no

Font
Theme

🔥 Chapter 20

“ထန်မင်းဆက် လျှို့ဝှက်အမှုတွဲ" ဟူသည့် အမည်အတိုင်း အမှုကိစ္စများကိုဖြေရှင်းရသည့် ဇာတ်လမ်းဖြစ်သည်။ အတိုချုံးပြောရလျှင် ဇာတ်ဆောင် မုရုန်ယာသည် မူလက သာ့လိဘုရားကျောင်း၏အငယ်တန်း အရာရှိတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက သာ့လိဘုရားကျောင်းအရာရှိ မုရုန်ခယ်မှ မွေးစားခဲ့ခြင်းဖြစ်သည်။ မုရုန်ခယ်သည် မရေမတွက်နိုင်သော လျှို့ ဝှက်ဆန်းကြယ်သည့် အမှုကိစ္စများ ဖြေရှင်းရာတွင် ကူညီခဲ့သော်လည်း တစ်ကြိမ်တွင် အမှုဖြေရှင်းနေစဉ် စွပ်စွဲခံရကာ မိသားစုပျက်စီးခဲ့ရသည်။ မုရုန်ယာ ကိုယ်တိုင်လည်း တရားရုံးမှ အလိုရှိသော တရားခံအဖြစ် ဆုကြေးများစွာပေးဆောင်ပြီး အသေရရ အရှင်ရရ ဖမ်းဆီးရန်အမိန့်ချမှတ်ခံရသည်။ နောက် ပိုင်းတွင် မုရုန်ယာသည် ရုန်ချောင်အဖြစ် အမည်ပြောင်းကာ အမှုအား အမှန်တကယ်ကျူးလွန်သူကိုဖမ်းဆီးနိုင်ရန် ဆက် လက်စုံစမ်းခဲ့သည်။ အမှုဖြေရှင်းစဉ်အတွင်း "ဖီးနစ်ဝိညာဉ်” အဖွဲ့၏လျှို့ဝှက်ဆန်းကြယ်မှုများ တစ်ခုပြီးတစ်ခုပေါ်ထွက်လာခဲ့ပြီး တော်ဝင်မိသားစုများ၏လျှို့ဝှက်ချက်များပါပါဝင်လာခဲ့သည်။ ထိုနောက် မုရုန်ယာသည် သူရဲကောင်းလုကျူး၊မိတ်ဆွေယန်ယီချန်တို့နှင့်လမ်းခရီးတွင် တွေ့ဆုံခဲ့ကာ နောက် ဆုံးတွင် သူ့အပေါ် စွပ်စွဲချက်များကို လွတ်မြောက်အောင် ဖြေရှင်းနိုင်ပြီး သူ၏ အပြစ်ကင်းစင်မှုကို သက်သေထူနိုင်ခဲ့သည်။

ရွမ်ထျန်းသရုပ်ဆောင်မည့် ရှောင်ယန်နေရာသည် ဖီးနစ်ဝိညာဉ် အဖွဲ့၏ အသုံးချခံနှင့်အဖွဲ့အောင်မြင်မှုအတွက် စတေးခံရသူဖြစ်သည်။ သူ ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးဆုံးပါးခဲ့ပြီး အားကိုးရာမဲ့ကာ တောင်းရမ်းစားသောက်ပြီး နေထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကျေးဇူးရှင်တစ်ဦးမှ မွေးစားခဲ့သော်လည်း ထိုမိသားစုကိုပါ အကြီးအကျယ်သေ ကြေပျက်စီးစေခဲ့ပြီး သူကိုယ်တိုင်လည်း " ဖီးနစ်ဝိညာဉ်” အဖွဲ့မှ အတင်း အဓမ္မ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ရှောင်ယန်မိခင်သည် " ဖီးနစ်ဝိညာဉ်” အဖွဲ့၏စမ်းသပ်ခံ ပစ္စည်းဖြစ်ခဲ့သည်။ သူ့ ဗိုက်ထဲရှိ သန္ဓေသားလောင်းကို အဖွဲ့မှ 'မိခင်' အဖြစ် ခေါ်ဆိုခဲ့ကြသည်။ ထိုစဉ်က သူမကို စောင့်ရှောက်ရန်တာဝန်ရှိသူမှာ သူမအား အချိန်ကြာမြင့်စွာချစ်ကြိုက်ခဲ့ပြီး ဒုက္ခရောက်နေ သည်ကို မကြည့်ရက်သဖြင့် ကယ်တင်ခဲ့သည်။ သို့သော် "ဖီးနစ်ဝိညာဉ်” အဖွဲ့၏လိုက်လံဖမ်းဆီးမှုကို ခံရပြီး သတ်ဖြတ်ခံခဲ့ရသည်။ ရှောင်ယန်၏ မိခင်မှာပုန်းရှောင်နိုင်ခဲ့ပြီး ကလေးမွေးဖွားပြီးနောက်ကွယ်လွန်ခဲ့သည်။ နောက်ပိုင်းတွင် "ဖီးနစ်ဝိညာဉ်” အဖွဲ့သည် ရှောင်ယန်အားနှစ်ပေါင်းများစွာ မနားတမ်း ရှာဖွေနေခဲ့သည်။

ရှောင်ယန် ပါဝင်သည့်ဇာတ်ကွက်မှာ နည်းပါးသော်လည်း ဇာတ်ကွက်တစ်ခုလုံး၏ အဓိကဇာတ်ကြောင်းနေရာကို ချုပ် ကိုင်ထားသည်။ သူ လုပ်ကွက်မပါဝင်လျှင် ဇာတ်လမ်း၏ အနှစ်သာရကိုမရရှိနိုင်ပေ။ သူသည် ဤဇာတ်ကားတစ်ခုလုံး ၏ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်ကောင်ဟုလည်း ဆိုလို့ရသည်။

သူ၏မွေးဖွားလာခြင်းသည် ဝမ်းနည်းဖွယ်ကောင်းလှပြီးကြီး ပြင်းပြီးနောက် အဆုံးသတ်တွင် ပိုကြေကွဲဖွယ်ရာအဆုံးသတ်ခဲ့သည်။

သူ့ရွေးချယ်မှုကြောင့် ရှန်းဝမ်ကျင်မကျေမနပ်ဖြစ်သွားပြီး

"ချင်လိက မင်းကို ကွမ်းယောင်ထဲတောင် ထည့်ပေးထားတာ သာမန်နေရာလောက်ပဲ ယူမယ်ဆိုတာမဖြစ်သင့်ဘူး”

"ငါတော့ ရှောင်ယန်နေရာက လုပ်ကွက်ရှိတယ်လို့ထင်တယ်”

ရွမ်ထျန်း ချိုက်ပင်းထံမှ တောင်းထားသော သကြားလုံးကို ဝါးနေရင်း ပြုံးပြီးပြောလိုက်သည်။

"ငါတော့ သူ့နေရာကို ကြိုက်တယ်”

“မင်းရဲ့အမြင်က တကယ်ထူးခြားတာပဲ"

ရှန်းဝမ်ကျင်သည် မယုံကြည်စွာ ခေါင်းကိုခါယမ်းလိုက်သည်။

ရွမ်ထျန်း ဆက်ပြောသည်။

"ပြီးတော့ ငါက အခုမှ သရုပ်ဆောင်စလုပ်တာဆိုတော့ အစကတည်းက အရေးကြီးတဲ့ဇာတ်ကောင်မျိုး သရုပ်မဆောင်တာ ပိုကောင်းတယ်၊ ငါ့ကြောင့်နဲ့ ဇာတ်လမ်းပျက်ဆီးသွားရင် ဘယ်လိုလုပ်မလဲ ?"

သူချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များကို သိရှိပြီးဖြစ်သည်။ အခြေအနေဆိုးရွားပါက စာချုပ်ဖောက်ဖျက်မှုအ တွက် လျော်ကြေးနှစ်ဆပေးဆောင်ရမည်ဟုပါရှိသည်။

“အမလေး၊ ဇာတ်လမ်းပျက်သွားရင်တောင် မင်းကို ဘယ်သူမှ မထိရဲဘူး၊ ချင်မိသားစုရဲ့ ဩဇာအာဏာဘယ်လောက်ကြီးတယ်ဆိုတာ မင်းမသိဘူးလား ? လျှိုချင်က ချင်လိနဲ့အတူ ဖျော်ဖြေရေးလောကကို လက်ဝါးကြီးအုပ်ထားတယ်၊ ချင်လိ စကားတစ်ခွန်းတည်းနဲ့ မင်း အဓိကအမျိုးသားဇာတ်ဆောင်တောင်ဖြစ်သွားနိုင်တယ်”

ထိုနာမည်ကို ထပ်ကြားတော့ ရွမ်ထျန်း မအံ့ဩပဲမနေနိုင်တော့ချေ။

"ငါ ချင်လိဆီက လျှိုချင်အကြောင်း တစ်ခါမှ မကြားဖူးဘူး ? သူ တကယ်ပဲ လျှိုချင်ကို ကြိုက်နေတာလား ?"

ချင်လိရဲ့လျှို့ဝှက်ချစ်သူက လျှိုချင်များလား ?

ရွမ်ထျန်း စိတ်ထဲတွင် ချင်လိ၏အချစ်ရေးအပေါ် စူးစမ်းလိုစိတ်များဖြစ်ပေါ်နေခဲ့သည်။

ရှန်းဝမ်ကျင်သည် တစ်နေရာမှ ခွေးမြီးပင်တစ်ပင်ကိုနှုတ်ယူ လာပြီး လက်ဖြင့်ဖဲ့ကာ ကစားနေရင်း မျက်လုံးများမှိတ်သည်အထိပြုံးလိုက်သည်။

"ဒီလောကမှာ စပွန်ဆာရဖို့ ခန္ဓာကိုယ်ကိုရောင်းရတာက ပုံမှန်ပဲ။ လျှိုချင်လို အချိုးအစားမျိုးကလည်း ယောင်္ကျားလေးတွေကြားမှာ အတော်ဆွဲဆောင်နိုင်တယ်လေ၊ ခန္ဓာကိုယ်နဲ့ အသက် မွေးဝမ်းကြောင်းပြုဖို့ သူ့အတွက် မခက်ခဲဘူး။ ချင်လိနဲ့ လျှိုချင် တို့ရဲ့ ဆက်ဆံရေးကို ငါမသိပေမယ့်... လျှိချင် နောက် ကွယ်မှာ ထောက်ပံ့ပေးနေတဲ့ သူတစ်ယောက်ယောက်မရှီပဲ ဖျော်ဖြေရေးလောကကိုကြီးစိုးထားနိုင်မှာ မဟုတ်ဘူး၊ သူ့စပွန်ဆာက ချင်လိလို့လည်း ပြောနေကြတယ်၊ လျှိုချင် လည်းမငြင်းသလို ချင်လိဘက်ကလည်း ဘာဖြေရှင်းချက်မှမပေးဘူး၊ ဒါပေမယ့် အမှန်တရားကို သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်၊ ဒါနဲ့ ငါ့မှာ နောက်ထပ် လူသိပ်မသိသေးတဲ့ လျှို့ဝှက်သတင်းတစ်ခုရှိတယ်”

သူ လျှို့ဝှက်ဟန်ပြုကာ ခပ်တိုးတိုးပြောလာသည်။

"မင်း အဲဒါကို သိချင်လား?"

ရွမ်ထျန်းသည် စိတ်ဝင်စားစွာ နားထောင်နေရာမှ ရှမ့်ဝမ်ကျင့် ၏စကားကြောင့် စူးစမ်းလိုစိတ်များ နိုးကြားလာကာ မြန်မြန်ပင် ခေါင်းကိုတစ်ဆက်ဆက်ညိတ်လျက်

"သိချင်တယ်၊ မြန်မြန်ပြောစမ်းပါ"

ရှန်းဝမ်ကျင်သည် ခွေးမြက်ပင်ကိုလွှင့်ပစ်လိုက်ပြီး သူ့လက်ဖ ဝါးကို ရွမ်ထျန်းဆီ ဆန့်ထုတ်ရင်းပြုံးကာပြောလိုက်သည်။

"သကြားလုံးနှစ်လုံးပေး၊ အဲဒါဆို ပြောပြမယ်”

"မရဘူး၊ ငါ အများကြီးမယူခဲ့ဘူး!"

ရွမ်ထျန်း အစားအစာကိုကာကွယ်လိုဟန်ဖြင့် သတိထားကာပြောလိုက်သည်။

ရှန်းဝမ်ကျင်သည် လက်ဖြင့် ကတ်ကြေးညှပ်နေဟန်လုပ်ပြလိုက်ပြီး လက်မခံနိုင်ကြောင်း ဖော်ပြလိုက်သည်။

ရွမ်ထျန်းမျက်နှာသည် ရှုပ်ထွေးစွာဖြင့် ရှုံ့မဲ့သွားသည်။ သူ့ဆီကသကြားလုံးတောင်းစားခြင်းသည် သူ့အသားကို လှီးဖြတ်နေသကဲ့သို့ ဖြစ်သည်။ သူ ချီတုံချတုံဖြင့် လက်သည်းများကို ကိုက်လျက် ရှန်းဝမ်ကျင်အား ဝါးစားလုမတက်ကြည့်လိုက်သည်။

"ရော့!"

ရွမ်ထျန်းသည် နောက်ဆုံးတွင် ချိုက်ပင်းထံမှ သကြားလုံးနှစ်လုံးကိုတောင်းယူကာ မျက်နှာဆူပုတ်လျက် ဒေါသတကြီးဖြင့် သူ့လက်ဖဝါးပေါ်သို့ ပစ်တင်ပေးလိုက်သည်။

ရှန်းဝမ်ကျင်သည် ရွမ်ထျန်းအားကြည့်ပြီး နှုတ်ခမ်းပေါ်မှ အပြုံးကို မဖုံးကွယ်နိုင်ခဲ့ပေ။ ရွမ်ထျန်း၏အကြည့်သည်အလွန် ဆွဲဆောင်မှုရှိနေသည်။ သူ သကြားလုံးကို ဖမ်းယူလိုက်ပြီး ရွမ်ထျန်းခေါင်းကိုပွတ်သပ်ပေးရန် ကိုယ်ကိုရှေ့သို့ကိုင်းလိုက်သည်။

ရွမ်ထျန်းသည် ဒေါသဖြင့် အမွေးများထောင်နေသောကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ ရှန်းဝမ်ကျင်ကို ချက်ချင်းဆိုသလို ဒေါသတကြီး စူးစိုက်ကြည့်လိုက်ပြီးပြောလိုက်သည်။

"ငါ့ဆံပင်ကို မထိနဲ့"

ရွမ်ထျန်းသည် သူ့အဖိုးတန်သကြားလုံးများကို တောင်းစားသောကြောင့် လက်တုံ့ပြန်ရန် ရှန်းဝမ်ကျင်း၏ဆံပင်ကို ဆွဲဖွကာ ရှုပ်ပွသွားအောင်လုပ်လိုက်သည်။

ရှန်းဝမ်ကျင်သည် သူ့ဆံပင်ကိုကာကွယ်ရင်း တောင်းပန်နေ သည်။

“မလုပ်ပါနဲ့ကွာ၊ တောင်းပန်ပါတယ်၊ ငါ့ ဆံပင်ကို လာမဖွစမ်းပါနဲ့၊ ငါ ဆံပင်သေချာပြင်လာတာ”

ဆံပင် ပုံပျက်သွားသည့်အတွက် ရှန်းဝမ်ကျင် စိတ်ထဲနာကျင်နေသည်။

ထိုမှသာ ရွမ်ထျန်းအနည်းငယ် ကျေနပ်သွားဟန်ရှိပြီး "မြန်မြန်ပြောစမ်းပါ" ဟု တိုက်တွန်းလိုက်သည်။

ချိုက်ပင်းသည် သူ့ပေါင်ပေါ်ရှိ မှတ်စုစာအုပ်လေးကို ဖွင့်ကာ ဆက်လက် ရေးသားခဲ့သည်။— နံနက် 12:10 မှာ ရှန်းဝမ်ကျင်က ရွမ်ထျန်းခေါင်းကို တစ်ကြိမ်ပွတ်သပ်လိုက်တယ်၊ ရွမ်ထျန်းကလည်း ရှန်းဝမ်ကျင်ခေါင်းကိုတစ်ကြိမ်ပွတ်သပ်လိုက်တယ်

ရှန်းဝမ်ကျင်သည် သူ့ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီး နို့သကြားလုံးကိုဖွင့်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

"အိုး၊ ဒီသကြားလုံးက အပြင်မှာ ပစ္စည်းမရှိဘူးမဟုတ်လား?အခုတော့ ချင်မိသားစုရဲ့သီးသန့် နို့သကြားလုံးကို စားဖူးသွားပြီ၊ တကယ်အရသာရှိတာပဲ၊ မင်း ဒါကို တစ်နေ့လုံး ရတနာတစ်ခုလိုသယ်ထားတာ အံ့သြစရာတော့ မရှိဘူးပဲ၊ဒါနဲ့ ငါ့ပြောမယ့်သတင်းကလုံးဝတိကျတယ်၊ ချင်လိ လျှိုချင် အိမ်ကို ခဏခဏ သွားနေတာ တစ်ယောက်ယောက်မြင်ခဲ့တယ်တဲ့"

ရွမ်ထျန်းသည် ကျော်ကြားမှုမရှိသလို ကျောထောက်နောက်ခံလည်းမရှိသဖြင့် လူအများက သူ့အား အလှပြသရုပ်ဆောင်တစ်ယောက်အဖြစ်သာ သဘောထားကြသည်။သူရိုက်ကူးရမယ့် အပိုင်းများကို သီးသန့်အချိန်မပေးပဲ နေ့ရွေ့ ညရွေ့ လုပ်နေတက်သည်။ သို့ဖြစ်ရာ သူ ရိုက်ကူးရေးတွင် အဆင် သင့်ရှိနေရင် လိုအပ်သည်။ ကံကောင်းသည်မှာ သူ့တွင် အလုပ်မရှိသဖြင့် ဤနေရာတွင် လာရောက်ထိုင်ကာ အနားယူပြီးစိတ်ဝင် စားဖွယ် ရိုက်ကွက်များကို ကြည့်ရှုရန်အချိန်ရှိနေသည်။

ကြောင်ပေါက်လေးကို ကိုယ်ဝန်ဆောင်နေသောကြောင့် မကြာသေးမီက သူ့စားချင်စိတ်များ ပြောင်းလဲသွားသည်။ ယခင်က အချိုများသာ အမြဲစားနေခဲ့သော်လည်း ယခုအခါ အနည်းငယ် ပျို့အန်လာပြီး ချဉ်သောအစားအစာများကိုလည်း ပိုနှစ်သက်လာသည်။ ဇီးသီး၊ ချဉ်သောအသီး အနှံများနှင့် အချဉ်အရသာရှိသော သကြားလုံးများ အစရှိသည်တို့ကို စားချင်စိတ်ဖြစ်နေသည်။

ချင်လိသည် ရွမ်ထျန်း အချဉ်အရသာရှိသော အစားအသောက်များကို ချဉ်ခြင်းတက်နေမှန်း သိရချိန်တွင် ထိုအရသာပါသော စားစရာများကို စုဆောင်းကာ သူ့ထံ လူလွှတ်ပြီး ရွေးချယ်ခွင့်ပေးသည်။ထိုအထဲမှ သူနှစ်သက်သော အစားအစာများကို အရေအတွက်ပိုတိုးကာ ပို့ဆောင်ခဲ့ပြီး သူမနှစ်သက်သော အစားအစာများ ပို့ဆောင်ခြင်းကိုတော့ ရပ်တန့်လိုက်သည်။

ချိုက်ပင်းသည် သူ့ကိုယ်သူ ကလေးထိန်းတစ်ယောက်လို ခံစားရသည်။ သူ့အလုပ်သည် ရွမ်ထျန်းကို ဂရုစိုက်ပြီး မည်သည့်အချိန်တွင်မဆို ရွမ်ထျန်းအတွက် အရသာရှိသော အစားအစာများ ယူဆောင်ပေးရန် လိုအပ်သည်။

ယခု ရိုက်ကူးနေသော အကြောင်းအရာသည် ရှေးခေတ်ဇာတ် လမ်းတစ်ပုဒ်ဖြစ်ရာ နောက်ပိုင်းတွင် ဟန်တျန်း၌ ရိုက်ကူးသွားမည်ဖြစ်သည်။ ရွမ်ထျန်းတွင် ဇာတ်ကွက် များများစားစား မရှိလှပဲ ဟန်တျန်းရိုက်ကူးမှုပြီးသည်နှင့် သူ့အပိုင်းမှာ ပြီးဆုံးသွားမည်ဖြစ်သည်။

(T/N - ဟန်တျန်းသည် တရုတ်နိုင်ငံ Zhejiang ပြည်နယ်တွင်တည်ရှိပြီ ရှေးခေတ် အပြင်အဆင်များတစ်စုတစ်ဝေးတည်း ရှိနေသော နာမည်ကျော်ရုပ်ရှင်ရိုက်ကွင်းတစ်ခုဖြစ်သည်)

ရွမ်ပိုင်ထျန်းနှင့်ဟူရှစ်တို့သည် ရွမ်ထျန်း အိမ်မှ ဟန်တျန်းသို့ သွားရောက်ရန် မထွက်ခွာမီ အလွန်စိုးရိမ်နေခဲ့ကြသည်။ရွမ်ထျန်းသည် ပေဂျင်းတွင် တက္ကသိုလ်တက်ခဲ့သော်လည်း ထိုကဲ့သို့သော ဒေသများသို့ တစ်ယောက်တည်း မည်သည့်အခါမှ မသွားရောက်ဖူးပေ။ ရွမ်ပိုင်ထျန်းနှင့် ဟူရှစ်တို့သည် သားဖြစ်သူအား ဂရုစိုက်ရန်နှင့် ကိစ္စတစ်ခုခုရှိလျှင် မည်သည့်အချိန်မဆို တတွတ်တွတ်မှာကြားနေခဲ့သည်။

သို့သော် ရွမ်ထျန်းအား လိုက်ပို့သောနေ့တွင် ၎င်းတို့၏စိုးရိမ်မှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။

ရှန်းဝမ်ကျင်သည်လည်း ထိုဇာတ်လမ်းတွင် ဧည့်သည်သရုပ် ဆောင်တစ်ယောက်ဖြစ်ပြီး ၎င်း၏ အခန်း ကဏ္ဍသည် ရွမ်ထျန်း နှင့် ဆင်တူသည်။ သူ့ဇာတ်ကွက်သည်လည်း ဟန်တျန်း တွင် ရိုက်ကူးရမည့်အပိုင်း ပါဝင်သောကြောင့် နှစ်ယောက်သား ဟန်တျန်းရိုက်ကွင်းသို့ အတူတူထွက်ခွာလာခဲ့ကြသည်။ရွမ်ထျန်းနှင့်အတူ လက်ထောက် ချိုက်ပင်းလည်း အတူလိုက်ပါလာသည်။

ရွမ်ထျန်းသည် ဟန်တျန်းတွင် ဇာတ်ကားရိုက်ကူးစဉ်တွင် လျှိုချင် နှင့် မလွှဲမရှောင်သာ ထိပ်တိုက်ဆုံခဲ့ကြသည်။

ရှန်းဝမ်ကျင်သည် လျှိုချင်ထက် ရွမ်ထျန်းသာ တတိယမြောက် အမျိုးသားဇာတ်ကောင်နေရာတွင် ပိုသင့်တော်သည်ဟုပြောခဲ့ပြီး ထိုစကားသည် ရိုက်ကူးရေးတစ်ဖွဲ့လုံးကို ပျံ့နှံ့သွားသည်။ လူတိုင်းသည် ရွမ်ထျန်းသာဆို အလှလေးရှောင်းမုနေရာတွင် သဘာဝကျကျ သရုပ်ဆောင်နိုင်လောက်မည်ဟု သုံးသပ်နေကြသည်။ သူ ရုပ်ရည်နှင့်ဆို မိတ်ကပ်မလိမ်း စကားမပြောပဲ ဒီတိုင်းရပ်နေလျှင်တောင် ပရိသတ်များကိုအံ့အားသင့်စေမည်မှာ သေချာသည်။

ထို့အပြင် အရှေ့ပိုင်းတွင် ရွမ်ထျန်း၏သရုပ်ဆောင်စွမ်းရည်ကို လူတိုင်းမြင်တွေ့ခဲ့သည်။ ရွမ်ထျန်းသည် တူညီသောအမှားများကို ဘယ်တော့မှ ထပ်လုပ်လေ့မရှိပဲ သင်လွယ်တက်လွယ်ကာ သင်ယူနိုင်စွမ်း အလွန်မြင့်မားသည်။ အစပိုင်းတွင် အနည်းငယ် အခက်အခဲရှိသော်လည်း ရက် အနည်းငယ်ကြာ ပြီးနောက်တွင် သူ၏သရုပ်ဆောင်စွမ်းရည်သည် သရုပ်ဆောင်သင်တန်းကျောင်းများမှ သရုပ်ဆောင်များစွာထက်ပင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။

လျှိုချင် သည် ထိုသတင်းများကိုကြားသောအခါမကျေမနပ်ဖြစ်နေခဲ့သည်။ ယခုမှ ဤနယ်ပယ်ထဲ ဝင်ရောက်လာသော လူသစ်နှင့်နှိုင်းယှဉ်ခံရသည်ကို မည်သူ နှစ်သက်မည်နည်း?

သူသည် ရှောင်ယန်နေရာတွင် ရိုက်ကူးနေရသော ရွမ်ထျန်းကို အကြိမ်ကြိမ် နည်းလမ်းရှာကာ အနှောက်အယှက်ပေးခဲ့သည်။ ရွမ်ထျန်းသည် သူ့အား မည်သူ့ကိုမှ အလွယ်တကူ အနိုင်ကျင့်ခွင့်ပေးတက်သူ မဟုတ်လေရာ လျှိုချင်၏ပစ်မှတ်များသည် အမှန်တကယ် ထိရောက်ခြင်းမရှိခဲ့ပေ။

လျှိုချင်သည် စိတ်ပျက်လက်ပျက်ဖြစ်ပြီး အလွန်ဒေါသထွက်နေခဲ့သော်လည်း ရွမ်ထျန်းမှာမူ လုံးဝအလေးအနက်မထားခဲ့ပဲ ဇီးသီးခြောက်များကို စားရင်း ရှန်းဝမ်ကျင်အား ပြောလိုက်သည်။

"ချင်လိက အမြင်မရှိဘူးပဲ၊ သူ လျှိုချင်ကို ဘာကြည့်ပြီး ကြိုက်တာလဲ?”

ရှန်းဝမ်ကျင်သည် ရွမ်ထျန်းထံမှ ဇီးသီးခြောက် ယူစားလိုက်သော်လည်း ချဉ်စူးစူးအရသာက သူမျက်နှာကြွက်သားများကို တုန်ခါသွားစေပြီး ရေနှစ်ခွက်သောက်ကာ အချဉ်ဓာတ်ကို ဖြေဖျောက်လိုက်ပြီးနောက် ရွမ်ထျန်းအား မေးလိုက်သည်။

“အမြင်မရှိတာ မင်း မဟုတ်ဘူးလား? လျှိုချင်ကို မကောင်းဘူးလို့ မင်း ထင်နေတာမဟုတ်လား?”

"မဟုတ်ဘူး၊ ငါ သူ့အကြောင်း စုံစမ်းပြီးပြီ၊ သူက ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းပြီး စိတ်ကြီးဝင်နေတာ၊ ရည်မှန်းချက်ကြီး ပေမယ့် အရည်အချင်းမရှိဘူး၊ မနာလိုစိတ်အရမ်းများပြီး လူတွေကို လှည့်စားဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေသုံးတတ်တယ်"

ရွမ်ထျန်း ခေါင်းကိုစောင်းကာ လေးလေးနက်နက် ပြောလိုက်သည်။

ရှန်းဝမ်ကျင် ပြုံးရယ်ရင်း ပြောလာသည်။

"ဒါဆို ဒီကာလအတွင်း မင်းက သူ့အကြောင်း စုံစမ်းနေခဲ့တာလား?"

"အင်း..."

ရွမ်ထျန်း မျက်မှောင်ကြုတ်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“ချင်လိက ငါ့အပေါ်ကောင်းကောင်းဆက်ဆံပေးတယ်လေ၊ ဒီတော့ ငါ သူနဲ့ပတ်သတ်တဲ့ကိစ္စတွေကို သေချာစောင့်ကြည့်ရမှာပေါ့”

"ဒါဆို ဘာဆက်လုပ်မလဲ?"

ရှန်းဝမ်ကျင် စိတ်ဝင်တစားနှင့် မေးလာသည်။

"မင်း ဘာလုပ်ချင်လဲ?"

ရွမ်ထျန်း မေးစေ့ကိုပွတ်သပ်ရင်း နက်နဲစွာတွေးလိုက်သည်။

"မသိသေးဘူး၊ ဘယ်ပဲဖြစ်ဖြစ် ချင်လိကို သူနဲ့သဘောမတူဘူး”

လျှိုချင်က သူ့ကို ဒီလောက်မုန်းနေတာ နောင် သူ ချင်လိနဲ့အတူရှိပြီး ချင်လိပါ သူ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မလဲ ?

ချင်လိ အမုန်းကို သူ မခံနိုင်ပေ။

ရွမ်ထျန်း စဉ်းစားနေချိန် ချင်လိထံမှဖုန်းဝင်လာသည်။ ရွမ်ထျန်းသည် သူ့အတွေးများကို ချင်လိ မှန်းဆမိသွားလေသလားဟုတွေးကာ အပြစ်ရှိသလိုခံစားလိုက်ရသည်။

ချင်လိအနေဖြင့် ဖုန်းထဲမှတစ်ဆင့် ရွမ်ထျန်း အတွေးများကို သိနိုင်မည်မဟုတ်ပေ။

"မင်း ရိုက်ကူးရေးပြီးသွားပြီလား?"

"အင်း"

ရွမ်ထျန်း မလုံမလဲဖြင့် ပြန်ဖြေလိုက်သည်။

"ငါ ဟန်တျန်းကို ရောက်နေတယ်၊ မင်း ငါရှိမယ့်နေရာကို လာခဲ့”

ရွမ်ထျန်း ပိုလို့ပင်စိတ်လှုပ်ရှားသွားပြီး ဇဝေဇဝါဖြင့်ပြောလိုက်သည်။

“အမ်...မင်းက ဘာလို့ ဟန်တျန်းကို ရောက်နေတာလဲ?”

"ငါ နေရာပို့ပေးလိုက်မယ်"

ချင်လိ သူ့တည်နေရာကို ရွမ်ထျန်းအား ပြောလိုက်သည်။

ရွမ်ထျန်း ခေါင်းထဲတွင် ရုတ်တရက် မီးပွင့်ထွက်သွားသလို ခံစားလိုက်ရပြီး “ မင်း ဒီကိုလာလာတာ လျှိုချင်နဲ့ ဆိုင်လား?”

"လျှိုချင်?"

ချင်လိ ခဏအံ့အားသင့်သွားပြီး "မင်း သူ့နဲ့ တွေ့ပြီးပြီလား?"

"အင်း..."

ချင်လိ ငြင်းဆန်မရှိသည်ကို မြင်လိုက်ရသောအခါ ရွမ်ထျန်းစိတ်ထဲ ချက်ချင်းဆိုသလိုတင်းမာသွားသည်။

"ငါ အခုလာခဲ့မယ်!"

ရွမ်ထျန်း မြန်မြန်ပြောပြီး ဖုန်းချလိုက်သည်။

သူ ဖုန်းချလိုက်ပြီးနောက် ချင်လိထံသို့ အပြေးတပိုင်းထွက်လာခဲ့သည်။ ရှေ့ပိုင်းတွင်ချင်လိအပေါ် မကောင်းသောအတွေးအမြင်များ ရှိနေခဲ့သော ရွမ်းထျန်းသည် သူ၏ပါးကိုဖောင်း ကားလျက် ခိုင်မာသောဆုံးဖြတ်ချက်များကို မျက်လုံးထဲတွင် ဖော်ထုတ်ကာ လက်သီးဆုပ်လျက် မိမိကိုယ်ကို အားပေးအားမြှောက်ပြုလိုက်သည်။

လုပ်ထား၊ ရွမ်ရှောင်ထျန်း၊ မင်း လုပ်နိုင်တယ်၊ မင်း ဒီကိစ္စကို သေချာပေါက် အောင်မြင်အောင်လုပ်နိုင်တယ်!

"ရွမ်ထျန်း မင်း မိတ်ကပ်တွေ မဖျက်ရသေးဘူး..."

ရှန်းဝမ်ကျင်သည် ရွမ်ထျန်း ပြေးထွက်သွားသည်ကို အံ့ဩတကြီး ကြည့်နေခဲ့ပြီးမှ မိတ်ကပ်မဖျက်ထား ကြောင်း သတိရကာ အော်ပြောလိုက်သည်။

ချင်လိသည် အပြင်လူများ သတိထားလာကြမည်ကို မလိုလားသဖြင့် ဟန်တျန်းသို့ တိတ်တဆိတ်ရောက်လာခဲ့ပြီး သီးသန့်အ၀တ်လဲခန်းတစ်ခုတွင် ရွမ်ထျန်းအားစောင့်ဆိုင်းနေခဲ့သည်။ရွမ်ထျန်း ၏လက်ရှိအနေအထားအရ သီးသန့်အဝတ်လဲခန်း ရှိမနေခြင်းမှာ ပုံမှန်ဖြစ်သည်။ ချင်လိသည် အဝတ်လဲခန်းပတ် ပတ်လည်ကို လှည့်ပတ်ကြည့်ရှုရင်း ရွမ်ထျန်းရောက်ရှိလာမည်ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေခဲ့သည်။

ချင်လိသည် မူလက ရွမ်ထျန်း ပြန်လာမှတွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း ရက်ပိုင်းမျှ မတွေ့ဖြစ်သည့်နောက်တွင် သူ သည်းမခံနိုင်တော့ဘဲ ဤနေရာသို့လိုက်လာခြင်းဖြစ်သည်။

သို့သော် ဤအတွင်းရေးများကို ရွမ်ထျန်းသိအောင် သူလုံးဝမပြောပြခဲ့ပေ။

ချင်လိသည် ဖုန်းချပြီး မကြာမီ တံခါးအား ညင်သာစွာတွန်းဖွင့်လိုက်သံကို ကြားလိုက်ရသည်။ သူ လှည့်မကြည့်ဘဲ ခါးကို ဆန့်တန်းစွာထိုင်လိုက်ပြီး မှန်ထဲမှ တဆင့်တံခါးပွင့်လာကာ ရွမ်ထျန်းဝင်လာပုံကို တွေ့လိုက်ရသည်။

ရွမ်ထျန်းသည် ယခုမှ သူပါဝင်သည့်အပိုင်းကို သရုပ်ဆောင်ပြီးခါစဖြစ်၍ မိတ်ကပ်ဖျက်ပြီး အဝတ် အစားလဲရန် အချိန်မရသေးပေ။ သူသည် ဇာတ်လမ်းထဲက ရှောင်ယန်ဇာတ်ကောင်အတိုင်း ရှေးခေတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းဆောင်းကိုလည်း မချွတ်ရသေးပဲဝတ်ဆင်ထားဆဲဖြစ်ပြီး ပျော့ပျောင်း သောအနက်ရောင် ဆံပင်ရှည်ကြီးမှာ ပခုံးပေါ် သဘာဝကျကျ ပြန့်ကျဲနေသည်။ ဇာတ်လမ်းထဲမှ ရှောင်ယန်သည် မျက်နှာအရေပြား ပျက်ဆီးနေသူဖြစ်ရာ ဇာတ်ကောင်နှင့် ကိုက်ညီစေရန် မိတ်ကပ်ပညာရှင်မှ ရွမ်ထျန်း၏အသားအရောင်ကို ဖောင်ဒေးရှင်းအသုံးပြုကာ တမင် မည်းနည်အောင် ပြုလုပ်ပေးထားပြီး ညာဘက်ပါးပြင်တွင် ကြောက်မက်ဖွယ် အမာရွတ်ကြီးတစ်ခုကိုလည်း ဖန်တီးပေးထားသည်။

ချင်လိသည် ရွမ်ထျန်းအား မှန်၏ရှင်းလင်းသောရှုထောင့်မှတဆင့် ဂရုတစိုက် ကြည့်လိုက်သည်။ ထိုကဲ့သို့ မိတ်ကပ်မျိုးနှင့်ပင် ရွမ်ထျန်း၏ထူးခြားသော ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ရန် ခဲယဉ်းနေဆဲဖြစ်သည်။

ချစ်ဖို့ကောင်းလိုက်တာ...

သူ အရမ်းချစ်ဖို့ကောင်းတာပဲ...

ချင်လိ စိတ်ထဲတွင် တိတ်တဆိတ်ရေရွတ်နေမိသည်။

ရွမ်ထျန်းသည် ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်ပြီး ပန်းနုရောင် လျှာဖျားလေးကို ထုတ်ကာ လက်နှစ်ဖက်မြောက်လိုက်ပြီး လက်ချောင်းလေးများကို ကွေးထားလိုက်သည်။ ထို့နောက် ခြေဖနောင့်လေးကိုကြွကာ ချင်လိဘက်သို့ မန်ဖီနေသောပုံစံဖြင့်ဝင်လာသည်ကို သူ မြင်လိုက်ရသည်။

"..."

ချင်လိ နားမလည်သော အမူအရာဖြင့် လှည့်ကြည့်လာသည်။

ရွမ်ထျန်းသည် မျက်နှာအမူအရာမျိုးစုံသရုပ်ပြကာ ချင်လိထံ သို့ ချဉ်းကပ်လာသည်။ သူ့မျက်လုံးများသည် အလင်းတန်းများဖြန့်ကျက်ထားသကဲ့သို့ စူးရှတောက်ပနေသည်။ ထို့နောက် ရွမ်ထျန်း သည် သူ့လျှာကိုပြန်သိမ်းလိုက်ပြီး လက်ကိုချကာ တောက်ပသောမျက်လုံးများဖြင့် မေးလာသည်။

"အဟမ်း...မင်း သိပ်ကြောက်သွားတယ်မဟုတ်လား?”

ချင်လိ ခေါင်းမော့လာကာ ရွမ်ထျန်း၏ မျက်လုံးထောင့်အနီးရှိ လှပသော မှဲ့နက်လေးကို အာရုံစိုက်ကြည့်ကာ သူ့မျက်လုံးများ နီရဲလာပြီး သူ၏နူးညံသော နှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်နေမိသည်။

ကြောက်စရာမကောင်းဘူး၊ မင်းပုံစံက အရမ်းချစ်ဖို့ကောင်းနေတာ...

"အင်း၊ ငါ သေလုနီးပါး ကြောက်သွားတယ်”

ချင်လိ ရွမ်ထျန်းကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။

စာရေးသူမှာ ပြောစရာရှိတယ်။

Q : ဘယ်သူက အချောဆုံးလဲ ?

ချင်လိ : ရွမ်ရှောင်ထျန်း

မေး- ရွမ်ရှောင်ထျန်းထက် ဘယ်သူ ပိုချစ်စရာကောင်းလဲ ?

ချင်လိ : ရွမ်ရှောင်ထျန်းပဲ

ရွမ်ရှောင်ထျန်းသည်သာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ▼___,▼

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment