အခန်း(၇)
---
နန်းတော်အစေခံများသည် ကျင်းချွန်းဥယျာဉ်ရှိ နန်းဆောင်ငယ်တစ်ခုတွင် ပျော်ပွဲစားပွဲကို စီစဉ်ထားသည်။ ဧကရာဇ်နှင့် ကျန်အမတ်ကြီးများ နေရာယူပြီးနောက် ဂီတသမားများနှင့် ဖျော်ဖြေသူများအဖွဲ့သည် စတင်တီးမှုတ် ဖျော်ဖြေကြသည်။
ရှင်းဝူဧကရာဇ်သည် လော့ဝေအား လော့ဇီဘေးတွင် ထိုင်စေပြီး လော့ဝေအား မေး၏။ “ဝေအာ၊ သက်သာရဲ့လား”
လော့ဝေသည် ထရပ်ပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ “ကျွန်တော်မျိုး ကျန်းမာရေး ပြန်ကောင်းလာပါပြီ”
ရှင်းဝူဧကရာဇ်က မေးခွန်းကို ဆက်မေးသည်။ “မင်းနဲ့ ကျောက်ညီအစ်ကိုတွေ ဘယ်လိုဖြစ်ပြီး ပဋိပက္ခဖြစ်ခဲ့ကြတာလဲ”
လော့ဝေသည် ခေါင်းငုံ့ကာ ပြန်ဖြေသည်။ “ကျွန်တော်မျိုး မှားခဲ့တာပါ၊ ကျောက်ညီအစ်ကိုတွေနဲ့ ဘာမှ မဆိုင်ပါဘူး”
ရှင်းဝူဧကရာဇ်က ပြန်ပြောသည်။ “သူတို့နဲ့ မဆိုင်ဘူး ဟုတ်လား၊ မင်း အတော်လေး ဒဏ်ရာရခဲ့တာ မဟုတ်လား”
လော့ဝေသည် ခေါင်းမော့ကာ ဧကရာဇ်အား ရိုးသားစွာ ပြန်ဖြေသည်။ “ကျောက်အစ်ကိုကြီးတို့ ခဏတာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာပါ၊ ကျွန်တော်မျိုးက ဆိုးဝါးတဲ့ အမှားလုပ်မိခဲ့တာပါ၊ ကျွန်တော်မျိုး အပြစ်ဒဏ် ခံထိုက်ပါတယ်၊ ကျောက်ညီအစ်ကိုတွေက ကျွန်တော်မျိုးကို တရားရုံးကို မပို့ဘဲ သူတို့ကိုယ်တိုင် ဖြေရှင်းပေးခဲ့တာကိုက ကျေးဇူးတင်ပါတယ်”
လော့နှင့် ကျောက်မိသားစုနှစ်ခုလုံးမှ ဖခင်နှင့် သားများသည် သက်ပြင်းချလိုက်ကြ၏။ သူတို့သည် ဤအကြောင်းပြချက်ကို သီးသန့် အဆင်သင့် ပြုလုပ်ထားခဲ့သော်လည်း ဧကရာဇ်သည် ယနေ့ လော့ဝေအား ကိုယ်တိုင် မေးလိမ့်မည်ဟု မထင်ခဲ့ကြပေ။ ဤ အသိဉာဏ်မဲ့သော ကလေးသည် အဓိပ္ပာယ်မရှိသည့် စကားများကို ပြောဆိုလာမည်ကို စိုးရိမ်ခဲ့ကြသော်လည်း သူသည် မျှော်လင့်မထားဘဲ ရင့်ကျက်လာခဲ့၏။
ရှင်းဝူဧကရာဇ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ “ကျောက်ညီအစ်ကိုနှစ်ယောက် လုပ်ခဲ့တာဟာ ချီးမွမ်းစရာပဲ၊ မင်းလို ခေါင်းမာတဲ့ ကလေးတစ်ယောက်ကို အသိတရားရစေဖို့ သူတို့ ကူညီနိုင်ခဲ့တယ်၊ ငါ သူတို့ကို ဆုချရမယ်၊ ငါတင်မကဘူး၊ မင်းရဲ့ အဖေကလည်း သူတို့ကို ကျေးဇူးတင်သင့်တယ်”
လော့ဝေသည် အနည်းငယ် ရှက်ရွံ့သော အမူအရာဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်တော်မျိုး အပြစ်တွေကို နားလည်ပါပြီ”
ထိုအချိန်တွင် ကျောက်ညီအစ်ကိုနှစ်ယောက်လည်း ပြောလာသည်။ “ဒီဆုလာဘ်ကို ကျွန်တော်တို့ရဖို့ မထိုက်တန်ပါဘူး”
“မင်းတို့နှစ်ယောက်ကို ဆုချမယ်လို့ ငါ ပြောပြီးပြီ၊ ငါ စီစဉ်ထားတဲ့အတိုင်း လုပ်မယ်” ရှင်းဝူဧကရာဇ်သည် ပြုံးလျက် သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ “ရိုက်နှက်မှုတစ်ခုကနေ ဒီလို လော့ဝေမျိုး ဖြစ်လာမယ်လို့ ငါ မထင်ခဲ့ဘူး၊ ငါ အရမ်း ဝမ်းသာတယ်!”
လော့ဝေသည် ကျောက်ညီအစ်ကိုများကို ကြည့်
လိုက်ပြီး တောင်းပန်သည့် အပြုံးဖြင့် ပြုံးပြလိုက်
သည်။ သူတို့သည် သဘောထားသေးသိမ်သူများမဟုတ်ကြောင်း သူ သိ၏။ သူ၏ အမှားများကို ရိုးရိုးသားသား ဝန်ခံပါက သူတို့နှစ်ဦးလုံးက သူ့ကို ဝမ်းမြောက်ဝမ်းသာ ခွင့်လွှတ်ပေးလိမ့်မည်။
“ထိုင်နိုင်ပါပြီ” ရှင်းဝူဧကရာဇ်၏ စိတ်ခံစားချက်သည် ပိုမို ကောင်းမွန်လာခဲ့၏။ သူ၏ အမြဲတည်ကြည်သော မျက်နှာသည် ယခုအခါ ရိုးသားသော အပြုံးကို ဆောင်ထားသည်။
ထိုသို့ဖြင့် ဤပျော်ပွဲစားပွဲလေးတွင် ဧကရာဇ်နှင့် သူ၏ အခြွေအရံများသည် အရာအားလုံးကို ပျော်ရွှင်စွာ ခံစားခဲ့ကြသည်။
ပွဲတော်အတွင်း လော့ဝေသည် ထုံးတမ်းစဉ်လာများနှင့် ကျင့်ဝတ်များကို လိုက်နာခဲ့သည်။ သူသည် အိမ်ရှေ့စံမင်းသားဘေးတွင် ထိုင်နေသော ဒုတိယမင်းသားအား တစ်ချက်သာ ကြည့်ခဲ့ပြီး ထို့ထက် ပိုမကြည့်ခဲ့ချေ။ လုံရွှမ်သည် အိမ်ရှေ့စံမင်းသား လုံယွီထက် အရပ်ပိုရှည်ပြီး လုံယွီ၏ နူးညံ့သိမ်မွေ့သော စိတ်နေသဘောထားနှင့် အလွန် ကွာခြားသည်။ လုံရွှမ်သည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော မာနကို ဆောင်ထားသည်။ အတိတ်ဘဝက လော့ဝေအတွက် သူသည် ရင်သပ်ရှုမောဖွယ် နေရောင်ခြည်ကဲ့သို့ ဖြစ်ခဲ့သော်လည်း ပြန်လည်မွေးဖွားလာသော လော့ဝေအတွက်မူ သူသည် အိပ်မက်ဆိုးများ၏ ရင်းမြစ် ဖြစ်သည်။
လုံရွှမ်သည် လော့ဝေကို စောင့်ကြည့်နေခဲ့၏။ သူ့နောက်မှ အမြဲတမ်း ကပ်ပါနေသော ထို ဝတုံးခွေးပေါက်လေးသည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့လေပြီ။ သူ့ မျက်စိရှေ့မှ လော့ဝေသည် အံ့မခန်း လှပပြီး စကားပြောရာတွင် ကြော့ရှင်းသည်။ သူ့ကိုသာ အမြဲ စိုက်ကြည့်နေသော အမူအရာမျိုး မရှိတော့ချေ။ သူသည် လုံရွှမ်အား လျစ်လျူရှုသော အကြည့်တစ်ချက်သာ ပေးခဲ့သည်။
စားသောက်ပွဲ တစ်လျှောက်လုံးတွင် လုံရွှမ်အား အကြည့်တစ်ချက်သာ ပေးခဲ့သည်။ ထိုသို့ ရင်းနှီးမှုမရှိခြင်းက လုံရွှမ်၏ နှလုံးသားကို အတော်လေး လစ်ဟာနေစေခဲ့သည်။ သူသည် ကျောက်ညီအစ်ကိုများကို အပြစ်တင်စေပြီး ကျောက်မိသားစုနှင့် ပိုမို ရင်းနှီးရန် ရည်ရွယ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း အရိပ်အမြွက်ပြခဲ့သည်။ သို့သော် လော့ဝေက သူ၏ ကိုယ်ပိုင်အမှားများကို ဝန်ခံလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ သူ၏ အရိပ်အမြွက်ကို မသိခဲ့ခြင်းလား။ လုံရွှမ်၏ နှလုံးသားသည် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသော်လည်း ထိုအရာများထဲမှ တစ်ခုမျှ ပေါ်မလာစေရန် သူ ထိန်းချုပ်ထားခဲ့သည်။
စားသောက်ပွဲအပြီးတွင် ရှင်းဝူဧကရာဇ်သည် အမတ်ချုပ်ကြီးကို သီးသန့်စကားပြောရန် ခေါ်ယူခဲ့၏။
လော့ဝေသည် နန်းတော်မှ ထွက်ခွာစဉ် လော့ဇီနောက်မှ လိုက်လာခဲ့သည်။
“ဝေအာ” ဖန်ဝူစစ်သူကြီး ကျောက်ဟေနျန်က သူ့ကို တားလိုက်သည်။
“ဦးလေးကျောက်” လော့ဝေသည် ဖခင်နှင့် ကျောက်ညီအစ်ကိုများကို ကြည့်လိုက်ပြီး တောင်းပန်သည့် ရှက်ရွံ့မှုဖြင့် ခေါင်းငုံ့လိုက်သည်။
“မင်းကို ရိုက်နှက်လိုက်တာ အသိတရား ဝင်သွားပုံရတယ်” ကျောက်ညီအစ်ကိုနှစ်ယောက်အနက် အငယ်ဖြစ်သူ ကျောက်ကျွင်းယီသည် လော့ဝေ၏ အမူအရာကို မြင်လိုက်သောအခါ လှောင်ပြုံးဖြင့် ပြောလိုက်သည်။ လော့ဝေအပေါ် သူ၏ မုန်းတီးမှုသည် လက်စားချေခြင်းကဲ့သို့ ဖြစ်နေခဲ့ရာ သူ့ကို ပြောစရာ စကားကောင်းများ မရှိခဲ့ပေ။
“ကျွန်တော် တကယ် တောင်းပန်ပါတယ်” လော့ဝေသည် ရိုးသားစွာ တောင်းပန်၏။ “အားလုံး ကျွန်တော့်အမှားတွေပါ၊ မကောင်းတဲ့ အကြံကြောင့် သွေးဆောင်ခံလိုက်ရတာပါ၊ ကျွန်တော် သူမကို ဘာမှ မလုပ်ခဲ့ပါဘူး၊ ကျွန်တော်...”
ကျောက်ကျွင်းယီက သူ့ကို ဖြတ်ပြောလိုက်သည်။ “မင်းသာ ရှောင်းလျန်ရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့ရင် မင်း ဒီလို အရိုက်ခံရရုံနဲ့ ပြီးသွားမယ်လို့ ထင်နေတာလား”
“ကျွန်တော် တကယ် တောင်းပန်ပါတယ်” လော့ဝေသည် ခေါင်းငုံ့လျက် ဆက်လက် တောင်းပန်နေသည်။ ယခုအချိန်မှ စတင်သော သူ့ ဘဝသည် အခြားသူများ၏ အောက်တွင် နေသားတကျ ဖြစ်နေခဲ့ပြီး မိမိကိုယ်ကို နှိမ့်ချခြင်းမှ အသက်ရှင်ခဲ့သူ ဖြစ်သည်။ သူ့ အမှားများကို ဝန်ခံခြင်းသည် ရင်းနှီးပြီး လွယ်ကူသော လမ်းဖြစ်ခဲ့သည်။
“တော်ပြီလေ” လော့ဇီသည် ဆက်လက်သည်းမခံနိုင်တော့ပေ။ သူ့ ညီငယ်သည် သူ့ကိုယ်သူ နှိမ့်ချပြီး ဖြစ်သော်လည်း ကျောက်ကျွင်းယီသည် ကျေနပ်ခြင်းမရှိသေးဘဲ သူ့ကို ခွင့်လွှတ်တော့မည် မဟုတ်သည့် ပုံစံမျိုး ရှိနေသေးသည်။ ဤသည်က လော့ဇီ၏ ဒေါသကို ဖြစ်ပေါ်စေသည်။ “ကျောက်ကျွင်းယီ၊ မင်း သူ့ကို ဆဲဆိုပြီး ရိုက်နှက်ခဲ့ပြီးပြီ၊ ရှောင်းဝေလည်း သေလုနီးပါး ဖြစ်ခဲ့ရပြီ၊ မင်း ဘာကို ထပ်လိုချင်သေးတာလဲ”