အခန်း(၃၆၀)
လော့ဝေသည် အခွင့်သာလျှင် ထွက်ပြေးရန်သာ အမြဲကြံစည်နေသည်ကို လုံရွှမ် ရိပ်မိသွားသောအခါ လော့ဝေ၏ ဆေးထဲတွင် အိပ်ဆေးများ ထည့်ရန် သမားတော်အား ညွှန်ကြားလိုက်လေတော့သည်။ ထို့အပြင် မြင်းလှည်းအတွင်း၌လည်း စိတ်အာရုံကို ငြိမ်းချမ်းစေသော အမွှေးနံ့သာများကို အမြဲမပြတ် ထွန်းညှိထားစေ၏။ လော့ဝေမှာ မူလကပင် စိတ်အားငယ်နေသူ ဖြစ်ရာ ယခုအခါတွင်မူ ထွက်ပြေးရန် ကြံစည်ဖို့နေနေသာသာ တစ်နေကုန် မိန်းမောတွေဝေနေပြီး အိပ်ရုံသာ စိတ်ကူးနိုင်တော့ပေသည်။
လော့ဝေမှာ အမြဲတမ်း အိပ်ပျော်နေသည်ကို မြင်ရသောအခါ လုံရွှမ်မှာ စိုးရိမ်လာပြန်၏။ ဤသို့ အိပ်နေခြင်းက လော့ဝေ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သလားဟု သမားတော်အား အကြိမ်ကြိမ် မေးမြန်းမိပေသည်။
သမားတော်ကမူ လော့ဝေအနေနှင့် အနားယူခြင်းမှာ အကောင်းဆုံးဖြစ်သည်ဟုသာ ထင်မြင်မိ၏။ နှလုံးအားနည်းသူတစ်ဦးအဖို့ လှုပ်ရှားမှု နည်းနိုင်သမျှ နည်းခြင်းကသာ သင့်လျော်ပေသည်။ သမားတော်သည် လော့ဝေ၏ ရောဂါကို အမြစ်ပြတ်အောင် ကုသပေးနိုင်မည့် နတ်ဆေးသမားတော်တစ်ဦး ဖြစ်ရန်လည်း မရည်မှန်းသလို ထိုသို့သော စွမ်းရည်လည်း မရှိပါ။ သူ၏ တစ်ခုတည်းသော ဆန္ဒမှာ လော့ဝေအား မြို့တော်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ရန်သာ ဖြစ်ပေသည်။ မြို့တော်သို့ ရောက်သည်နှင့် ကျင်းမင်းသားအား သူ ဆက်လက် ကုသပေးရန် မလိုတော့ဘဲ သူလည်း လွတ်လပ်ခွင့် ရပေလိမ့်မည်။
သမားတော်၏ အာမခံချက်ကို ရရှိပြီးနောက် လုံရွှမ်သည် လော့ဝေအား ရွှီကျိုးမြို့မှ မြို့တော်အထိ လမ်းတစ်လျှောက်လုံး နီးပါး အိပ်စက်ခွင့် ပေးခဲ့ပေသည်။ လော့ဝေ အိပ်ပျော်နေချိန်တွင် လုံရွှမ်သည် သူ၏အနား၌ အမြဲ ရှိနေတတ်၏။ လော့ဝေ အိပ်ပျော်နေမှသာ သူတို့နှစ်ဦး အတူတကွ အေးချမ်းစွာ ရှိနေနိုင်ကြပေသည်။
တစ်ခါတစ်ရံ အိပ်စက်ရာမှ နိုးလာသောအခါ လော့ဝေသည် လုံရွှမ်က သူ့အား ရင်ခွင်ထဲ၌ ပွေ့ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့ရတတ်ပေသည်။ အစပိုင်းတွင် လော့ဝေသည် လုံရွှမ်နှင့် အခြေအတင် ရန်ဖြစ်သော်လည်း မြို့တော်သို့ နီးကပ်လာသည်နှင့်အမျှ ဝေလန်နှင့် ပြန်လည် ဆုံတွေ့ရမည့်အရေးကို တွေးကာ ပို၍ စိုးရိမ်ပူပန်လာခဲ့၏။ နောက်ဆုံးတွင် ဝေလန်အတွက်နှင့်ပင် လော့ဝေသည် လုံရွှမ်အပေါ် ထားရှိသော ဒေါသများကို ကြိတ်မှိတ်၍ သည်းခံလိုက်ရပေတော့သည်။
လော့ဝေက လိမ္မာယဉ်ကျေးစွာ နေထိုင်လာသဖြင့် လုံရွှမ်မှာ စိတ်ကျေနပ်နေကာ လိုက်ပါလာသူ အားလုံးမှာလည်း သက်ပြင်းချနိုင်ကြလေတော့သည်။
မြို့တော်၏ အနီးအနားရှိ ယွီပြည်နယ်သို့ ရောက်ရှိသောအခါ လုံရွှမ်သည် လော့ဝေ၏ ရှေ့မှနေ၍ မြို့တော်သို့ ဦးအောင် သွားနှင့်ပေသည်။
"ဝေလန်ကို အန္တရာယ် မပေးဘူးလို့ မင်း ငါ့ကို ကတိပေးထားတယ်နော်" လုံရွှမ် ထွက်ခွာတော့မည်ကို မြင်သောအခါ လော့ဝေမှာ စိုးရိမ်လာပေသည်။ သူသည် လုံရွှမ်၏ မြင်းကို တားဆီးကာ "မင်းက ဘာလို့ အရင် သွားနှင့်မှာလဲ" မေးလိုက်၏။
"ဒီမှာ ရှိနေတဲ့ လူတွေ အားလုံး ကြားထားတာပဲလေ" လုံရွှမ်က သူ့ပတ်ဝန်းကျင်နှင့် လော့ဝေအား လက်ညှိုးညွှန်ပြကာ ဆို၏။ "ဧကရာဇ်ရဲ့ စကားဟာ ရွှေစကားပါ။ စိတ်ချပါ၊ ငါ ဝေလန်ကို ဘာမှ မလုပ်ပါဘူး”
"ငါ့ကိုရော သူ့ကို ပေးတွေ့မှာလား" လော့ဝေက သတိကြီးစွာ မေးမြန်းပေသည်။
"ဒါပေါ့" လုံရွှမ်က ပြန်ဖြေ၏။
လော့ဝေသည် သံသယရှိနေဆဲ ဖြစ်သော်လည်း လုံရွှမ်အား သွားခွင့်ပြုလိုက်ပေသည်။
"အရှင်မင်းသား" နန်းတွင်းသမားတော်သည် မတ်တပ်ရပ်ရင်း သမ်းဝေနေသော လော့ဝေကို မြင်သောအခါ အနားသို့ အပြေးအလွှား လာရောက် တွဲကူပေးကာ "မြင်းလှည်းထဲ ပြန်ဝင်ပြီး အနားယူပါဦးလား ဘုရား။ ခဏလောက် အိပ်လိုက်ရင် သက်သာသွားပါလိမ့်မယ်" အကြံပြုပေသည်။
လော့ဝေသည် သမားတော်၏ လက်ကို ခါထုတ်လိုက်၏။ သူတို့တွေက သူ့ကို ဆေးခတ်နေသည်ကို သူ မသိဘူးဟု ထင်နေကြပါသလော။
သမားတော်မှာလည်း မတတ်သာဘဲ လော့ဝေနောက်မှသာ လိုက်ပါသွားရပေတော့သည်။
လော့ဝေအား ပြုစုစောင့်ရှောက်ရန် လုံရွှမ်က ချန်ထားခဲ့သော ဖူယွင်မှာမူ ယခုအခါ အနားသို့ မကပ်ဝံ့တော့ပါ။ သူ၏သခင် ရှိနေချိန်တွင် ကျင်းမင်းသားသည် အခြားသူများအပေါ် ဒေါသ မပုံချတတ်သဖြင့် သူတို့အတွက် အဆင်ပြေခဲ့သော်လည်း ယခု လုံရွှမ် မရှိတော့သောအခါ သူ့ကို မည်သို့ နှိပ်စက်ဦးမည်ကို သူ မသိနိုင်တော့ပေ။
မြင်းလှည်းထဲသို့ ပြန်ရောက်သည်နှင့် လော့ဝေသည် ခေါင်းအုံးနှင့် ခေါင်းထိရုံမျှဖြင့် ချက်ချင်းပင် အိပ်ပျော်သွားပြန်၏။
လော့ဝေ အိပ်ပျော်နေသည်ကို မြင်သောအခါ သမားတော်သည် အပြင်သို့ မထွက်ဝံ့ဘဲ မြင်းလှည်းထဲ၌သာ စောင့်ကြပ်နေပေသည်။
"သွားကြစို့" ဖူယွင်သည် မြင်းလှည်းအပြင်ဘက်၌ ခေတ္တမျှ စောင့်ကြည့်နေပြီး အထဲမှ ဘာလှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ စစ်သည်များအား အမိန့်ပေးလိုက်၏။ "ငါတို့လည်း ခရီးဆက်ကြမယ်”
လုံရွှမ်သည် လော့ဝေထက် တစ်လခန့် စော၍ မြို့တော်သို့ ရောက်ရှိသွားပေသည်။ လုံရွှမ်၏ ပထမဆုံးသော လုပ်ဆောင်ချက်မှာ ကျင်းမင်းသားသည် သေဆုံးသွားခြင်း မရှိသလို ဘိုးဘွားများအပေါ် သစ္စာဖောက်ခဲ့ခြင်းလည်း မရှိကြောင်း ကမ္ဘာကို ကြေညာလိုက်ခြင်း ဖြစ်ပေသည်။ လူထုအား ဤအခြေအနေကို ရှင်းပြရာတွင် လုံရွှမ်သည် အပြစ်အားလုံးကို စစ်မာချင်းရှားအပေါ်သို့ ပုံချလိုက်၏။ ကျင်းမင်းသား၏ ကိစ္စမှာ မြောက်ပိုင်းယန်ပြည်က မဟာကျိုး အင်ပါယာ မိသားစုအတွင်း သွေးခွဲရန် ကြံစည်ခဲ့သော လုပ်ရပ်တစ်ခုသာ ဖြစ်သည်။
တစ်လောကလုံးတွင် သူ့ကြောင့် မည်မျှအထိ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်ကို မသိရှာသော "ရှင်ပြန်ထမြောက်လာသူ" ကျင်းမင်းသားမှာမူ ဝေလန်နှင့် ပြန်လည် ဆုံတွေ့ရမည့်နေ့ကိုသာ မိန်းမောတွေဝေစွာ မျှော်လင့်နေမိပေသည်။ မည်သို့ ထွက်ပြေးရမည်ကို ယခုတိုင် မသိသေးသော်လည်း ဝေလန် ဘေးကင်းကြောင်းကို မျက်မြင်ကိုယ်တွေ့ မြင်ရလျှင်ပင် သူ စိတ်အေးရမည် မဟုတ်ပါလား။
"မြို့တော်ကို ရောက်ဖို့ ဘယ်နှရက် လိုသေးလဲ" နွေးထွေးသော ကုတင်ပေါ်တွင် နိုးလာသော လော့ဝေက ဘေးရှိ သမားတော်အား မေးလိုက်၏။
"နောက်သုံးရက်ဆို ရောက်ပါပြီ ဘုရား" သမားတော်က ပြန်ဖြေကာ လော့ဝေ နိုးနိုးချင်း သောက်ရန် နွေးထွေးသော ဂျင်ဆင်းလက်ဖက်ရည် တစ်ခွက်ကို ကမ်းပေးပေသည်။
လက်ဖက်ရည် အနည်းငယ် သောက်ပြီးနောက် လော့ဝေသည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်၏။ တစ်ဖန် နွေဦးသို့ ရောက်ရှိလာပြန်ပြီ။ သူ နောက်ဆုံးအကြိမ် မြို့တော်မှ ထွက်ခွာသွားခဲ့သော ရာသီဥတုကို ပြန်လည် စဉ်းစားသော်လည်း သူ မမှတ်မိတော့ပါ။
"ယွင်ချီ?" နူးညံ့သိမ်မွေ့သော အမျိုးသား အသံတစ်ခုမှာ မြင်းလှည်း အပြင်ဘက်မှ ထွက်ပေါ်လာပေသည်။
လော့ဝေမှာ ခေတ္တမျှ မှင်သက်သွားကာ "ဘယ်သူလဲ" မေးလိုက်၏။
အပြင်ဘက်မှ လူက တဟားဟား ရယ်မောကာ "အရှင်မင်းသား... ကျွန်တော်မျိုး ရှဲယွီ၊ ရှဲမင်ယွမ် ပါ"
"မင်ယွမ်လား" လော့ဝေသည် ရှဲယွီအား မြင်းလှည်းထဲသို့ ဖိတ်ခေါ်ရန် အမြန်ပင် ထလိုက်၏။ သို့သော် သူသည် အတွင်းခံ အင်္ကျီဖြင့်သာ ရှိနေသေးပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်ကို မြင်သောအခါ အဝတ်အစားများကို အမြန်ပင် ဝတ်လိုက်ရင်း "ခဏလေး စောင့်ပါဦး" အပြင်ဘက်ရှိ ရှဲယွီအား လှမ်းပြောလိုက်ပေသည်။
"အလျင်မလိုပါဘူး အရှင်မင်းသား။ ဖြည်းဖြည်းချင်းပဲ လုပ်ပါ" ရှဲယွီက မြင်းလှည်း အပြင်ဘက်မှ ရယ်မောရင်း ဆို၏။
မြင်းလှည်းအတွင်း၌ သမားတော်သည် လော့ဝေ၏ ဝတ်စားဆင်ယင်မှုကို ကူညီပေးရင်း "မျက်နှာသစ်ဦးမလား ဘုရား" မေးပေသည်။
လော့ဝေက အင်္ကျီကြယ်သီးများကို တပ်ဆင်ပြီးနောက် ခေါင်းခါယမ်းကာ "တံခါးကို အမြန် ဖွင့်ပေးလိုက်ပါ" သမားတော်အား ခိုင်းစေလိုက်၏။
တံခါး ပွင့်သွားကာ လော့ဝေ ထွက်လာသည်ကို မြင်သောအခါ ရှဲယွီသည် သူ၏ရှေ့၌ ရပ်နေပေသည်။ သမားတော်၏ တွဲကူမှုဖြင့် မြင်းလှည်းပေါ်မှ ဆင်းလာသော လော့ဝေသည် ရှဲယွီ၏အနားသို့ လျှောက်သွား၏။ နှစ်အနည်းငယ် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း လော့ဝေမှာ မြို့တော်မှ ထွက်ခွာသွားစဉ်က လူငယ်လေးအတိုင်းပင် ရှိနေဆဲ ဖြစ်သဖြင့် ရှဲယွီမှာ မယုံနိုင်လောက်အောင် ဖြစ်နေရပေသည်။
"မင်ယွမ်" လော့ဝေသည် ရှဲယွီအား မြင်သည်နှင့် သူ၏လက်ကို ဆုပ်ကိုင်ကာ "ဝေလန်ကို တွေ့ခဲ့လား။ ငါ..." မေးလိုက်၏။
"ယွင်ချီ" ရှဲယွီသည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လော့ဝေ၏ လက်ကို အသာအယာ ဆုပ်ကိုင်ကာ "မြင်းလှည်းထဲမှာ စကားပြောကြရအောင်"
လော့ဝေသည် အနီးအနား၌ ရပ်နေသော ဖူယွင်အား တစ်ချက် ကြည့်လိုက်၏။
ဖူယွင်က အမြန်ပင် ခေါင်းငုံ့လိုက်ပေသည်။
"မြင်းလှည်းထဲမှာပဲ ပြောကြစို့" ရှဲယွီက လော့ဝေအား ဆို၏။ လော့ဝေ၏ ရှေ့၌ ကြောက်လန့်တကြား ဖြစ်နေသော ဖူယွင်ကို မြင်ရသောအခါ သူသည် စိတ်ပူရမလား၊ ဝမ်းသာရမလားပင် မဝေခွဲနိုင်တော့ပါ။
လော့ဝေသည် ရှဲယွီ၏ ဆွဲခေါ်ရာနောက်သို့ မြင်းလှည်းထဲသို့ လိုက်ပါသွားပေသည်။ "ဝေလန် ဘယ်လိုနေလဲ။ မင်း သူ့ကို တွေ့ခဲ့လား" မြင်းလှည်းထဲ ရောက်သည်နှင့် လော့ဝေသည် ဝေလန်၏ အကြောင်းကိုသာ အသည်းအသန် မေးမြန်းနေမိ၏။
"ယွင်ချီရာ" ရှဲယွီက မတတ်သာသည့် အမူအရာဖြင့် ဆို၏။ "မင်းက ဝေလန် တစ်ယောက်တည်းကိုပဲ စိတ်ပူနေတာလား။ လော့အိမ်တော်က တခြားလူတွေအကြောင်းကိုရော မမေးတော့ဘူးလား”
"ငါ..." လော့ဝေ၏ မျက်နှာမှာ နီမြန်းသွားရပေသည်။ လော့အိမ်တော်က လူတိုင်းအကြောင်းကို သူ သိထားပြီးသား ဖြစ်ရာ ဘာကြောင့် ထပ်မေးနေရန် လိုဦးမည်နည်း။
ရှဲယွီက လော့ဝေအား အပြစ်တင်သည့် ပုံစံ ပြုလုပ်ရင်း သူ၏ လက်ချောင်းကို လက်ဖက်ရည်ရေထဲ နှစ်ကာ လက်ဖက်ရည်ဝိုင်းကလေးပေါ်၌ "လန်က နေကောင်းပါတယ်" ရေးသားလိုက်ပေသည်။
"ခမည်းတော်ရော ဘယ်လိုနေလဲ" ရှဲယွီ၏ လုပ်ဆောင်ပုံကို မြင်သောအခါ လော့ဝေက လော့ကျစ်ချိုး၏ အကြောင်းကို အမြန်ပင် မေးမြန်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည်လည်း လက်ဖက်ရည်ရေဖြင့် "လန်ကို ဘယ်မှာ ထိန်းသိမ်းထားတာလဲ" ရေးသားလိုက်ပေသည်။
"သခင်ကြီးကတော့ နေကောင်းပါတယ်။ သူက အတော်လေး ကျန်းမာသန်စွမ်းပါတယ်" ရှဲယွီက ဆိုရင်း "ဧကရာဇ်က သူ့ကို ဖမ်းမထားပါဘူး။ လန်က အမတ်ချုပ်ရဲ့ အိမ်တော်မှာ ရှိနေပါတယ်" ရေးလိုက်၏။
"အမေရော" လော့ဝေက မေး၏။ ဝေလန်မှာအမတ်ချုပ်၏ အိမ်တော်၌ ရှိနေသည်ကို သိရသဖြင့် သူ အနည်းငယ် စိတ်အေးသွားပေသည်။ အနည်းဆုံးတော့ ဝေလန် ထိုနေရာ၌ ဒုက္ခရောက်မည် မဟုတ်ပါ။
"သခင်မကြီးလည်း နေကောင်းပါတယ်၊ မင်းကိုပဲ သတိရနေတာ" ရှဲယွီက ဆိုရင်း လော့ဝေအား "မင်းရော ဘယ်လိုနေလဲ" ရေးသား၍ မေးလိုက်၏။
လော့ဝေက "ငါ အဆင်ပြေပါတယ်" ပြန်ရေးလိုက်ပေသည်။
နိုးကာစဖြစ်၍ ဖြူလျော်နေသော လော့ဝေ၏ မျက်နှာကို ကြည့်ကာ ရှဲယွီက သူ အဆင်ပြေပုံရသည်ဟု ထင်မှတ်မိပေသည်။ "အရှင်မင်းသား... မင်းက ကျွန်တော်တို့ကို အတော်လေး ထိတ်လန့်အောင် လုပ်ခဲ့ပြီးမှ အခုလို ဝမ်းသာစရာ သတင်းကို ပေးတာပဲ" ရှဲယွီက ဆို၏။
လော့ဝေက ခေါင်းခါယမ်းကာ "ဝေလန်က အမတ်ချုပ်အိမ်တော်ကနေ ထွက်ခွာလို့ ရသလား" ရေးသားလိုက်ပေသည်။
လော့ဝေက ဝေလန်၏ အမည်ကို ရေးသားလိုက်သည်ကို မြင်သောအခါ ရှဲယွီ၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားရ၏။ ဝေလန်၏ အခြေအနေကို လော့ဝေအား သူ မည်သို့ ပြောပြရမည်နည်း။ "ယွင်ချီ" ရှဲယွီသည် လက်ဖက်ရည်ဝိုင်းပေါ်ရှိ လော့ဝေ၏ လက်ပေါ်သို့ သူ၏လက်ကို တင်လိုက်ပေသည်။
"ဟင်?" လော့ဝေက ပြန်ထူးရင်း "ဝေလန် ငါပြန်လာတာကို သိရဲ့လား" ဆက်လက် ရေးသားနေဆဲ ဖြစ်ပေသည်။
ရှဲယွီသည် နှုတ်ခမ်းကို ကိုက်ကာ မျက်နှာကို လွှဲလိုက်၏။ သူ၏ မျက်ဝန်းထဲမှ မချိတင်ကဲ ဖြစ်နေသော အကြည့်များမှာ ပိုမို ပြင်းထန်လာပေသည်။ သို့သော် လော့ဝေမှာမူ ခေါင်းငုံ့၍ စာရေးနေဆဲ ဖြစ်သဖြင့် ဤမြင်ကွင်းကို သတိမမူမိရှာပါ။