကျပ်သည့် ခံစားချက်က ရင်ထဲသို့ တိုးဝှေ့လာသည်။

သူက တစ်ယောက်တည်း ဆူညံစွာ ပျံ့လွင့်နေသည့် တီဗွီကိုသာ ကြောင်စီစီ ငေးကြည့်နေမိ၏။

[လွှတ်တော်အမတ် ဘတ်ဂွမ်ဒူ၏သားဖြစ်သူ ဘတ်မျိုးရိုးက ဆိုရင်ဒုံ ဖွံ့ဖြိုးရေးစီမံကိန်း၌ အထူးအခွင့်အရေးရရှိမှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကုမ္ပဏီ A ထံမှ နုတ်ထွက်ကြေးအဖြစ် ဝမ်ငွေ ၅ ဘီလီယံခန့် ရရှိခဲ့ကြောင်း ပေါ်ပေါက်လာပါတယ်။ ကုမ္ပဏီ A ရဲ့ နစ်နာကြေးပေးရေးအဖွဲ့မှာ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘတ်မျိုးရိုးရဲ့ နုတ်ထွက်စဉ် ရာထူးမှာ လက်ထောက်မန်နေဂျာအဆင့်သာရှိပြီး... ယင်းကဲ့သို့သော လုပ်သက်၊ ရာထူးအဆင့်အတန်းနှင့် ယှဉ်လျှင် အဆမတန်များပြားလွန်းတဲ့ နုတ်ထွက်ကြေးပမာဏကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်...]

သတင်းကြေညာသူ၏ ပြတ်သားသော အသံက နားထဲသို့ မည်သို့ဝင်ပြီး မည်သို့ထွက်သွားမှန်းကိုပင် မသိလိုက်ဘဲ ဆောယောင်းတစ်ယောက် ပခုံးနှစ်ဖက်ကိုသာ မှိုင်တွေစွာ လျှောချထားမိသည်။

ခင်ပွန်းသည်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းက ရုတ်တရက် ပိတ်ဆို့သွားချေပြီ။ ထိုအချက်တစ်ခုတည်းနှင့်ပင် ဆောယောင်းတစ်ယောက် အားပြတ်ကာ အတွေးရော၊ အပြုအမူပါ ထိုင်းမှိုင်းသွားရတော့၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ညာဘက်လက်မောင်းကပါ ဒဏ်ရာရထားသဖြင့် ခင်ပွန်း၏ လစ်ဟာနေသောနေရာက ပို၍ သိသာထင်ရှားလာသည်။

ဂင်ဟျွန်း၏ ဂရုတစိုက်ရှိခဲ့သော စောင့်ရှောက်မှုနှင့် ယုယမြတ်နိုးမှုများ၊ ယခုအချိန်တွင်မူ တံလျှပ်ကဲ့သို့ ပျောက်ကွယ်သွားပြီဖြစ်သော ထိုစွန့်လွှတ်အနစ်နာခံမှုများကို ခဏခဏ ပြန်လည်သတိရမိနေသဖြင့် ဆေးရုံတက်နေရသည့် ဤရက်ပိုင်းလေးက သူ့အတွက် တစ်ချိန်လုံး နာကျင်စရာအတိသာ။ ခဏခဏ လွမ်းဆွတ်တမ်းတမိစွာဖြင့် သက်ပြင်းများ တရစပ်ထွက်လာခဲ့ရ၏။

“....”

ထိုစဉ် လူခေါ်ခေါင်းလောင်းပင်မတီးဘဲ ဆေးရုံခန်းတံခါးက ဝုန်းခနဲ ပွင့်လာသည်။

အရင်ဆုံး မြင်လိုက်ရသည်က ပြောင်လက်နေသည့် အနက်ရောင် လက်ကိုင်တုတ်ကောက်တစ်ခုပင်။ အခန်းတံခါးဝမှ ဝင်လာသည့် ထိုလက်ကိုင်တုတ်က အထူးသဖြင့် လက်ကိုင်နေရာတွင် တပ်ဆင်ထားသည့် အလှဆင်လင်းယုန်ရုပ်ကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် တန်ဖိုးကြီးမှန်း သိသာလှ၏။

အသက် ၅၀ သို့မဟုတ် ၆၀ အရွယ်ဟု ထင်ရသော အမျိုးသားက ဆောယောင်းကို မြင်မြင်ချင်းပင် တဟားဟားနှင့် အော်ရယ်လေတော့သည်။

“မိန်းကလေး၊ အဲ့ဒီလို ခက်ခဲတဲ့အခြေအနေကို ဖြတ်သန်းခဲ့ရတာတောင် မျက်လုံးတွေက တော်တော်လေး စူးရှတာပဲ။”

“……ဘယ်သူလဲရှင့်။”

သူက အဖြေမပေးဘဲ လျှို့ဝှက်ဆန်းကြယ်သော အပြုံးမျိုးနှင့် ဆေးရုံခန်းထဲသို့ လေးလေးပင်ပင် လျှောက်ဝင်လာခဲ့သည်။

သူ့ဘာသာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ဆောယောင်းကို ကြည့်နေသည့် အကြည့်က ‘ဘာလို့ မထိုင်ဘဲ ရပ်နေတာလဲ’ ဟု ပြောနေသည့်နှယ်ပင်။

ထိုလူက ဤကဲ့သို့သော အသံတိတ် အမိန့်ပေးမှုနှင့် ဖိအားပေးမှုမျိုးကို ရင်းနှီးကျွမ်းဝင်နေပုံရသည်။ သို့မဟုတ်လျှင်လည်း သူ မပြောခင်ကပင် ဘေးပတ်ဝန်းကျင်ရှိလူများက အလိုအလျောက် လိုက်လျောပေးခဲ့ကြ၍လည်းဖြစ်နိုင်၏။

ဆောယောင်းတစ်ယောက် တစ်စုံတစ်ရာ၏ ညှို့ယူပြုစားမှုကို ခံလိုက်ရသည့်အလား ထိုလူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်မိသည်။

“Blast ရဲ့ အမှုဆောင်ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ ဂန်ထယ်ဂွန်းလို့ ခေါ်တယ်။”

“……”

ဆောယောင်း၏ မျက်လုံးများ အံ့သြတကြီး ပြူးကျယ်ဝိုင်းစက်သွားတော့သည်။ ထိုကဲ့သို့သော လူက ဘာကြောင့် ဤနေရာကို ရောက်နေရသလဲ။ သူ့မျက်နှာတွင် သံသယများ ပေါ်လွင်သွား၍လားမသိ၊ ထိုလူက စိတ်ထဲကို ထိုးဖောက်သိမြင်နေသည့်အလား အေးအေးလူလူပင် ပြောလာ၏။

“ငါတို့ ချန်နာဆီ လူနာသတင်းမေးလာရင်းနဲ့ သိချင်လို့ ဝင်လာခဲ့တာ။”

“ဪ၊ ဟုတ်ကဲ့……”

ခေါ်ဝေါ်ပုံက အနည်းငယ် ရင်ထဲ၌ကလိကလိဖြစ်စေသော်လည်း နားလည်သွားသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဆောယောင်းဘက်မှ ထွေထွေထူးထူး တုံ့ပြန်မှုမရှိသဖြင့် သူ့အား စိုက်ကြည့်နေသော ထိုသက်လတ်ပိုင်းအရွယ် အမျိုးသား၏မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ စတင်ထင်ဟပ်လာ၏။

“ဘုရားမလို့သာပေါ့၊ တကယ့် အဖိုးတန် အင်အားစုတစ်ခုကို ဆုံးရှုံးရတော့မလို့လေ။ အဲ့ဒါနဲ့ ငါတို့ ဟောချန်နာကို ဘယ်သူကများ နောက်ဆုံးအထိ ဖက်တွယ်ထားပြီး တောင့်ခံပေးခဲ့တာလဲလို့ တွေးနေတာ……”

“…….”

“ဒါက တကယ်ကို ထင်မှတ်မထားတဲ့ကိစ္စပဲ။”

သူက မေးစေ့ကိုသပ်ရင်း ဆောယောင်းကို အစအဆုံး အသေးစိတ် ကြည့်ရှုအကဲခတ်နေသည်။ လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းရှင်ဖြစ်၍လားမသိ၊ လူကို ကြည့်သည့်အကြည့်က အေးစက်သော်လည်း စူးရှလှ၏။

ထိုအကြည့်က တစ်နေရာတည်းတွင် ကြာကြာဝဲနေခြင်းမျိုးမဟုတ်ဘဲ တစ်ကိုယ်လုံးကို ခြုံငုံကြည့်ရှုသွားသည့် အမျိုးအစားပင်။ သို့သော်လည်း ဆောယောင်း၏ အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အချိုးအစားတို့ကို တစ်ခဏအတွင်း စကန်ဖတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

“ကိုယ်တိုင် ကျေးဇူးတင်စကား ပြောချင်လို့ လာခဲ့တာ။ ချန်နာက ငါတို့ကုမ္ပဏီရဲ့ အဓိကလူသားအရင်းအမြစ်ဖြစ်သလို၊ ငါကိုယ်တိုင် လုံးဝ အားထုတ်ပြီး ခေါ်ထားရတဲ့သူမို့လို့လေ။ အဲ့ဒီလိုလူမျိုးက ထိုင်းမှာ လုပ်ကြံခံရပြီး သေသွားခဲ့ရင် ငါတို့ဘက်က ဆုံးရှုံးမှု တအားကြီးသွားမှာ။ ချန်နာမရှိရင် လုပ်လို့မရတဲ့ စာချုပ်တွေ အများကြီး ရှိနေတာမို့လို့။”

ချန်နာ...ငါက မသိခဲ့လို့သာပဲ၊ တကယ့်ကို အရေးပါတဲ့ပုဂ္ဂိုလ်ပါလား။

ဒါပေမဲ့ အဲ့ဒီလိုလူကို စွန့်ပစ်ပြီး ထွက်လာခဲ့လို့ ပြောခဲ့တဲ့ အီဝူရှင်းက တကယ်ပဲ ဘာလဲ။

အကယ်၍သာ ထိုစဉ်က အဆက်အသွယ်ရခဲ့သူက ဤဒါရိုက်တာသာဆိုလျှင် ဆောယောင်းအနေနှင့် အစားထိုးသေသွားရမည်ဆိုလျှင်ပင် ချန်နာကို ခေါ်လာခဲ့ရမည်ဟု ပြောလောက်မည်ထင်သည်။

ဤကုမ္ပဏီမှ လူများက အသက်ကိုလည်း အဆင့်အတန်းခွဲခြားထားပုံရပြီး ထမင်းဟင်းချက်ပေးရန်သာ လွှတ်ထားသည့် အစ်မကြီးက အချိန်မရွေး အစားထိုးနိုင်သည့် ဝန်ထမ်းမျိုးဖြစ်နေသောကြောင့်ပင်။

အဲ့ဒါကြောင့် အီဝူရှင်းက ထူးဆန်းနေတာပေါ့။ ဘယ်လိုများ ဟောချန်နာကို စွန့်ပစ်ခဲ့ဖို့ဆိုတဲ့ စကားကို ဒီလောက်လွယ်လွယ် ပြောထွက်ခဲ့တာလဲ။ ငါ့လိုလူစားမျိုးအပေါ်မှာ ဘာအသုံးဝင်မှုမှ မခံစားရဘူးလို့ ပြောခဲ့ပြီးတော့။

သူက အဲ့ဒီအချိန်မှာ ဘာလို့ ငါ့ကိုကယ်ဖို့ ကြိုးစားခဲ့တာလဲ။

တစ်စုံတစ်ရာက မသင်္ကာစရာကောင်းသလို ခံစားချက်မျိုး ပေါ်လာသည်။

“ငါ့ဆီကနေ တောင်းဆိုချင်တာတစ်ခုခုများ ရှိလား။”

“နှုတ်ပိတ်နေဖို့ ကတိပြုလွှာမှာ လက်မှတ်ထိုးပြီးသားပါ။”

အရာအားလုံးကို ခြုံငုံမိစေသည့် ဆောယောင်း၏ အဖြေကြောင့် ထိုလူက သဘောကျစွာ တဟားဟား အော်ရယ်ခဲ့သည်။

ထိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ဘယ်တော့မှ ထုတ်ဖော်ပြောမှာမဟုတ်ပါဘူး။

ဤသည်က အမှုဆောင်ဒါရိုက်တာဂန် ကြားချင်နေသည့် စကားဖြစ်ပေလိမ့်မည်။ ကျေးဇူးတင်စကားထက် ဤကတိကဝတ်ကို အတည်ပြုရန် ရောက်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

“သဘောပေါက်မြန်တော့ ကောင်းတာပေါ့။”

အမှုဆောင်ဒါရိုက်တာဂန်က ပါးနှစ်ဖက် ဖောင်းတက်သွားသည်အထိ အကြာကြီး ရယ်ခဲ့သည်။ ဆောယောင်း သူ၏ရည်ရွယ်ချက်အား ချက်ချင်းရိပ်မိခဲ့သည်ကို သဘောကျသွားပုံပင်။

“ကျိန်းသေပေါက် စာချုပ်ဆိုတာ ငါ့ရဲ့ ယုံကြည်ချက်ဆိုပေမဲ့ ငါက တစ်ခုခု ပိုပေးရတာကို အင်မတန် ဝါသနာပါတာလေ။ လူ့လောဘဆိုတာ ရောဂါတစ်ခုလို နက်ရှိုင်းလွန်းလို့ တစ်သက်လုံး ထိန်းချုပ်ရင်းနဲ့ပဲ ရှင်သန်ကြရတာမဟုတ်လား။”

“……”

“အဲ့ဒါကြောင့် အလျဉ်းသင့်သလို ထိုးဆေးလေးတော့ ထိုးပေးနေရတာပေါ့။ အဲ့ဒီလိုမှမဟုတ်ရင် ပြဿနာက တက်လာတတ်တာပဲ။”

ဤသည်က အမှုဆောင်ဒါရိုက်တာဂန် လူတို့ကို ထိန်းချုပ်သည့်နည်းလမ်း ဖြစ်နိုင်ပေသည်။ လျှို့ဝှက်ချက်ဆိုသည်မှာ ခဏတွင်းချင်း အားနည်းချက် ဖြစ်လာတတ်သဖြင့် ထိုအရာအား မြင်တွေ့ခဲ့သူကိုဖြစ်စေ၊ မတော်တဆ ပါဝင်ပတ်သက်မိသူများကိုဖြစ်စေ ယခုကဲ့သို့ ချိုမြိန်သော ငါးစာဖြင့် မြှူဆွယ်ဖြားယောင်းခြင်းပင်။

သူတို့ အလိုချင်ဆုံးအရာကို လက်ထဲထည့်ပေးခြင်းအားဖြင့်။

“အဲ့ဒါကြောင့် ဒီတစ်ခါတော့ သေသေချာချာလေး ပြန်ဖြေပေးရင် ကျေးဇူးတင်မိမှာပဲ။ မိန်းကလေးအနေနဲ့ ငါ့ဆီက ဘာများ လိုချင်တာရှိသလဲ။”

ထိုသို့သော ပေါ်တင်ကမ်းလှမ်းမှုကြောင့် ဆောယောင်းလည်း တဒင်္ဂ ပြောစရာစကားမရှိ ဖြစ်သွားရသည်။ သူ ကြောင်သွားရခြင်းမှာ အမြဲတမ်း၊ ယခု ဤအခိုက်အတန့်၌လည်း အလိုရှိသည့်အရာက တစ်ခုတည်းသာရှိနေသောကြောင့်ပင်။

ဂင်ဟျွန်း။ သူရှိရာသို့ တည့်တည့်သွားနိုင်မည့် လမ်းကြောင်းကို ပြန်လည်တည်ဆောက်ရန်ဖြစ်သည်။

“လူကိုရော ပြန်ပေးဆွဲပေးနိုင်မလားရှင့်။”

“……”

အေးရာအေးကြောင်း ခပ်ပြုံးပြုံးလုပ်နေသော ထိုလူလည်း တဒင်္ဂ မလှုပ်မယှက်ဖြစ်သွားတော့သည်။ ထို့နောက် မိမိကြားလိုက်ရသည့်စကားက အစစ်အမှန် ဟုတ်၊ မဟုတ် ဝေခွဲမရသည့်အလား မျက်တောင်တဖျတ်ဖျတ် ခတ်နေ၏။

“အခြေအနေပေါ် မူတည်တာပေါ့။ ဒါပေမဲ့ အဲ့ဒါက... Blast ကုမ္ပဏီကို အလုပ်အပ်ချင်တယ်လို့ ပြောနေတာလား။”

“ဖြစ်နိုင်ရင် အထူးလုံခြုံရေးအဖွဲ့ကို အပ်ချင်တာပါ။”

“ဘယ်သူ့ကို ပြန်ပေးဆွဲချင်တာလဲဆိုတာ မေးကြည့်လို့ရမလား။”

“အမျိုးသားထောက်လှမ်းရေးရဲ့ ဒုတိယညွှန်ကြားရေးမှူးကိုပါ။”

“……”

အမှုဆောင်ဒါရိုက်တာဂန်၏ မျက်နှာက ချက်ချင်း တောင့်တင်းသွားတော့သည်။

“ဒီထက် ရာထူးကြီးတဲ့သူဆိုရင်လည်း ကိစ္စမရှိပေမဲ့ အောက်က ပါချည်ပါချဲ့ မဖြစ်စလောက်လေးတွေတော့ မရပါဘူး။ အကောင်ကြီးကြီးတွေပဲ ဖြစ်မှရမှာရှင့်။”

“……အကြောင်းရင်းကို မေးလို့ရမလား။”

ထိုလူက တစ်စုံတစ်ခုနှင့် ခေါင်းအရိုက်ခံလိုက်ရသလို တစ်ချက် ခေါင်းကို ဘယ်ညာခါခဲ့သည်။

အကြောင်းမူကား Black အေးဂျင့်များ၏ ကိုယ်ရေးအချက်အလက်ကို အဆင့်မြင့်အရာရှိ အနည်းငယ်သာ သိရှိကြသောကြောင့်ပင်။

ထို့အပြင် ဂင်ဟျွန်းကို သူလျှိုအဖြစ် စွပ်စွဲစဉ်က ဝင်လာခဲ့သောဖုန်း။ ထိုဖုန်းဆက်သူ ဒုတိယညွှန်ကြားရေးမှူးနှင့် တွေ့ဆုံချင်မိ၏။

သို့သော် ဆောယောင်းက လျှို့ဝှက်ချက်ဖြစ်သော ထိုအကြောင်းရင်းကို စကားတစ်ခွန်းတည်းဖြင့် ပယ်ချခဲ့သည်။

“ကျွန်မလည်း မကောင်းတာ လုပ်ချင်လို့ပါ။”

ထိုအခါ ဂန်ထယ်ဂွန်းက တစ်စုံတစ်ရာကို တွက်ချက်နေသလို နှုတ်ခမ်းကို ပွတ်သပ်နေ၏။

“ဒါနဲ့ တခြားအကြောင်းရင်း လိုသေးလို့လားရှင့်။ ကျွန်မက ချန်နာရဲ့ အသက်တန်ကြေးအနေနဲ့ ဒါပဲ လိုချင်တာကို။”

ဆောယောင်းက အသုံးချနိုင်သမျှ အရာအားလုံးကို ဆွဲထုတ်ခဲ့သည်။ လက်ရှိ သတိမေ့မြောနေသည့် ချန်နာကို အသုံးချပြီး မျက်နှာလုပ်ရသည့် ကိစ္စ၌ပင် ဝန်မလေးခဲ့ပေ။

မျက်စိရှေ့မှ သွား​ရည်ကျစရာ အခွင့်အရေးကို မိမိပါးစပ်ထဲ မည်သို့ထည့်ရမလဲဆိုသည့် အတွေးတစ်ခုတည်းနှင့်ပင် သူ၏ မျက်ဝန်းများက တောက်ပနေ၏။

ထိုစဉ် ဆောယောင်းကို အကဲခတ်နေသော အမှုဆောင်ဒါရိုက်တာဂန်က လေးနက်စွာ မေးလာသည်။

“……မိန်းကလေး၊ ဧကန္တ အိပ်မက်ဆိုးတွေရော မမက်ဘူးလားဟင်။ PTSD လက္ခဏာတွေရော ခံစားရတာမျိုး ရှိလား။”

[TL/N : PTSD - Post-Traumatic Stress Disorder/ စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှု ဝေဒနာ]

“မရှိပါဘူး။”

ဆောယောင်းက ခေါင်းကိုငဲ့စောင်းရင်း ‘ဘာလို့ ရုတ်တရက် ဒီလို ပျင်းစရာကောင်းတာတွေ လာမေးနေတာလဲ’ ဟူသည့် မျက်နှာထားမျိုး လုပ်ခဲ့သည်။

အမှုဆောင်ဒါရိုက်တာဂန်က တစ်ချက်နှုတ်ဆိတ်နေပြီးမှ ဆောယောင်းကို ထိုးဖောက်မြင်နိုင်လုမတတ် စိုက်ကြည့်လိုက်၏။

“အဲ့ဒါကြောင့် ပြောတာလေ။ မိန်းကလေးက အဲ့ဒီလို အဖြစ်အပျက်ကြီးနဲ့ ကြုံခဲ့ရတာတောင် ဘာလို့ ဘာမှမဖြစ်သလို ဖြစ်နေတာလဲ။”

သူက တုတ်ကောက်ပေါ်တွင် လက်နှစ်ဖက်စလုံး တင်ထားလျက် အတွေးထဲ နစ်မျောသွားသည်။

“အလောင်းကို အရင်ဆုံးတွေ့ခဲ့တာကလည်း မိန်းကလေးပဲ၊ ကြုံတောင့်ကြုံခဲ လိင်ပြောင်းထားတဲ့ လုပ်ကြံရေးသမားကို ရိပ်မိခဲ့တာလည်း မိန်းကလေးပဲ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဟောချန်နာရဲ့ ဒဏ်ရာကိုဖိထားရင်း သေနတ်ပစ်ခဲ့တာလည်း မိန်းကလေးပဲမဟုတ်လား။”

“…….”

“တကယ်တော့ ဒီအခန်းထဲ ဝင်လာကတည်းက အဲ့ဒါတွေအားလုံးကို ကြုံခဲ့ရတဲ့ မျက်လုံးတွေက ဘာလို့ အခုအထိ မပျက်စီးသေးတာလဲလို့ မေးချင်နေတာ။”

ဆောယောင်းက အံ့သြသွားဟန်ဖြင့် ပြန်မေးလိုက်မိသည်။ မိမိ၏ မျက်လုံးနားတစ်ဝိုက်ကို အသာဖွဖွ စမ်းလိုက်သော လက်ချောင်းများက အနည်းငယ် တုန်ယင်နေ၏။

“ကျွန်မက မပျက်စီးသေးဘူးလားရှင့်။”

“ကြည့်ရတာတော့ အဲ့ဒီလိုပဲ။”

ထိုလူက မေးစေ့ကိုပွတ်သပ်ရင်း ရယ်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု သူ၏ မျက်လုံးထဲတွင် ဖြတ်သန်းသွား၏။

“ငါ့အတွက် PTSD ဖြစ်သွားတဲ့ကောင်တွေ မလိုအပ်ဘူး။ အဲ့ဒီလို လူသားဆန်လွန်းတဲ့ကောင်တွေက ဒီလောကနဲ့ မအပ်စပ်ဘူးလေ။ ဒါပေမဲ့ မိန်းကလေးကတော့…… အဲ့ဒီလိုခံစားချက်မျိုးကို တစ်နေရာရာမှာ လုံးဝ ချန်ထားခဲ့တဲ့ပုံပဲ။”

ကျေနပ်အားရသည့် အကြည့်များက ဆောယောင်းထံတွင် ကြာရှည်စွာ ရစ်ဝဲနေခဲ့သည်။ ဆေးလိပ်သောက်လွန်း၍ပဲလားမသိ၊ သူ၏ အက်ရှရှရယ်သံကြီးက ဆေးရုံခန်းထဲတွင် ဟိန်းထွက်သွား၏။

ဆောယောင်းတစ်ယောက် ရုတ်တရက် အီဝူရှင်းကို သတိရသွားသည်။ ဒီဘက်လောကကို လှည့်တောင်မကြည့်နဲ့ဟု သူ့အား တွန်းထုတ်ခဲ့သည့် အေးစက်သော စကားများ။ ထိုစကားလုံးများက ယခုအခါ ဆန့်ကျင်ဘက်အနေအထားဖြင့် ပြန်ရောက်လာခဲ့ပေပြီ။

ဘယ်သူ့စကားက မှန်သလဲဆိုသည်ကို ဆောယောင်းလည်း မသိနိုင်သည့်တိုင် ယခုအချိန်တွင် သူ့အတွက် ပို၍လိုအပ်နေသည့်အရာက အမှုဆောင်ဒါရိုက်တာဂန်၏ဘက် ဖြစ်နေသည်မှာ အသေအချာပင်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment