အခန်း(၄၁)
ဝေလန်သည် စာမတတ်သည့်အပြင် လော့ဝေက အဘယ်ကြောင့် ပေးခဲ့သည်ကိုလည်း မသိပါပေ။ လော့ဝေ လုပ်သမျှသည် သူ့အတွက် ကောင်းချီးမင်္ဂလာဟုသာ အလိုအလျောက် ယုံကြည်ခဲ့သည်။“သခင်လေးအမိန့်ကို ကျွန်တော် နာခံပါမယ်” ဝေလန်က နောက်ဆုံးတွင် ပြောခဲ့လေသည်။ ‘ကျွန်တော်’ ဟု ကိုယ့်ကိုယ်ကို ရည်ညွှန်းပြောဆိုခြင်းသည် အဆင်မပြေသလို ခံစားရသော်လည်း သူသည် ထိုအတိုင်းပင် ပြောဆိုခဲ့၏။
ထို့နောက် လော့ဝေသည် စာရွက်ပေါ်တွင် ဝေလန်၏ မျိုးရိုးအမည်ကို ရေးသားပြီး “ဝေလန်၊ ကြည့်ပါ၊ ဒါက မင်းနာမည်ပဲ” သူ့အား ပြောလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် သူ့ကိုယ်ပိုင်အမည်ကို ဘေးတွင် ရေးလိုက်ပြီး “ဒါက ‘လော့ဝေ’၊ ငါ့နာမည်ပဲ။ မင်း ကျန်းမာလာတဲ့အခါ စာဖတ်တတ်အောင် ငါ သင်ပေးပါ့မယ်၊ အဆင်ပြေလား” မေးမြန်းခဲ့သည်။
ဝေလန်သည် စာရွက်ပေါ်တွင် ရေးထားသည့် စာလုံးလေးလုံးကို မှတ်မိရန် ကြိုးစားပြီး လော့ဝေအား ခေါင်းညိတ်ပြခဲ့သော်လည်း ရုတ်တရက် အားအင်
ကုန်ခမ်းသလို ခံစားရပြီး “သခင်လေး၊ ကျွန်တော့်ကျန်းမာရေးက ဆိုးရွားနေပြီး အသုံးမဝင်တော့ဘူး သခင်လေး ကျွန်တော်ကို ဆက်ထားဦးမှာလား” မေးခဲ့သည်။
“မင်းကို ကုသဖို့ ငါ နည်းလမ်းရှာပါမယ်” လော့ဝေသည် စောင်ပေါ်မှတစ်ဆင့် ဝေလန်၏ ပခုံးကို ပုတ်ပေးခဲ့ပြီး “ဒီမတိုင်ခင် မင်း ဘယ်လောက် ခက်ခဲတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်ဆိုတာ ငါ သိတယ်၊ မင်း အဲဒီလို ဘဝမျိုး ထပ်မံ နေထိုင်ရတော့မှာ မဟုတ်ဘူးလို့ ငါ ကတိပေးပါတယ်”
ဝေလန်သည် လော့ဝေအား သူ နောက်ထပ် ဘာများ ပေးနိုင်ဦးမည်ကို မသိချေ။ သူ၏ ကိုယ်ခံပညာသည် ဆုတ်ယုတ်နေပြီး ခန္ဓာကိုယ်သည်လည်း မသန့်ရှင်းတော့ပေ။ သူ့အတွက် အသုံးဝင်မှု တစ်စုံတစ်ရာ မရှိတော့သည့်အတွက် အဘယ်ကြောင့် အသက်ရှင်နေရမည်နည်း။ သေခြင်းသည် နာကျင်မှု ကင်းမဲ့သရွေ့ လော့ဝေက သူ့အား သေစေခြင်းကို ကမ်းလှမ်းခဲ့လျှင်ပင် ပိုမို နှစ်သက်ဖွယ် ရှိပေလိမ့်မည်။
“ဝေလန်” လော့ဝေသည် ငုံ့၍ ဝေလန်၏ မျက်လုံးများမှ အားအင်ကင်းမဲ့မှုကို ကြည့်ရင်း “မင်းရဲ့ အသက်ဟာ အခုကစပြီး ငါ့အသက်ပဲ။ မင်း အသက်
ရှင်စေချင်တယ်၊နားလည် လား”
အချိန်အတန်ကြာပြီးမှ ဝေလန်က “ဟုတ်ကဲ့” ပြန်ဖြေခဲ့လေသည်။
လော့ဝေသည် ဝေလန်၏ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပေးကာ ထိုနက်ရှိုင်းသည့် မျက်လုံးများကို ကြည့်ခဲ့၏။ ထိုနေ့က မြင်းရထားပေါ်တွင် ဝေလန်အား သန့်ရှင်းရေးလုပ်ပေးစဉ်ကတည်းက သူ မည်မျှ ချောမောကြောင်းကို လော့ဝေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဝေလန်၏ မျက်လုံးနှင့် မျက်ခုံးများသည် လှပပြီး မြင့်မားသည့် နှာတံက ပုံဖော်ထား၏။ သူ၏ နှုတ်ခမ်းများသည် အထူးအထူကြီး မဟုတ်သော်လည်း ပုံစံမှာမူ ကြည့်ကောင်းလှသည်။ နှစ်ပေါင်းများစွာ ကိုယ်ခံပညာ လေ့ကျင့်မှုများက သူ့ခန္ဓာကိုယ်ကို သန်မာထွားကြိုင်းပြီး ကြံ့ခိုင်စေခဲ့ကာ အမာရွတ်များနှင့် အမှတ်အသားများ ရှိနေသည့်ကြားကပင် ကြည့်ရှုသူများကို ဆွဲဆောင်နေခဲ့သည်။ လော့ဝေ သက်ပြင်းချလိုက်၏။ ဤကဲ့သို့ ရုပ်ရည်ရှိသည့် အရိပ်အစောင့်တစ်ဦးသည် ကောင်းသောအရာ မဟုတ်ပါချေ၊ ၎င်းသည် သူ့အား ပိုမို ဆင်းရဲဒုက္ခများသာ ယူဆောင်လာပေတော့မည်။
ချီဇီသည် ဟင်းချိုနှင့်အတူ ပြန်ရောက်လာပြီး “သခင်လေး” လော့ဝေအား ပြောလိုက်ပြီး “ကျွန်တော် သူ့ကို ခွံ့ကျွေးပါ့မယ်”
“သူ့နာမည်က ဝေလန်ပဲ” လော့ဝေသည် နောက်ထပ် ခေါင်းအုံးတစ်လုံးကို ဝေလန်၏ လည်ပင်းအောက်သို့ ထိုးထည့်ကာ အနည်းငယ် ပိုမို မြှင့်တင်ပေးလိုက်ရင်း ချီဇီအား “သူက မင်းထက် အသက်ကြီးတယ်၊ ဒါကြောင့် လိုအပ်ရင် အစ်ကိုကြီးလို့ ခေါ်ပါ”
ချီဇီသည် သူ၏ ပြောဆိုပုံကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး “ဝေအစ်ကိုကြီး၊ ဟင်းချိုလေး နည်းနည်း ခွံ့ကျွေးပါရစေ”
ချီဇီသည် ကိုယ်ခံပညာလောက၏ ဖြစ်ပျက်နေမှုများကို မသိနားမလည်သည့်အပြင် ချီလင်အရိပ်
အစောင့်များဆိုသည်ကိုလည်း သဘောမပေါက်ချေ။ ထိုနေ့က မြင်းရထားပေါ်တွင် ဝေလန်၏ ဒဏ်ရာများသည် အလွန်ပြင်းထန်လှ၍ ချီဇီသည် ဘယ်ကစရမှန်းပင် မသိခဲ့ချေ။ လော့ဝေ၏ ဆေးပညာ ကျွမ်းကျင်မှုများက သူ့အား ထပ်မံ အံ့အားသင့်စေခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အရှက်ရစေမှုကို လူတစ်ဦးအား မည်သို့ ခံစားစေနိုင်မည်နည်းဟူ၍ ချီဇီသည် ဝေလန်အား စာနာစိတ် ရှိခဲ့ပေသည်။
ဝေလန်သည် အစာစားရာတွင် အနည်းဆုံးတော့ ပူးပေါင်းဆောင်ရွက်ခဲ့၏။ သူ ဟင်းချို သောက်ပြီးနောက် ဆယ့်နှစ်သည် ဆေးဖက်ဝင် အပင်များမှ ပြုလုပ်ထားသည့် ဆေးတစ်ခွက်နှင့်အတူ ဝင်လာခဲ့သည်။ အနည်းငယ် အအေးခံပြီးနောက် ချီဇီသည် ဝေလန်အား ဇွန်းဖြင့် တစ်ဇွန်းချင်း ခွံ့ကျွေးခဲ့သည်။
“မင်း နောက်ထပ် နည်းနည်း အိပ်သင့်တယ်” လော့ဝေသည် ဝေလန် ဆေးသောက်ပြီးသည်ကို ကြည့်ပြီး ပြောလိုက်၏။ “မနက်ဖြန် ခရီး ပြန်ဆက်ရတော့မယ်”
နှစ်သိမ့်မှု ခံစားချက်တစ်ခုက ဝေလန်အား အံ့အားသင့်စေခဲ့သည်။ သခင်လေးက သူ့အား စွန့်ခွာသွားတော့မည် မဟုတ်ချေ။ ထိုအချက်သည် သူ့အား လျင်မြန်စွာ အိပ်ပျော်စေခဲ့ပေသည်။
ဆယ်သည် လော့ဝေ သစ်သားအိမ်ခန်းမှ ထွက်လာသည်ကို မြင်လိုက်ရပြီး ရှေ့သို့ တိုးလာကာ “သခင်လေး အနားယူလိုပါသလား” မေးမြန်းခဲ့သည်။
သူတို့သည် သစ်တောထဲရှိ မုဆိုးနားခိုဆောင်တစ်ခုတွင် တည်းခိုနေကြသည်။ သစ်သားအိမ်ခန်း သုံးလုံးကို တစ်လုံးနှင့်တစ်လုံး ကပ်လျက် ဆောက်လုပ်ထားကာ နန်းတော်အတွက် အလုပ်လုပ်သော မုဆိုးများအား အနားယူရန် ကမ်းလှမ်းထားခြင်း ဖြစ်၏။ လော့ဝေသည် လုံရွှမ်၏ မျက်စိနှင့် နားများကို ရှောင်ရှားရန်အတွက် တောထဲတွင် တဲထိုး၍ နေထိုင်ခြင်းကို ပိုနှစ်သက်ခဲ့ပြီး ဤနေရာသို့ လာသည့် ခရီးတစ်လျှောက်လုံးတွင် မည်သည့် ဧည့်ဂေဟာများတွင်မှ တည်းခိုရန် စီစဉ်ခြင်း မရှိခဲ့ပေ။
“နောက်ကျနေပြီ၊ မင်းတို့အားလုံး အနားယူသင့်ပြီ” လော့ဝေသည် ဆယ်အား ပြောကြားခဲ့သည်။
လျှို့ဝှက်အစောင့်များအားလုံးသည် လော့ဝေအပေါ် ကောင်းသော အထင်အမြင်များ ရှိကြ၏။ ဤ လူငယ် ဧကရာဇ်၏ မျက်နှာသာပေးမှုကို များစွာ ရရှိသည်မှာ မှန်သော်လည်း သူသည် ဟန်ပန်မလုပ်ဘဲ လမ်းခရီးတစ်လျှောက်ရှိ လူတိုင်းနှင့် သင့်မြတ်စွာ နေထိုင်ခဲ့သည်။ မကြာခဏဆိုသလို သူသည် ချီဇီနှင့်အတူ ရယ်စရာလေးများ ပြုလုပ်ခြင်း သို့မဟုတ် အနည်းငယ် စကားများခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လေးနက်သည့် ဧကရာဇ်နှင့် အကျွမ်းတဝင်ရှိနေသည့် ဤ လျှို့ဝှက်အစောင့်အဖွဲ့အား ရယ်မောပျော်ရွှင်မှုနှင့် ဟာသအချို့ကို ပြောပေးခဲ့၏။
ဤနေ့ရက်များသည် စစ်မှန်သော ပျော်ရွှင်မှုများ ဖြစ်ချေသည်။ လော့ဝေက ဝေလန်ကို ဘေးတွင် ထားရှိခြင်းနှင့်ပတ်သက်၍ ဆယ်နှင့် ကျန်သည့် လျှို့ဝှက်အစောင့်များက တစ်စုံတစ်ရာ မပြောဆိုခဲ့ကြသည့်အပြင် အရေးပါသည့် အချိန်များတွင် ဝေလန်အတွက် သူတို့၏ အတွင်းအားအချို့ကိုပင် ပေးကမ်းခဲ့ကြသည်။ သို့သော်လည်း အတွင်းစိတ်ထဲ၌မူ နဂါးလျှို့ဝှက်အစောင့်များသည် ဝေလန်အား မထီမဲ့မြင် ပြုခဲ့ကြပေသည်။ ဤကဲ့သို့သော လူတစ်ဦးသည် အဘယ်ကြောင့် သူ့ကိုယ်သူ အသက်ရှင်အောင် ထိန်းထားရမည်ကို သူတို့ နားမလည်ခဲ့ကြသော်လည်း သူတို့၏ တာဝန်မှာ လော့ဝေအား ဘေးကင်းအောင် ထိန်းသိမ်းရန်သာ ဖြစ်သဖြင့် သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မှ လော့ဝေ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ပါချေ။