no

Font
Theme

🔥 Chapter 10

အတွင်းရေးမှူးမှာ အလွန်တိကျသေချာပြီး ကွမ်းယောင်မီဒီယာနှင့် ကော်ဖန့်တို့၏အချက်အလက်များကို လျင်မြန်စွာ စီစဉ်ပေးကာ ချင်လိအားပေးအပ်ခဲ့သည်။

ချင်လိသည် အချက်အလက်များကို ကြည့်ရှုပြီးနောက် ကွမ်းယောင်မီဒီယာသည် အကျိုးအမြတ် ရရှိနေသော်လည်း မရှင်း လင်းသော၊ မမှန်ကန်သော စာရင်းများစွာရှိနေကြောင်းတွေ့ရှိခဲ့ရ၏။ ဤစာရင်းများရှိ ငွေကြေးပမာဏများမှာများပြားသော် လည်း မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကိုမသိရပေ။ ထို့အပြင် ရွေးချယ်မှုမမှန်ကန်သော ရင်းနှီးမြှုပ်နှံမှုများစွာရှိနေသေးသည်။ ဥပမာအားဖြင့် ကွမ်းယောင်မှရင်းနှီးမြှုပ်နှံခဲ့သော ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။ ဤရုပ်သံဇာတ်လမ်းတွဲကို ကော်ဖန့်မှရွေးချယ်ထားခြင်းဖြစ်ပြီး အမျိုးသားဇာတ်ဆောင်သည် အတွေ့အကြုံမရှိသော လူသစ်တစ်ဦးဖြစ်နေပြန်သည်။

ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသသည်နှင့် ၎င်းမှာ မရေမတွက်နိုင်သော ဝေဖန်မှုများကိုရရှိခဲ့သည်။ အမျိုးသားဇာတ် ဆောင်သစ်သည် မျက်နှာသေဖြင့် ပြပွဲတစ်လျှောက်လုံးတွင် အမူအရာတစ်မျိုးတည်းသာရှိကာ ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ကြောင်းမှာ ချဲ့ကားလိမ်ညာထားသဖြင့် အရှက်ရစေခဲ့သည်ဟုဆိုသည်။

အလားတူရင်းနှီးမြှုပ်နှံမှုများမှာလည်း မနည်းပေ။ ဤရင်းနှီး မြှုပ်နှံမှုများ အားလုံးသည် အမျိုးသားဇာတ်ဆောင်ကိုပြင်း ပြင်းထန်ထန် ထောက်ပံ့ပေးထားပြီး အမျိုးသားဇာတ်ဆောင် ၏အမျိုးအစားမှာလည်း အလွန်ပင်ကိုက်ညီမှုရှိ၏။ ခါးသွယ်လျ၊ ခြေတံရှည်၊ အသားအရေဖြူဖွေးပြီး ရုပ်ရည်ကောင်းမွန်သူများသာဖြစ်ကြသည်။

ကော်ဖန့်သည် ကွမ်းယောင်မီဒီယာ၏သြဇာလွှမ်းမိုးမှုကိုအား ကိုးကာ ဖျော်ဖြေရေးလုပ်ငန်းတွင် လျှိဝှက်စည်းမျဉ်းများနှင့် ကစားတတ်သော ဝါရင့်တစ်ဦးလည်းဖြစ်သည်။ သူ့နှင့် အိပ်ခဲ့သော ကျား-မ အရေအတွက်မှာ လက်နှစ်ဖက်ဖြင့် မရေမတွက်နိုင်အောင်ပင်များပြားလှသည်။ သူသည် လက်ထပ်ပြီးသူဖြစ်ပြီး သူ့ဇနီးသည်မှ သားတစ်ဦးနှင့် သမီးတစ်ဦးကိုမွေးဖွားပေးခဲ့သည်။ သူ့ အိမ်တွင် အလံနီလွှင့်ထူကာ အပြင်ဘက်တွင် ရောင် စုံအလံများလွှင့်ထူနေသော ပုံမှန်ဥပမာတစ်ခုဟုဆိုနိုင်ပေသည်။

ချင်လိသည် ဤကဲ့သို့သော လူမျိုးများကိုအလွန် စက်ဆုပ်ရွံရှာပြီး ၎င်းတို့မှာ ညစ်ပတ်ပြီးစက်ဆုပ်ဖွယ်ကောင်းသည်ဟုပင် ခံစားရသည်။ ဤကုမ္ပဏီကို သူ့ဒုတိယဦးလေး စီမံခန့်ခွဲနေခြင်းဖြစ်၍ သူ ဝင်ရောက်စွက်ဖက်မည်မဟုတ်သော်လည်း ကော်ဖန့်သည် မျက်ကန်းတစ္ဆေမကြောက်ဘဲ သူ့အားနီးကပ်စွာ ဆက်ဆံရန် အတင်းအကြပ်တောင်းဆိုခဲ့သည်။

ချင်လိသည် သစ်သားစားပွဲကို ပေါ့ပါးစွာခေါက်လိုက်ပြီး မျက်မှောင် အနည်းငယ်ကြုတ်ကာစဉ်းစားနေခဲ့သည်။ ဤကိစ္စတွင် သူ ဝင်ရောက်စွက်ဖက်ပါက သူ့ဒုတိယဦးလေးကို ပုဂ္ဂိုလ်ရေးအရထိခိုက်စေမည်ပင်။

ချင်လိသည် ဖခင်ဖြစ်သူကားမတော်တဆမှုနှင့် ပတ်သက်၍ အမြဲတစေ မကျေမနပ် ဖြစ်နေခဲ့သော်လည်း နောက်ကွယ်မှ လူကိုရှာဖွေရန် သက်သေအထောက်အထား ရှာမတွေ့ခဲ့ပေ။ ထိုသည်မှာ သူ့ဒုတိယဦးလေးကိုစမ်းသပ်ရန် ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။

ချင်လိ အတွင်းရေးမှူးအားခေါ်ကာ ဒါရိုက်တာဘုတ်အဖွဲ့၏ နာမည်ဖြင့် ကော်ဖန့်အား ရာထူးမှထုတ်ပယ်ကြောင်း‌စာရေးဆွဲရန်ညွှန်ကြားခဲ့သည်။ သူ့ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ကိုယ်ကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုများသည် ကုမ္ပဏီ၏ အကျိုးစီးပွားကို ကြီးမားစွာထိခိုက်စေခဲ့ပြီး အစပိုင်းတွင် ချုပ်ဆိုခဲ့သော စာချုပ်စည်းကမ်းများကိုချိုးဖောက်ခဲ့သဖြင့် အထွေ ထွေမန်နေဂျာ ရာထူးမှရပ်ဆိုင်းခဲ့သည်။

ကော်ဖန့်သည် ရာထူးမှထုတ်ပယ်ကြောင်း စာကို လက်ခံရရှိသောအခါ အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။ သူသည် ၎င်းကို အကြိမ်ကြိမ်ကြည့်ရှုပြီး ရုံးချုပ်၏တံဆိပ်နှင့် ချင်လိ၏ လက်မှတ်ပါဝင်ခြင်း ရှိ၊ မရှိစစ်ဆေးခဲ့သည်။ သူ စက္ကန့်အနည်းငယ်ကြာ ရှုပ်ထွေးနေခဲ့ပြီး

“သူဌေးရှန့် ဘာဖြစ်တာလဲ၊ ကျွန်တော် ကုမ္ပဏီအတွက် ကြိုးကြိုးစားစားလုပ်ခဲ့တာပဲ ဒါပေမဲ့ကုမ္ပဏီက ကျွန်တော့်ရဲ့ကြင် နာမှုကိုဂရုမစိုက်ဘူး ဘာလို့ ကျွန်တော့်ကိုထုတ်ပယ်ချင်ရတာလဲ” ကော်ဖန့်သည် ချင်ရှန့်ထံသို့ သွားရောက်ကာတိုင်ကြားငိုယိုခဲ့၏။

ချင်ရှန့်၏ ရုံးခန်းပြတင်းပေါက်ရှေ့တွင် လှပသောငှက်လှောင် အိမ်တစ်ခု ချိတ်ဆွဲထားသည်။ သူသည် ငှက်နှင့် ကစားနေရင်း ဂရုမစိုက်စွာဖြင့် “မင်းကို ငါ အရင်တည်းက သတိပေးခဲ့သားပဲ ၊ ချင်လိက ငယ်ပေမယ့် ကိုင်တွယ်ရမလွယ်ဘူး အထူးသဖြင့် ငါ့အဖေက ချင်လိကိုယုံကြည်နေတယ်၊ သူ့ရဲ့ရာထူးထုတ်ပယ်စာကို ဒါရိုက်တာဘုတ်အဖွဲ့ကအတည်ပြုတာမရှိသေးတြ့အတွက် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး၊ ဒါပေမယ့် ငါ့အဖေက ချင်လိဘက်မှာဆိုတော့ ဒါရိုက်တာဘုတ်အဖွဲ့ထိုင် သည်ဖြစ်စေ၊ မထိုင်သည်ဖြစ်စေ အရေးမကြီးဘူး” ဟု ပြောလိုက်သည်။

ကော်ဖန့် ထိတ်လန့်တကြားဖြင့် “ရှန့်သူဌေး၊ အဲဒါ အမှန် မဟုတ်ပါဘူး၊ ခင်ဗျား ခွေးကိုရိုက်တဲ့အခါ သခင်ကိုကြည့်ရမယ်လေ၊ ကျွန်တော် ခင်ဗျားအတွက် အလုပ်လုပ်ပေးနေတာလေ၊ သူဌေးချင်က ခင်ဗျားကိုကျော်ပြီး ကျွန်တော့်ကိုရာထူးထုတ်ပယ်စာပေးလို့ မရဘူးမလား ? ဒါ ခင်ဗျားကို သိသိသာသာ အရှက်ရအောင်လုပ်လိုက်တာပဲ…”

“ဘန်း!”

ချင်ရှန့်မှ နေ့လည်စာဘူးကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။ သူ ကော်ဖန့်ကို စိုက်ကြည့်ကာ မှောင်မဲနေသောအမူအရာဖြင့်

“ပြော၊ ဒီအချက်အလက်တွေထဲက ဘယ်ဟာ မှားလဲ ၊ မင်း ငါ့ကို မင်းအတွက် ပြောပေးစေချင်ရင် အကြောင်းပြချက်ပေးရမယ်၊ အများပိုင်ငွေကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်တာ၊ အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်တာ၊ အမျိုးသားကြယ်တစ်ပွင့်ကို ထိန်းသိမ်းထားတာ၊ ဘယ်ဟာ မှားလဲ၊ ဘယ်ဟာ မတရားခံရတာလဲ ?”

ကော်ဖန့်စိတ်ထဲတွင် ရှုပ်ထွေးနေပြီး သူ တုန်တုန်ယင်ယင်ဖြင့် “ဒါပေမဲ့… ဒါပေမဲ့ ကျွန်တော် ခင်ဗျားအတွက် အလုပ်လုပ်ပေးနေတာ…”

“တော်တော့” ချင်ရှန့်သည် သူ့ စကားမဆုံးမီ ဖြတ်ပြောလိုက်သည်။

“ကော်ဖန့်၊ မင်း လုပ်ငန်းခွင်မှာ ဒီလောက်ကြာအောင်လုပ်လာတာ၊ ဘာကပြောသင့်တယ် ဘာကမပြောသင့်လဲဆိုတာ မင်း သိသင့်တယ်။ ငါ မင်းကို အထွေထွေမန်နေဂျာရာထူးပေးခဲ့တာ၊ မင်း ပိုက်ဆံအများကြီးရခဲ့မှာပဲ မဟုတ်လား ? ငါ မင်းကို ဘယ်တုန်းကမှ မတရားဆက်ဆံခဲ့တာ မရှိဘူး။”

“မစ္စတာ ရှန့်…”

“ဒီကိစ္စကို ငါ ဘာမှလုပ်မပေးနိုင်ဘူး၊ မင်းမှာ အရည်အချင်းရှိရင် ချင်လိကို သွားရှာ” ချင်ရှန့်သည် သူ့ကို နှုတ်ဆက်သည့် အမူအရာဖြင့် “ငါ တခြားလုပ်စရာရှိသေးတယ်၊ မင်း သွားတော့” ဟု စိတ်တိုစွာပြောလိုက်သည်။

ကော်ဖန့်မျက်နှာသည် အလွန်ရုပ်ဆိုးနေသည်။ သူ ပါးစပ်ဖွင့်ကာ တစ်ခုခုပြောလိုသော်လည်း ရပ်တန့်သွားသည်။ ချင်ရှန့်တွင် သူ့အတွက်နေရာမရှိတော့သည်ကိုမြင်သဖြင့် သူသည် သွားများကို ကြိတ်ကာထွက်ခွာသွားရတော့သည်။ သူ ထွက်သွားသည်နှင့် ချင်ရှန့်သည် စားပွဲပေါ်ရှိဟွမ်ဟွားလီသစ်သားဘောပင်ထည့်ဘူးကို ရုတ်တရက်မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။

“ချင်လိ!” ချင်ရှန့်သည် မှောင်မိုက်သောမျက်နှာဖြင့် သွားများကိုကြိတ်ကာရေရွတ်လိုက်သည်။

ရွမ်ရှောင်ထျန်းသည် ကော်ဖန့်၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ သူ့မိခင်မှ နာရီပေါင်းများစွာပြုတ်ထားသော အာဟာရဓာတ်မြင့်မားသည်ဟု ဆိုသော ကြက်မည်းဟင်းချိုကိုအတင်းအကျပ်တိုက်ခံနေရသည်။ ကြက်မည်းသည် မည်း နက်နေပြီး ဆေးဖက်ဝင်ပစ္စည်းများလည်း ထည့်ထားသဖြင့် အနံ့ဆန်းများရနေသည်။ ရွမ်ရှောင်ထျန်းသည် သူ့နှာခေါင်းကို ဖိထားကာ မသောက်ဘဲငြင်းဆန်ခဲ့သည်။ ဖုန်းမြည်သံကို ကြားသောအခါ အရေးကြီးသော ဖုန်းခေါ်ဆိုမှုတစ်ခုကိုဖြေရမည်ဟု ဆိုကာ သူ့မိခင် လက်မှ ခေတ္တထွက်ပြေးခဲ့သည်။

“ဟယ်လို” သူသည် ဖုန်းခေါ်ဆိုသူကိုပင် မကြည့်ဘဲ ဖုန်းကို တန်းဖြေလိုက်ရာ သူ့လေသံမှာ အလွန်ပျော်ရွှင်နေဆဲပင်။

ကော်ဖန့်၏ကြမ်းတမ်းသော အသံထွက်ပေါ်လာပြီး မြှောက်ပင့်သောလေသံဖြင့် “ရွမ်ရှောင်ထျန်း၊ မဟုတ်ဘူး၊ မစ္စတာရွမ်၊ ကျွန်တော့်ကို မှတ်မိသေးလား ?”

ရွမ်ရှောင်ထျန်း၏ နှုတ်ခမ်းထောင့် ကွေးညွှတ်မှုမှာ ရုတ်တ ရက် တည့်မတ်သွားရသည်။ သူ နှုတ်ခမ်းဆူကာ မပျော်မရွှင်ဖြင့် “ကျွန်တော် နောင်တမရသလို၊ လျှိဝှက်စည်းမျဉ်းတွေကိုလည်း ဘယ်တော့မှလက်မခံဘူး!”

“ဪ၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော့်အမှားပါ၊ ခင်ဗျားကရက်ရောပါတယ်၊ `လျှို့ဝှက်စည်းမျဉ်းကိစ္စ' ကျွန်တော် မနှောက်ယှက်ပါဘူး၊ ကျွန်တော် လေလည်လိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ ခင်ဗျားကို ကြည့်ပါဦး၊ ဘာလို့ စောစောကမပြောတာလဲ၊ ဒီရေကြီးမှုက နဂါးမင်းဘုရားကျောင်းကို ဖျက်စီးသွားပြီ၊ မိသားစုဝင်တွေက ကိုယ့်မိသားစုဝင် ဘယ်လူလဲဆိုတာကိုမမှတ်မိကြတော့ဘူးလေ” ကော်ဖန့် တဖန်မြှောက် ပင့်ပြောဆိုလိုက်သည်။

သူ့သဘောထားမှာ နှစ်ရက်အကြာက ရွမ်ရှောင်ထျန်းနှင့် တွေ့ ဆုံစဉ်ကနှင့်လုံးဝကွာခြားနေသည်။

ရွမ်ရှောင်ထျန်း “ဘယ်သူက မင်းရဲ့မိသားစုလဲ”

ကော်ဖန့် ပြုံးကာ “မင်း၊ မသိဘူးလား ? ကွမ်းယောင်က ချင်အုပ်စုအောက်က ကုမ္ပဏီတစ်ခုပဲ၊ မင်းနဲ့ သူဌေးချင်က အတန်းဖော်တွေ၊ သူငယ်ချင်းတွေဆိုတော့ မင်းက ကွမ်းယောင်နဲ့အတူ တူပဲလေ ငါတို့မိသားစုဝင်ပေါ့။ မင်းသာ စောစောကပြောခဲ့ရင် ဒီလို ကိစ္စတွေဖြစ်ပါ့မလား။ ငါ မင်းကို မျက်နှာပေးရမှာပေါ့”

“အိုး၊ မင်း ငါ့ကို တောင်းပန်နေတာလား ?”

“ဟုတ်တယ်၊ ဟုတ်တယ်၊ မင်း ငါ့ကို ခွင့်လွှတ်ရမယ်…”

“ငါ မင်းကို ခွင့်လွှတ်တယ်” ရွမ်ရှောင်ထျန်းက သူ စကားမဆုံးမီ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“ဒါဆို ဖုန်းချလိုက်တော့မယ်”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ခဏလေး စောင့်ပါဦး” ကော်ဖန့်က ထိတ်လန့်တကြားဖြင့် “ကျွန်တော် မင်းကို တခြားအကူအညီ တောင်းချင်တာရှိသေးတယ်၊ မင်း ကျွန်တော့်ကို ကယ်ရမယ်၊ မဟုတ်ရင် ကျွန်တော့်မိသားစုအသက်မရှင်နိုင်တော့ဘူး!”

ရွမ်ရှောင်ထျန်း နှုတ်ခမ်းဆူကာ “ပြောပါ”

လျှိဝှက်စည်းမျဉ်းများကြောင့် သူ ကော်ဖန့်ကို တကယ်မကူညီချင်ပေ။ ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် သူ ပေါ့ပေါ့ပါးပါးနား ထောင်လိုက်ရုံသာ။

ကော်ဖန့်၏ ရွမ်ရှောင်ထျန်းအား တောင်းဆိုမှုမှာ သူ ရာထူးမှ ထုတ်ပယ်ခံရခြင်းနှင့် သက်ဆိုင်နေသည်။ သူ ဤကိစ္စမှာ ရွမ်ရှောင်ထျန်းနှင့် သက်ဆိုင်ကြောင်းသိရှိခဲ့ပြီး ချက်ချင်းပင် ရွမ်ရှောင်ထျန်းအား ဖုန်းခေါ်ကာ ကောင်းသောစကားများပြောပြီး အကျိုးကျေးဇူးများပေးရန်၊ သူဌေးချင်အား သူ့ကောင်းကြောင်းများပြောဆိုပေးရန်ဆန္ဒရှိခဲ့သည်။

ရွမ်ရှောင်ထျန်းသည် အဆုံးအထိ နားမထောင်ဘဲ ငြင်းဆန်လိုက်ပြီး “မင်း မှားတာ သေချာနေတာပဲ၊ ဘယ်လိုလုပ် ချင်လိက ငါ့အတွက် မင်းကိုရာထူးကထုတ်ပယ်နိုင်မှာလဲ၊ မဖြစ်နိုင်ဘူး! ငါ့ကို ရှာမယ့်အစားတခြားအကြောင်းပြချက်တွေ စဉ်း စားတာပိုကောင်းမယ်၊ မင်း မသိဘူးလား၊ ငါနဲ့ ချင်လိရဲ့ ဆက် ဆံရေးက အဲဒီလောက်မကောင်းဘူး” ဟု နှိမ့်ချစွာနှင့်လေးနက် စွာပြောလိုက်သည်။

ကော်ဖန့်မယုံကြည်ဘဲ ရွမ်ရှောင်ထျန်းအား ဆက်လက်တောင်းပန်ဖို့ဖိအားပေးခဲ့သည်။ သူသည် ကောင်းသော စကားများအားလုံးကို ပြောဆိုခဲ့ပြီး ပါးစပ်ခြောက်သွေ့နေသော်လည်း ရွမ်ရှောင်ထျန်းက ဤကိစ္စသည် သူ့နှင့် မသက်ဆိုင်နိုင်ကြောင်း ဆက်လက် ငြင်းဆန်နေခဲ့သည်။

သူသည် ပြတ်ပြတ်သားသားပြောဆိုခဲ့ပြီး ကော်ဖန့်အားအ လေးအနက် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

ကော်ဖန့်သည် ခေါင်းကိုက်လာပြီး နောက်ဆုံးတွင် ဆက်လက်နားထောင်နိုင်တော့ခြင်းမရှိသဖြင့် စိတ်ပျက်စွာဖြင့် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ရသည်။

ရွမ်ရှောင်ထျန်းသည် ဖုန်းကိုကိုင်ထားရင်း ရှုပ်ထွေးနေဆဲပင်။ သူ အမှန်အတိုင်းပြောနေသည်မှာ ရှင်းနေပါလျက် ကော်ဖန့် အဘယ်ကြောင့် မယုံကြည်ရသနည်း။

သူနှင့် ချင်လိ ဆက်ဆံရေးမှာ သာမန်ပင်ဖြစ်သည်၊ ချင်လိ အဘယ်ကြောင့် သူ့အတွက် ကော်ဖန့်ကို ရာထူးမှထုတ်ပယ်ရမည်နည်း ? လုံးဝ မဖြစ်နိုင်ပေ။

ချင်လိသည် ငတုံးမဟုတ်ပေ။

ရွမ်ရှောင်ထျန်း ဘုရား၊ဘုရားဟု ရေရွတ်နေစဉ် သူ့မိခင်မှ သူ့ကိုပြန်ဆွဲခေါ်သွားပြီး ကြက်မည်းဟင်းချိုတစ်ပန်းကန်ကို သူ့အားပေးခဲ့သည်။

“မြန်မြန်သောက်၊ ဒါ မင်းရဲ့ခန္ဓာကိုယ်ကို အာဟာရဖြစ်အောင် အထူးလုပ်ထားတာ၊ မကုန်မချင်း ဘယ်မှသွားလို့မရဘူး” ဟူရှစ်မှ တိုက်ရိုက်အမိန့်ပေးခဲ့သည်။

ရွမ်ရှောင်ထျန်း မျက်နှာပျက်သွားသည်။ ဒီဆေးကို နောက်ဆုံးတော့ သောက်ရမှာပဲဆိုတာကြိုသိခဲ့ရင် ကော်ဖုန်းကို အချိန်ဆွဲပြီး စကားတွေ အများကြီးပြောနေမည် မဟုတ်ဘူးဟုဆိုကာ စိတ်တိုနေခဲ့သည်။

ဤကာလအတွင်း သူ့မိခင်အပြင် ချင်လိသည်လည်း မကြာ ခဏ သူ့အား အစားအစာများပို့ပေးခဲ့သည်။ ရွမ်ရှောင်ထျန်း၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရန်ဆင်ခြေပေးကာ လူနှစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့် ယခု ပိုမိုအာဟာရဖြည့်တင်းရမည်ဟု ပြောခဲ့၏။

ချင်လိသည် ရွမ်ရှောင်ထျန်း အကြိုက်ဆုံးအစားအစာများကိုပုံမှန်ဆိုသလိုပို့ပေးခဲ့ပြီး စားဖိုမှူးအား နည်းအမျိုးမျိုးဖြင့်ချက် ပြုတ်စေခဲ့သည်။ ၎င်းသည် ရွမ်ရှောင်ထျန်း စားလိုသော အမျိုးမျိုးသော အစားအစာများကို လေ့လာရန်အတွက်သာ ဖြစ်ပြီး ရွမ်ရှောင်ထျန်း စားလိုရုံသာမက အာဟာရပြည့်ဝကာ ခန္ဓာကိုယ်ကို မထိခိုက်စေရန်လည်းဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် အစားအစာများကို ပျော်ရွှင်စွာ စားသုံးတိုင်း ၎င်းသည် ကံဆိုးခြင်းထဲမှ ကံကောင်းခြင်း ဖြစ်သည်ဟု ရိုးသားစွာ သက်ပြင်းချမိသည်။ ကြောင်ပေါက်လေး မရှိပါက ချင်လိသည် သူ့ကို ဤမျှကောင်းမည် မဟုတ်သည်မှာ သေချာနေသည်။ နောက်ဆုံးတွင် သူသည် ကြောင်ပေါက်လေးကြောင့် အကျိုးခံစားရခြင်းပင်။

လူများသည် ကလေးများကို အလွန်နှစ်သက်သည်ဟု သူကြား သိရပြီး ဤသည်မှာ အမှန်ပင် မှန်ကန်နေသည်။

သူတို့သည် အထူးသဖြင့် ယောက်ျားလေးများကို အလွန်ချစ်ကြ၏။ ယောက်ျားလေး မမွေးမချင်း ဆက်လက်မွေးဖွားကြသည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကိစ္စများလည်းရှိသည်။ မိသားစုတွင် ယောက်ျားလေးမရှိပါက သူတို့သည် အပယ်ခံရပြီး အနိုင်ကျင့်ခံရမည် ဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် သူ၏ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။ ဤအရာကို တွေးမိတိုင်း လူများသည်အလွန်ကြောက်စရာ ကောင်းသည်ဟု သူ ခံစားရသည်။ သူ၏ကြောင် မိသားစုသည် မိန်းကလေးကြောင်ပေါက်များကို ဘယ်တော့မှ ခွဲခြားဆက်ဆံမည် မဟုတ်ဘဲ ပိုမိုချစ်ခင်မြတ်နိုးမည်သာ။

ဤသည်မှာ မိန်းကလေးကြောင်ပေါက်တစ်ကောင် ဖြစ်ပါက မည်သူမဆို အနိုင်ကျင့်ရဲလျှင် ရွမ်ရှောင်ထျန်းသည် ထိုသူနှင့် သေသည်အထိ တိုက်ခိုက်လိမ့်မည်။

သူ တွေးနေရင်း သွားများကိုထုတ်ပြလိုက်ရာ သူ့သွားများ၏ ထက်ရှသော ထိပ်ဖျားမှအေးစက်သော အလင်းပြန်ဟပ်နေ သည်။

ရွမ်ရှောင်ထျန်းနှင့် ယန်လိတို့ သူငယ်ချင်းများအဖြစ် သိပြီးနောက် ရှစ်ရက်မြောက်နေ့တွင် သူ ရုတ်တရက် ယန်လိထံမှ မက်ဆေ့ချ်တစ်စောင် ရရှိခဲ့သည်။

ယန်လိ- ရွမ်ရှောင်ထျန်း၊ Weibo ကို သွားကြည့်ပါဦး၊ မင်း နာမည်ကြီးသွားပြီ!!!

အောက်တွင် စခရင်ရှော့နှစ်ခုလည်းပါဝင်နေပြီး တစ်ခုမှာ ရေပန်းစားသော ရှာဖွေမှုစာရင်းနှင့် #လှပသောမျက်နှာနှင့် ကောင်လေး # ခေါင်းစဉ်ပါရှိပြီး နောက်တစ်ခုမှာ ထိုနေ့က ရိုက်ကူးထားသော ရွမ်ရှောင်ထျန်း၏ဓာတ်ပုံဖြစ်သည်။

ရွမ်ရှောင်ထျန်း ရှုပ်ထွေးသွားပြီး “ကျွန်တော်က ဘာလို့နာမည် ကြီးသွားတာလဲ”

ယန်လိ- Weibo သွားကြည့်လိုက်ပါ။ ဒါနဲ့ မင်းရဲ့ Weibo အကောင့်နံပါတ်ကို ပို့ပေးဦး၊ အင်တာနက်အသုံးပြုသူတွေအ တွက် လမ်းညွှန်ပေးနိုင်အောင်လို့။

ရွမ်ရှောင်ထျန်း- ကျွန်တော့်မှာ Weibo မရှိဘူး။

ယန်လိ- မင်း မဒေါင်းရသေးဘူးလား။ ဘေးနားမှာ ဘယ်သူရှိလဲ၊ ဖုန်းတစ်လုံးလောက် ငှားပေးပါဦး ဘာလို့ Weibo မဒေါင်းထားတာလဲ မကြာခင် လိုအပ်လာမှာပဲကို

ရွမ်ရှောင်ထျန်းသည် ဖုန်းစခရင်မှ မျက်လုံးများကို ခွာလိုက်ပြီး ကလေးတွန်းလှည်းကို ဂရုတစိုက် ရွေးချယ်နေသော ချင်လိဘက်သို့ လှည့်လိုက်သည်။

“မင်းဖုန်းမှာ Weibo ရှိလား” ရွမ်ရှောင်ထျန်းမှ ချင်လိကို တို့လိုက်သည်။

ချင်လိသည် ဘာကြောင့်မှန်း မမေးဘဲ သူ့ဖုန်းကိုထုတ်ကာ ရွမ်ရှောင်ထျန်းအား ပေးလိုက်သည်။

ရွမ်ရှောင်ထျန်းသည် ဖုန်းကိုယူကာ Weibo ကို ဖွင့်လိုက်သည်။ သူ ချင်လိကို မျက်စိထောင့်ကပ်ကြည့်လိုက်၏။ ဒီနေ့ ဘာလို့ ကလေးပစ္စည်းတွေရွေးဖို့ ထွက်လာရတာလဲဆိုတာကို သူ လုံးဝ နားမလည်နိုင်ပေ။

ကြောင်တစ်ကောင်ကိုယ်ဝန်ရှိရန် အနည်းဆုံး တစ်နှစ်ကြာမြင့်သည်။ သူသည် နှစ်လကျော်သာကိုယ်ဝန်ရှိသေးသဖြင့် ကြောင်ပေါက်လေးများမွေးဖို့ အချိန်အကြာကြီး လိုနေသေးသည်။

ချင်လိ ဘာလို့ ဒီလောက်စိုးရိမ်နေမှန်း မသိပေ။ သူ ကလေးတွေကို ဒီလောက်ချစ်ပြီး သူတို့ကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူးလား ??

သို့သော် ချင်လိက သူ့ကို ပိုက်ဆံပေးမည်ဟု ကတိပေးထားသဖြင့် ရွမ်ရှောင်ထျန်း ဂရုမစိုက်ပေ။ သူ ထွက်လာတုန်း လမ်း ကြုံအပန်းဖြေနိုင်ပြီး ဤနေရာရှိ ကုန်ပစ္စည်းများ၏စျေးနှုန်းများကိုလည်း တိတ်တဆိတ်ကြည့်ရှုခဲ့သည်။ ချင်လိ နှစ်သက်သော ကလေးတွန်းလှည်းသည် ယွမ်သောင်းချီတန်ဖိုးရှိရာ ရွမ်ရှောင်ထျန်း အံ့အားသင့်သွားပြီး ထိပင် မထိရဲတော့ပေ။ ပျက် စီးသွားပါက လျော်ကြေးပေးရန်ပိုက်ဆံမရှိဘဲ သူ့ကိုယ်သူ ချင်လိအား ရောင်းစားရတော့မည်ဖြစ်သည်။

ရွမ်ရှောင်ထျန်းသည် Weibo သို့ ဝင်ရောက်ပြီး မကြာမီ ယန်လိမှ ပို့ပေးထားသော ခေါင်းစဉ်ကို တွေ့ရှိခဲ့သည်။ ထို့နောက် သူ နှိပ်ဝင်ကြည့်လိုက်ရာ သူ့ဓာတ်ပုံကို အံ့အားသင့်စရာမရှိဘဲတွေ့ရှိခဲ့သည်။

ဖလစ်တာများသုံးထားခြင်း မရှိသည့်တိုင် မျက်နှာသည် တောက်ပနေပုံရပြီး လျစ်လျူရှုရန် ခက်ခဲစေသည်။

ရွမ်ရှောင်ထျန်းသည် သူ၏လှပသော မျက်နှာကို ကိုယ့်ကိုယ်ကိုယ်ချီးကျူးနေပြီး အချိန်အတော်ကြာသက်ပြင်းချပြီးမှ ပုံကို ပြန်ဖွင့်ကာ ကောမန့်များကိုဆက်လက်ဖတ်ရှုခဲ့သည်။

တိတိလေး၏ပရိသတ် မိန်းကလေး- ကျွန်မ ကောင်လေးရဲ့လှတဲ့ မျက်နှာကို နေ့တိုင်းမြင်ရဖို့ တောင်းဆိုပါတယ်၊ ဓာတ်ပုံတစ်ပုံတည်းနဲ့ စခရင်ကိုလျှာနဲ့ လျက်ရတာ မဝဘူး!!!

တိတိလေး၏အမာခံပရိသတ်များ- ကောင်လေးက အရမ်းလှတာပဲ၊ ဒီလောက်လှတဲ့ ကောင်လေး တကယ်ရှိတာလား ? ဒီလောက်ချစ်စရာကောင်းတာ၊ သူ့ကို ငါ့ဘဝထဲ ခေါ်သွင်းလိုက်ချင်တယ်။

တိတိလေး၏ဇနီး- ထိုညက ကျွန်မခင်ပွန်းသည် ရုတ်တရက် ကြမ်းတမ်းလာပြီး ပုံမှန်မဟုတ်ဘဲ ရန်လိုလာခဲ့သည်။ ကျွန်မ ငိုယိုတောင်းပန်ခဲ့သော်လည်း သူက ကျွန်မကို ရင်ခွင်ထဲထည့်ထားပြီး ကျလာသော မျက်ရည်များကို နမ်းလိုက်ပြီး စိတ်မချလက်မချဖြင့် “ကလေးလေး၊ မင်း ငါ့ကို ချစ်လား” ဟု မေးခဲ့သည်။ ကျွန်မ သူ့၏နတ်ဆိုးဆန်ဆန်မျက်နှာကို ကြည့်လိုက်ပြီး မမောမပန်း ပြန်ဖြေလိုက်သည်။ “ကောင်လေး၊ ကျွန်မ ရှင့်ကို သေချာပေါက် ချစ်ပါတယ်”

ဤဇာတ်လမ်း၏အစက ရွမ်ရှောင်ထျန်းကို ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးစကားလုံးအထိ ဂရုတစိုက်ဖတ်ခဲ့သော ရွမ်ရှောင် ထျန်းတွင် ဤအမူအရာတစ်ခုတည်းသာကျန်တော့သည်-

Σ(° △°|||)︴

စာရေးသူ၏ ပြဇာတ်တို

ချင်လိ- မင်း ယောက်ျားလေးမမွေးရင် ခွဲခြားဆက်ဆံခံရမယ်လို့ ဘယ်သူက ပြောတာလဲ ?

ရွမ်ရှောင်ထျန်း- ရုပ်သံဇာတ်လမ်းတွဲ

ချင်လိ- ဘယ်ရုပ်သံဇာတ်လမ်းတွဲလဲ ??

ရွမ်ရှောင်ထျန်း- အင်း… အနောက်ဆောင်တိုက်ပွဲလေ (ယောက်ျားလေး မွေးနိုင်သူများသာ ဘဝတွင် အောင်မြင်သူများ ဖြစ်နိုင်သည် =.=

ချင်လိ- … (အေးစက်နေတဲ့ အနောက်ဆောင်တိုက်ပွဲကိုဖယ် ရှားလိုက်ကြစို့ ▼_▼)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment