အခန်း(၁၂)
“အစ်ကိုကြီး... အစ်ကို့လက်အောက်မှာ တကယ့်ကို တော်တဲ့ လေးသည်တော် ရှိလား?” လမ်းလျှောက်ရင်း လော့ဝေက မေးလိုက်သည်။
“ရှိတာပေါ့” လော့ဇီက ပြန်ဖြေလိုက်၏။ ထို့နောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး ခြေလှမ်းတန့်လိုက်ပြီး ပြောလိုက်သည်။ “မင်း လေးသည်တော်တွေကို ဘာလုပ်မလို့လဲ? နောက်ထပ် ပြဿနာရှာဖို့ ကြံနေပြန်ပြီလား?”
“မဟုတ်ပါဘူးဗျာ” လော့ဝေက ရယ်လိုက်သည်။ “အဲ့ဒီလူကို အိမ်တော်မြောက်ဘက် တံတိုင်းအောက်မှာ စောင့်ခိုင်းထားပေးလို့ ရမလား? ခဏနေရင် အိမ်တော်ထဲက ခိုတစ်ကောင် ပျံထွက်လာလိမ့်မယ်လို့ ကျွန်တော် ထင်နေတယ်၊ အဲ့ဒီခိုကို ပစ်ချခိုင်းလိုက်”
လော့ဇီက မျက်မှောင်ကြုတ်သွားပြီး “မင်း ဘာတွေကြံနေတာလဲ?”
“ခဏနေရင် အစ်ကိုကြီးကို ပွဲကောင်းလေး ပြမလို့ပါ” လော့ဝေ၏ အပြုံးက ဆန်းကြယ်နက်နဲနေသည်။ “စိတ်ချပါ အစ်ကိုကြီး။ ကျွန်တော် ပြဿနာမရှာပါဘူး၊ ရှာစရာရှိရင်တောင် ကိုယ့်အိမ်ထဲမှာတော့ မလုပ်ပါဘူး”
လော့ဇီက ပြောလိုက်သည်။ “မင်းနဲ့ ကစားနေဖို့ ငါ့မှာ အချိန်မရှိဘူးဆိုတာတော့ သိသားပဲ”
လော့ဝေက လော့ဇီ၏ လက်တစ်ဖက်ကို ဆွဲယူကာ ကလေးဆိုးလေးတစ်ယောက်လိုမျိုး ရှေ့နောက် လွှဲယမ်းလိုက်ရင်း ချွဲလိုက်သည်။ “အစ်ကိုကြီးကလည်း... ဒီတစ်ခါတော့ ကျွန်တော့်စကား နားထောင်ပေးပါနော်”
လော့ဇီခမျာ ကြက်သီးမွှေးညှင်းများပင် ထသွားရချေပြီ။ လော့ဝေက သူ့အပေါ် ဘယ်တုန်းကမှ ရင်းရင်းနှီးနှီး မရှိခဲ့ဖူးပေ။ ယခုလို ချွဲနွဲ့ပြီး ကလေးဆိုးလုပ်ပြဖို့ဆိုသည်မှာ ဝေလာဝေးပင်။
ညဉ့်နက်နေချေပြီ။ လော့ဇီတစ်ယောက် လော့ဝေနှင့်အတူ တံခါးနောက်ကွယ်တွင် ပုန်းအောင်းနေသည်မှာ အတော်လေး ကြာနေပြီဖြစ်ရာ နောက်ဆုံးတွင် စိတ်မရှည်နိုင်တော့ချေ။ သူက လော့ဝေကို မေးလိုက်သည်။ “မင်း ငါ့ကို တကယ်တမ်း ဘာပြချင်နေတာလဲ?”
“လာနေပြီ” လော့ဝေက သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ တံခါးတစ်ချပ်ကို လက်ညှိုးထိုးပြရင်း လော့ဇီကို ပြောလိုက်သည်။
လော့ဇီ လှမ်းကြည့်လိုက်သော်လည်း လော့မိသားစု၏ အစေခံဟောင်းတစ်ဦးဖြစ်သော လော့ကျစ်ချိုး၏ ကိုယ်ရံတော် လော့ကျုံးကိုသာ တွေ့လိုက်ရသည်။
“သူမွေးထားတဲ့ ခိုတွေကို အစာကျွေးနေတာလေ” လော့ဝေက လော့ဇီကို တီးတိုးပြောလိုက်သည်။
လော့ဇီက လေသံကို နှိမ့်ကာ ပြန်ပြောလိုက်၏။ “အဲ့ဒါ အိမ်တော်ထဲက လူတိုင်းသိတာပဲ၊ မင်းက ငါ့ကို ဒါလာပြတာလား?”
လော့ဝေက ဘာမှပြန်မပြောဘဲ မလှမ်းမကမ်းတွင်ရှိသော အစေခံအိုကြီး၏ လှုပ်ရှားမှုတိုင်းကိုသာ စောင့်ကြည့်နေလိုက်သည်။ လော့ဇီခမျာ ဘာလုပ်ရမှန်းမသိတော့သဖြင့် လော့ဝေနှင့်အတူ တံခါးဘေးတွင် ဝပ်ကာ စောင့်ကြည့်ရုံသာ တတ်နိုင်တော့၏။ ဒီကလေး၏ ဉာဏ်ဆင်မှုကို မလွန်ဆန်နိုင်ခဲ့ဘဲ ယခုလို အတူတူ လာစောင့်နေမိသည့်အတွက် သူ နောင်တရစပြုနေပြီ ဖြစ်သည်။
လော့ကျုံးက ကျွမ်းကျင်နေသော ပုံစံဖြင့် ခိုများကို အစာကျွေးနေ၏။ လှောင်အိမ်ဘေးတွင် ခဏမျှရပ်စောင့်နေပြီးနောက် ခိုတစ်ကောင်ကို ထုတ်ယူလိုက်သည်။ သူ့လက်ဖြင့် ခိုကို တစ်ခုခုလုပ်ပြီးနောက် ပြန်လွှတ်ပေးလိုက်၏။ ခဏအကြာတွင် အပြင်ဘက်မှ ခိုတစ်ကောင် ပြန်ပျံဝင်လာပြီး လှောင်အိမ်ပေါ်တွင် နားကာ နှစ်ချက်မျှ တွန်လိုက်သည်။ လော့ကျုံးက ရှေ့သို့တိုးသွားပြီး ထိုခိုကို ဖမ်းကာ ခို၏ ဘယ်ဘက်ခြေထောက်ဆီသို့ လက်လှမ်းလိုက်သည်။
“ဦးလေးကျုံး” အချိန်ကိုက်ပင် လော့ဝေက လော့ကျုံး၏ အနောက်သို့ လျှောက်သွားပြီး လှမ်းခေါ်လိုက်သည်။
လော့ကျုံးတစ်ယောက် လန့်ဖျပ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားရရှာသည်။
လော့ဝေက လက်ကိုမြှောက်ကာ လော့ကျုံးလက်ထဲမှ ခိုကို လှမ်းယူလိုက်သည်။ ထိုအခါမှ အဘိုးအိုမှာ သတိပြန်ဝင်လာပြီး အမတ်ချုပ်အိမ်တော်မှ သခင်လေးနှစ်ယောက်ကို သရဲ မြင်လိုက်ရသကဲ့သို့ ပြူးကြောင်ကြောင် ကြည့်နေမိတော့သည်။ “ဦးလေးကျုံး... မိုးချုပ်နေပြီ၊ ဘာလို့ ခိုစာကျွေးနေတုန်းလဲ?” လော့ဝေက ယဉ်ကျေးသိမ်မွေ့သော လေသံဖြင့် မေးလိုက်သော်လည်း လက်ထဲမှ ခိုကိုမူ လော့ဇီထံသို့ ကမ်းပေးလိုက်သည်။
ခို၏ ခြေထောက်တွင် ဝါးပိုးပြွန် သေးသေးလေးတစ်ခု ချည်နှောင်ထားသည်ကို လော့ဇီ တွေ့လိုက်ရ၏။
“သခင်လေးဇီ” လော့ကျုံးက အော်ကာ ရှေ့သို့ ပြေးဝင်လာသည်။
“မလှုပ်နဲ့” လော့ဝေက လက်ကာပြရင်း လော့ကျုံးကို တားလိုက်ကာ ပြောလိုက်သည်။ “ဒီအခြေအနေထိ ရောက်နေမှတော့ ခင်ဗျား ဘာလုပ်နိုင်ဦးမှာမို့လို့လဲ?”
လော့ကျုံး၏ မျက်နှာမှာ ပြာနှမ်းသွားချေပြီ။ သူ တစ်ခုခု လုပ်ရန် မကြိုးစားမီမှာပင် လော့ဝေ၏ အစောင့်နှစ်ယောက်က အမှောင်ထဲမှ ထွက်လာပြီး သူ့လက်နှစ်ဖက်ကို နောက်ပြန်ချုပ်လိုက်ကြသည်။
စကားမပြောနိုင်စေရန် ပါးစပ်ကိုပါ အဝတ်ဖြင့် ဆို့ထားလိုက်ကြ၏။
လော့ဇီက ဝါးပိုးပြွန်လေးထဲမှ လိပ်ထားသော စာရွက်သေးသေးလေးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ဖြန့်ခင်းလိုက်ပြီး လရောင်ဖြင့် ဖတ်ရှုလိုက်သည်။
စာရွက်ပေါ်တွင် ရေးထားသည်မှာ “လော့ဝေ အမူအရာတွေ ပျက်နေတယ်၊ အကြောင်းရင်းကို အမြန်ဆုံး စုံစမ်း။ ယွီကျိုး သတ္တုတွင်းကိစ္စနဲ့ ပတ်သက်ပြီး အမတ်ချုပ်ကြီးလော့ရဲ့ အစီအစဉ်က ဘာလဲဆိုတာ အမြန်ဆုံး သတင်းပို့”
လော့ဇီ၏ မျက်နှာထားက ပြောင်းလဲသွားပြီး ခေါင်းမော့ကာ လော့ကျုံးကို ဒေါသတကြီး စိုက်ကြည့်လိုက်မိသည်။ ဒီလူက လော့ကျစ်ချိုး ငယ်စဉ်ကတည်းက အမှုထမ်းခဲ့သူဖြစ်ပြီး လော့ဇီ အရွယ်ရောက်လာသည်အထိ စောင့်ရှောက်ခဲ့သော အစေခံဟောင်း တစ်ဦးလည်း ဖြစ်သည်။ ဘာလို့များ လော့အိမ်တော်ထဲမှာ သူလျှိုလုပ်နေရတာလဲ?
“စစ်သူကြီး” ထိုအချိန်မှာပင် အိမ်တော်အပြင်ဘက်၌ စောင့်နေသော လေးသည်တော် ရောက်ရှိလာပြီး အိမ်တော်ထဲမှ ပျံထွက်သွားသော ခိုကို လက်တွင် ကိုင်ဆောင်လာခဲ့သည်။
“အစ်ကိုကြီး” လော့ဝေက ပြောလိုက်သည်။ “အဖေ့ဆီ သွားကြရအောင် ပြီးတော့ တံခါးတွေကို ပိတ်ထားလိုက်။ ဒီည အိမ်တော်ထဲက ဘယ်သူ့ကိုမှ အပြင်မထွက်စေနဲ့”
လော့ဇီတွင် ငြင်းစရာ မရှိတော့။ သူက အမိန့်ပေးလိုက်ပြီးနောက် လော့ဝေနှင့်အတူ လော့ကျစ်ချိုးထံသို့ ထွက်လာခဲ့တော့သည်။