no

Font
Theme

အခန်း(၁၅)

သူလျှိုများကို ခေါ်ထုတ်သွားပြီးသည့်နောက် ခန်းမဆောင်ထဲတွင် လော့သားအဖများသာ ကျန်ရစ်ခဲ့တော့သည်။

 

လော့ဇီက အိပ်မက်မက်နေသလို အမူအရာဖြင့် လော့ဝေကို မေးလိုက်၏။ “ရှောင်ဝေ... မင်း ဒီနှစ်တွေအကုန်လုံး ဟန်ဆောင်နေခဲ့တာလား?”

 

လော့ဝေက ပြုံးရုံသာပြုံးပြီး ပြန်မဖြေပေ။

 

လော့ကျစ်ချိုးက မေးလိုက်သည်။ “ဒါဆို ဘာလို့ ဆက်ဟန်မဆောင်တော့ဖို့ ဆုံးဖြတ်လိုက်တာလဲ?”

 

လော့ဝေက ပြန်ဖြေလိုက်သည်။ “အရိုက်ခံလိုက်ရပြီးတဲ့နောက် ကံတရားဆိုတာ ကြိုမသိနိုင်ဘူးလို့ တွေးမိသွားတယ်၊ အကယ်၍ ဒီတစ်ခါသာ ကျွန်တော် ရှေ့မတိုးခဲ့ရင် ဒုတိယမင်းသားဆီကနေ ရထားသမျှ အရာအားလုံး အလကားဖြစ်ကုန်မှာလေ... အဲ့ဒါကြောင့် လုပ်စရာရှိတာကို အမြန်ဆုံး လုပ်သင့်တယ်လို့ တွေးလိုက်မိတာ”

 

လော့ကျစ်ချိုးက ပြောလိုက်သည်။ “ဒါဆိုရင် မင်း သတိရလာတုန်းက ဘာလို့ ဘာမှမပြောခဲ့တာလဲ?”

 

လော့ဝေက ပြုံးလိုက်သည်။ “ပြောချင်တာပေါ့၊ ဒါပေမဲ့ တခါတလေ အဖေက အိမ်မှာမရှိသလို တခါတလေကျတော့လည်း အစ်ကိုကြီးက မရှိပြန်ဘူး... အခွင့်ကောင်း မကြုံခဲ့လို့ပါ”

 

လော့ဇီက နားမလည်နိုင် ဖြစ်နေရသည်။ “ငါရော အဖေရော အိမ်မှာရှိနေမှ မင်းက ပြောမယ်ဆိုတော့ ဘာသဘောလဲ?”

 

လော့ဝေက ပြန်ဖြေလိုက်သည်။ “အဖေဆိုရင် လော့ကျုံး ခိုစာကျွေးတာကို လိုက်ကြည့်မှာ မဟုတ်ဘူးလေ၊ အစ်ကိုကြီးတစ်ယောက်တည်း ရှိနေရင်ကျတော့လည်း ဒီလောက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးကို ချနိုင်မှာ မဟုတ်ပြန်ဘူး”

 

လော့ဇီက မေးလိုက်သည်။ “ငါက ဘာကိစ္စ မင်းနဲ့ လိုက်ခဲ့ရမှာလဲ... ဒီလောက်ကိစ္စပဲ မင်းဘာသာမင်း လော့ကျုံးကို ဖမ်းလိုက်လို့ ရသားနဲ့”

 

လော့ဝေက ပြန်ဖြေလိုက်၏။ “ကျွန်တော့်နာမည်က သိပ်ကောင်းတာ မဟုတ်ဘူးလေ၊ ကျွန်တော်တစ်ယောက်တည်း လော့ကျုံးကို ဖမ်းမိရင်တောင် သူက ကျွန်တော် ဇာတ်လမ်းဆင်ပြီး စွပ်စွဲနေပါတယ်လို့ ပြောလိုက်ရင် ပွဲပြီးသွားမှာ... အဲ့ကျရင် အဖေနဲ့ အစ်ကိုကြီးတို့ ကျွန်တော့်ကို မယုံမှာစိုးလို့ပါ”

 

လော့ကျစ်ချိုးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆို လမ်းပေါ်မှာ သူများသားမယားကို အတင်းလုခဲ့တာကရော ဟန်ဆောင်တာပဲလား?”

 

“အဲ့ဒါက စိတ်ကူးပေါက်ရာ လုပ်လိုက်တာပါ၊ အဲ့ဒီအချိန်တုန်းက ဒုတိယမင်းသားရဲ့ လူတွေ ကျွန်တော်နဲ့အတူ ရှိနေတာကိုး” လော့ဝေတစ်ယောက် ဗြောင်လိမ်ကာ ဇာတ်လမ်းဆင်လိုက်တော့သည်။ “ကျွန်တော် ဘယ်လောက်တောင် အဓိပ္ပါယ်မရှိ ဆိုးသွမ်းနိုင်လဲဆိုတာ သူတို့ကို မြင်စေချင်လို့ပါ၊ ကျွန်တော် ဆိုးလေလေ ဒုတိယမင်းသားက ကျွန်တော့်ကို သတိထားစောင့်ကြည့်တာ လျော့လေလေ ဖြစ်မှာပဲလေ”

 

ဘေးနားမှ နားထောင်နေသော လော့ဇီခမျာ ခေါင်းပင် ပေါက်ထွက်မတတ် ခံစားလိုက်ရသည်။ သူက စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း နေတတ်သူ ဖြစ်ပေရာ မေးလိုက်မိတော့သည်။ “ရှောင်ဝေ... မင်းခေါင်းထဲမှာ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ အတွေးတွေ ရှိနေတာလဲကွာ”  

 

လော့ဝေက ဒုတိယအစ်ကိုကို ကြည့်ပြီး ပြုံးလိုက်ရုံသာ ပြုံးလိုက်၏။ လော့ဇီအနေဖြင့် နိုင်ငံရေးလှည့်ကွက်များကို နားလည်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။ အတိတ်ဘဝတုန်းက အမတ်ချုပ်ကြီး ကျရှုံးခဲ့ရခြင်းမှာ စစ်တိုက်ဖို့သာသိပြီး နိုင်ငံရေး နားမလည်သော စစ်သူကြီးနှစ်ယောက်ကို ပျိုးထောင်ခဲ့မိသလို၊ မိသားစုကို သစ္စာဖောက်မည့် ခွေးသားလေးတစ်ယောက်ကိုလည်း မွေးမြူခဲ့မိသောကြောင့်ပင်။ နန်းတွင်းနိုင်ငံရေးလောကနှင့် ရင်ဆိုင်ပြီး တိုက်ပွဲဝင်နိုင်မည့် သားတစ်ယောက်ကိုမူ သူ မပျိုးထောင်နိုင်ခဲ့ပေ။

 

ယခုအခါတွင်မူ လော့ဝေ၏ အနာဂတ် မည်သို့ဖြစ်လာမည်ကို လော့ကျစ်ချိုးတစ်ယောက် ခန့်မှန်းရခက်နေချေပြီ။ မူလကတော့ သူသည် အမတ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အားလျော်စွာ ဤကလေးကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားနိုင်မည်ဟု ထင်မှတ်ခဲ့ဖူး၏။ သို့သော် ယခုအခါ ရှင်းဝူဧကရာဇ်က လော့ဝေသည် သူနှင့် လော့ကျီကျင်းတို့၏ သားဖြစ်ကြောင်း သိသွားပြီဖြစ်ရာ၊ လော့ဝေအပေါ် ဘယ်လို ဆက်ဆံလာမလဲ။ ရှင်ဘုရင်တို့၏ စိတ်သဘောထားက ခန့်မှန်းရ ခက်လှသည်ဟု ဆိုကြရာ လော့ကျစ်ချိုးမှာ ထိုမေးခွန်းကို နက်နက်နဲနဲပင် ဆက်မတွေးရဲတော့ချေ။ သူက လော့ဝေကို စိုးရိမ်စိတ်များဖြင့် ကြည့်လိုက်မိသည်။ လော့ဝေက လုံရွှမ်၏ ဘေးနားတွင် နှစ်ပေါင်းများစွာကြာအောင် ငတုံးတစ်ယောက်လို ဟန်ဆောင်နိုင်ခဲ့ပြီး လိုအပ်သည့်အချိန်တွင် ချက်ချင်း လမ်းခွဲရဲခဲ့သည်။ (၁၃) နှစ်အရွယ် ကလေးတစ်ယောက်၏ ဉာဏ်နီဉာဏ်နက်များက ကြောက်စရာကောင်းလောက်အောင် များပြားလွန်းလှသည် မဟုတ်ပါလား၊ ထို့နောက် သူက ဧကရာဇ်၏ သားတော်တစ်ပါးလည်း ဖြစ်နေပြန်သည်။ နန်းတွင်း နိုင်ငံရေး ရေစီးကြောင်းကို စတင် လှုပ်ခတ်နေပြီဖြစ်သော ဤနန်းမွေဆက်ခံသူ လော့ဝေက ငြိမ်ငြိမ်နေနေမည့်သူ တစ်ယောက်တော့ မဟုတ်တန်ရာ။

 

လော့ဝေကမူ လော့ကျစ်ချိုး၏ အတွေးများကို မသိနိုင်ခဲ့၊ ထို့ကြောင့် လော့ကျစ်ချိုးကို ပြောလိုက်သည်။ “အဖေ... ကျွန်တော် မင်းသားတွေနဲ့အတူ စာသင်တဲ့ အဖော်အဖြစ်ကနေ ထွက်လို့ရအောင် နည်းလမ်းလေး ရှာပေးပါလား?”

 

“အဖေ သိပါပြီ” လော့ကျစ်ချိုးက ပြန်ဖြေလိုက်၏။ “မင်းမပြောရင်တောင် အဖေက မင်းကို ဒုတိယမင်းသားဘေးနားမှာ ဆက်ထားတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဝေအာ... ဒီနှစ်တွေအတွင်း နန်းတွင်းစာသင်ဆောင်မှာ မင်း ပညာတွေရော တတ်မြောက်ခဲ့ရဲ့လား?”

 

လော့ဝေက ပြောလိုက်သည်။ “သင်ယူခဲ့ပါတယ်၊ စာသင်ဆောင်က ဆရာတွေအားလုံးက နာမည်ကျော် ပညာရှင်ကြီးတွေပဲလေ... သူတို့ဆီကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပါတယ်”

 

လော့ကျစ်ချိုးက မတ်တတ်ရပ်လိုက်ပြီး လော့ဝေကို ပြောလိုက်သည်။ “စာကြည့်ဆောင်ထဲသွားပြီး ဆက်ပြောကြတာပေါ့” ထို့နောက် လော့ဇီဘက်သို့ လှည့်ကာ ပြောလိုက်ပြန်၏။ “မင်းအမေဆီသွားပြီး နှစ်သိမ့်ပေးလိုက်ပါဦး၊ ဒီည အိမ်တော်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြလိုက်၊ ပြီးတော့ သူမကို အရမ်းမစိုးရိမ်ဖို့လည်း ပြောလိုက်ဦး”

 

အကယ်၍ လော့ဝေသာ လေတိုက်ရင်တောင် လဲတော့မည့်ပုံစံ ဖြစ်မနေပါက လော့ဇီတစ်ယောက် သူ့ညီလေးကို ကောင်းကောင်း ဆုံးမလိုက်ပြီ ဖြစ်သည်။ ကိုယ့်အစ်ကိုအရင်းကို ဒီလောက်တောင် လှည့်စားရက်သည် မဟုတ်ပါလား။ ဒီလိုညီမျိုးကို နည်းနည်းလောက်တော့ ရိုက်နှက်ဆုံးမသင့်သည် မဟုတ်လား။ လော့ဇီက လော့ဝေ၏ ဆံပင်များကို အားဖြင့် ဖွလိုက်သည်။ လော့ဝေတစ်ယောက် မျက်နှာရှုံ့မဲ့သွားသည်ကို ဂရုမစိုက်တော့ဘဲ မိခင်ဖြစ်သူထံသို့ ထွက်ခွာသွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment