အခန်း(၁၁)
အိမ်သို့ ပြန်ရောက်သည်နှင့် လော့ဝေက မိခင်ဖြစ်သူ ဘိုဟွာကို သွားရောက် နှုတ်ဆက်ဂါရဝပြုလိုက်၏။ ထို့နောက် သူ၏ အဆောင်သို့ ပြန်လာကာ တစ်နေ့တာလုံး စာကြည့်ဆောင်ထဲ၌သာ အချိန်ကုန်ဆုံး နေလိုက်သည်။
အတိတ်ဘဝတုန်းကတော့ လော့ဝေက စာပေလေ့လာလိုက်စားမှုကို စိတ်မဝင်စားခဲ့ဘဲ ပညာမတတ်သည့် သူဌေးသား စားဘဲလေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ သို့သော် ယောက်ျား ပျော်တော်ဆက်တစ်ဦးဘဝသို့ ရောက်ရှိသွားချိန်တွင်မူ သူက ဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီ အနုပညာရပ်များကို တတ်မြောက်ခဲ့ရုံသာမက လက်ရေးအလှ ရေးနည်းကိုပါ ပိုင်နိုင်ခဲ့ချေပြီ။ စဉ်းစားကြည့်လျှင် ရယ်စရာကောင်းသလိုလို ရှိသော်လည်း သေချာတွေးကြည့်ပါက ရယ်စရာမဟုတ်တော့ပေ။ ပျော်တော်ဆက်တို့က ဧည့်သည်များကို ပြုစုပျော်ပါးစေရန် မိမိခန္ဓာကိုယ်ကို အသုံးပြုရသကဲ့သို့ ဧည့်သည်များ သဘောကျ နှစ်ခြိုက်စေရန်အတွက်လည်း အခြားသော အတတ်ပညာများကို အသုံးပြုကာ မြှောက်ပင့်ပေါင်းရတတ်၏။ ထိုအချိန်က လော့ဝေခမျာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဤစွမ်းရည်များကို မဖြစ်မနေ လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ဧည့်သည်များကို ပိုမိုပျော်ရွှင်စေနိုင်မှသာ သူ ခံစားရသော ဒုက္ခဝေဒနာများ သက်သာရာရနိုင်မည်ဟု မျှော်လင့်ကာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရရှာသည်။ အခြားသူများက ဂုဏ်ထူးရာထူးနှင့် စည်းစိမ်ချမ်းသာအတွက် ပညာသင်ယူကြသော်လည်း သူကမူ အသက်ရှင်သန်ရေးအတွက် ပညာသင်ယူခဲ့ရခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ချင်း မတူကြသည့်အပြင် သူ၏ အခြေအနေက ပို၍ ကျပ်တည်းလွန်းလှသဖြင့် သူက ပို၍ ကြိုးစားအားထုတ်ခဲ့ရသည်။
“သခင်လေး” ရှောင်းရှောင်းက စာကြည့်ဆောင်ထဲသို့ ဝင်လာသည်။ သူက လော့ဝေကို အရင်ကလောက် မကြောက်တော့ပေ။ လော့ဝေ ဒဏ်ရာရပြီး ပြန်နိုးလာချိန်မှစ၍ သူ့အပေါ် အသံကျယ်ကျယ်ဖြင့် တစ်ခွန်းတစ်လေမျှ မအော်ငေါက်ဖူးတော့ချေ။ “ထမင်းသုံးဆောင်တော့မလားဗျ?” ရှောင်းရှောင်းက စားပွဲရှေ့တွင်ရပ်ကာ မေးလိုက်ရင်း လော့ဝေဖတ်နေသော စာအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်။ အံ့သြစရာကောင်းလောက်အောင်ပင် ထိုစာအုပ်မှာ ‘လောကအုပ်ချုပ်မှုကျမ်း’ စာအုပ် ဖြစ်နေသည်။
လော့ဝေက စာအုပ်ကို ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ကောင်းကင်ကြီးမှာ မှောင်မိုက်နေချေပြီ။ “ဒါပေါ့” သူက ရှောင်းရှောင်းကို ပြောလိုက်သည်။ “စားမယ်လေ”
ရှောင်းရှောင်း ပြေးထွက်သွားပြီး မကြာမီမှာပင် ချီဇီနှင့်အတူ ပြန်ရောက်လာကြသည်။ သူတို့နှစ်ယောက် ထမင်းချိုင့်များကို ကိုယ်စီသယ်ဆောင်လာကြပြီး ခဏအတွင်းမှာပင် စားပွဲတစ်ခုလုံး ဟင်းပွဲများဖြင့် ပြည့်သွားသည်။
လော့မိသားစု၏ အစ်ကိုအကြီးဆုံးမှာ အမြဲတမ်းလိုလို ခရီးထွက်နေရပြီး ယနေ့ထက်တိုင် အိမ်ထောင်မပြုသေးပေ။ လော့ကျစ်ချိုးနှင့် လော့ဇီတို့မှာလည်း အစိုးရပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် အလုပ်များနေတတ်သဖြင့် အိမ်ပြန်ချိန် မမှန်ကန်ကြချေ။ လော့ဝေမှာမူ လူတိုင်း၏ အမုန်းကို ခံထားရသူဖြစ်သဖြင့် လော့အိမ်တော်တွင် ဒုတိယချွေးမဖြစ်သူ ရှူယွဲ့မျောင်သာလျှင် အိမ်တော်သခင်မကြီး ဘိုဟွာနှင့်အတူ ထမင်းလက်ဆုံစားလေ့ရှိ၏။ ကျန်လူများအားလုံးမှာမူ ကိုယ့်ဘာသာကိုယ်သာ စားသောက်လေ့ရှိကြသည်။
လော့ဝေက ဟင်းပွဲများဖြင့် ပြည့်နှက်နေသော စားပွဲကို ကြည့်လိုက်ပြီး ရှောင်းရှောင်းနှင့် ချီဇီကို ပြောလိုက်သည်။ “နောက်ခါကျရင် ဒီလောက်အများကြီး ယူမလာနဲ့တော့ ငါတစ်ယောက်တည်း အကုန်မကုန်ဘူး”
“ဟုတ်ကဲ့” ရှောင်းရှောင်းနှင့် ချီဇီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပိုမိုများလာသော်လည်း လွယ်လွယ်ကူကူ မေးမြန်းနိုင်သည့် အရာများ မဟုတ်သဖြင့် ခေါင်းငြိမ့်လက်ခံလိုက်ရုံသာ တတ်နိုင်ကြရှာသည်။
“အဖေနဲ့ အစ်ကိုတို့ ပြန်ရောက်ကြပြီလား?” လော့ဝေက ထမင်းစားရင်း မေးလိုက်သည်။
ချီဇီက ဖြေလိုက်သည်။ “ဒုတိယသခင်လေးက ပြန်ရောက်တာ နည်းနည်းကြာပါပြီ အမတ်ချုပ်ကြီးကတော့ အခုလေးတင်မှ အိမ်ပြန်ရောက်ပါတယ်”
“မင်းတို့နှစ်ယောက်ရော စားပြီးကြပြီလား?” လော့ဝေက ဟင်းသီးဟင်းရွက် အနည်းငယ်ကိုသာ ရွေးစားလိုက်သည်။ အသားနှင့် ငါးမှာ ယခင်က သူအကြိုက်ဆုံး ဟင်းပွဲများ ဖြစ်ခဲ့သော်လည်း အတိတ်ဘဝတွင်မူ သူ၏ ကိုယ်ပိုင်အသားကို လှီးထုတ်ကာ ကင်ပြီး တစ်ဖတ်ချင်း ပြန်စားရန် အတင်းအဓမ္မ အခိုင်းခံခဲ့ရဖူးသည်။ ထိုအဖြစ်အပျက် ပြီးကတည်းက အသားဟင်းကို မြင်လိုက်ရုံနှင့်ပင် သူ ပျို့အော့ချင်သလို ဖြစ်နေမိတော့သည်။
ရှောင်းရှောင်းက ပြန်ဖြေလိုက်သည်။ “စားပြီးပါပြီ သခင်လေး”
လော့ဝေ ဘာဆက်ပြောရမည်မသိတော့သဖြင့် ခေါင်းငုံ့ကာ ဆက်းစားနေလိုက်သည်။
သို့သော် ဘေးနားမှ ရှောင်းရှောင်းက မနေနိုင်မထိုင်နိုင်တော့ဘဲ မေးလာသည်။ “သခင်လေး ဒီနေ့ ငါးပေါင်းက စားမကောင်းလို့လား?” လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လော့ဝေက အသားဟင်း တစ်ဖတ်မျှပင် ထိတွေ့ခြင်းမရှိသည်ကို ရှောင်းရှောင်းတစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေရသည်။ လူတွေက ဖျားပြီး ပြန်ကောင်းလာတဲ့အချိန်ကျရင် ခံတွင်းပြောင်းသွားတတ်ကြလို့များလား။
“အခုလောလောဆယ်တော့ အသားမစားချင်သေး ဘူး” လော့ဝေ စားပြီးသွားချေပြီ။ သူက ပန်းကန်လုံးနှင့် တူကို ချလိုက်ရင်း ရှောင်းရှောင်းကို ပြောလိုက်
သည်။ “စားဖိုဆောင်ကို ပြောလိုက်၊ လောလောဆယ် ငါ့အတွက် အသားဟင်း မချက်ပေးနဲ့ဦးလို့။ ငါပြန်စားချင်တဲ့အခါကျရင် သူတို့ကို ပြောလိုက်မယ်”
ရှောင်းရှောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
လော့ဝေတစ်ယောက် ညစာစားပြီးနောက် လမ်းလျှောက်ထွက်မည့်အစား ခြံဝင်းထဲတွင်သာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်၏။ အစ်ကိုဖြစ်သူ လော့ဇီ ညစာစားပြီးလောက်မည့်အချိန်ကို ခန့်မှန်းတွက်ချက်ပြီးမှသာ လော့ဇီကို ရှာဖွေရန် ထိုအဆောင်ဘက်သို့ ထွက်လာခဲ့သည်။
လော့ဇီက ညစာစားပြီး၍ အသီးပွဲအချို့ သုံးဆောင်နေချိန်ဖြစ်သည်။ လော့ဝေကို မြင်လိုက်ရသည့်အခါ သူလန့်သွားမိ၏။ ယခင်က လော့ဝေသည် သူ့အဆောင်ဘက်သို့ ခြေတစ်လှမ်းမျှပင် မချဖူးခဲ့။ လော့ဝေက ကြောက်လို့ မလာခြင်းမဟုတ်ဘဲ မလာချင်သောကြောင့်သာ ဖြစ်သည်။
“အစ်ကိုကြီး” လော့ဝေက လော့ဇီကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ဆက်နေရမလား ထွက်သွားရမလား ဝေခွဲမရဖြစ်နေသည့် ရှူယွဲ့မျောင်ကို မြင်လိုက်ရသဖြင့် သူမကိုပါ နှုတ်ဆက်လိုက်သည်။ “မရီး”
ရှူယွဲ့မျောင်ခမျာ မှင်သက်သွားပြီး သူမရှေ့တွင် ရပ်နေသော လော့ဝေကို သူစိမ်းသဖွယ် စိုက်ကြည့်နေမိကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။ လော့ဝေက သူမ ဒီအိမ်သို့ စရောက်သည့် မင်္ဂလာဦးနေ့ကတည်းက ယခုလို ယဉ်ယဉ်ကျေးကျေး တစ်ခါမျှ မခေါ်ဝေါ်ဖူးခဲ့ပေ။
လော့ဝေက သူမ အကျပ်ရိုက်နေပုံကို မသိချင်ယောင်ဆောင်လိုက်ပြီး လော့ဇီကိုသာ ပြောလိုက်သည်။ “အစ်ကိုကြီး အခု အားလားမသိဘူး၊ ကျွန်တော်နဲ့အတူ တစ်နေရာလောက် လိုက်ခဲ့ပေးနိုင်မလား?”
လော့ဇီက ပြန်မေးလိုက်သည်။ “မင်း အိမ်ပြင်ထွက်ချင်လို့လား?”
“မဟုတ်ပါဘူး” လော့ဝေက ပြန်ဖြေလိုက်သည်။ “ကျွန်တော် အစ်ကို့ကို ပြစရာတစ်ခုရှိလို့ပါ”
လော့ဇီခမျာ လော့ဝေ မည်သည့်လှည့်ကွက်များ သုံးဦးမည်ကို မသိနိုင်ခဲ့။ သူ့ရင်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေ၏။ သို့သော် လော့ဝေက သူ့ကို အထူးတလည် လာရှာခြင်းဖြစ်သည့်အတွက် လော့ဇီတစ်ယောက် လော့ဝေ၏ နောက်သို့ လိုက်ပါသွားတော့သည်။