no

Font
Theme

🔥 Chapter 13

ချန်ရှောင်ဝေ့သည် နှစ်ရက်အတွင်း ဇာတ်ညွှန်းပေးပို့မည်ဟု ပြောခဲ့သည့်အတိုင်း နောက်နှစ်ရက်အကြာတွင် အမှန်ပင် ရွမ်ထျန်းထံ ဇာတ်ညွှန်းများပေးပို့ခဲ့သည်။

ရွမ်ထျန်းသည် ဇာတ်ညွှန်းများကို လှန်လှောကြည့်ရှုရင်း ဂရုတ စိုက်ရွေးချယ်နေစဉ် ချန်ရှောင်ဝေ့ ရှင်းပြနေသည်များကိုလည်း နားထောင်နေခဲ့သည်။

"ဒီဇာတ်ညွှန်းတွေက မင်းနဲ့ကိုက်ညီမယ် ထင်လို့ ရွေးလာတာ၊ဒါ Guangyao က ရိုက်ကူးမယ့် ဇာတ်လမ်းတွေပဲ၊ဒီနှစ်ခုထဲ တစ်ခုကို နာမည်ကြီးဒါရိုက်တာတစ်ယောက်က တာဝန်ယူထားတယ်၊ သူရိုက်တဲ့ဇာတ်လမ်းတိုင်းက အောင်မြင်ပြီး လူကြိုက်များတယ်၊ နောက်တစ်ခုက နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးပါတာမို့ ပရိသတ်တွေရဲ့အားပေးမှုတစ်ခုတည်းနဲ့တင် ရှယ်ယာတွေထိုးတက်လာလိမ့်မယ်၊ ဘယ်ဟာရွေးရွေး မင်းအတွက် အခွင့်အရေးရကိုရလိမ့်မယ်”

ချန်ရှောင်ဝေ့သည် သူ့ထင်မြင်ချက်ကို အလေးပေးပြောကြားခဲ့သည်။

"ကျွန်မကတော့ ဒီတစ်ခုကိုရွေးဖို့ အကြံပေးချင်တယ်”

ချန်ရှောင်ဝေ့သည် ဒါရိုက်တာကြီး၏ဇာတ်ညွှန်းကိုရွေးထုတ်လိုက်ပြီး ရွမ်ထျန်းထံ ပေးလိုက်သည်။

"ဒီ နံပါတ် 3 male lead နေရာက မင်းပုံစံနဲ့ အရမ်း အရမ်းလိုက်တယ်၊ဒီဇာတ်ကောင်က အရမ်းချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးရှိတယ်၊မင်းလည်း အဲ့လိုပုံစံလေးဆိုတော့ သဘာဝအတိုင်းသရုပ်ဆောင်နိုင်မှာ သေချာတယ်၊ ဒါရိုက်တာကြီးက သရုပ်ဆောင်တွေကိုအရမ်းတင်းကြပ်တယ်၊ ဒီအခွင့်အရေးမျိုးကရခဲတယ်၊ ဒါရိုက်တာကျူံးရဲ့ နံပါတ် ၃ Male lead နေရာ ဖြစ်ရတာ အခြားဇာတ်ကားတွေရဲ့ နံပါတ် ၁ Male lead နေရာထပ် ပိုတန်ဖိုးရှိတယ်”

ရွမ်ထျန်းသည် ချန်ရှောင်ဝေ့ ရွေးပေးလာသော ဇာတ်ညွှန်းကို လက်မခံပဲ "ကျွန်တော် ရွေးပြီးသွားပြီ" ဟု ဆိုကာ "The Secret Case of the Tang Dynasty" နာမည်ရှိ ဇာတ်ညွှန်းကို ချန်ရှောင်ဝေ့ထံ လှမ်းပေးလိုက်သည်။

"ဒီတစ်ခုလား ?" ချန်ရှောင်ဝေ့ အနည်းငယ် မျက်မှောင်ကြုတ်ကာ

"ဒီဟာဆို ကျွန်မ မထောက်ခံချင်ဘူး၊ ဒီဒရာမာက မကြာခင် ရိုက်ကူးတော့မှာ၊ ပြီးတော့ ဒရာမာမှာပါဝင်မယ့် အဓိကဇာတ် ကောင်တွေကိုလည်း ဆက်သွယ်ပြီးပြီ၊ မင်းနဲ့ ကိုက်ညီမယ့် ဇာတ်ရုပ်မျိုးမရှိဘူး၊ တကယ်လို့ မင်းဒီကားမှာ ပါဝင်ချင်တယ်ဆိုရင် နံပါတ် ၂ Male Lead နေရာမှာ သရုပ်ဆောင်ရလိမ့်မယ်၊ ဒါပေမယ့် နံပါတ် ၂ Male Lead ရဲ့ လိုအပ် ချက်တွေက မင်းနဲ့ မကိုက်ညီဘူး”

ရွမ်ရှောင်ထျန်းသည် မည်သည့်စိုးရိမ်စိတ်မှ မရှိသကဲ့သို့ ကြောင်လေးကို ပွေ့ဖက်ထားရင်း အမွေးများကို ပွတ်သပ်ကာ ပြုံးပြီး ပြောလိုက်သည်။

“ကျွန်တော် နံပါတ် ၂ Male Lead နေရာကို ယူမယ်လို့မပြောပါဘူး၊ ကျွန်တော် သရုပ်ဆောင်ချင်တဲ့နေရာက ဇာတ်ညွှန်းစာမျက်နှာ ၁၂၊ စာကြောင်း ၈ မှာပါတဲ့ မျက်နှာတစ်ခုလုံးပျက်စီးနေတဲ့ ရှောင်ယန်နေရာကိုပါ”

"..."

ချန်ရှောင်ဝေ့သည် ရွမ်ထျန်း၏လှပသောမျက်နှာကိုစိုက်ကြည့် ကာသူ့တောင်းဆိုချက်ကို သံသယဖြင့် ပြန်မေးလာသည်။

“မင်း တကယ်ပြောနေတာလား ?

"တကယ်ပါဆို၊ ရှောင်ကျဲ့ပဲ ကျွန်တာ်ကြိုက်တာလုပ်လို့ ပြော ထားတယ်မဟုတ်လား? ရှောင်ကျဲ့ ဒီသကြားလုံး စားချင်လား? ဒါက အသစ်ထွက်တဲ့ နို့သကြားလုံးလေ၊အရမ်း အရသာရှိတယ်"

ချန်ရှောင်ဝေ့သည် ရွမ်ထျန်း၏စိတ်ကို နားမလည်နိုင်သေးပဲ “တော်ပါပြီ၊ ကျေးဇူးပါပဲ” ဟုသာ ပြန်ဖြေလိုက်သည်။

"အွန်း"

ရွမ်ထျန်းသည် တီရာမီဆူ၏မေးစေ့ကိုပွတ်ပေးရင်း သကြား လုံးကို ကြောင်ပါးစပ်ရှေ့တွင် ထားပေးလိုက်ပြီး

"ဒါ မင်းအတွက် ဆုပေးတာ”

သူသည် ရှောင်ယန်၏ဘဝဇာတ်ကြောင်းကိုဖတ်ပြီးချိန်တွင် ငယ်စဉ်ကတည်းက ကံဆိုးခဲ့သော ထိုဇာတ်ကောင်ကို ပထမဆုံးအကြိမ် မျက်လုံးထဲပုံဖော်မိသည်နှင့် အလွန်ရင်းနှီးသွားသလို ခံစားရသည်။ ထို့အပြင် ဤဇာတ်ကောင်သည် အလွန်သနားစရာကောင်းသည်ဟု သူ ထင်မြင်မိပြီး ထိုနေရာသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သည်။မည်သူမှ သူ့ကို ရုပ်ဆိုးသည်ဟု ပြောခဲ့ဖူးခြင်းမရှိပေ။

သူ၏အလှကြောင့်သာ မရေမတွက်နိုင်သော ချီးကျူးပြောဆိုမှုများကိုခံခဲ့ရပြီး အချို့လူများသည် သူ့မျက်နှာကို မြင်ရုံနှင့် လမ်းပင်မလျှောက်နိုင်ကြပေ။ သို့ဖြစ်ရာ ရုပ်ဆိုးသည်ဟု အပြောခံရသည့်အရသာကို သူမခံစားဖူးသဖြင့် ဤသည်မှာ သူ့အတွက် အသစ်အဆန်းဖြစ်နေမှာ သေချာသည်။

ထို့ကြောင့် သူ ချက်ချင်းဆိုသလို ဆန့်ကျင်ဘက်လုပ်ကာ မကြုံဖူးသောခံစားချက်ကို စိန်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။

ချင်လိ သူ့အား ရုပ်ဆိုးသည်ဟုပြောဆိုနေသည်ကိုတော့အလို အလျောက် လျစ်လျူရှုထားသည်။

သူ့လို ဒီလောက်လှပပြီး ကြည့်ကောင်းတဲ့ ကြောင်တစ်ကောင်ကို ရုပ်ဆိုးသည်ဟု ပြောရဲသူမှာ မျက်လုံးကန်းနေတဲ့သူပဲ ဖြစ်နိုင်သည်။

ရွမ်ထျန်းသည် သူ့ရိုက်ကူးမှုကို မိဘများအား လျှို့ဝှက်ထားခြင်းမရှိပေ။ ဟူရှစ်လျန်သည် ရွမ်ထျန်း၏ကလေးဆန်သော အပြုအမူများကို ချင်လိလိုက်လျောပေးနေသည်ကြားတော့ စဉ်းစားချင့်ချိန်ခြင်းမရှိသော ချင်လိကို စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသည်။ ရွမ်ထျန်း၏လက်ရှိအခြေအနေသည် အပြင်တွင် လျှောက်သွားလို့ရသည့် အနေအထား မဟုတ်ပေ။

"ပြောစမ်းပါဦး၊မင်း မားကို စိတ်ပူအောင်မလုပ်ပဲ မနေနိုင်ဘူးလား?ဘာကိစ္စ ရုပ်ရှင်ရိုက်ရမှာလဲ? မင်း ငြိမ်ငြိမ်လေးနေလို့မရဘူးလား?တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? မင်းအဖေနဲ့မာမီက အကောင်းကြီးရှိသေးတယ်၊ မင်းကို ကျွေးနိုင်မွေးနိုင်တယ်၊ မင်းအစားသောက် မချို့တဲ့စေရဘူး၊ ဒီကိစ္စကို မာမီလုံးဝသဘောမတူနိုင်ဘူးနော်"

ဟူရှစ်လျန်သည် ရွမ်ထျန်း၏နဖူးကိုလက်ညှိုးဖြင့် ထိုးရင်း ပြောလိုက်သည်။

ရွမ်ထျန်းသည် သူ့နားကို လက်ဖြင့်ဖုံးလိုက်သည်။ မိခင်ဖြစ်သူ၏ကျယ်လောင်သောအသံသည် ဒုံးကျည်တစ်စီးလို သူနားစည်ကို ဖြတ်သန်းဝင်ရောက်သွားသည်။

"ကျွန်တော် လုပ်နိုင်ပါတယ်၊ မားပဲ အလုပ်တစ်ခုခုရှာဖို့ ပြောခဲ့တာ မဟုတ်ဘူးလား?”

ရွမ်ထျန်းသည် မကျေမနပ်ဖြင့် သူအပြစ်ကင်းကြောင်း ချေပပြောဆိုလာသည်။

သူပြောတာ မှားနေလို့လား? မား အလုပ်ရှာခိုင်းလို့အလုပ်ရှာလာပေးတယ်လေ၊ သူ့လို မိဘစကားနားထောင်တဲ့ သားလိမ္မာလေး ရှိဦးမှာလား?

ဟူရှစ်လျန် ထိုစကားကို ကြားသောအခါ ဒေါသထွက်ကာ

"မင်း မားကို လာရွဲ့နေတာလား? အရင်က အလုပ်ရှာခိုင်းတော့ မင်းငြင်းတယ်၊ အခု မရှာနဲ့ပြောတော့ မားကိုဆန့်ကျင်နေတယ်၊ ရွမ်ထျန်း မင်းကိုယ်ကို မင်း လူကြီးဖြစ်လာပြီဆိုတော့ မားစကားကို ဆန့်ကျင်ချင်နေတယ်ပေါ့လေ၊ မရဘူး၊ မား သ‌ဘော မတူဘူး၊ မင်း အိမ်မှာပဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး နေရမယ်၊ မင်း တစ်ခုခုဖြစ်သွားရင် မား ဘယ်လိုနေရမှာလဲ?”

ရွမ်ထျန်း မည်သည့်စကားမှ ထပ်မပြောတော့ပဲ ဝမ်းနည်းအား ငယ်နေသည့် ပုံစံဖြင့်ခေါင်းကို ငိုက်စိုက်ချလိုက်သည်။ ထို့ နောက် မိခင်ဖြစ်သူကို မျက်ရည်များရစ်ဝဲနေသော မျက်လုံးများဖြင့် ကြည့်လာကာ သူအလွန်အမင်း စိတ်မကောင်းဖြစ်နေကြောင်း ခံစားချက်များကို တိတ်တဆိတ် ထုတ်ဖော်ပြောဆိုလိုက်သည်။

ရွမ်ထျန်းသည် တစ်နေရုန် အားအင်ကုန်ခမ်းနေဟန်ဖြင့် စကား မပြော ထမင်းမစားပဲနေခဲ့သည်။ ဟူရှစ်လျန်သည် သားဖြစ်သူအားကြည့်ပြီး စိတ်ပျော့သွားကာ ချင်လိထံဆက်သွယ်ခဲ့သည်။ ချင်လိသည် ရွမ်ထျန်း၏ဘေးကင်းလုံခြုံရေးအတွက် အပြည့် အဝအာမခံကြောင်း ပြောလာမှသာ သူစိတ်သက်သာရာရပြီး လက်ခံခဲ့သည်။နောက်ဆုံးတွင် သားအမိနှစ်ယောက်၏တိုက်ပွဲအတွင်း ရွမ်ထျန်းအောင်ပွဲခံနိုင်ခဲ့သည်။

ဟူရှစ်လျန်သည် သားဖြစ်သူအား ခေါ်ပြီး အတော်ကြာ နားချဆုံးမနေခဲ့သည်။ ယခုချိန်တွင် မိမ်ကိုယ်ကို ဂရုစိုက်ရန်လိုအပ်သဖြင့် ဖြစ်နိုင်လျှင် ဓာတ်ပုံများသာ ရိုက်ရန်နှင့် မလုပ်နိုင်ပါက လက် လျော့လိုက်ရန်ပြောခဲ့သည်။ ၎င်းတို့အတွက် ငွေကြေးများ၊ ကျော်ကြားမှုများမလိုအပ်ပဲ ရွမ်ထျန်းကိုသာ ပျောရွှင်စေချင်သည်။

အကယ်၍ သူ ဤအရာကို သဘောကျသည်ဆိုလည်း ဆက်ပြီး အားပေးနေမည်ဖြစ်သည်။ အရာအားလုံးသည် ရွမ်ထျန်း၏ ပျော်ရွှင်မှုအပေါ်သာအခြေခံသည်။

ရွမ်ထျန်းသည် သူလိုချင်သည်ကို ရရှိသွားပြီးနောက် မျက်နှာအမူအရာသည် စာရွက်တစ်ရွက်ကို လှန်လိုက်သကဲ့သို့ ချက် ချင်းပြောင်းလဲသွားသည်။ သူ ခဏအတွင်းမှာပဲ ပျော်ရွှင်ကာ ခုန် ပေါက်နေခဲ့ပြီး မိခင်ဖြစ်သူအား ပွေ့ဖက်ကာ နမ်းရှုံ့လိုက်ပြီး ဗိုက်ဆာနေပြီဖြစ်၍ အမေချက်ထားသော အထူးဟင်းလျာများကို စားချင်ကြောင်း ချွဲပစ်ကာပြောလိုက်သည်။

ဟူရှစ်လျန်သည် ရွမ်ထျန်းအား အနည်းငယ်ဆူပူပြီးနောက် သားဖြစ်သူ ဗိုက်ဆာနေသည်ကို စကားကြားသည်နှင့် မီးဖို ချောင်ထဲအမြန်ဝင်ကာ ရွမ်ထျန်း ကြိုက်တက်သည့် ဟင်းလျာများကို ချက်ပြုတ်နေတော့သည်။

ရွမ်ပိုင်ထျန်းသည် သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လျက် သတင်းစာဖတ်နေရင်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဟူရှစ်လျန်အားကြည့်ရင်း ပြုံးနေမိသည်။

"မင်း ရွမ်ထျန်း လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်စမ်းပါ၊ငယ်ငယ်လေးကတည်းက မင်း သူ့ကိုနိုင်လို့လား? ဒီလိုပဲ အရှုံးပေးနေကြကို၊ အခုထိ အမှတ်မရှိသေးဘူးလား? ရွမ်ထျန်းက ကိုယ်တို့မိသားစုရဲ့အဖိုးတန်လေးမို့ မင်း သူဖြစ်ချင်တာ လုပ်ချင်တာ အကုန်လုံး ခွင့်ပြုပေးလိုက်စမ်းပါ”

"ကျွန်မကို အဓိပ္ပါယ်မရှိတာတွေ လာပြောမနေနဲ့”

ဟူရှစ်လျန်သည် ရွမ်ပိုင်ထျန်းအား စိုက်ကြည့်ကာ မေးလိုက်သည်။

"ရွမ်ချီ ပြန်လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား?"

"အင်း"

"ဘယ်တော့ပြန်လာမှာတဲ့လဲ ?"

"ဘယ်တော့ ပြန်လာမယ်ဆိုတာတော့ မပြောဘူး၊ ဒါပေမယ့် မကြာခင် ပြန်လာမယ်ထင်တယ်၊ စိတ်မပူနဲ့၊ သူ ပျောက်မသွားဘူး"

ဟူရှစ်လျန်သည် ရွမ်ထျန်းအား သူ့မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ သူ ဤကိစ္စကို ရွမ်ချီအားမည်သို့ ပြောပြရမှန်း မသိဖြစ်နေသည်။

ရွမ်ချီသည် ရွမ်ထျန်းအား အမြဲလိုလိုကာကွယ်ပေးတက်သူဖြစ်ပြီး ရွမ်ထျန်းသည် သူ၏အနာဂတ်သတို့သားလောင်းဖြစ်ပြီး နောင်တစ်ချိန်တွင် လက်ထပ်မည်ဟု ပြောဆိုတက်သည်။ သူသည် ကောင်းသည့်အရာများကို မိသားစုထဲတွင်သာထိန်း သိမ်းထားရမည်ဟုလည်း ရှင်းပြလေ့ရှိသည်။ ထိုကလေးမ သည် အစ်ကိုဖြစ်သူအား အမြဲကပ်တွယ်နေတတ်ပြီး အကယ် ၍ ရွမ်ထျန်းအခြားမိန်းကလေးများနှင့် စကားပြောမိပါလျှင် နာရီပေါင်းများစွာ စိတ်ဆိုးစိတ်ကောက်နေတက်သည်။ ရွမ်ထျန်းကျောင်းရှိ မိန်းကလေးအချို့နှင့် အကြိမ်ကြိမ်ရန်ဖြစ်ဖူး သည်။

ရွမ်ထျန်း မူလတန်းကျောင်းတက်စဉ်က သူ့ထံကြမ်းတမ်းသောညီမတစ်ယောက်ရှိကြောင်းလူတိုင်းသိထားကြသည်။ သူသည် ရဲရင့်ပြီး သတ္တိရှိကာ ကျောင်း၏ချဥ်ပတ်ဆိုလည်း မမှားပေ။

ရွမ်ချီသည် လူ့အဖွဲ့အစည်းကို အမြဲလျစ်လျူရှုကာထင်ရာဆိုင်းတက်သူသည်။

ချင်လီ ပေကျင်းမှ မပြန်ခင်ညတွင် ရွမ်ထျန်းထံဖုန်းဆက်ကာ တစ်ခုခု မှာစရာရှိမရှိနှင့် ရှိပါက စာရင်းပြုစုကာ သူ့ထံပေးပို့ရန်ပြောခဲ့သည်။

ရွမ်ထျန်းသည် ထိုအတွက် သုံးနာရီနီးပါးအချိန်ယူပြီး သူ့ ဂို ဒေါင်သေးသေးလေးကို ပစ္စည်းဖြည့်ရန် သေချာစာရင်းပြုစုခဲ့သည်။

စာရင်းထဲတွင် သူအကြိုက်ဆုံးသော သရေစာမုန့်များကို အပြည့်ချရေးထားသည်။ ရွမ်ထျန်း၏ပစ္စည်းများကို ဖြည့် တင်းပေးရသည့် အတွင်းရေးမှူး B သည် အစပိုင်းတွင် ကျင့်သားမရပဲ စိတ်ရှုပ်ခဲ့သော်လည်း ယခုမူ ကျွမ်းကျွမ်းကျင်ကျင်ဖြင့်လုပ်ဆောင်နိုင်နေပြီဖြစ်သည်။

ချင်လိသည် ပေကျင်းသို့ မပြန်မီ မိသားစုနှစ်ခုအကြား တရား ဝင်တွေ့ဆုံခြင်းနှင့် ညစာစားရန် နေရာကိုအဆင်သင့်စီစဉ်ထားပြီးဖြစ်သည်။ ထိုနေရာသည် ပေကျင်းမြို့တော်ရှိ Luxury အဖြစ်ဆုံးစားသောက်ဆိုင်ဖြစ်ပြီး ၎င်းတို့တွေ့ဆုံမည့် ဒုတိယထပ်နေရာကို ရှင်းလင်းထားသည်။ ချိန်းဆိုထားသည့်ရက်မှာ တနင်္ဂနွေနေ့ဖြစ်ပြီး နှစ်ဖက်လုံး အချိန်ပေးနိုင်မည်ဖြစ်သည်။

ချိန်းဆိုထားသည့်နေ့အရောက်တွင် ရွမ်ထျန်းသည် အိပ်ရာမှ ထသည်နှင့် သူ့အချိုမုန့် အကြောင်းတွေးကာ ချင်လိကို ရှာရန် စိတ်အားထက်သန်နေခဲ့သည်။ သို့ရာတွင် သူ့ ရည်ရွယ်ချက်အား တိုက်ရိုက်မဖော်ပြပဲ မတော်တဆ ပေါ်လာဟန်ဆောင်ရန် တွေးလိုက်ပြီး ခဏအကြာတွင် သူ့ခေါင်းထဲတွင် ရုတ်တရက်အကြံတစ်ခုပေါ်လာသည်။

ချင်လိသည် သူ့အတွက် အလုပ်စီစဉ်ပေးပြီး ဝေးလံသည့်နေရာမှ အစားအသောက်များ ဝယ်လာပေးသည်ကို သူ့အနေ ဖြင့် ကျေးဇူးတင်စကားတော့ ပြောသင့်သည်ဟု ခံစားရသည်။

သူ လုပ်တက်တာ များများစားစားမရှိသလို ချင်လိလည်းလို အပ်နေတာမျိုးမရှိပေ။ သို့သော် သူ ချင်လိအတွက် ထမင်းတနပ်တော့ သေချာချက်ပြတ်ပေးနိုင်သည်။

သူ စားစရာလာပို့သည်ဟု အကြောင်းပြကာ သူ့အကြိုက်ဆုံးအချိုမုန့်များ ရရှိမည်ဖြစ်သည်။ ထို့အပြင် ချင်လိသည် သူ့ကြိုးစားမှုကိုကြည့်ပြီး စိတ်လှုပ်ရှားသွားမှာ သေချာသည်။

ရွမ်ထျန်း သူ့စိတ်ကူးအတိုင်း မြန်မြန်ဆန်ဆန်လှုပ်ရှားလိုက်သည်။ သူ ထမင်းအိုးတည်လိုက်ပြီး မနက်က အမေဝယ်လာတဲ့ ငါးကို မြန်မြန်ဆန်ဆန်ပဲ ဆေးကြောသန့်စင်လိုက်ပြီး သပ်သပ်ရပ်ရပ် လှီးဖြတ်လိုက်သည်။

သူ ငါးကြော်ရန် စိတ်ကူးထားသည်။ သူ့အမေ ချက်ခဲ့ဖူးသည်ကို အရင်က မြင်ဖူးပြီး ပြုလုပ်ပုံအဆင့်ဆင့်ကိုမှတ်မိနေသည်။

ချက်ပြုတ်ပြီးနောက် သူ အပူထိန်းထမင်းဘူးထဲ ထည့်လိုက်သည်။

သူသည် လှပပြီး သန့်ရှင်းသော ကြောင်တစ်ကောင်ဖြစ်သည်။ ထို့နောက် သူ အိပ်ခန်းထဲသို့ဝင်၍ အဝတ်အစားလဲလိုက်ပြီး ချင်လိနှင့်နေ့လယ်စာအတူစားပြီး ညနေ သူနှင့်အတူ စား သောက်ဆိုင်သို့ လိုက်ခဲ့မည်ဟု မှတ်စုတွင်ရေးထားခဲ့သည်။

ရွမ်ထျန်းသည် ချင်လိအား အံ့ဩသွားစေရန် ဖုန်းကြိုမဆက်ပဲ ထမင်းဘူးကိုကိုင်ကာ ထွက်လာခဲ့သည်။

သူ ချင်လိ၏ကုမ္ပဏီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး နေရာကို ရင်းနှီးနေသည်။ ဒုဥက္ကဌမှအစ သန့်ရှင်းရေးသမားအထိ လူတိုင်းကို သိသည်။ ကုမ္ပဏီဝန်ထမ်းတိုင်း သည် လည်း ဥက္ကဌချင်တွင် ငယ်သူငယ်ချင်းတစ်ယောက်ရှိကြောင်း သိကြသည်။ သာမန်အားဖြင့် အေးစက်ပြီး ခံစားချက်မရှိသော ဥက္ကဌချင်ပင် ထိုအတန်းဖော်ကိုချော့မြူပြီး အလိုလိုက်ပေးရသည်။ ရွမ်ရှောင်ထျန်းအားဂရုစိုက်ခြင်းဖြင့် ဥက္ကဌ၏မျက်နှာပေးမှုကို ရရှိနိုင်သည်ဟူသော စကားသည် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ကုမ္ပဏီအတွင်းလျှို့ဝှက်ပျံ့နှံ့နေခဲ့သည်။

ရွမ်ထျန်းသည် ကုမ္ပဏီသို့ ဝင်လာရာလမ်းတစ်လျှောက်တွင် အန်ကယ်၊ အန်တီ၊ ကျဲ၊ ကော စသဖြင့်တွေ့သူတိုင်းကို ရင်းနှီးစွာနှုတ်ဆက်ပြီး ချင်လိ၏ရုံးခန်းဆီသို့ ဓါတ်လှေကားဖြင့် ချောချောမွေ့မွေ့ တက်လာခဲ့သည်။

ရွမ်ထျန်းသည် ချင်လိရုံးခန်းအရောက်တွင် အတွင်းရေးမှူးအား သူ ရုံးခန်းထဲတွင် ရှိ၊ မရှိ မေးရန် ပြင်လိုက်စဉ် ရုတ်တရတ် ရုံးခန်းတံခါး ပွင်လာပြီး အထဲမှ မည်းမှောင်နေသောမျက်နှာဖြင့် ဒေါသတကြီးထွက်လာသော ချင်လိ၏ဒုတိယဦးလေးနှင့် ပက်ပင်းတိုးမိသွားသည်။ ချင်ရှန့်သည် ရွမ်ထျန်းအားမြင်သောအခါ သူ့အားမထီမဲ့မြင်ပြုကာ လမ်းကိုပိတ်ဆို့ထားသည်ဟုထင်ပြီး ဘေးသို့တွန်းထုတ်လိုက်သည်။

ရွမ်ထျန်းသည် ထင်ထားသည့်အတိုင်းပင် သူ့အားမထိခိုက်စေရန် တိမ်းရှောင်နိုင်ခဲ့သည်။ သူ့လက်ထဲရှိ ထမင်းဘူးကို တင်း တင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ထိုအမျိုးသားထံမှ စက်ဆုပ်ဖွယ်အနံ့တစ်ခုကို ရုတ်တရက်ရလိုက်သည်။

ရွမ်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။ သူ ထိုအနံကို မကြိုက်သလို ချင်လီ၏ဒုတိယဦးလေးကိုလည်း သဘောမကျပေ။

ချင်ရှန့်သည် ရွမ်ထျန်းအားမထီမဲ့မြင်ပြုကာ အေးစက်ပြီး ရွံရှာသောမျက်လုံးများဖြင့် ကြည့်လာသည်။

ရွမ်ထျန်း နှုတ်ခမ်းကိုခပ်တင်းတင်း ဆန့်တန်းထားလိုက်သည်။ သူသည် တွေ့သမျှလူတိုင်းကို ချိုမြိန်စွာစကားပြောတတ်ပြီး ပြုံးပြနှုတ်ဆက်တက်သော်လည်း ထိုအမျိုးသားကိုတော့ မမြင်ချင်ယောင်ဆောင်လိုက်ပြီး ချင်လိရုံးခန်းသို့ တန်းတန်း မတ်မတ် လျှောက်ဝင်သွားသည်။

ချင်လီသည် တံခါးဖွင့်သံကြားသဖြင် ဒုတိယဦးလေး ပြန်ဝင်လာသည်ထင်ပြီး ခေါင်းအနည်းငယ်မြှောက်ကာ လှမ်းကြည့်လိုက်သည်။ သူ၏ရေခဲတမျှ ချွန်ထက်သောအကြည့်များနှင့်တင်းမာခက်ထန်နေသောမျက်နှာအမူအရာမှာ မည်သည့်ခံစားချက်မှမရှိကြောင်း ထုတ်ဖော်ပြသနေသလိုပင်။

ရွမ်ထျန်းသည် လက်ထဲရှိထမင်းဘူးကို သူ့မျက်နှာ‌ရှေ့တွင် မြှောက်ပြလိုက်သည်။

"ဒန့်တန့်~ဒန်~"

ရွမ်ထျန်းသည် ချိုမြိန်သောအပြုံးနှင့် ထမင်းဘူးကို ချကာ ချင်လိကို မျှော်လင့်တကြီးကြည့်လိုက်သည်။

“မင်း အံ့ဩသွားတယ်မဟုတ်လား ?”

ချင်လိ ခဏတာ အံ့အားသင့်သွားသည်။ ရွမ်ထျန်းရောက်လာလိမ့်မည်ဟုသူ မမျှော်လင့်ထားသဖြင့် မည်သို့တုံ့ပြန်ရမလဲမသိပဲ “မင်း ဒီကို ဘာလို့ရောက်နေတာလဲ ?”

"ငါ မင်းအတွက် နေ့လည်စာ ယူလာပေးတာ"

ရွမ်ထျန်းသည် ထမင်းဘူးကို ရတနာတစ်ခုလို တန်ဖိုးထားကာ ချင်လိထံ လွှဲပြောင်းပေးလိုက်ပြီး တောက်ပသောမျက်လုံးများဖြင့် ပြောလာသည်။

“ဒါ ငါကိုယ်တိုင်ချက်လာတာ”

ရွမ်ထျန်းသည် “ငါ ဒီလောက်တော်တာကို သူဘာလို့ မချီးကျူးသေးတာလဲ?”ဟူသောမျက်နှာအမူအရာဖြင့် ချင်လိကို ကြည့်လိုက်သည်။

ချင်လိ၏ တင်းမာနေသောမျက်နှာပြေလျော့သွားပြီး မသိသာသော အပြုံးရိပ်တစ်ခုပေါ်လာသည်။ သူရွမ်ထျန်းခေါင်းကို ညင်သာစွာပွတ်သပ်ပေးရင်း “ကျေးဇူးပဲ ရွမ်ထျန်း”

ရွမ်ထျန်း နားရွက်များ ရုတ်တရက်နီရဲလာသည်။ ချင်လိ၏နိမ့်ချသောအသံသည် ဆွဲဆောင်မှုရှိပြီး သက်တောင့်သက်သာဖြစ်စေကာ ကြောင်တစ်ကောင်ကို ကလိထိုးနေသကဲ့သို့ သူ့အား ယားယံစေသည်။

"အာ...ဒီလောက်လေးကတော့ ရပါတယ်"

သူ ချက်ချင်းပဲ ပွတ်သပ်ခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ နူးညံ့သိမ်မွေ့သွားသည်။

ချင်လိသည် မနေနိုင်ပဲ ရွမ်ထျန်းခေါင်းကို ထပ်ပြီး ပွတ်သပ်ပေးလိုက်သည်။

သူ့မျက်နှာပေါ်ရှိ ရေခဲတမျှအေးစက်နေသော အမူအရာများ ပျောက်ကွယ်သွားပြီး အဆုံးမရှိသော နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။

ချင်လိ၏လက်ဖဝါးသည် နွေးထွေးနေပြီး အပူချိန်သည် ရွမ်ထျန်းခေါင်းမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကိုပျံ့နှံ့သွားသည်။ ရွှမ်ထျန်းသည် အပူချိန်ကိုခံစားပြီးနောက် မူလကြောင်အသွင်သို့ ပြန်လည်ပြောင်းလဲတော့မည်ကို ခံစားလိုက်ရသည်။

“မင်း မမြည်းကြည့်ဘူးလား ?” သူ တုန်တုန်ယင်ယင်ဖြင့်တိုက်တွန်းလိုက်သည်။

ထိုမှသာ ချင်လိသည် ရွမ်ထျန်းခေါင်းကို ပွတ်သပ်နေသည့်လက်ကို ဖယ်လိုက်ပြီးခေါင်းကို ငုံ့ကာ သူယူလာသော ထမင်းဘူးကို ဖွင့်လိုက်သည်။

ရွမ်ထျန်း ဆိုဖာကို ပွတ်ရင်း ကံကောင်းထောက်မစွာ သူ သရုပ်မှန်ကို မထုတ်ပြခဲ့ပေမယ့် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နောက်ကျောကို လက်ဖြင့်စမ်းကြည့်လိုက်ရာ သူ သတိမထားမိပဲ သူ့အမြီးလေးထွက်နေခဲ့သည်ကို ရုတ်တရက် သိလိုက်ရသည်။

ချင်လိသည် သူ့အမွေးများကို ပွတ်သပ်ပေးနေသောကြောင့် သူ့အမြီးလေးက ပျော်ရွှင်ပြီးဖြည်းဖြည်းချင်း လှုပ်ရှားလာခြင်းဖြစ်သည်။

(T/N - ကြောင်လေးတွေကို ပွတ်သပ်ပေးရင် သူတို့အမြီးလေးတွေက လှုပ်နေတက်တယ်)

ရွမ်ရှောင်ထျန်းသည် သူ၏ထူထဲသောအမြီးဖျားကို ဆုပ်ကိုင်ရင်း ချင်လီဘက်သို့ တိတ်တဆိတ်မျက်လုံးကို‌ စောင်းကြည့်လိုက်သည်။ ချင်လိ သတိမထားမိကြောင်းကို တွေ့ရတော့ သူ့အမြီးကိုအမြန်ပြန်ဝှက်လိုက်သည်။

စာရေးဆရာမှာ ပြောစရာရှိတယ်-

ချင်လိက ရွမ်ထျန်းရဲ့ နူးညံတဲ့အမြီးလေးကိုကိုင်ပြီး မျက်ခုံးပင်ကာမေးလိုက်တယ် - "ဒါဘာလဲ ? လျှပ်စစ်ကြောင်အမြီးလား ?"

ရွမ်ထျန်း မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ - "အဲ့ဒါ ငါ့အမြီး..." ┭┮﹏┭┮

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment