🔥 Chapter 45
ရွမ်ရှောင်ထျန်း သကြားလုံးများနှင့် ဘဲတောင်ပံအစပ်များကို ပျော်ရွှင်စွာကိုင်ကာ အိမ်ထဲသို့ ဝင်လာစဉ် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားသည်။ မွေးပွကြောင်ပေါက်လေးတစ်ကောင် မီးဖိုချောင်မှ ဧည့်ခန်းသို့ခုန်လိုက်သည်။ ထို့နောက် ဧည့်ခန်းမှ လေသာဆောင်သို့ခုန်သွားသည်။ ထိုကြောင်ပေါက်လေး ခုန်သည့်ပုံစံအရ သူ အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်နိုင်သည်။ ကြောင်ပေါက်လေးအားလိုက်ဖမ်းနေသည့် ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်တို့မှာ ခွေးပြေးဝက်ပြေးပြေးကြပြီး ထွက်ပြေးရင်း ညင်သာစွာအော်နေကြသည်။
ကြောင်ပေါက်လေးမှာ ဂရုမစိုက်ဘဲ ကြောင်နှင့် ခွေးအားအ လျင်အမြန် ဆက်လိုက်ဖမ်းနေသည်။ လိမ္မော်ရောင်ကြောင်မှာ သူ့အသက်အတွက် ပြေးနေချိန်တွင် ပုံမှန်ပျင်းရိသည့်အမူ အကျင့်များ ပြောင်းလဲသွားသည်။ လိမ္မော်ရောင်ကြောင်၏ဝဖိုင့်သောခန္ဓာကိုယ်မှာ ပြေးနေစဉ်မှာပင်ကဆုန်ပေါက်နေသည်။ ကျားသစ်ကြောင်မှာ လိမ္မော်ရောင်ကြောင်ထက် ပိုမိုသွက်လက်ပြီး ဖျတ်လတ်ကာ၊ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ အလွန်သက် သောင့်သက်သာရှိပုံရသည်။ ဉာဏ်နည်းသော ခွေးလေး Shiba Inu မှာတော့ အဆိုးဆုံးပင်။ Shiba Inu ၏မျက်နှာညာဘက်ခြမ်းတွင် ခြစ်ရာများစွာရှိနေသည်။ ၎င်းမှာ ကြောက်ရွံ့တုန် လှုပ်နေပုံရသည်။ Shiba Inuမှာ အနောက်ဆုံးမှပြေးနေပြီး ကြောင်ပေါက်လေးထံမှ ပစ်မှတ်ဖြစ်လုနီးပါးဖြစ်နေသည်။
ရွမ်ရှောင်ထျန်း ခဏတာကြောင်သွားသည်။ ကြောင်ပေါက်လေးမှာ ဧည့်ခန်းအားထပ်မံဖြတ်သွားသည့်အခါ ရွမ်ရှောင်ထျန်း လျင်မြန်စွာသွားပြီး ကြောင်ပေါက်လေးအားမြေကြီးပေါ်မှ ကောက်ယူ ပွေ့ချီလိုက်သည်။ ကြောင်ပေါက်လေးမှာ ပျော်ရွှင်နေပြီး ရွမ်ရှောင်ထျန်းလက်မောင်းများထဲမှ ရုန်းထွက်ကာ ကြောင်၊ ခွေးများနှင့် ကစားချင်နေသည်။ ရွမ်ရှောင်ထျန်း အောက်ထပ်ဆင်းသွားပြီးနောက် ကြောင်ပေါက်လေးမှာ တစ်ယောက်တည်းပျင်းရိနေသော်လည်း ကံကောင်းစွာဖြင့် ကြောင်နှင့် ခွေးများက သူနှင့်အတူကစားပေးခဲ့သည်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးအား လုံးဝမလွှတ်ဘဲ ဆိုဖာဆီသို့ ပွေ့ချီသွားခဲ့သည်။ ထို့နောက် သူ ပြေးလွှားပုန်းအောင်းနေသည့် ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်အားခေါ်လိုက်သည်။
ပုန်းနေသော ထိုကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်တို့မှာ ရွမ်ရှောင်ထျန်း၏ဩဇာအရှိန်အဝါကြောင့် ကြောက်လန့်သွားပုံရသည်။ ၎င်းတို့ ပုန်းခိုရာနေရာမှထွက်လာရန် အတင်းအကျပ် ခိုင်းစေခံရပြီးနောက် ခေါင်းငုံ့ကာ စိတ်ဓာတ်ကျနေပုံပေါ်လွင်နေသည်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးအား ရင်ခွင်ထဲဖက်ထား သည်။ ရွမ်ရှောင်ထျန်း၏မျက်နှာအမူအရာ မမှန်ကြောင်း သတိထားမိလိုက်သောအခါ ကြောင်ပေါက်လေး ရုန်းကန်ခြင်းအား ရပ်လိုက်ပြီး နာခံစွာလဲလျောင်းနေခဲ့သည်။
ရွမ်ရှောင်ထျန်း ကော်ဇောကိုလက်ညှိုးထိုးပြကာ ကျန်ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်အား ပိုမိုနီးကပ်စွာလဲလျောင်းရန် အမိန့်ပေးလိုက်သည်။ ရွမ်ရှောင်ထျန်း ခဏတာပျောက်ကွယ်နေသည့်အချိန်တွင် အိမ်မှာ ရှုပ်ပွနေသည်အားတွေ့လိုက်ရသဖြင့် ရွမ်ရှောင်ထျန်း ၎င်းတိရစ္ဆာန်များကို သင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက နောက်တစ်ကြိမ်တွင် ဘာတွေဆက်ဖြစ်လာဦးမည်ကို ခန့်မှန်းရခက်ပေလိမ့်မည်။
ရွမ်ရှောင်ထျန်း အိပ်ခန်းတံခါးအားလက်ညှိုးထိုးပြကာ ကြောင်ပေါက်လေးအား အရင်ဆုံးမေးလိုက်သည်– "မင်း တံခါးဖွင့်ခဲ့တာလား"
"မြောင်..." ကြောင်ပေါက်လေး ညင်သာစွာဖြေသည်။
"ဘာလို့ တံခါးဖွင့်တာလဲ ? ငါ ထွက်သွားတုန်းက မင်း အိပ်နေတုန်းပဲမလား"
ကြောင်ပေါက်လေး နားရွက်များကို ညင်သာစွာလှုပ်ရှားလိုက်ပြီး သူ့ခေါင်းအား ရွမ်ရှောင်ထျန်း ရင်ခွင်ထဲသို့ ထိုးသွင်းလိုက်သည်။ မွေးပွလုံးလေးမှာ သူတို့ကိုအပြစ်တင်ရန် စိတ်မရှည်တော့သည့်ဟန်ပေါ်နေသည်။ ကြောင်ပေါက်လေး၏အမြီးဖျားမှာ ရွမ်ရှောင်ထျန်း လက်နောက်ဘက်အားထိနေပြီး၊ ကလေးဆန်သောအသံဖြင့် ညင်သာစွာ "မြောင်" ဟုပြောလာသည်။
"နိုးသွားတာလား" ရွမ်ရှောင်ထျန်းသည် ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်ထံသို့ လှည့်ကြည့်ကာမျက်မှောင်ကြုတ်လျက် "ဘာလို့ ကြောင်ပေါက်လေးကို နိုးလိုက်တာလဲ" ဟု ပြောလိုက်သည်။
ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်တို့မှာ ရွမ်ရှောင်ထျန်း၏ ဖိအားကိုခံစားမိပြီး သူတို့ခေါင်းများ ပိုလို့ပင်ငုံ့ကျသွားသည်။ သို့သော် ရွမ်ရှောင်ထျန်း စကားများကို အနည်းငယ်နားလည်သကဲ့သို့ ရှိသော်ငြား ၎င်းတို့မှာ လူကဲ့သို့စကားဖြင့်ပြန်လည်ဖြေကြားနိုင်ခြင်းမရှိချေ။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေး၏ချစ်စရာကောင်းသော ခေါင်းလေးအားပွတ်သပ်နေသည်။ သူ့စိတ်ထဲ ကြောင်ပေါက်လေးမှာ အလွန်ချစ်စရာကောင်းသည်ဟု ပြောနေသော်လည်း မျက်နှာတွင်မူ အလေးအနက်ထားဟန်ဆောင်ကာပြောလိုက်သည်- "ကလေးလေး၊ ပါပါး နိုးလို့ စိတ်မဆိုးပါဘူး ဒါပေမဲ့ ကိုယ် စိတ်ဆိုးတယ်ဆိုပြီး သူများကိုမနာကျင်စေရဘူး၊ ကြောင် တွေကိုရော၊ ခွေးတွေကိုရောပေါ့ ကြည့်၊ ညီလေး ရှောင်ယဲ့တောင် ဒဏ်ရာရသွားပြီ မဟုတ်လား"
"မြောင်" ကြောင်ပေါက်လေး ရှက်ရွံ့စွာနှင့် ချိုသာစွာ ရွမ်ရှောင်ထျန်း လက်ကိုလျှာဖြင့်လျက်သည်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးအား မြေပြင်ပေါ် ချပေး လိုက်ပြီး သူ့ဖင်လေးကို ညင်သာစွာပုတ်ကာ
"ပေါင်ပေ့၊ မင်း အစ်ကိုနဲ့ ညီလေးကို သွားတောင်းပန်လိုက်ဦး၊ နောက်ထပ် ဒီလိုမလုပ်တော့ပါဘူးလို့ ပြောလိုက်"
ကြောင်ပေါက်လေးမှာ စိတ်မပါ့တပါဖြစ်နေသည်။ ရွမ်ရှောင်ထျန်း မြေပြင်ပေါ် ချပေးလိုက်ပြီးနောက် သူ့ရင်ခွင်ထဲသို့လှည့်ကာ ထပ်မံတိုးဝင်ပြန်သည်။ ကြောင်ပေါက်လေးမှာ ခေါင်းလေးအား ရွမ်ရှောင်ထျန်း လက်ဖဝါးနှင့်ပွတ်သပ်နေသဖြင့် နူးညံ့နွေးထွေးစေသည်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးအား ပွေ့ချီလိုက်ပြီး သူ့မူလအသွင်သို့ ပြောင်းလဲကာ ကြောင်ပေါက်လေး၏အမွေးများကို လျှာဖြင့်လျက်လိုသည့်စိတ်ကို ထိန်းချုပ်ထားသည်။ ထို့နောက် အလေးအနက်ထားကာ "မှားတာလုပ်မိရင် ရဲရဲဝံ့ဝံ့ တာဝန်ယူရမယ် ပေါင်ပေ့၊ သွားပြီး တောင်းပန်လိုက်" ဟု ပြော လိုက်သည်။
ကြောင်ပေါက်လေး၏မျက်နှာအမူအရာမှာ ရုတ်တရက်ဝမ်း နည်းသွားသည်။ ထို့နောက် ခေါင်းကိုလှည့်ကာ သူ့ဖခင်အား ကြည့်လိုက်သည်။ ပြီးနောက် လေးလံသော ခြေလှမ်းများဖြင့် ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်ဆီသို့လျှောက်သွားသည်။ ထိုကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်တို့မှာ နတ်ဆိုးလေး လာသည်အားမြင်လိုက်ရသည့်အခါ သူတို့သူငယ်အိမ်များ ချက်ချင်းကျဉ်းသွားကာ အမွေးများထောင်ထလာသည်။ ခြေဖဝါးအောက်တွင် ဝှက်ထားသော ခြေသည်းများမှာကြို တင်အသင့်ဖြစ်နေသည်။
ကြောင်ပေါက်လေး ရွမ်ရှောင်ထျန်းနှင့် အနည်းငယ်လှမ်းသော နေရာသို့ လျှောက်သွားပြီး၊ ရုတ်တရက် ပြတ်သားသောအမူအ ရာဖြင့် ပြန်ပေါ်လာသည်။ ကြောင်ပေါက်လေး သူ့ခေါင်းအား မော့ကာ ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်ကို ပြတ်ပြတ်သားသားကြည့်လိုက်သည်။ နောက်ဆုံးတွင် ကြောင်ပေါက်လေး ဂုဏ်ယူစွာလဲလျောင်းလိုက်သည်။ ကြောင်ပေါက်လေး သူ့ခေါင်းအား နူးညံ့သော ခြေဖဝါးလေးပေါ်တွင် တင်ကာ၊ ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်ကို "မြောင်" "မြောင်" ဟု အကြိမ်အနည်းငယ် ခေါ်လိုက်သည်။ ပြီးနောက် သူတို့နောက် သို့ မလိုက်သင့်ကြောင်း၊ ခွေးအား အနာတရမဖြစ်စေသင့်ကြောင်းတောင်းပန်လိုက်သည်။
ကြောင်ပေါက်လေး တောင်းပန်ပြီးနောက် ရွမ်ရှောင်ထျန်း သူ့အားချက်ချင်းပင် ရင်နာနာနဲ့ ပွေ့ချီလိုက်ပြီး ခေါင်းလေးအား ပွတ်သပ်ကာ သူ့နဖူးကို နမ်းလိုက်သည်။ ထို့နောက် ကြောင်နှစ်ကောင်နှင့် ခွေးတစ်ကောင်ကို အလေးအနက်ထားကာ
“မင်းတို့ရောပဲ၊ နောက်ဆို ပေါင်ပေ့အိပ်နေတာကို မနှောင့်ယှက်ကြနဲ့နားလည်လား၊ ရှောင်ယဲ့ ဒီကိုလာ ငါ ဆေးလိမ်းပေးမယ်”
ရွမ်ရှောင်ထျန်း Shiba Inu ခွေးအား လက်ညှိုးထိုးပြလိုက်ရာ Shiba Inu ခွေးမှာ အမိန့်ကို နားလည်သဖြင့်ထရပ်လာသည်။
ကြောင်ပေါက်လေး စိတ်လှုပ်ရှားစွာအချိန်အကြာကြီး လိုက် ဖမ်းခဲ့ရပြီး၊ ယခု သူ့ဖခင်ရင်ခွင်ထဲတွင် ရှိနေသောကြောင့် ထပ်မံ သမ်းဝေလာကာ အိပ်ငိုက်လာသည်။ ကြောင်ပေါက်လေးမှာ ရွမ်ရှောင်ထျန်းအား အလွန်မှီခိုပြီး ရင်းနှီးစွာ ပွတ်သပ်နေသည်။ ရွမ်ရှောင်ထျန်းလက်ချောင်းများအား သူ့နူးညံ့သော ခြေဖဝါးလေးများဖြင့် ဖက်ထားပြီးနောက် လုံခြုံစိတ်ချစွာ အိပ်ပျော်သွားသည်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးအား ပွေ့ချီထားရင်း Shiba Inu ခွေးကို ဆေးလိမ်းပေးသည်။ Shiba Inu ခွေးမှာ နတ်ဆိုးကြီးရွမ်ရှောင်ထျန်းနှင့် နတ်ဆိုးလေးကြောင်ပေါက်တို့အား တစ်ယောက်တည်း ရင်ဆိုင်ရသဖြင့် ချက်ချင်းကြောက်လန့်တုန်လှုပ်သွားသည်။ Shiba Inu ခြေထောက်များမှာ အလွန်အားနည်းလွန်းသဖြင့် တည်တည်ငြိမ်ငြိမ်ပင် ရပ်မရတော့ချေ။ ဆေးလိမ်းပြီးနောက် ရွမ်ရှောင်ထျန်း ပြီးပြီဟုပြောလိုက်ရာ Shiba Inuမှာ ရွမ်ရှောင်ထျန်းရှိရာနေရာမှာ အန္တရာယ်ရှိသည့် နေရာဖြစ်သကဲ့သို့ အလျင်အမြန်ထွက်ပြေးသွားသည်။
ကြောင်ပေါက်လေးနှင့် အိမ်ရှိ ကြောင်များနှင့် ခွေးအား ပညာပေးပြီးနောက် ရွမ်ရှောင်ထျန်း မိဘဖြစ်ရသည်မှာ မလွယ်ကူကြောင်းခံစားလိုက်ရသည်။ ကြောင်ပေါက်လေးအား ဂရုစိုက်ရသည်မှာ မလွယ်ကူသလို၊ ကြောင်ပေါက်လေးအား ပညာပေးရသည်မှာလည်း မလွယ်ကူပေ။ ဖခင်ဖြစ်ရသည်မှာ တကယ်ကို မလွယ်ကူလှချေ။
ကြောင်ပေါက်လေး ကြီးပြင်းလာစဉ် ရွမ်ရှောင်ထျန်း ရိုက်ကူးခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ "ထန်မင်းဆက်၏လျှိဝှက်အမှုတွဲ" ကိုလည်း သတ်မှတ်ထားသည့် အချိန်အတိုင်းထုတ်လွှင့်ခဲ့သည်။ ထိုဇာတ်လမ်းတွဲမှာ နာမည်ကြီး ဒါရိုက်တာတစ်ဦးမှ ရိုက်ကူးထားခြင်း မဟုတ်သလို နာမည်ကြီးလူငယ်သရုပ် ဆောင်များလည်း မပါဝင်သောကြောင့် တစ်ချိန်တည်းထုတ်လွှင့်သော အခြားလူငယ်အချစ်ဇာတ်လမ်းတွဲ "That Summer" နှင့် နှိုင်းယှဉ်လျှင် အားသာချက် လုံးဝမရှိခဲ့ပေ။
ပိုမိုထူးဆန်းသည်မှာ ထိုဇာတ်လမ်းတွဲအား "That Summer" နှင့် တစ်ချိန်တည်းထုတ်လွှင့်ခဲ့ခြင်းပင်။ ပထမဇာတ်လမ်းတွဲအား နာမည်ကြီး Apple Satellite TV တွင် ထုတ်လွှင့်ပြီး၊ နောက်တစ်ခုမှာ Jianhai Satellite TV တွင် ထုတ်လွှင့်သည်။ "That Summer" မှာ အကြီးစား IP (Intellectual Property) မှ မှီငြမ်းထားသော ရုပ်သံဇာတ်လမ်းတွဲဖြစ်သည်မှာ ပြောစရာမလိုတော့ချေ။
ထုတ်လွှင့်ခြင်းမပြုမီ "That Summer" သည် "ထန်မင်းဆက် ၏လျှို့ဝှက်အမှုတွဲ" အပါအဝင် တစ်ချိန်တည်း ထုတ်လွှင့်သည့် platform အသီးသီးရှိ ဇာတ်လမ်းတွဲအသစ်အားလုံးကို သံသယမရှိဘဲ ချေမှုန်းလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်ကောလဟာလများ ထွက်ပေါ်ခဲ့သည်။
ထိုအရာက သေချာပေါက်ကိစ္စတစ်ခုပင်။ သို့သော် ဇာတ်လမ်းတွဲနှစ်ခု ထုတ်လွှင့်ပြီးနောက် ကြည့်ရှုနှုန်းနှင့်ဈေးကွက်ဝေစု စာရင်းများသည် မျှော်မှန်းထားတာထက် အများကြီးကျော်လွန်ခဲ့သည်။ "That Summer" ပထမဆုံး ထုတ်လွှင့်သည့်ညမှာ "ထန်မင်းဆက်၏လျှို့ဝှက်အမှုတွဲ" ထက် သုံးဆကျော်သည့် ကြည့်ရှုနှုန်းရရှိခဲ့သော်လည်း၊ အဲဒီ့နောက်ပိုင်း ဇာတ်လမ်းတွဲနှစ်ခု၏ကြည့်ရှုနှုန်းများမှာ သိသိသာသာအမြန်နှုန်းဖြင့် တဖြည်းဖြည်းတူညီလာခဲ့ပြီး နောက်ဆုံး "ထန်မင်းဆက်၏ လျှို့ဝှက်အမှုတွဲ" မှာ "That Summer" အား အများကြီးကျော်လွန်သွားခဲ့သည်။
အကြောင်းရင်းများမှာ ပထမအချက်၊ "ထန်မင်းဆက်၏ လျှို့ဝှက်အမှုတွဲ" သည် ကောင်းမွန်စွာဖန်တီးထားပြီး၊ သရုပ် ဆောင်များ၏သရုပ်ဆောင်မှုစွမ်းရည်များ ထူးခြားကာ၊ ဇာတ်အိမ်မှာ ကျစ်လျစ်ပြီး ကြာမြင့်စွာ ဆွဲဆန့်ထားခြင်းမျိုးမရှိပေ။ ဒုတိယအချက် "That Summer" ၏ ဇာတ်ညွှန်းပြောင်းလဲမှုမှာ မူရင်းနှင့် အလွန်ကွာခြားပြီး၊ ရန်ပုံငွေများကိုနာမည်ကြီး လူငယ်သရုပ်ဆောင်များအား ဖိတ်ကြားရာတွင်အသုံးပြုထားသောကြောင့် ရိုက်ကူးရေးရန်ပုံငွေများကြပ်တည်းစေသည်။ ထို့အပြင် လူငယ်သရုပ်ဆောင်များ၏စွမ်းဆောင်ရည်မှာ သိပ်မကောင်းသဖြင့် ရိုက်ကူးရေးကို များစွာ အဟန့်အတားဖြစ်စေသည်။
အတိုချုပ်ပြောရလျှင် တစ်ပတ်အတွင်းမှာပင် "ထန်မင်းဆက် ၏လျှို့ဝှက်အမှုတွဲ" မှာ ခိုင်မာသည့် ကြည့်ရှုမှုနှုန်း အချက်အ လက်များဖြင့် မေးခွန်းထုတ်စရာမလိုသော ခွန်အားအားသက် သေပြခဲ့သည်။ "ထန်မင်းဆက်၏ လျှို့ဝှက်အမှုတွဲ" ဇာတ် လမ်းတွဲ နာမည်ကြီးလာသည်နှင့်အမျှ ရိုက်ကူးခဲ့သည့် သရုပ် ဆောင်များလည်း နာမည်ကြီးလာသည်။ ဇာတ်ဝင်ခန်းနည်းနည်းလေးသာပါဝင်သည့် ရွမ်ရှောင်ထျန်းပင် နာမည်ကြီးလာခဲ့သည်။
ရွမ်ရှောင်ထျန်း၏နာမည်ကျော်ကြားမှုမှာ ယခုတစ်ကြိမ်တွင် အလွန်ထူးခြားသည်။ အစက ရွမ်ရှောင်ထျန်း ပရိသတ်များမှာ သူပါဝင်ထားသည့် ဇာတ်ကောင်အားရှာဖွေခဲ့ကြသော်လည်း မည်သည့်သရုပ်ဆောင်ကမျှ သူ့နှင့်တူသည်ကို မတွေ့ခဲ့ကြချေ။ အင်တာနက်၏ စွမ်းအားမှာ အလွန်ကြီးမားသောကြောင့်မကြာမီပင် တစ်စုံတစ်ဦးက မျက်နှာပုံ (screenshot) အား ပို့ပေးခဲ့ပြီး သရုပ်ဆောင်စာရင်းပုံကိုလည်း ရိုက်ကူးကာ ရွမ်ရှောင်ထျန်းမှာ တကယ်ပင် ရုပ်ပျက်ဆင်းပျက်ရှောင်ယန်အဖြစ် သရုပ် ဆောင်ခဲ့ကြောင်း သက်သေပြခဲ့သည်။
ထိုအကြောင်းအား ပြောရလျှင် မိတ်ကပ်ပညာရှင်အား ဂုဏ်ပြုသင့်သည်။ ရွမ်ရှောင်ထျန်း၏လှပသော မျက်နှာအား ပရိသတ်များပင် မှတ်မိနိုင်စွမ်းမရှိအောင်လုပ်နိုင်ခဲ့ခြင်းသည် တကယ်ကိုမလွယ်ကူသည့် ကိစ္စပင်။
ရွမ်ရှောင်ထျန်းအား တွေ့ရှိချိန်တွင် ပရိသတ်များမှာ မကျေနပ်မှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး၊ ရွမ်ရှောင်ထျန်းအား ယခုလိုဇာတ်ရုပ်မျိုးသရုပ်ဆောင်ခိုင်းခြင်းမှာ အရည်အချင်းများဖြုန်းတီးရာရောက်ကြောင်း ပြောခဲ့ကြသည်။ ကံကောင်းစွာဖြင့် ရွမ်ရှောင်ထျန်းမှာ မွေးရာပါလှပသောကြောင့် ထိုမျှအကြည့်ရဆိုး သော မိတ်ကပ်ဖြင့်ပင် စိတ်အနှောင့်အယှက်မဖြစ်စေသော စွဲမက်ဖွယ်ကောင်းသည့်အနေအထားကိုပေါ်လွင်စေခဲ့သည်။ ထို့နောက် Weibo တွင် #心不好阮恬# (စွဲမက်ဖွယ်ကောင်း သော ရွမ်ရှောင်ထျန်း) ဟူသည့်ခေါင်းစဉ်ဖြင့် အကြိမ်ကြိမ်ပြန်လည်ဖော်ပြခဲ့ကြသည်။
ရွမ်ရှောင်ထျန်း သရုပ်ဆောင်ခဲ့သည့် ရှောင်ယန်ဇာတ်ကောင်မှာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ပြီး တောင်းရမ်းစားသောက်ခဲ့ရပြီး ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်။ ကျေးဇူးရှင်တစ်ဦးက မွေးစားခဲ့ပေမဲ့ ကျေးဇူးရှင်မိသားစုကို ကြေကွဲဖွယ်သေဆုံးစေခဲ့သည်။ Ghost Phoenix အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင် သွားပြီး စမ်းသပ်ခံ ဘဝရောက်ခဲ့ပြန်သည်။ အတိုချုပ်ပြောရလျှင် ဒီဇာတ်ရုပ်ကို "ဇာတ်နာအနာဆုံး" ဆိုသည့် စကားလုံးဖြင့် တိကျစွာဖော်ပြနိုင်သည်။
ထို့အပြင် ရွမ်ရှောင်ထျန်းနှင့်ပတ်သက်၍ ထပ်မံ ပျံ့နှံ့ခဲ့သော အခြားခေါင်းစဉ်တစ်ခုမှာ #阮恬萧慕# ပင်ဖြစ်သည်။ ရွမ်ရှောင်ထျန်းပုံများကို လျှိချင် သရုပ်ဆောင်ခဲ့သည့် ရှောင်မုပုံများနှင့် စုပေါင်းလိုက်သောအခါ အင်တာနက်အသုံးပြုသူများက "နံပါတ်တစ် အလှပဂေး" ဘွဲ့အတွက် မည်သူက ပိုသင့်တော်သည်ကို အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့ကြသည်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးများအား ပြုစုစောင့်ရှောက်နေရခြင်းနှင့် အလုပ်များနေသောကြောင့် အင်တာနက်ပေါ်ရှိ ထို ကောလဟာလများကို ဂရုစိုက်ဖို့ အချိန်မရချေ။ ဒါပေမဲ့ ယန်လိနဲ့ ရှန်ဝမ်ကျင်းတို့ရဲ့ ကျေးဇူးကြောင့် ရွမ်ရှောင်ထျန်း ဘယ်ဆက်စပ်ခေါင်းစဉ်ကိုမှ လက်လွတ်မခံခဲ့ရပေ။
ရှန်ဝမ်ကျင်း ထိုအကြောင်းကို ပြောတိုင်း ရွမ်ရှောင်ထျန်း တတ်နိုင်သမျှ မြန်မြန် ပုန်းခိုရာကနေထွက်လာဖို့ အကြံပေးလေ့ရှိသည်။
ယန်လိမှာ ရွမ်ရှောင်ထျန်း၏နောက်ထပ်အလုပ်ကို ပိုစိတ်ဝင် စားသည်။ အစကတော့ ရွမ်ရှောင်ထျန်းဆက်ပြီး ဇာတ်လမ်းမရိုက်လျှင် ပရိသတ်တွေက သူ့အားမေ့သွားမည်ကို စိုးရိမ်ခဲ့သည်။ နောက်တော့ ရွမ်ရှောင်ထျန်း အေးဂျင့်မှာ ချန်ရှောင်းဝေမှန်းသိလိုက်မှသာ ယန်လိစိုးရိမ်မှုတွေ လုံးဝပျောက်ကွယ်သွားသည်။ ရွမ်ရှောင်ထျန်းအား ဒီထူးချွန်တဲ့အေးဂျင့်မှ သတိထားမိသည်ဆိုကတည်းက ရွမ်ရှောင်ထျန်းမှာ အရည်အချင်းနှင့် လုံလောက်သည့် အရင်းအမြစ်တွေ ရှိရမည်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းနည်းပါးသည်ကို စိုးရိမ်စရာမလိုတော့ပေ။
ဒီ "ထန်မင်းဆက်၏လျှို့ဝှက်အမှုတွဲ" ထဲမှာ ရွမ်ရှောင်ထျန်းသည် တကယ်ကို သူ့ရဲ့မူရင်းမျက်နှာနှင့်ပေါ်လာခဲ့သည်။ ဇာတ်ဝင်ခန်းမှာ စက္ကန့်အနည်းငယ်ပဲ ရှိပေမဲ့ ကင်မရာက သူ့မျက်နှာနဲ့ မီလီမီတာအနည်းငယ်အကွာအဝေးထိ အနီးကပ်ရိုက်ထားလို့ သူ့မျက်နှာပေါ်ရှိ မမြင်ရလုနီးပါး အမွေးနုများကိုပင် ရှင်းရှင်း လင်းလင်း ဖမ်းယူနိုင်ခဲ့သည်။ ထိုမျက်နှာမှာအပြစ်အနာအဆာမရှိဘဲ ပြီးပြည့်စုံသည့်အနုပညာလက်ရာတစ်ခုလို ဆွဲဆောင်မှုရှိသောအလှကို ဖော်ပြနေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုဗီဒီယိုအတိုလေးမှာ Weibo တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ လူပေါင်းများစွာသည် ရွမ်ရှောင်ထျန်း အလှကြောင့် အံ့အားသင့်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် လျှိုချင်ဘက်မှာတော့ လူအများ စိတ်ဝင်စားမှုလျော့ကျခဲ့သည်။
ရွမ်ရှောင်ထျန်း Weibo ပရိသတ်အရေအတွက်နှင့် နာမည်ကျော်ကြားမှုမှာ မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ရွမ်ရှောင်ထျန်း ချန်ရှောင်းဝေဆီမှ ဖုန်းလက်ခံရရှိသည့်အချိန်မှာ ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးနှင့်အတူ အပြင်ထွက်ဖို့ ကားမောင်းထွက်ရုံပဲသာရှိသေးသည်။ ကြောင်ပေါက်လေး အိမ်မှာပျင်းနေတာကြောင့် ရွမ်ရှောင်ထျန်း လေကောင်းလေသန့် ရှူဖို့ ထွက်လာခဲ့ရခြင်းပင်ဖြစ်သည်။ သို့သော် ရွမ်ရှောင်ထျန်းမှာ ကြောင်ပေါက်လေးနှင့် ကြိုတင်သဘောတူထားခဲ့ပြီး အပြင်ထွက်လျှင် ရွမ်ရှောင်ထျန်း၏ စကားအား သေချာနားထောင်ရမည်၊ သူ့လက်ထဲမှာပဲ နေရမည်၊ ပြေးလွှားလို့မရဘူးဟုပြောထားခဲ့သည်။
ကြောင်ပေါက်လေးအပြင်ထွက်သည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။ ပုံမှန်ဆို သူ့ပါပါးနှင့်အတူ ရပ်ကွက်ထဲလှည့်ပတ်လေ့ရှိသည်။ ထို့ကြောင့် ကြောင်ပေါက်လေး မြင်သမျှအရာအားလုံးမှာ ထူးဆန်းနေသည်ဟုခံစားရသည်။
ကားရပ်ကွက်ထဲမှ ထွက်သည်နှင့် ကြောင်ပေါက်လေးမှာ သူ့ခြေဖဝါးလေးများဖြင့် ကားပြတင်းပေါက်ကိုကုတ်ခြစ်ပြီး စူးစမ်းစွာ ကြည့်နေသည်။ သူ့ပါပါးမှ အပြင်မှာအန္တရာယ်များတယ်၊ တစ်ယောက်တည်း ထွက်လို့မရဘူးဟုပြောခဲ့သည်။ ပြီးနော် သူ့ပါပါးအား လူတော်တော်များများသိကြသဖြင့် သတိ ထားပြီး မသိအောင်နေရမည်ဟုလည်း ပြောထားခဲ့သည်။
ကြောင်ပေါက်လေး စိတ်ဝင်တစားကြည့်နေစဉ်၊ လမ်းဘေးတွင် လှပပြီးအရသာရှိသော ကိတ်မုန့်ဆိုင်တစ်ဆိုင်အားရုတ် တရက် တွေ့လိုက်ရသည်။ ပြတင်းပေါက်မှတစ်ဆင့် ကြောင်ပေါက်လေးမှာ ကိတ်မုန့်၏လှပသော အရောင်အသွေးကို မြင်နိုင်ပြီး၊ အရသာရှိသော ချိုမြိန်မှုကိုလည်း အနံ့ခံနိုင်သည်။
"မြောင်~" ကြောင်ပေါက်လေး မှန်ကို ခြေသည်းများဖြင့် ပုတ်ကာ ရွမ်ရှောင်ထျန်းအား ခေါ်လိုက်သည်။ ရွမ်ရှောင်ထျန်း သူ့အား သတိထားမိသည်ကို မြင်လိုက်ရသဖြင့် ကြောင်ပေါက်လေး ပြတင်းပေါက်ရှိ ကိတ်မုန့်ကိုလက်ညှိုးထိုးပြပြီး ရွမ်ရှောင်ထျန်းအား ကိတ်မုန့်စားချင်ကြောင်းပြောနေသည်။
ရွမ်ရှောင်ထျန်း ကောလိပ်တုန်းက ယာဉ်မောင်းလိုင်စင် စာမေး ပွဲအောင်ခဲ့သော်လည်း သူ ကားမောင်းခဲသည်။ ထို့ကြောင့် ရွမ်ရှောင်ထျန်း၏ ကျွမ်းကျင်မှုမှာမတည်ငြိမ်သေးပေ။ ရွမ်ရှောင်ထျန်း လမ်းတစ်လျှောက်လုံး အလွန်ဖြည်းညှင်းစွာမောင်းနှင်ခဲ့သဖြင့် လုံခြုံမှုရှိသလို ကြောင်ပေါက်လေးအတွက် ပြတင်း ပေါက်အပြင်ဘက်မြင်ကွင်းအား ဖြည်းဖြည်းချင်း ခံစားရန်လည်း အဆင်ပြေစေသည်။
ရွမ်ရှောင်ထျန်း ကမ္ဘာကို ပထမဆုံးရောက်လာတုန်းကလည်း အရာရာတိုင်းအား အသစ်အဆန်းလို့ ခံစားခဲ့ရသည်။ ဟုတ်ပါတယ်၊ ရွမ်ရှောင်ထျန်းကတော့ ကြောက်နေတုန်းပင်။
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေး လက်ညှိုးထိုးပြသည့် နေရာအား ကြည့်လိုက်သည်။ ချက်ချင်းပင် အရသာရှိသော ကိတ်မုန့်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ ပြောစရာမလိုတော့ပါဘူး၊ ရွမ်ရှောင်ထျန်းလည်း ကားရပ်ပြီး ကိတ်မုန့် အရသာခံစားဖို့ အသင့်ပြင်ထားသည်။
ထိုအချိန်တွင် ကိတ်မုန့်ဆိုင်မှာ လူရှင်းနေပြီး လူအများကြီး မရှိပေ။ ရွမ်ရှောင်ထျန်း ချင်လိပြောသည့်အတိုင်း ဦးထုပ်နှင့် နှာခေါင်းစည်းတပ်ပြီး ကြောင်ပေါက်လေးအား ရင်ခွင်ထဲ ပွေ့ချီကာ ကားပေါ်ကဆင်းပြီး ဆိုင်ထဲကို အတူတူဝင်သွားကြသည်။
ကြောင်ပေါက်လေးမှာ ပျော်ရွှင်သလိုထိတ်လန့်နေသည်။ ကြောင်ပေါက်လေးတစ်ကိုယ်လုံး ရွမ်ရှောင်ထျန်း ရင်ခွင်ထဲတွင် တင်းကျပ်စွာ ခွေနေပြီး၊ လှပသော မျက်လုံးတစ်စုံက အရသာရှိသော ကိတ်မုန့်ပေါ်တွင် စူးစိုက်နေသည်။ ကြောင်ပေါက်လေး ပါးစပ်မှာ အနည်းငယ်ဟနေပြီး၊ တံတွေးပင် ကျလုနီးပါး ဖြစ်နေသည်။
ရွမ်ရှောင်ထျန်း ညင်သာစွာစနောက်လိုက်သည်– "အငတ်လေး" ဟု ပြောရင်း ချန်ရှောင်းဝေဖုန်းအား ဖြေလိုက်သည်။
ချန်ရှောင်းဝေ ပြောသည့် အကြောင်းအရာမှာ ယခင်ကအတိုင်းပင်– "ရွမ်ရှောင်ထျန်း၊ ဒီမှာ မင်းအတွက် အထူးသင့်တော်တဲ့ ဇာတ်ညွှန်းတစ်ခုထပ်ရှိတယ် ဒီအခွင့်အရေးကို မင်း မဆုပ်ကိုင်ဘူးဆိုရင် နောင်တရလိမ့်မယ်နော်"
ရွမ်ရှောင်ထျန်း ကြောင်ပေါက်လေးအား ငုံ့ကြည့်လိုက်ကာ ချန်ရှောင်းဝေ၏ စေတနာအားနားလည်သည်။ သူမ ကောင်းသောဇာတ်ညွှန်းဟု ပြောသည်နှင့်အမျှ ကောင်းသောဇာတ်ညွှန်းဖြစ်ရမည်။
သို့သော်လည်း ကြောင်ပေါက်လေးအား ရွမ်ရှောင်ထျန်း၏ အဖော်အဖြစ်လိုအပ်နေဆဲပင်ဖြစ်သည်။ ရွမ်ရှောင်ထျန်း ခဏတာ ရုပ်ရှင်ရိုက်ကူးရန် မသွားနိုင်သေးပေ။ ကြောင်ပေါက်လေးအား မမြင်ရလျှင် ရွမ်ရှောင်ထျန်း အလွန် သတိရနေမည်။ ထို့ကြောင့် သိပ်မတွေဝေဘဲ ရွမ်ရှောင်ထျန်း ရှက်ရွံ့စွာ ငြင်းလိုက်သည်– "ဝေကျဲ၊ ကျွန်တော် ရုပ်ရှင်ရိုက်ဖို့ မသွားချင်သေးဘူး"
ချန်ရှောင်းဝေမှာ မတတ်သာတော့ပေ။ "ထန်မင်းဆက်၏ လျှို့ဝှက်အမှုတွဲ" သည် ရွမ်ရှောင်ထျန်း၏အဆုံးမရှိသော အလားအလာကို သူမအားမြင်စေခဲ့သည်။ သူမ ရွမ်ရှောင်ထျန်းအား မြှင့်တင်ရန်ဆုံးဖြတ်ထားပြီး အစီအစဉ်အရ ရွမ်ရှောင်ထျန်း တစ်နှစ်အတွင်း အခြေတကျဖြစ်ပြီး ဂုဏ်ထူးဆောင်ဘွဲ့များစွာကိုပင် ရရှိနိုင်မည်ဟု သူ အာမခံနိုင်သည်။ ထို့ကြောင့် ရွမ်ရှောင်ထျန်း ထိုမျှ ကောင်းမွန်သောအခွင့်အရေးအားဘာကြောင့် စွန့်လွှတ်ရသည်ကို တကယ်နားမလည်ခဲ့ပေ။ သူ ယုံကြည်မှုအပြည့်ရှိသော်လည်း ရွမ်ရှောင်ထျန်းမှာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိချေ။ ထိုအရာအား သူ မည်သို့ ဆောင်ရွက်နိုင်မည်နည်း။
ချန်ရှောင်းဝေ သက်ပြင်းချလိုက်ပြီး "ဒါဆို ဘယ်တော့မှ စချင်တာလဲ"
ရွမ်ရှောင်ထျန်းက "ကျွန်တော် စချင်တဲ့အခါ အစ်မကို ဖုန်းခေါ်လိုက်ပါ့မယ်" ဟု ပြောရင်း ကိတ်မုန့်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် ကိတ်မုန့်ဆိုင်၏ ထူးခြားချိုမြိန်သောရနံ့မှာ လေထဲတွင် ပြန့်လွင့်သွားသည်။ ရွမ်ရှောင်ထျန်း ထိုမျှကြီးမားသော သွေးဆောင်မှုကို မခံနိုင်တော့ပေ။ ရွမ်ရှောင်ထျန်း ချန်ရှောင်းဝေအား "ဝေကျဲ၊ ကိတ်မုန့်ဝယ်ချင်လို့ အရင် ဖုန်းချလိုက်တော့မယ်" ဟု ပြောလိုက်သည်။
ထို့နောက် ရွမ်ရှောင်ထျန်း ချန်ရှောင်းဝေပြန်မဖြေခင်မှာပင် ဖုန်းကို လျင်မြန်စွာချလိုက်သည်။
ချန်ရှောင်းဝေ– "..."
သူ ဘယ်လိုမျိုး အနုပညာရှင်နဲ့အလုပ်လုပ်နေမိတာလဲ ?
ကိတ်မုန့်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ရွမ်ရှောင်ထျန်းနှင့် ကြောင်ပေါက်လေး၏ မျက်လုံးများမှာ ချက်ချင်းတောက်ပလာသည်။ သေချာကြည့်မည်ဆိုလျှင် သူတို့မှာ လူတစ်ဦးတည်းကဲ့သို့ပင် တူညီနေသည်ကို တွေ့ရမည်။ ထို့နောက် ရွမ်ရှောင်ထျန်းနှင့် ကြောင်ပေါက်လေးတို့ ဘယ်မှညာသို့ ကြည့်ရှုကာ လမ်းတစ်လျှောက်တွင် အရောင်အသွေး စုံလင်ပြီး လှပသော ကိတ်မုန့်များစွာအား ရွေးချယ်ခဲ့ကြသည်။
သူတို့နှစ်ဦး မရပ်မနား ဆက်လက်ရွေးချယ်နေစဉ် မလှမ်းမ ကမ်းတွင် ထိုင်ကာကိတ်မုန့်စားနေသော ကျောင်းသူအချို့က ရွမ်ရှောင်ထျန်းအား ရုတ်တရက်သတိထားမိသွားကြသည်။
ဟွမ်ချမ့်မှာ အနီးအနားရှိ တက္ကသိုလ်မှကျောင်းသူတစ်ဦး ဖြစ်သည်။ နေ့လည်ဘက်တွင် သူမ အတန်းမရှိသဖြင့် သူငယ် ချင်းများနှင့် အတူတူအပြင်ထွက်၍ ကစားရန် ခေါ်ခဲ့သည်။ ကိတ်မုန့်ဆိုင်ကို ဖြတ်သွားသည့်အခါ လူတိုင်းက ဈေးဝယ်ခြင်းကြောင့် အနည်းငယ်ပင်ပန်းနေကြသဖြင့် အနားယူရန်နှင့် စွမ်းအင်ပြန်ဖြည့်ရန် ကိတ်မုန့်တစ်တုံး ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။
သူ လူတစ်ယောက်ဝင်လာသည်ကို တွေ့သောအခါ သိပ်ဂရုမစိုက်ခဲ့ပေ။ သူ့ အိုင်ဒေါအသစ်ဖြစ်သော ရွမ်ရှောင်ထျန်းကို သူငယ်ချင်းများအား တက်တက်ကြွကြွအကြံပြုနေဆဲပင်ဖြစ်သည်။
အိုင်ဒေါတစ်ဦးအား အကြံပြုရန် အထိရောက်ဆုံး နည်းလမ်းမှာ အိုင်ဒေါ၏ဓာတ်ပုံများနှင့် ချစ်စရာကောင်းမှုများကို ပြခြင်းပင်ဖြစ်သည်။ ဟွမ်ချမ့် အိုင်ဒေါကိုအကြံပြုဖူးသည်မှာ ဒါ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် သူမ ပြင်ဆင်ထား သည်။ ဟွမ်ချမ့် ရွမ်ရှောင်ထျန်း၏ဗီဒီယိုအတိုလေးနှင့် ဓာတ်ပုံအနည်းငယ်အား တမင်တကာထုတ်ပြလိုက်သည်။ သူမ ရွမ်ရှောင်ထျန်းအား အစွမ်းကုန် ချီးကျူးပြီး၊ သူ့အိုင်ဒေါမှာ အလွန်ချစ်စရာကောင်းကြောင်း၊ ပုံပန်းသဏ္ဌာန်ဖြင့် အသက် မွေးဝမ်းကျောင်းနိုင်သော်လည်း သူ့ပါရမီကိုသာ အားကိုးကြောင်းပြောသည်။
သူ့ အိုင်ဒေါအကြောင်း ချစ်စရာကောင်းသည့် အရာအားလုံးကို ပြောပြသည်။ အကြံပြုနေသော သူငယ်ချင်းကလည်း ရွမ်ရှောင်ထျန်းအား အလွန်စိတ်ဝင်စားသည်။ ဟွမ်ချမ့်သည် သူ့ ပါး စပ်ခြောက်သွေ့သည်အထိ ချီးကျူးခဲ့ပြီး၊ ရွမ်ရှောင်ထျန်းအပေါ် သူ့ ချစ်ခြင်းမေတ္တာမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်တော့ပေ။
ထိုအချိန်တွင် ရွမ်ရှောင်ထျန်း ဓာတ်ပုံများအား သဘောကျပြီး ဖုန်းကိုင်ထားဆဲ ဆံပင်တိုတိုနှင့် မိန်းကလေးသည် ဘေးမှာ ကိတ်မုန့်ရွေးနေသည့် လူငယ်လေးအားအံ့သြတကြီးဖြင့် မယုံကြည်နိုင်စွာ လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်– "အဲဒါ... အဲဒါ ရွမ်ရှောင်ထျန်းမှတ်လား ??"