no

Font
Theme

🔥 Chapter 55

အနုပညာစတူဒီယိုအနီး ကျောက်ခင်းလမ်းမပေါ်တွင် ကျက်သ ရေရှိသော အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေသည်။ သူမ နှုတ်ခမ်းတွင် ချိုမြိန်သော အပြုံးတစ်ပွင့် တည်ရှိနေကာ ပင်လယ်ရေမှော်နှယ် ရှည်လျားကောက်ကွေးသည့် ဆံနွယ်၊ သပ်ရပ်သောမိတ်ကပ်နှင့် ကျက်သရေရှိသော နားဆွဲများဖြင့် ချစ်စဖွယ်အသွင်ကို ပေးစွမ်းနေသည်။ အနက်ရောင် ဝါးသားကုတ်အင်္ကျီနှင့် ဘွတ်ဖိနပ်ရှည်များကမူ သူမ၏ ကျက်သရေအား ပိုမို ထင်ရှားစေသည်။

ရွမ်ရှောင်ထျန်း ထိုအမျိုးသမီးအား ငေးကြည့်နေမိသည်။ တန့်ရူ ရုတ်တရက် ပေါ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ့ကျောင်းနေဖက်သူငယ်ချင်းများထံမှ သရုပ်ဆောင်ရှာဖွေသူတစ်ဦးက တန့်ရူအားတွေ့ရှိပြီး ဖျော်ဖြေရေးလောကသို့ရောက်ရှိသွားသည်ဟု သူကြားဖူးခဲ့သည်။ ကောင်းမွန်သည့် ဇာတ်ရုပ်အချို့တွင်လည်း သူမ ပါဝင်သရုပ်ဆောင်ခဲ့သည်။ အလွန်နာမည်ကြီးသော မင်းသမီးတစ်ဦးမဟုတ်သော်လည်း ပရိသတ် များစွာရရှိထားသည်။

တန့်ရူနှင့် ရင်းနှီးခဲ့ဖူးသည့် ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးက သူမအကြောင်းအား ပြောပြခဲ့သည်။ တန့်ရူ ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သူမကလည်း ဆိုသည်။

ထို့အပြင် သူမ ပြောကြားခဲ့သည့်အတိုင်း တန့်ရူမှာ ယခုအခါ ကြယ်ပွင့်ဖြစ်နေပြီ ဖြစ်သောကြောင့် ပိုနာမည်ကြီးသော ကြယ် ပွင့်များနှင့်သာ ပေါင်းသင်းနေပြီး ထိုသို့သော သာမန်သူငယ် ချင်းများအား အရေးစိုက်တော့မည်မဟုတ်ကြောင်း ခနဲ့တဲ့တဲ့လေသံဖြင့် ဖော်ပြခဲ့သည်။

ရွှမ်ရှောင်ထျန်း ထိုစကားများအား မယုံကြည်ခဲ့ပေ။ တန့်ရူမှာ အလွန်အလုပ်များနေမည်ဖြစ်ပြီး သူငယ်ချင်းများအားပင် မေ့လျော့သွားလောက်အောင် အလုပ်ရှုပ်နေမည်ဟု သူတွေးခဲ့သည်။

တန့်ရူ ရွှမ်ရှောင်ထျန်းအားမမြင်ဘဲ အခြားလမ်းတစ်ခုသို့ ဖြောင့်တန်းစွာ လျှောက်သွားခဲ့သည်။ ထိုဘက်တွင် ရုပ်ရှင်ရိုက်ကွင်းရှိနေသဖြင့် သူမ ထိုနေရာ၌ ရိုက်ကူးနေခြင်း ဖြစ်နိုင်မည်ဟု သူ တွေးလိုက်သည်။ တန့်ရူ ထွက်ခွာသွားသည်နှင့် ရွှမ်ရှောင်ထျန်းလည်း အကြည့်အားပြန်ရုပ်သိမ်းလိုက်သည်။ ထိုကာလအတွင်း ချင်လိကိစ္စများကြောင့် သူ စိတ်ရှုပ်ထွေးပြီး ပူပန်နေခဲ့ရသည်။ ယခု တန့်ရူအားမြင်လိုက်ရသည်နှင့် သူ့စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရုတ်တရက်ပေါ်ပေါက်လာတော့သည်။

ချင်မီအမွေးများထောင်လာပြီး တန့်ရူအား ခြိမ်းခြောက်ဟန်ဖြင့် မျက်စောင်းထိုးကြည့်နေသည်။ ထိုလူ၌ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ ခံစားမိသည်။ ပါးပါးအားသွေးဆောင် ရန် ကြိုးစားနေသည့် မကောင်းဆိုးရွားတစ်ကောင်ဖြစ်နိုင်ဖွယ်ရှိသည်ဟု ချင်မီ ယူဆလိုက်သည်။ မိမိတို့၏ပျော်ရွှင်သော မိသားစုအား ဖျက်ဆီးရန်ကြိုးစားလာသူ မည်သူ့အားမဆို ချင်မီ အစွယ်များ ထုတ်ကာ ပြင်းပြင်းထန်ထန်ဝါးမြိုပစ်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

အမျိုးသမီး ထွက်ခွာသွားပြီးနောက် ပါးပါးမှာ ကြောင်တောင် တောင် ဖြစ်နေဆဲပင်။ ချင်မီက မိမိအား မေ့လျော့နေသော ကြောင့် မကျေမနပ်ဖြစ်ပြီး ရွှမ်ရှောင်ထျန်း ဘောင်းဘီစအား ချက်ချင်း ဆွဲလိုက်သည်။ ရွှမ်ရှောင်ထျန်းခေါင်းငုံ့လိုက်ပြီး ကလေးအား မေ့လျော့နေခဲ့ခြင်းအတွက် အပြစ်ရှိသလို ခံစားရသည်။ ထို့နောက် ချင်မီအား ပွေ့ချီကာဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း “ပါးပါး ဒီည ရုပ်ရှင်ရိုက်စရာမရှိတော့ဘူး သွားပြီး အရသာရှိတဲ့ မုန့်တွေ အများကြီးဝယ်ရအောင် ပြီးရင် TV ကြည့်ရင်း စားကြတာပေါ့ ကောင်းပြီလား” ဟု ပြုံးလျက် ပြောလိုက်သည်။

ပါးပါးနှင့်အတူ နေရမည့်အပေါ် ချင်မီ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့၊ ပါးပါး ခုနက ဘယ်သူလဲ”

“ပါးပါးရဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်ပါ” ဟု ရွှမ်ရှောင်ထျန်း ပြန်ပြောလိုက်ပြီး ထပ်မံပြောဆိုရန် ဆန္ဒမရှိတော့ပေ။

“ကျောင်းနေဖက်လား”

ချင်မီစိတ်ထဲတွင် သတိပေးခေါင်းလောင်းများ မြည်လာသည်။ သူ ထပ်မံမေးမြန်းလိုက်သည်။

“သူ့ နာမည်က ဘာလဲ”

ရွှမ်ရှောင်ထျန်းက “တန့်ရူ၊ သား သူ့ကို မသိပါဘူး.. ကောင်း ကောင်းနေခဲ့၊ ပါးပါး မိတ်ကပ်ဖျက်ပြီး အဝတ်အစားသွားလဲမှာ သား ပါးပါးနဲ့အတူ လိုက်မလား”

ချင်မီ မစဉ်းစားဘဲ ချက်ချင်းပင် “ဟုတ်ကဲ့”

ပါးပါးအား အချိန်မရွေး၊ နေရာမရွေး စောင့်ကြည့်နေရမည်။ ထိုသို့မှသာ အရာရာတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည်။ အတိုချုပ်ဆိုရလျှင် ပါးပါးအား မိမိအမြင်မှမည်သည့်အခါမျှ ထွက်ခွာခွင့် ပြုမည်မဟုတ်ပေ။ ဒယ်ဒီနှင့် ပါးပါး နှစ်ဦးစလုံးအား သူ ချစ်သည်။ အခြားမည်သည့် ဖခင် သို့မဟုတ် မိခင်မျှလက်ခံမည်မဟုတ်ချေ။

ချိုက်ပင်း ရွှမ်ရှောင်ထျန်းနှင့် ကြောင်ငယ်လေးအား အံ့အား သင့်စွာ စိုက်ကြည့်နေသည်။ တစ်ခါတစ်ရံတွင် “မြောင်” ဟူသော အသံအား ကြားရပြီး တစ်ခါတစ်ရံတွင်မူ ရွှမ်ရှောင်ထျန်းတစ်ယောက်တည်း စကားပြောနေသည်အားကြားရသည်။ သူ့စိတ်များ ရုတ်တရက် ရှုပ်ထွေးသွားကာ မည်သို့ဖြစ်နေသည်ကို နားမလည်နိုင်တော့ပေ။ ရွှမ်ရှောင်ထျန်း တကယ်ပင် သူ့ကြောင်နှင့် စကားပြောနေခြင်းဟုတ်၊ မဟုတ်ကို သူ မယုံကြည်နိုင်ဖြစ်ပြီး ရွှမ်ရှောင်ထျန်း ဖျားနာနေသလား၊ သို့မဟုတ် မိမိသာ ဖျားနာနေသလားဟု တွေးတောနေမိတော့သည်။

မိတ်ကပ်ဖျက်ပြီးနောက် ချိုက်ပင်း တာဝန်သိစွာပင် ရွှမ်ရှောင်ထျန်းအား အစားအစာဝယ်ယူရန် လိုက်ပါပို့ဆောင်ခဲ့သည်။ ရွှမ်ရှောင်ထျန်းနှင့် ကြောင်တစ်ကောင်အား တစ်ပြိုင်နက် ဂရုစိုက်ရသည်မှာ မလွယ်ကူလှရာ သူ့အနေဖြင့် လစာတိုးမြှင့်ရရှိသင့်ကြောင်း သူ တွေးနေမိသည်။

စျေးဝယ်နေစဉ်အတွင်း ချိုက်ပင်း ဈေးဝယ်လှည်းအား တွန်းပို့ပေးပြီး ရွှမ်ရှောင်ထျန်းမှာမူ ကြောင်လေးကိုပွေ့ချီထားသည်။ တစ်ခါတစ်ရံတွင် ရွှမ်ရှောင်ထျန်း ကြောင်လေးနှင့် စကားပြောဆိုကာ ကြောင်လေး နှစ်သက်မှု ရှိ၊ မရှိကို မေးမြန်းနေလေ့ရှိသည်။ ရွှမ်ရှောင်ထျန်းနှင့် ကြောင်လေးတို့စကားပြောဆိုရာ တွင် ပြဿနာမရှိကြောင်း သတိပြုမိပြီးနောက် ချိုက်ပင်း မိမိဘဝကို ပြန်လည် သံသယဝင်လာသည်။ နောက်ဆုံး၌ ထိုကိစ္စအား လျစ်လျူရှုကာ ရွှမ်ရှောင်ထျန်း မိမိဘာသာစကားပြောနေသည်ဟု သတ်မှတ်ရန် သူ ဆုံးဖြတ်လိုက်သည်။

ရွှမ်ရှောင်ထျန်းအား ဟိုတယ်သို့ ပို့ဆောင်ပြီးနောက် ချိုက်ပင်းတာဝန် ပြီးဆုံးခဲ့ပြီဖြစ်သည်။ အပြင်သို့ ထွက်ခွာတော့မည်ဆိုပါက ကြိုတင်အကြောင်းကြားရန်နှင့် ရူးသွပ်သောပရိသတ်များ သို့မဟုတ် အခြားအန္တရာယ်များနှင့် မကြုံတွေ့ရစေရန် သူ သတိပေးစကား ပြောကြားခဲ့သည်။

ရွှမ်ရှောင်ထျန်း မုန့်အိတ်တစ်အိတ် သယ်လာကာ ကြောင်လေးအား ရင်ခွင်တွင်း ပွေ့ချီထားသည်။ ဂရုမစိုက်ဟန်ဖြင့် “ဒီည ကျွန်တော် အပြင်မထွက်ဘူး ကျွန်တော့်ကလေးနဲ့အတူ TV ကြည့်မှာ” ဟု ပြန်ပြောလိုက်သည်။ ညအိပ်ဝတ်စုံလဲပြီးနောက် မုန့်ထုပ်များအနီးတွင် ထား၍ TV ကြည့်ရသည်မှာ အလွန်ပျော်စရာကောင်းလှသည်။

ဟိုတယ်သို့ ရောက်သည်နှင့် ချင်မီ လူပုံစံသို့ ချက်ချင်းပြောင်း လဲလိုက်သည်။ သူ့ဆံပင်မှာ ပခုံးအထိသာရှိပြီး၊ ထိုထက်တိုအောင် ညှပ်ရန် သူ မည်သို့မျှ သဘောတူမည်မဟုတ်ပေ။ ဘဲဥရောင် တီရှပ်အရှည်တစ်ထည်နှင့် ပန်းပွင့်များပါဝင်သော ဂျင်းဘောင်းဘီရှည်အား ဝတ်ဆင်ထားသည်။ ဂျင်းဘောင်းဘီအိတ် ကပ်၌ပင် ဘိုကွင်းငယ်တစ်ခု ပါဝင်နေသည်။ ထိုဘိုကွင်းလေးကြောင့်ပင် ထိုဂျင်းဘောင်းဘီအား ချင်မီ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ အလွန်မိုက်သည်ဟု သူ ပြောဆိုခဲ့သည်။

ရွှမ်ရှောင်ထျန်းမှာမူ ချင်မီအလှအပဆိုင်ရာအမြင် ပြောင်းလဲ လာရန် မျှော်လင့်ချက် မထားတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ချင်မီ မည်မျှပင် လှပချစ်စရာကောင်းနေစေကာမူ မည်သူမျှ သူ့အား အနိုင်ကျင့်ရဲမည်မဟုတ်ချေ။

ရွှမ်ရှောင်ထျန်း မိမိကိုယ်တိုင် ညအိပ်ဝတ်စုံလဲပြီးနောက် ချင်မီအားလည်း လဲပေးခဲ့သည်။ ညအိပ်ဝတ်စုံများအနက် ပန်းရောင်အား ကျစ်ကျစ်အနှစ်သက်ဆုံးဖြစ်သည်။ ဝယ်ယူလာသော မုန့်များအားလုံးအား ဆိုဖာပေါ်သို့ ပစ်တင်ထားရာ အဝေးမှ ကြည့်လျှင် အလွန်များပြားနေပြီး အချိုရည်များလည်း ပါဝင်သည်။ ရွှမ်ရှောင်ထျန်း ချင်မီအား ဆိုဖာသို့ သယ်လာကာ သူ နှစ်သက်သော မုန့်ထုပ်တစ်ထုပ်အားဖွင့်ပေးလိုက်သည်။ ထို့နောက် ကောင်းမွန်သည့် TV အစီအစဉ်တစ်ပုဒ်အား ရွေးချယ်ရန် ထွက်ခွာသွားသည်။

TV အစီအစဉ် ရွေးချယ်နေစဉ် ရွှမ်ရှောင်ထျန်း ဖုန်းရုတ်တ ရက် မြည်လာသည်။ ဖုန်းမြည်သံကြားသည်နှင့် သူ အလိုအ လျောက် ကြောက်ရွံ့မိသည်။ ချင်လိ ဖုန်းခေါ်ဆိုကာ သူ ကောင်းစွာ စဉ်းစားပြီးပြီလားဟု လာရောက်မေးမြန်းမည့် အရေးအား စိုးရိမ်နေခြင်းပင်။ ရွှမ်ရှောင်ထျန်း ချင်လိအား မနာကျင်စေလိုသကဲ့သို့ ချင်လိနှင့်လည်း သူစိမ်းမဖြစ်လိုပေ။ သူ့စိတ်များ ရှုပ်ထွေးနေဆဲဖြစ်၍ ချင်လိအား မည်သည့်အဖြေမှ ပေးနိုင်ခြင်းမရှိသေးပေ။

ကံကောင်းစွာပင် ဖုန်းခေါ်ဆိုသူမှာ ချင်လိ မဟုတ်ချေ။

တန့်ရူ ပြောသော အသံအားကြားလိုက်ရသည်နှင့် ရွှမ်ရှောင်ထျန်း ခဏတာမျှအကြားအာရုံချို့ယွင်းသွားသကဲ့သို့ ခံစားရပြီး ထိုအသံအမှန်တကယ် ဟုတ်၊ မဟုတ်အား သူ မသေချာချေ။

စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုများကြောင့် သူ သေချာစွာ စကားမပြောနိုင်တော့ပေ။

“မင်း... မင်းက တန့်ရူလား ဘာလို့ ငါ့ကို ဖုန်းခေါ်တာလဲ” ဟု ရေရွတ်ရင်း သူ့နှလုံးခုန်နှုန်း ရုတ်တရက်မြင့်တက်လာတော့ သည်။

မုန့်အား ဖြည်းညှင်းစွာ စားနေသော ချင်မီ ရုတ်တရက်ခေါင်းထောင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အာရုံကြောများပါ ချက် ချင်းတင်းမာသွားရသည်။

ရွှမ်ရှောင်ထျန်း ချင်မီ ကြည့်နေသည်အား သတိထားမိလိုက်ပြီး “ဖြည်းဖြည်းစား” ဟူသည့် အကြည့်ဖြင့် ချင်မီအား ပြန်ကြည့်လိုက်သည်။ ထို့နောက် တန့်ရူထံမှ ဖုန်းအား ဖြေဆိုရန်အတွက် ဘေးသို့ တိမ်းရှောင်သွားတော့သည်။

တန့်ရူ ပြုံးရယ်လျက် “ငါပါ၊ ငါ့ကို သဘောကျတယ်လို့ပြောပြီး ငါ့အသံကိုတောင် မမှတ်မိတော့ဘူးလား”

ရွှမ်ရှောင်ထျန်း ရှက်ရွံ့သွားကာ “မဟုတ်ပါဘူး၊ ငါ မမျှော်လင့်ထားလို့ပါ”

"နင်က အရင်ကလို ချစ်စရာကောင်းနေတုန်းပဲ" ဟု တန့်ရူ ပြုံးကာ ပြောလိုက်သည်။ - "ဒီနေ့ အဝေးကနေ မြင်လိုက်ရတော့ နင်နဲ့ အရမ်းတူတယ်လို့ ခံစားမိတာ ဒါပေမယ့် ငါ သတ္တိမရှိလို့ လှမ်းမခေါ်ခဲ့ရဘူး ရိုက်ကွင်းပြန်ရောက်မှ တခြားလူတွေကို မေးကြည့်ပြီး နင်မှန်း သေချာမှအဆက်အသွယ်လုပ်ဖို့ ဖုန်းနံပါတ်တောင်းလိုက်တာ"

"မင်း ငါနဲ့ စကားပြောစရာ တစ်ခုခုရှိလို့လား"

"ဘာမှမရှိရင် နင်နဲ့ စကားပြောလို့မရတော့ဘူးလား တကယ်တော့ ငါ အရင်ကိစ္စအတွက် နင့်ကို တောင်းပန်ချင်တာပါ ငါ အဲ့လိုလုပ်ခဲ့မိတာ နောင်တရတယ် ကျောင်းနေဖက်သူငယ်ချင်းတွေ အများကြီးရှေ့မှာ နင့်ကို အရှက်ရအောင် တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး နင် ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား" ဟု တန့်ရူ စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။

ရွှမ်ရှောင်ထျန်း ပါတီပွဲမှအဖြစ်အပျက်အားချက်ချင်းပြန် လည် မှတ်မိလိုက်သည်။ သူ တန့်ရူအား ဖွင့်ပြောရန် စိတ်လှုပ် ရှားစွာ စီစဉ်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တန့်ရူ သူ့အား လုံးဝမထီမဲ့မြင်ပြုခဲ့သည်။ ထို့အပြင် ကျောင်းနေဖက်သူငယ် ချင်းများ ရှေ့တွင်ပင် သူမ ရွှမ်ရှောင်ထျန်းအား မနှစ်သက်ကြောင်းပြောခဲ့သည်။ သူမ ချင်လိအားနှစ်သက်ပြီး ချင်လိမှလွဲ၍အခြားမည်သူနှင့်မျှ လက်ထပ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သူ့တွင် နာကြည်းစိတ်မရှိဟု ပြောဆိုပါက လိမ်ရာရောက်ပေလိမ့်မည်။ ရွှမ်ရှောင်ထျန်း မည်မျှပင် ရက်ရောစေကာမူ ထိုအချိန်က အလွန်နာကျင်ခဲ့ရသည်။ ထိုအဖြစ်အပျက်မှာ တန့်ရူအား ထပ်မံအဆက်အသွယ်မလုပ်တော့သည့် အကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း ယခုအခါ တန့်ရူ သူ့အား လာရောက်တောင်းပန်နေပြီ ဖြစ်သည်။ တောင်းပန်မှုမှာ အနည်းငယ် နောက်ကျနေသော်လည်း ရွှမ်ရှောင်ထျန်း ငြင်းပယ်စရာ အကြောင်းရင်းမရှိပေ။

ရွှမ်ရှောင်ထျန်း စိတ်ပျက်အားငယ်စွာဖြင့် “ရပါတယ်၊ ကိစ္စမရှိပါဘူး” ဟု ပြောလိုက်သည်။ “ငါ စဉ်းစားတာမပြည့်စုံလို့ ဖြစ်မှာပါ မင်းခံစားချက်တွေကို ငါ ထည့်တွေးပေးခဲ့သင့်တတာ မင်းငါ့ကို မကြိုက်တာကို အတင်းအကျပ်လုပ်လို့ မရဘူးလေ”

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် တန့်ရူက "တောင်းပန်ပါတယ်၊ ငါ အရင်ပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းချင်တယ် အရင်က အရမ်းကလေးဆန်ခဲ့မိတယ် ငါတို့ မူလတန်းကျောင်းတုန်းက ချင်လိနဲ့ ငါက ထိုင်ခုံဖော်တွေလေ ငါတို့ကြားမှာ ဆက်ဆံရေးကောင်းခဲ့ပြီး ကျောင်းအတူတူသွား၊ အတူတူပြန်ခဲ့ကြတယ်၊ အချိန်က အတိတ်မှာရပ်တန့်နေပြီလို့ ငါ အမြဲခံစားခဲ့ရတာ ဒါပေမယ့် တကယ်တမ်းကျတော့ ငါတစ် ယောက်တည်းပဲ ရပ်တန့်နေခဲ့တာ၊ ချင်လိရဲ့အဆင့်အတန်းက ငါ တက်လှမ်းလို့မရနိုင်တဲ့အရာတစ်ခုပဲ ငါ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းမိခဲ့တာ"

ရွှမ်ရှောင်ထျန်း တန့်ရူ၏ ထိုသို့ ကိုယ့်ကိုယ်ကိုအထင်သေး ပြောဆိုမှုအား နားမထောင်နိုင်ပေ။ သူမသည် အလွန်ထူးချွန်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး ချစ်ခြင်းမေတ္တာကို အတင်းအ ကျပ် ပြုလုပ်၍မရနိုင်ကြောင်း၊ အနာဂတ်တွင် သူမ နှစ်သက်သောသူနှင့် တွေ့ဆုံရလိမ့်မည်ဟုပြောဆိုခဲ့သည်။

တန့်ရူ ရွှမ်ရှောင်ထျန်းအား အရင်ကအတိုင်းပင် စာနာတတ်နေဆဲဟု ပြုံး၍ ပြောဆိုပြီးသည်နှင့် ရုတ်တရက် စကားပြောင်းလိုက်တော့သည်။ “ငါ အလုပ်ပြီးသွားပြီ၊ အခု အချိန်ရလား ငါတို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့တာ အရမ်းကြာပြီဆိုတော့ အတူတူထိုင်ပြီးစကားပြောကြမလား”

တန့်ရူ ရုတ်တရက် သဘောထားပြောင်းလဲသွားခြင်းကြောင့် ရွှမ်ရှောင်ထျန်း ရှုပ်ထွေးသွားသော်လည်း ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ ထိုအရာကား သူ အမြဲတောင့်တခဲ့သည့် အရာတစ်ခုပင် ဖြစ်သည်။ သူ တန့်ရူအား နှစ်သက်မြတ်နိုးသည်။ ရွှမ်ရှောင်ထျန်း ထိုအတွေးတွင် အမြဲ ခိုင်မာစွာရပ်တည်နေခဲ့တော့သည်။ ထိုခံစားချက်အား မည်သည့်အခါမျှ သံသယမဝင်ခဲ့ပေ။ သံသယဝင်ရန်ပင် မကြိုးစားခဲ့ပေ။

ဖုန်းအား ချပြီးနောက် ရွှမ်ရှောင်ထျန်း ခဏမျှ ငိုင်နေမိသည်။ သူ ညအိပ်ဝတ်စုံအား ချွတ်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်ရင်း ကြည့်ကောင်းသော ဝတ်စုံတစ်စုံကို ရွေးချယ်ကာဝတ် ဆင်လိုက်သည်။ ထို့နောက် အပြင်သို့ ထွက်ရန်ပြင်ဆင်တော့ သည်။

ထိုအချိန်တွင် ချင်မီ အထူးသတိပြုမိနေပြီ ဖြစ်သည်။ “တန့်ရူ” ဟူသည့် စကားလုံးနှစ်လုံးမှာ သူ့စိတ်ထဲအနီရောင်ဖြင့် ရဲရဲ တောက်နေတော့သည်။ သူ ဆိုဖာပေါ်မှ လျင်မြန်စွာ ခုန်ချလိုက်ပြီး ရွှမ်ရှောင်ထျန်း၏အင်္ကျီစအားဆွဲထားကာ “ပါးပါး ဒီညအပြင်မထွက်တော့ဘူးဆို”

"ပါးပါး လုပ်စရာလေးရှိလို့ပါ" ရွှမ်ရှောင်ထျန်း ပြောဆိုလိုက်သည်။ ထို့နောက် သူ ကိုယ်ကိုင်းကာ လှပသော ချင်မီမျက်နှာအား ကိုင်တွယ်၍ ချစ်ခင်စွာ နမ်းလိုက်ပြီး “ပါးပါး မြန်မြန်ပြန်လာမယ် ဟုတ်ပြီလား”

"ဒါဆို သားကို ခေါ်သွားပါ" ဟု ချင်မီ ခေါင်းစောင်းလိုက်ကာ လေးနက်စွာ ပြောဆိုလိုက်သည်။

ရွှမ်ရှောင်ထျန်း ချင်မီအား ပွေ့ဖက်ကာ"ကလေးလေး၊ ပါးပါး သားကို ခေါ်သွားဖို့ အဆင်မပြေဘူး အဲ့ဒါကြောင့် ပါးပါးကို ကောင်းကောင်းစောင့်နေနော်၊ ဟုတ်ပြီလား ပါးပါး သားဆီ မြန်မြန်ပြန်လာမယ်လို့ ကတိပေးတယ်" ဟု ချစ်စဖွယ်အမူအရာဖြင့် ပြောလိုက်သည်။

ချင်မီ ပါးပါး ချစ်စဖွယ် ပြုမူပုံအား မခံနိုင်တော့သဖြင့် မျက်နှာအား တည်ထားကာ စကားတစ်ခွန်းမျှမဆိုတော့ချေ။ ရွှမ်ရှောင်ထျန်း ကလေးလေး၏သဘောတူညီချက်အား တိတ်တဆိတ် လက်ခံလိုက်ပြီး ချင်မီအား နမ်းရှိုက်လိုက်ပြန်သည်။ ထို့နောက် ချင်မီအားလိမ်လိမ်မာမာနေရန်နှင့် ဟို ဒီ မပြေးလွှားရန်အကြိမ် ကြိမ်ပြောဆိုကာ မြန်မြန်ပြန်လာမည်ဟု ကတိပေးလိုက်တော့သည်။

ရွှမ်ရှောင်ထျန်း ထွက်ခွာသွားပြီးသည်နှင့် ချင်မီ မည်သို့မျှမတွန့်ဆုတ်တော့ဘဲ ချက်ချင်းလိုက်ပါသွားတော့သည်။

သူ့ပါးပါးအား ထိုနတ်သမီးနှင့် တစ်ဦးတည်း တွေ့ဆုံစေရန် စိတ်မချနိုင်ခြင်းကြောင့် သူ ပါးပါးနောက်သို့ လိုက်ကာ ပါးပါးအား ကာကွယ်ပေးရမည်ဟုဆုံးဖြတ်လိုက်သည်။

တန့်ရူနှင့် ရွှမ်ရှောင်ထျန်းတို့ ချိန်းဆိုသည့် စားသောက်ဆိုင်မှာ ဟိုတယ်နှင့် မနီးမဝေးတွင် တည်ရှိသည့် ရိုမန်တစ်ဆန်ပြီး နွေးထွေးသော အဆင့်မြင့် ပြင်သစ်စားသောက်ဆိုင်တစ်ခုဖြစ် သည်။ မီးရောင်များ မှိန်မှိန်လင်းနေပြီး နွေးထွေးသည့် တယောသံမှ ထူးခြားစွာ လှပ၊ ကျော့ရှင်းကာ ငြိမ်းချမ်းသည့် အငွေ့အ သက်ကို ပေးနေတော့သည်။

တန့်ရူ အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားပြီး မိတ်ကပ်မှာလည်း အလွန်ပါးသဖြင့် ဖြူစင်ရိုးရှင်းသည့် မိန်းက လေးဆန်သော ခံစားချက်အား ပေးနေသော်လည်း ခေတ်မီကျက်သရေရှိသည့် ပုံစံကိုလည်း ဂရုတစိုက် ပြင်ဆင်ထား သည်မှာ ထင်ရှားပေါ်လွင်သည်။

သူမ ရွှမ်ရှောင်ထျန်းအား အဝေးမှ လက်ပြလိုက်စဉ် ပြီးပြည့်စုံသော အပြုံးနှင့် ဆွဲဆောင်မှုရှိသော ရနံ့များဖြာထွက်လာတော့ သည်။

ရွှမ်ရှောင်ထျန်း ထိုင်ချလိုက်သည်နှင့် တန့်ရူနှင့်အတူ ရှိနေချိန်တိုင်း အရင်ကကဲ့သို့ပင် အမြဲတစေ စိတ်လှုပ်ရှားနေတတ်သည်ကို သတိပြုမိသည်။ တန့်ရူ အစားအစာမှာယူရန် လက်ပြလိုက်ပြီး “ငါ ညစာမစားရသေးဘူး ဒါပေမယ့် ငါ ဒီရက်ပိုင်း ကိုယ်အလေးချိန်ချနေတော့ အရမ်းမစားနိုင်ဘူး နင်ရော၊ စားပြီးပြီလား” ဟု ပြုံးကာ မေးလိုက်သည်။

“စားပြီးပါပြီ၊ ငါ ရေနွေးပဲသောက်ပါ့မယ်” ဟု ရွှမ်ရှောင်ထျန်း စကားပြောရင်း ရေနွေးတစ်ခွက် မှာယူလိုက်သည်။

စားပွဲထိုးမှာ ခဏစောင့်ဆိုင်းပါဟု ပြောကာ မီနူးယူပြီး ထွက်ခွာသွားတော့သည်။ တန့်ရူ ရွှမ်ရှောင်ထျန်းဘက်သို့ ပြုံးပြကာ ဆံပင်အချို့ နားနောက်သို့ သပ်တင်လိုက်သည်။ ထို့နောက် တစ်ဦးနှင့်တစ်ဦး အခြေအနေများအကြောင်း နက်နဲသော အပြုံးဖြင့် စကားပြောခဲ့ကြသည်။ တန့်ရူ ထိုအခြေအနေများအကြောင်း ကောင်းစွာသိရှိနေသော်လည်း ရွှမ်ရှောင်ထျန်းကမူ သူမနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။ ခဏအကြာတွင် တန့်ရူ ရွှမ်ရှောင်ထျန်း အခြေအနေအကြောင်း ရှင်းလင်းစွာသိရှိနား လည်သွားခဲ့သည်။

သူမ ရွှမ်ရှောင်ထျန်းအကြောင်း အရင်က လေ့လာခဲ့ဖူးသဖြင့် ရွှမ်ရှောင်ထျန်း လက်ရှိတိုးတက်မှုအလွန်ကောင်းမွန်နေကြောင်း သိခဲ့ရသည်။ နည်းနည်းနှင့်ပင် နာမည်ရရန် လွယ်ကူနေသည်။ တန့်ရူ မနာလိုစိတ်လည်း ဖြစ်ပေါ်ကာ တောင့်တစိတ်လည်းပေါ်လာခဲ့သည်။ သူမ လှပသော်လည်း အခွင့်အရေးများ နည်းပါးခဲ့သည်။ ထို့အပြင် ဖျော်ဖြေရေးလောကတွင် ရုပ်ရည်လှပသော အမျိုးသား၊ အမျိုးသမီးများ ပေါများသည်။ ရွှမ်ရှောင်ထျန်းကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် စွဲလမ်းသွားလောက်အောင် လှပသည့် အမျိုးအစားမဟုတ်လျှင် အခြားသူများ လူအုပ်ကြားတွင် အလွယ်တကူပျောက်ကွယ်သွားနိုင်ပေသည်။

တန့်ရူ အရင်က ရွှမ်ရှောင်ထျန်းအပေါ် သိပ်အာရုံမထားခဲ့ပေ။ သူ အတော်လေးအပြစ်ကင်းပြီး အမြင်မကျယ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ရွှမ်ရှောင်ထျန်း အရည်အချင်းနှင့်ကံကောင်းမှုများ အမှန်တကယ်ကောင်းမွန်နေမည်ဟု သူမ မျှော်လင့်မထား ခဲ့ပေ။ ရွှမ်ရှောင်ထျန်း မိမိကိုယ်မိမိကာကွယ်ပြောဆိုခြင်း မပြုခဲ့သောကြောင့် တန့်ရူကလည်း အခြေအနေအကြောင်း အမြန်မေးမြန်းပြီး ခေါင်းစဉ်ကိုဆက်လက်မပြောတော့ချေ။

ထို့နောက် ရွှမ်ရှောင်ထျန်း တန့်ရူပြောခဲ့ဖူးသည့် စကားတစ်ခွန်း ပြန်လည်သတိရသွားသည်။ သူ အခက်အခဲနှင့် တင်းမာမှုများ လျှော့ချရန် ရုတ်တရက် ချင်လိအကြောင်းထည့်ပြောလိုက်သည်။ ချင်လိအမည် ထည့်ပြောလိုက်ချိန်တွင် ရွှမ်ရှောင်ထျန်း တင်းမာနေသော အာရုံကြောများ ချက်ချင်းပြေလျော့သွားသည်ဟု ခံစားလိုက်ရသည်။

“အရင်က ချင်လိနဲ့ မူလတန်းကျောင်းတူတယ်လို့ ပြောခဲ့တာမလား ပြီးတော့ မင်းတို့ ကျောင်းအတူတူသွားခဲ့ကြတယ်လို့လေ” ဟု ရွှမ်ရှောင်ထျန်း မေးမြန်းလိုက်သည်။

“အင်း၊ ငါတို့က ထိုင်ခုံဖော်တွေလေ ဒါပေမယ့် နောက်တော့ ချင်လိက ရုတ်တရက် တခြားကျောင်းကိုပြောင်းသွားတယ်” ဟု တန့်ရူ ပြန်ဖြေလိုက်သည်။

ရွှမ်ရှောင်ထျန်း ထိုပြောင်းရွှေ့ခြင်းအကြောင်း အလွန်ကောင်းစွာ သိရှိသည်။

သူ ထိုအချိန်တွင် ကျောင်းစတက်ရုံသာရှိသေးပြီး ကျောင်းပတ်ဝန်းကျင်နှင့် အသားမကျသေးပေ။ ကျောင်းနေဖက်များနှင့် ပေါင်းသင်းဆက်ဆံရမည်ကိုလည်း ပိုမိုကြောက်ရွံ့နေခဲ့သည်။ ချင်လိ ထိုအကြောင်းသိရှိသွားသည့်အခါ ဘာမျှမပြောဘဲ ရွှမ်ရှောင်ထျန်း ကျောင်းသို့ပြောင်းရွှေ့ခဲ့သည်။

ချင်လိအပြုမှုကြောင့် ရွှမ်ရှောင်ထျန်း ကျောင်းတွင် ဖြည်း ဖြည်းချင်း အသားကျလာသည်။ ချင်လိ မိမိ မုန့်ဖိုးများအား လုံး ရွှမ်ရှောင်ထျန်းအတွက် အရသာရှိသော မုန့်များဝယ်ပေးရန် အသုံးပြုခဲ့သည်။ ရွှမ်ရှောင်ထျန်းနှင့် ဆော့ကစားခဲ့သည်၊ သူ့အား အိမ်ပြန်လိုက်ပို့ပေးခဲ့သည်၊ ကျောင်းလွယ်အိတ်အသစ်နှင့် ဘောပင်အိတ်အသစ်များပေးခဲ့သည်။ ထိုအချိန်တုန်းက ချင်လိအသုံးပြုသည့် ကျောင်းလွယ်အိတ်နှင့် ဘောပင်အိတ်များ ရွှမ်ရှောင်ထျန်း အိတ်နှင့်အတူတူပင်။

ရွှမ်ရှောင်ထျန်း စိတ်လှုပ်ရှားစွာဖြင့် ခွက်ထဲမှ ရေနွေးကို သောက်လိုက်သည်။ ထို့နောက် စိတ်ထဲမှ တိတ်တဆိတ် ဒဏ္ဍာရီလာ စုံတွဲပုံစံများလား ဟု တွေးလိုက်မိတော့သည်။

ချင်လိမှာ ငယ်ရွယ်စဉ်ကပင် ရင့်ကျက်လွန်းလှသည်။

ထို့နောက် ရွှမ်ရှောင်ထျန်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးကြောင့် “ကျောင်းဆင်းရင်ဖြတ်သွားရတဲ့ စိမ်းစိုနေတဲ့ နွယ်ပင်တွေနဲ့ ဖုံးအုပ်နေတဲ့ လမ်းကျဉ်းလေးကို နင် မှတ်မိသေးလား” ဟု မေးမြန်းလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment