no

Font
Theme

🔥 Chapter 5

“မင်း ချင်ချင်နဲ့ဆေးရုံမှာတွေ့တုန်းက ပုံမှန်မဟုတ်ဘူး၊ မင်း သူ့ကို အကြည့်ချင်းတောင် မဆုံဘူး၊ မင်း ပုံစံက သူ့ကို တစ်ခုခုဒေါထွက်နေတဲ့ပုံပဲ”

“ပြီးတော့ လွန်ခဲ့တဲ့ နှစ်လက မင်း အတန်းပြန်ဆုံပွဲသွားတက်ခဲ့တယ်၊ အဲ့မှာချင်လိလည်း ရှိနေတယ်၊ အဲ့ညက မင်း အိမ်ပြန်မလာဘူး၊ မား ချင်လိမားကိုဖုန်းဆက်ကြည့်တော့ သူလည်း အိမ်ပြန်မလာဘူးပြောတယ်၊ ဖုန်းဆက်တာလည်း မကိုင်ဘူးတဲ့”

ဟူရှစ်စကားများသည် မည်သည့်နေရာမှ ငြင်းဆန်လို့မရ အောင် ကျစ်လစ်ပြီးတိကျနေသည်။

"မားကို ပွင့်ပွင့်လင်းလင်း ပြောစမ်း၊ ဒီကလေးက ချင်လိကလေးလား? မင်း ယောင်္ကျားတစ်ယောက်နဲ့ ဘယ်လို အိပ်လာရဲတာလဲ ?”

"အဟင့်...အဲ့နေ့က ချင်လိက ကျွန်တော့်ကိုနှိပ်စက်ခဲ့တယ်၊ မား ချင်လိက ကျွန်တော့်ကိုဆိုအမြဲအနိုင်ကျင့်တယ်၊ အဲ့နေ့က ကျွန်တော် တန့်ရူကို ဖွင့်ပြောဖို့ ကြိုးစားခဲ့တာ၊ ချင်လိ ဝင်ရှုပ်ပြီး ကျွန်တော့်ကို...အဟင့်”

ဟူရှစ်သည် ဒေါသကြောင့် နဂိုရှိရင်းစွဲ မျက်နှာထပ်ပင်ပိုအိုစာသွားကာ သားဖြစ်သူအား ဒေါသတကြီးဆူပူကြိမ်းမောင်းလိုက်သည်။

"မင်း ချင်လိကို ဘာကြောင့် အစ်ကိုလို့ မခေါ်နိုင်ရတာလဲ ? ချင်လိ မင်းကိုဘယ်လောက်ချစ်လိုက်သလဲ ? ဒီလို မကောင်းတဲ့အရာကို သူ့ဘက်ကစခဲ့မှာ မဟုတ်ဘူး၊ မင်းပဲ သူ့ကိုနှောင့် ယှက်ခဲ့တာဖြစ်ရမယ်၊ ငါ မင်းကိုဘယ်လိုဆုံးမရမလဲ ? မင်း ငါ့မျက်နှာကို အိုးမည်းသုတ်ဖို့ ကြိုးစားနေတာလား?”

"ငါ မင်းကို ကြည့်နေတာကြာပြီ၊ မင်း ချင်လိကို တွေ့တိုင်းရန် သူလိုမျိုး ကြည့်တယ်၊ မင်းအချစ်နဲ့အမုန်း ရောနှောနေတာလား ? မင်း ချင်လိကို တိတ်တိတ်လေးချစ်နေတာမဟုတ်လား? ဒါကြောင့်မို့လို့ မင်း သူ့ကို ဒီလိုနည်းနဲ့ ရအောင် ကြိုးစားခဲ့တာလား?”

ရွမ်ရှောင်ထျန်း ဆိုဖာပေါ်တွင် ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး ဆိုဖာအောက်မှ ကြောင်လေးတီရာမီဆုကို ဆွဲထုတ်လိုက်ပြီး ပွေ့ဖက်ကာ မျက်လုံးမှိတ်ထားရင်း သူ့ကိုယ်သူ စိတ်သက်သာရာရအောင် နှစ်သိမ့်နေခဲ့သည်။

"တီရာမီဆုမင်း ငါ့မားကို ကူပြောပေးပါဦးကွာ" ဟု ဆိုကာ ကြောင်ကို အမြင့်သို့မြှောက်ကာ ဦးခေါင်းကို မိခင်ဖြစ်သူဘက်သို့ လှည့်ပေးလိုက်သည်။

"မြောင်...!"

ရွမ်ရှောင်ထျန်း၏အပြုအမူကြောင့် တီရာမီဆု ကြောက်လန့်ပြီး အော်ဟစ်နေခဲ့သည်။

ဟူရှစ် ဤအခြေအနေကြောင့် ငိုရခက် ရယ်ရခက်ဖြစ်နေ သည်။ ယခုအချိန်တွင် အမှန်အမှားကို တွက်ဆနေခြင်းထက် မည်သို့ ဖြေရှင်းရမည်ကိုသာ စဉ်းစားရန် ပိုအရေးကြီးသည်။ ထို့နောက် သူ သားဖြစ်သူ၏လက်ထဲမှ တီရာမီဆုကိုကယ်ထုတ်လိုက်သည်။

"ရွမ်ရှောင်ထျန်း အခုချိန်က မင်းကိုယ်မင်း ဂရုစိုက်ပြီးနေရမယ်၊ နောက်ဆို ကြောင်တွေ ခွေးတွေ မကိုင်ရတော့ဘူးနော်”

ဟူရှစ် တီရာမီဆုကို အောက်သို့ချပေးလိုက်ပြီး သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ထူးဆန်းနေသလိုခံစားရသည်။

ရွမ်ရှောင်ထျန်းသည် တိရိစ္ဆာန်အလွန်ချစ်သောကြောင့် ၎င်းတို့အား နေ့တိုင်း ပွတ်သပ်နမ်းရှုံခြင်းများ ပြုလုပ်လေ့ရှိပြီး အိပ် ရာထဲထိ‌ခေါ်သွားတက်သည်။ ထို့အပြင် ၎င်းတို့၏အမွေးများကို မကြာခဏဆွဲနှုတ်တာမျိုးလည်း ရှိသေးသည်။ သို့သော် အိမ်ရှိကြောင်နှင့်ခွေးများသည် သူ့ကို အလွန်ကြောက်ကြပြီး သူချဉ်းကပ်လာသည်နှင့် ထွက်ပြေးကာ ပုန်းအောင်းနေတက်ကြသည်။

သူကြောင့် ကြောင်နှင့်ခွေးများ ထိပ်ပြောင်လုနီးပါးပင် ဖြစ်နေကြသည်။

ဟူရှစ်သည် သားဖြစ်သူ၏လုပ်ရပ်များကို ရပ်တန့်ချင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သို့ဖြစ်ရာ ယခုချိန်တွင် သူ့အ တွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခု ရှာတွေ့သွားခဲ့သည်။

ရွမ်ရှောင်ထျန်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး! ကျွန်တော် သူတို့ကို တစ်ရက်လောက်မပွတ်သပ်ရရင် သေသွားလိမ့်မယ်!"

ဟူရှစ် သားဖြစ်သူအားကြည့်ပြီး သက်ပြင်းသာ မှုတ်ထုတ်လိုက်သည်။

"မင်းကလေ တော်တော်ပြောရ၊ ဆိုရခက်တာပဲ"

"မင်း ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ ? ချင်လိကို ပြောဖို့စဉ်းစားထားလား? သူက တာဝန်ယူတတ်တဲ့လူဆိုတော့ မင်းကိုတာဝန်ယူမှာသေချာတယ်၊ ဒါမှမဟုတ် သူ့ကို..."

ဟူရှစ် စကားဆုံးအောင် ဆက်မပြောတော့ပေ။

ရွမ်ရှောင်ထျန်း မေးစေ့ကိုလက်ဖြင့်ထောက်ကာ စိတ်ညစ်နေသော အမူအရာဖြင့် ထိုင်နေရင်း သူ့လက်ချောင်းကိုဆန့်ထုတ်လိုက်ပြီး နူးညံသော ဝမ်းဗိုက်နေရာကို ထိတွေ့လိုက်သည်။

အကယ်၍ သူမွေးလာမည့်ကလေးက ကြောင်ဖြစ်နေမည်ဆိုပါက သူ့မိဘများနှင့်ချင်လိကို အံ့အားသင့်သွားစေမည်လား ?

သူ့မိသားစုထဲတွင် လူသားတစ်ဦးနှင့်လက်ထပ်ဖူးခြင်းမရှိသည့်အပြင် ယောက်ျားတစ်ယောက် နှင့်ကလေးမွေးဖွားခြင်းမှာ ပိုလို့ပင်မဖြစ်နိုင်ပေ။ သူ မွေးလာမည့်ကလေးသည် ကြောင်လား လူလား? ဒါမှမဟုတ် လူခန္ဓာကိုယ်နဲ့ ကြောင်ခေါင်းလား? ကြောင်ခန္ဓာ ကိုယ်နဲ့ လူခေါင်းလား?

သူ့စိတ်ထဲတွင် ထိတ်လန့်ဖွယ်မြင်ကွင်းများပေါ်လာပြီး ထိုအ တွေးမျိုးကို တစ်စက္ကန့်အတွင်း ကြုံတွေ့ရသည်မှာ ကြောက် မက်ဖွယ်ကောင်းလောက်အောင်ခံစားလိုက်ရသည်။

ဟူရှစ်သည် သားဖြစ်သူ စိတ်ဓာတ်ကျပြီး ငေးငိုင်နေသည်ကို မြင်သောအခါ နူးညံအိစင်းနေသော သူ့ဆံပင်များကို ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုတော့လည်း ဘယ်တက်နိုင်တော့မလဲ ? မင်း ဒါကို လက်ခံမှရမယ်၊ ပြီးတော့ ဒီကိစ္စကို ချင်လိကို‌ ပြောမှရမယ်၊ သူ့ကို ဖုံးကွယ်ထားလို့မဖြစ်ဘူး”

ရွမ်ရှောင်ထျန်း ခေါင်းကိုခါယမ်းရင်း "ကျွန်တော် ချင်လိကို မပြောချင်ဘူး။ အဲ့ညက ကျွန်တော်တို့မတော်တဆဖြစ်သွားခဲ့တာ။ သူ့ကို စိတ်ဒဏ်ရာမပေးချင်ဘူး။ သူလည်း တချိန်ကြရင် အိမ်ထောင်ပြုပြီး ကလေးမွေးမှာပဲ၊ ကျွန်တော့်ကြောင့်နဲ့ သူ့ဘဝကို ဘယ်လ်ုလုပ်နှောင့်နှေးအောင်လုပ်နိုင်မှာလဲ?"

မိခင်ဖြစ်သူသည် ချင်လိ အပေါ်ယုံကြည်နေသည်ကို သူ သတိ ပြုမိပြီး ပါးနပ်စွာဖြင့် စကားလုံးများကိုပြောင်းလဲကာ သူ့အား အပြစ်မရှာမိစေရန် ပြောလိုက်သည်။

'ငါ့လောက် ဉာဏ်ကောင်းတဲ့သူ ဘယ်မှာရှိမှာလဲ!?' သူ့ကိုယ်သူ ချီးကျူးရင်း တိတ်တဆိတ်လက်ခုပ်တီးကာ ဂုဏ်ယူနေလေသည်။

ဤကိစ္စကို ချင်လိသိသွားပြီး သူအရှက်ရမည်ကို သူမလိုချင်ပေ။ ယခုအချိန်တွင် သူ့ရှေ့တွင် သူ့ဂုဏ်သိက္ခာပြိုလဲနေပြီဖြစ်သည်။ ထိုညက အရက်မူးပြီး ချင်လိ၏အနိုင်ကျင့်မှုကို တစ်ညလုံးခံခဲ့ရပြီး ယခုချိန်တွင် သူ၏ကလေးကိုပါ ကိုယ်ဝန် ဆောင်နေရခြင်းသည် နှစ်ခါအရှုံးပေးလိုက်ရသကဲ့သို့ဖြစ်နေ သည်။

မည်သို့ပင်ဆိုစေကာမူ သူ ချင်လိလက်အောက်တွင် ရှုံးနိမ့်ခဲ့သည့် သဘောသက်ရောက်နေပြီမဟုတ်ပါလား?

ချင်လိ၏လှောင်ပြောင်သည့် အကြည့်များကို သူရင်မဆိုင်ချင်ပေ။

သူ ဗိုက်ထဲရှိ ကလေးငယ်နှင့်ပတ်သတ်ပြီး စဉ်းစားလိုက်သည်။ ကြောင်ပေါက်လေးသည် မကြီးထွားသေးသဖြင့် သူ့ဗိုက်ထဲတွင် လှည့်ပတ်ဆော့ကစားနေမည်ကို စိတ်ကူးကြည့်လျှင် အလွန်စိတ်ဝင်စားဖွယ်ကောင်းနေသည်။

ဟူရှစ် သားဖြစ်သူ၏စကားများကို နားထောင်ရင်းတစ်စုံတစ် ခုကို တိတ်ဆိတ်စွာစဉ်းစားနေလိုက်သည်။ ညနေ ယန်ပိုင်ထန် အိမ်ပြန်ရောက်သောအခါ ဤကိစ္စကို နှစ်ယောက်သား တိတ် တဆိတ်ဆွေးနွေးနေခဲ့ကြသည်။

"ကျွန်မ သူ့ကို ကလေးဖျက်ချဖို့ပြောလိုက်တော့ သူ့မျက်နှာက လုံးဝဖြူဖျော့သွားတယ်၊ သူ ဒီကလေးကို တကယ်လိုချင်နေတဲ့ပုံစံပဲ၊ ငယ်ငယ်ကတည်းက အခုချိန်ထိ သူ့ကိုယ်သူတောင် ကောင်းကောင်း မထိန်းကျောင်းနိုင်သေးပဲ ကလေးတစ်ယောက်ကို ဘယ်လို ပြုစုရမလဲဆိုတာ သူနားလည်ပါ့မလား? ပြီးတော့ ချင်လိလို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူက အဲ့ညက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ခဲ့ကြတာလဲ ? ရှောင်ထျန်းကတကယ့်ကို စိတ်ထားဖြူစင်လွန်းတယ်၊ ချင်လိကိုမပြောဘဲ နေမလို့တဲ့၊ သူစိတ်ဒဏ်ရာရစေမှာ စိုးရိမ်နေတယ်၊ သူ့အနာဂတ်ကိုလည်း မထိခိုက်စေချင်ဘူးလို့ပြောတယ်၊ ဒါပေမယ့် ဒီကိစ္စကို ချင်လိကို ပြောပြမှရမယ်လို့ ကျွန်မ ထင်တယ်၊ ကျွန်မတို့ရဲ့ သားလေးကို သူအညွှန့်ခြွေခဲ့တာ၊ သေချာပေါက် သူ တာဝန်ယူမှဖြစ်မယ်၊ ရှင်ရော ဘယ်လိုထင်လဲ?"

လသာဆောင်ရှိပန်းပင်များကို ရေလောင်းနေသော ယန်ပိုင်ထန်သည် သက်ပြင်းချရင်း

"မင်းပြောတာကို ကိုယ်လက်ခံတယ်၊ ကိုယ်တို့ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာရှိဖို့ပဲ ဆုတောင်းရမှာပဲ၊ဒါမှ ကိုယ်တို့ သားလေးကို စောင့်ရှောက်နိုင်မှာ၊ တကယ်လို့ သူ့ဘက်က ဆန္ဒရှိရင် ကလေးကိုမွေးခိုင်းရမှာပဲ၊ သူ ဘဝပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားတာပဲ ကိုယ်မြင်ချင်တယ်”

"သူက ယောင်္ကျားလေးဖြစ်ပြီးဘယ်လိုလုပ် ကိုယ်ဝန်ဆောင်နိုင်တာလဲ ? ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး"

"ကိုယ်လည်း မပြောတက်ဘူး၊ ကမ္ဘာပေါ်မှာ ဒီလိုဖြစ်ရပ်မျိုးရှိခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းမရှိဘူး၊ ပုံမှန်အခြေအနေဆို လုံးဝမဖြစ်နိုင်ဘူး၊ ဒါပေမယ့် ရွမ်ရှောင်ထျန်းခန္ဓာကိုယ်မှာ သားအိမ်နဲ့တူတဲ့အင်္ဂါအပိုတစ်ခုရှိနေတယ်၊ ဒါက သန္ဓေ သားကို ပုံမှန်အ တိုင်းကြီးထွားစေနိုင်တယ်"

"ဒါဆို သူ ကလေးဘယ်လိုမွေးမှာလဲ ?”

"ခွဲမွေးခိုင်းရမှာပဲ၊ ရှောင်ထျန်းက ကိုယ်တို့အတွက် ချွေးမလေးခေါ်လာပေးမယ်ထင်ခဲ့တာ၊အခုလို ရုတ်တရက် သူကိုယ်တိုင် ကိုယ်ဝန်ဆောင်လာလိမ့်မယ်လို့ မထင်ထားဘူး၊ ကိုယ်လက်မခံနိုင်တာတော့ မဟုတ်ပေမယ့် ရှက်တော့ရှက်မိတယ်၊ ဒါပေမယ့် သူပျော်ရင် ပြီးတာပါပဲ”

ဟူရှစ် ပတ်ဝန်းကျင်အားတိတ်တဆိတ်ကြည့်ပြီး ခင်ပွန်းဖြစ်သူနားတိုးကပ်ကာ လျှို့ဝှက်ဟန်ဖြင့်ပြောလိုက်သည်။

"လောင်ကုန်း၊ ရှင် ရှောင်ထျန်းကို တစ်ခုခုထူးဆန်းနေတယ်လို့ မထင်ဘူးလား ? သူ ဂြိုလ်သားများ ဖြစ်နေမလား?”

"မင်း ဘာကို ပြောချင်တာလဲ ?”

"သူ အရမ်းလှနေတာ ပုံမှန်မဟုတ်ဘူးလေ၊ ရှင် သတိမထားမိဘူးလား ? ဒီလောက်လှနေတာ လူသားမဖြစ်နိုင်ဘူးလို့ ကျွန်မ တွေးပြီး တစ်ခါတစ်လေအရမ်းစိတ်ပူမိတယ်၊ သူ့နေရာကိုပြန် သွားမှာစိုးလို့၊ ပြီးတော့... သူရုတ်တရက် ကျွန်မအိမ်ရှေ့မှာ ပေါ်လာတုန်းက အိမ်ထဲဝင်လာတဲ့ခြေရာမတွေ့ရဘူး၊ အဲ့ဒီတုန်းက သူခြောက်နှစ်လောက်ပဲရှိသေးတာ၊ အဲ့အရွယ်နဲ့ ဒီလောက်မြင့်တဲ့ခြံစည်းရိုးကိုခုန်ကျော်ပြီး ဝင်လာနိုင်မှာလား ?"

"မင်းပြောသလိုပဲ ဒီကိစ္စက ထူးဆန်းတာမှန်ပေမယ့် သူ အခြားနေရာကနေဝင်လာတာလည်း ဖြစ်နိုင်တာပဲ၊ CCTV က‌ နေရာတိုင်းမှာ ရှိမနေဘူးလေ"

ရွမ်ပိုင်ထျန်း ဟူရှစ်ကို နှစ်သိမ့်ပေးလိုက်သည်။

“သူကို ဂြိုလ်သားတစ်ယောက်လို့ ယူဆတာထက် ကိုယ်တို့ရဲ့ကံကြမ္မာကို ကယ်တင်သူလို့သတ်မှတ်လိုက်တာ ပိုမကောင်းဘူးလား? အဲ့အချိန်က သူသာ ပေါ်မလာခဲ့ရင် အခုချိန်မှာကိုယ်တို့အသက်ရှင်နေမှာမဟုတ်ဘူး”

ရွမ်ရှောင်ထျန်း ပေါ်လာသောနေ့က ယန်ပိုင်ထျန်းနှင့်ဟူရှစ်တို့ သည် မိခင်ဖြစ်သူကိုသွားခေါ်ရန် အမြန်လမ်းမကြီးပေါ်သို့ ထွက်ခါနီးအချိန်ဖြစ်သည်။

ရွမ်ရှောင်ထျန်း ရုတ်တရက်ပေါ်လာသောကြောင့် ၎င်းတို့ စီစဉ်ထားသော ခရီးစဉ်နောက်ကျသွားခဲ့ရသည်။ နောက်မှသိလိုက်ရသည်မှာ ထိုအမြန်လမ်းပေါ်တွင် ကုန်တင်ကားကြီးတစ်စီး နောက်မှတိုက်မိပြီး မတော်တဆမှုဖြစ်ပွားကာ မီးပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သည်။ လူပေါင်းရာနှင့်ချီသေဆုံးပြီး၊ ပြန်လည်ရရှိသည့် အလောင်းများမှာမီးလောင်ထားသဖြင့် မည်သူမည် ဝါမှန်း ခန့်မှန်းဖို့ပင် ခက်ခဲလှသည်။ မြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

ထိုသတင်းကြားပြီးနောက် ယန်ပိုင်ထန်နှင့်ဟူရှစ်တို့သည် သက် ပြင်းချလိုက်ကြပြီး ရုတ်တရတ်ပေါ်လာသော ရွမ်ရှောင်ထျန်းကို ၎င်းတို့၏သားအဖြစ် မွေးစားခဲ့သည်။ ထို့နောက်တွင် ရွမ်ရှောင်ထျန်းအား ၎င်းတို့၏ကံကောင်းခြင်းအဆောင်အဖြစ် သတ်မှတ်ခဲ့ကြပြီး သည်းသည်းလှုပ်ချစ်ကာ စောင့်ရှောက်ပေးခဲ့ကြသည်။

ရွမ်ရှောင်ထျန်း၏ချစ်စဖွယ်မျက်နှာနှင့် ပစ်ရက်စရာမရှိအောင် လှပလွန်းသော အလှတရားတို့မှာ သူ၏အောင်ပွဲများကိုယူ ဆောင်ပေးနိုင်မည့် လျှို့ဝှက်လက်နက်ဖြစ်နေခဲ့သည်။

ဤမျှချစ်စရာကောင်းသော ကောင်ချောလေးကို မည်သူမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။

"ရှင်ပြောသလိုပဲ လက်ခံရမှာပေါ့"

"ဘာပဲဖြစ်ဖြစ် ကိုယ်တို့ ရှောင်ထျန်းကို စောင့်ရှောက်ရမယ်၊ ချင်လိကိုသတိ ထားစောင့်ကြည့်ရမယ်၊ သူ ရွမ်ရှောင်ထျန်းကို လှည့်စားရဲတယ်၊ စိတ်ဒုက္ခပေးရဲ တယ်ဆိုရင် ရွမ်ရှောင်ထျန်းကို သူနဲ့ဝေးဝေးမှာနေခိုင်းမယ်”

ဟူရှစ်လည်း ထောက်ခံလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မတို့ချစ်ရတဲ့အိမ်မွေးတိရစ္ဆာန်လေးကို အခြားသူတွေ နှိပ်စက်ခွင့်မရှိနေရဘူး၊ ချင်လိဆိုရင်တော့ နည်းနည်းစိတ်ချရတယ်၊ အခြားသူဆိုရင်တော့ ရှောင်ထျန်းကို စကားပြောခွင့်တောင်မပေးနိုင်ဘူး"

"ဟုတ်တယ်၊ ချင်လိဆိုတာ ကိုယ်တို့ မျက်စိအောက်တင်ကြီး ပြင်းလာတဲ့ကလေးပဲ၊ သူက စိတ်ကောင်းရှိတယ်၊ ကိုယ်တို့ ရှောင်ထျန်းလေးကို ဘယ်တော့မှ အနိုင်ကျင့်မှာမဟုတ်ဘူး”

နှစ်ယောက်သား စကားပြောပြီးနောက် ဟူရှစ် စွင်းရှန်းချီထံ ဖုန်းခေါ်လိုက်သည်။

"ချင်လိကို ဒုက္ခမပေးချင်ဘူး၊ သူတို့မိဘတွေလည်း စိတ်မပူစေချင်ဘူး၊ ဒါပေမယ့် လုပ်စရာရှိတာတော့ လုပ်ရမှာပဲ" ဟူရှစ် တွေးလိုက်သည်။

စွင်းရှန်းချီသည် ချင်မု၊ ချင်လိတို့နှင့်အတူ ညစာစားနေစဉ် ဟူရှစ်ထံမှ ဖုန်းဝင်လာသည်။

စွင်းရှန်းချီသည် ချင်မုကြိုက်တက်သောဟင်းများကို ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး ချင်လိအတွက်လည်း ကြက်စွပ်ပြုတ်များထပ်ထည့်ပေးနေသည်။ ချင်လိ ပင်ပန်းနွမ်းနယ်မှုများပြေ ပျောက်စေရန်နှင့် အားအင်ပြည့်စေရန်အတွက် အထူးချက် ပြုတ်ပေးထားခြင်းဖြစ်သည်။

ချင်လိသည် မကြာသေးမီက ကုမ္ပဏီ၏အကြီးစားပရောဂျက်များဖြင့် အလုပ်ရှုပ်နေခဲ့ပြီး သိသိသာသာကိုယ်အလေးချိန်ကျလာသည်ဟု စွင်းရှန်းချီ ခံစားရသည်။

စွင်းရှန်းချီသည် ဟူရှီဖုန်းကို ချက်ချင်းကိုင်လိုက်ပြီး ထမင်း စားဝိုင်းမှာပဲ ပြောလိုက်သည်။

“ဟိုင်း၊ ရှောင်းရှစ်”

ချင်လိသည် ထမင်းဝိုင်းတွင် တစ်စုံတစ်ခုကို အာရုံရောက်နေသကဲ့သို့ ငေးငိုင်နေစဉ် ရုတ်တရက် ထိုနာမည်ကိုကြားလိုက်သည်နှင့် သူ့အမေဘက် အကြည့်ရောက်သွားသည်။

၎င်းတို့ ဆေးရုံတွင်ဆုံခဲ့ကြသည့်နေ့က ရွမ်ရှောင်ထျန်း၏ ကျန်းမာရေးအခြေအနေကြောင့် ၎င်းတို့မိသားစုဆေးရုံရောက်နေကြမှန်း စွင်းရှန်းချီ သိရသည်။

သို့ဖြစ်ရာ ဟူရှစ်ဖုန်းကိုင်လိုက်သည်နှင့် ရွမ်ရှောင်ထျန်းယု၏ ကျန်းမာရေးအခြေအနေကို တိုက်ရိုက်မေးမြန်းလိုက်သည်။ ဤသည်ကိုကြားသော ချင်လိနားရွက်များ ချက်ချင်းဆိုသလို ထောင်မတ်သွားသည်။

စွင်းရှန်းချီသည် လက်ညှိုးဖြင့် သူ့နှုတ်ခမ်းကိုထိကပ်ကာ တိတ်တိတ်ဆိတ်ဆိတ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် ချင်လိပါ နားထောင်လို့ရအောင် စပီကာဖွင့်လိုက်သည်။

စပီကာဖွင့်ပြီးနောက် တစ်ဖက်မှ ဟူရှစ်အသံ ရှင်းရှင်းလင်း လင်းထွက်ပေါ်လာသည်။

"သူ နေကောင်းပါတယ်၊ ကျွန်မ ရှင့်ကိုအရေးကြီးတဲ့ကိစ္စပြောစရာရှိလို့ဖုန်းဆက်လိုက်တာ၊ ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် ညီအစ်မအရင်းတွေလို ခင်မင်လာတာ နှစ်အတော်ကြာပြီဆိုတော့ ကျွန်မ ဒီကိစ္စကို ဖုံးကွယ်မထားချင်ဘူး၊ ပြီးတော့ ဒီကိစ္စက ရှောင်ထျန်း ကျန်းမာရေးနဲ့လည်းဆိုင်နေတယ်၊သူ ဒီရက်ပိုင်းအန်နေလို့ ဆေးရုံမှာဆေးစစ်ခိုင်းလိုက်တာ သူ့မှာကိုယ်ဝန်နှစ်လရှိနေပြီတဲ့”

ဟူရှစ် ခဏနားကာအသက်ရှုလိုက်ပြီး ဆက်‌ပြောလာသည်။

"ယောင်္ကျားလေးတစ်ယောက်က ကိုယ်ဝန်ရှိနေတယ်ဆိုတာ အရမ်းကိုထူးဆန်းနေမှန်း ကျွန်မသိတယ်၊ သူ့ပါးလည်း ဒါကိုကြားတော့ အရမ်းအံ့ဩနေခဲ့တာ၊ ဒါပေမယ့် ရှောင်ထျန်းက ကျွန်မသားဆိုတော့ လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး၊ ကျွန်မ ရှင့်ကိုပြောချင်တဲ့ အဓိကအကြောင်းရင်းက ဒီကိုယ်ဝန်ကို ချင်လိနဲ့ ရခဲ့တာလို့ ရှောင်ထျန်းကဝန်ခံခဲ့တယ်၊ အတန်းတွေ့ဆုံပွဲညကို ရှင် မှတ်မိလား ? အဲ့ညက သူတို့နှစ်ယောက်လုံးကိုဆက်သွယ်လို့မရခဲ့ဘူး၊ ရှောင်ထျန်းပြောတာ အဲ့ညက သူတို့ အရက်တွေမူးပြီးမှားခဲ့ကြတယ်တဲ့၊ ကျွန်မ ခေါင်းတွေအရမ်းရှုပ်ထွေးနေပြီး ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ မသိတော့ဘူး၊ ဒါကြောင့် ရှင်နဲ့တိုင်ပင်ဖို့ ဖုန်းဆက်လိုက်တာ"

ဟူရှစ် ထပ်ပြီး ဖြည့်စွက်လိုက်သည်။

"ရှောင်ထျန်းက ချင်လိ ဒီကိစ္စကြောင့် စိတ်ညစ်မှာကိုကြောက်နေတယ်၊ သူ့ရှေ့ရေးအတွက် အနှောင့်အယှက်ဖြစ်မှာကိုလည်း စိုးရိမ်နေတယ်။ ဒါကြောင့် ရှင် လောလောဆယ်တော့ ချင်လိကိုမပြောပြနဲ့ဦး၊ ကျွန်မတို့ ဘာဆက်လုပ်မယ်ဆိုတာ အဖြေရှာပြီးမှ ကျန်တာ ဆုံးဖြတ်ကြမယ်”

စွင်းရှန်းချီသည် ဖုန်းပြောနေစဉ်တစ်လျှောက်လုံး ပါးစပ်အဟောင််းသားဖြင့်ဆွံ့အနေခဲ့ပြီး စပီကာဖွင့်ထားသော ဖုန်းကိုသာ စိုက်ကြည့်နေခဲ့သည်။

ချင်မုလည်း ထိုနည်းလည်းကောင်းပင်။

ချင်လိတစ်ယောက်တည်းသာ တုန်လှုပ်မှုနှင့်အတူ ပျော်ရွှင်မှုအနည်းငယ် ရောထွေးနေသော မျက်နှာအသွင်အပြင်ပေါ်လွင်နေသည်။ သူ ရုတ်တရက် လက်ထဲရှိတူကို ချလိုက်ပြီးအမြန်ထလိုက်ကာ မည်သူကိုမှ မနှုတ်ဆက်ပဲ အိမ်နေအဝတ်အစားဖြင့်ပင် အိမ်တံခါးမှအပြင်သို့ အလောတကြီး ပြေးထွက်သွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment