no

Font
Theme

အပိုင်း(၂၀)

ညစာစားချိန်နီးသောအခါ ချီဇီက လော့ဝေထံသို့ ရောက်လာပြီး အမတ်ချုပ်ကြီး ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းလာပို့သည်။

 

လော့ဝေက ချက်ချင်းပင် ရှဲယွီကို မေးလိုက်သည်။ “ရှဲကော... အဖေ ပြန်ရောက်နေပြီဆိုတော့ ကျွန်တော်နဲ့လိုက်ပြီး သွားတွေ့မလား?”

 

ရှဲယွီကတော့ ငြင်းဆန်ခြင်းမရှိပေ။ သူက အမတ်ချုပ်ကြီး လော့ကျစ်ချိုးကို လေးစားအားကျနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ရာ ယနေ့က အမတ်ချုပ်ကြီးနှင့် တွေ့ဆုံရန် အခွင့်ကောင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

 

လော့ဝေက နန်းတွင်းစာသင်ဆောင်မှ အတန်းဖော်တစ်ယောက်ကို ခေါ်လာလိမ့်မည်ဟု လော့ကျစ်ချိုး ထင်မှတ်မထားခဲ့မိ။ သို့သော် တည်ကြည်ခန့်ညားသော ဤလူငယ်က သူအိမ်တွင် မကြာခဏ ထုတ်ဖော်ချီးကျူးလေ့ရှိသည့် ရှဲယွီဖြစ်ကြောင်း သိလိုက်ရသည့်အခါ လော့ကျစ်ချိုးတစ်ယောက် ဝမ်းသာသွားပြီး ရှဲယွီနှင့် စကားလက်ဆုံ ကျတော့သည်။

 

လော့ဝေက သူတို့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားတန်ဖိုးထားကြကြောင်း သူသိနေသဖြင့် ပြောစရာစကားအကြောင်းအရာ ရှားသွားမည်ကို လုံးဝ မစိုးရိမ်မိ။ အချိန်ကိုက်သည်ဟု ယူဆလိုက်သောအခါ လော့ဝေက ရှဲယွီကို အိမ်ခေါ်လာရသည့် အကြောင်းရင်းမှန်ကို ထုတ်ပြောလိုက်သည်။ “အဖေ... ရှဲကောက တိုင်းပြည်အေးချမ်းသာယာပြီး စည်ပင်ဝပြောအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာချင်နေတာ၊ နန်းတွင်းစာသင်ဆောင်မှာ သင်တာထက်စာရင် အဖေ့ဆီကနေ သင်တာက သူ့အတွက် ပိုကောင်းမယ်ထင်တယ်”

 

ရှဲယွီက လော့ဝေကို လှမ်းကြည့်လိုက်ရာ လော့ဝေ၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရပြီး လော့ဝေ၏ သဘောထားကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ သူက အလျင်အမြန်ပင် ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။ “ကျွန်တော်မျိုးက အရည်အချင်း သိပ်မရှိလှပေမယ့် အမတ်ချုပ်ကြီးကို ဆရာအဖြစ် တော်ခွင့်ပြုပါ”

 

လော့ကျစ်ချိုးက ရှဲယွီကို တစ်ချက်၊ လော့ဝေကို တစ်ချက် ကြည့်လိုက်မိသည်။ ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ ရုတ်တရက်ကြီး တပည့်လက်ခံခိုင်းသည့်အတွက် သူ အနည်းငယ် အကျပ်ရိုက်သွားရသည်။

 

“အဖေ... ရှဲကောက ပြုစုပျိုးထောင်ပေးသင့်တဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက်လို့ အဖေပဲ အမြဲပြောခဲ့တာလေ၊ အရည်အချင်းရှိတဲ့သူကို လက်လွှတ်ရမှာ အဖေမကြိုက်မှန်း ကျွန်တော်သိပါတယ်၊ အခု သူကိုယ်တိုင်လည်း အိမ်တိုင်ရာရောက် လာအပ်နေမှတော့ ဒီလိုအခွင့်အရေးမျိုးကို အဖေ လက်လွှတ်ခံတော့မလို့လား?” လော့ဝေက မတ်တတ်ရပ်လိုက်ပြီး လော့ကျစ်ချိုးကို ပြောလိုက်သည်။

 

လော့ဝေက နောက်သလို ပြောင်သလိုနှင့် အတည်ပြောလိုက်ခြင်း ဖြစ်သော်လည်း နားထောင်နေကြသော လော့ကျစ်ချိုးနှင့် ရှဲယွီတို့ နှစ်ယောက်စလုံးကတော့ နေရခက်ခြင်းမရှိဘဲ သဘောကျကာ ရယ်လိုက်ကြသည်။

 

လော့ကျစ်ချိုးက ရှဲယွီကို ထပ်မံအကဲခတ်လိုက်ပြန်သည်။ တည်ငြိမ်ရင့်ကျက်ပြီး ထူးချွန်သော လူငယ်တစ်ယောက်။ စာပေပိုင်းတွင် ထူးချွန်ရုံသာမက အနေအထိုင်လည်း ပြည့်စုံသူ ဖြစ်၏။ ဤကဲ့သို့လူငယ်မျိုးကို လော့ကျစ်ချိုးတစ်ယောက် အမြဲတမ်း သဘောကျခဲ့ဖူးသည်။ လော့ကျစ်ချိုးက ထုံးတမ်းစဉ်လာများကို ဂရုစိုက်လွန်းသူ မဟုတ်။ စကားဝိုင်းက ဤအခြေအနေထိ ရောက်လာပြီဖြစ်သလို ရှဲယွီကလည်း လူဆိုး မဟုတ်သဖြင့် သူ့တပည့်အဖြစ် လက်ခံလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ရှဲယွီ့မိသားစုဘက်က သဘောတူလျှင် ပြီးပြီဖြစ်သည်။ ဤကဲ့သို့ တပည့်မျိုး ရရှိခြင်းက ကောင်းချီးတစ်ခုပင်။

 

ဖခင်ဖြစ်သူ ခေါင်းငြိမ့်လိုက်သည်ကို တွေ့လိုက်ရသောအခါ လော့ဝေက ချက်ချင်းပင် အချိန်ဆွဲမနေတော့ဘဲ စီစဉ်လိုက်တော့သည်။ လော့ကျစ်ချိုးကို ထပ်မေးမနေတော့ဘဲ ရှဲယွီ၏ဖခင် သမိုင်းပြုစုရေးအရာရှိ ရှဲဝမ့်ပိုင်ကို အိမ်တော်သို့ ချက်ချင်းသွားရောက် ဖိတ်ကြားရန် လူလွှတ်လိုက်သည်။

 

မကြာမီမှာပင် စတုတ္ထအဆင့် သမိုင်းပြုစုရေးအရာရှိ ရှဲဝမ့်ပိုင် ရောက်လာသည်။ သူက လန့်ပြီး စိတ်လှုပ်ရှားနေရှာ၏။ သူ့သား ပြဿနာတစ်ခုခု ရှာလိုက်သည်ဟု ထင်ထားခဲ့သော်လည်း လော့ကျစ်ချိုးက ရှဲယွီကို တပည့်အဖြစ် လက်ခံမည်ဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ ရှဲဝမ့်ပိုင်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ မိုးပေါ်က ရွှေအိုးကျလာသလို သူခံစားလိုက်ရ၏။

 

လော့အိမ်တော်တွင် ဆရာတင်မင်္ဂလာအခမ်းအနားအတွက် စားသောက်ပွဲ ပြင်ဆင်လိုက်ကြပြီး၊ ထိုနေ့မှစ၍ အမတ်ချုပ်ကြီး လော့ကျစ်ချိုးတွင် တပည့်တစ်ယောက် ရရှိသွားခဲ့လေပြီ။

 

ရှဲယွီက လော့ဝေကို ကျေးဇူးတင်သောအားဖြင့် ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သော်လည်း လော့ဝေက နားမလည်ဟန်ဆောင်လိုက်သည်။ “ဘာလို့ ကျွန်တော့်ကို ကျေးဇူးတင်နေတာလဲ၊ အဖေက ကောကို တပည့်အဖြစ် လက်ခံလိုက်တာလေ... ဒါပေမဲ့ ရှဲကော ကတိတစ်ခုတော့ ပေးရမယ်နော်၊ အရမ်းကြီး ကြိုးစားလွန်းအားကြီးပြီး ကျွန်တော့်ကိုတော့ ကျော်မတက်သွားနဲ့ဦး၊ အဲ့လိုဆိုရင် ကျွန်တော် အိမ်မှာ နေရထိုင်ရ ခက်နေလိမ့်မယ်”

 

ရှဲယွီတစ်ယောက် ရယ်လိုက်သော်လည်း စိတ်ရင်းမှန်ဖြင့် လော့ဝေကို ကျေးဇူးတင်နေမိသည်။ လော့ဝေက လူကြီးလူကောင်း တစ်ယောက် မဟုတ်သလို၊ ရှဲယွီကိုယ်တိုင်လည်း ထိုသို့သောလူမျိုး မဟုတ်ပေ။ ရိုးသားဖြောင့်မတ်လွန်းသူများက နိုင်ငံရေးလောကနှင့် အဆင်မပြေတတ်ကြ။ ထို့ကြောင့် ရှဲယွီက လော့ဝေကို ကျေးဇူးတင်ခြင်းမှာ မိတ်ဆွေကောင်းတစ်ယောက် သက်သက်မဟုတ်ဘဲ သူ့အနာဂတ်အတွက် ထည့်သွင်းစဉ်းစားပေးမှုကြောင့်လည်း ပါဝင်သည်။

 

ရှဲယွီတစ်ယောက် နန်းတွင်းစာသင်ဆောင်တွင် ပညာသင်ကြားခဲ့သည်မှာ တစ်လကျော်ခန့်သာ ရှိသေးသော်လည်း လုံရွှမ်က သူ့ကို စည်းရုံးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ရှဲယွီက ထုံးတမ်းစဉ်လာနှင့် ဓလေ့ဝတ္တရားများကို အလေးထားသူဖြစ်၏။ ရာထူးကြီးသူနှင့် ရာထူးနိမ့်သူ၊ တရားဝင်သားနှင့် မယားငယ်သားဟူ၍ အဆင့်အတန်းများ ခွဲခြားမှုရှိသည်ဟု သူယုံကြည်သည်။ လုံရွှမ်၏ ရင်းနှီးရန် ကြိုးစားမှုများက ရှဲယွီကို လန့်စေခဲ့သည်။ အနာဂတ်အမတ်ချုပ်လောင်းလျာ ရှဲယွီက ဒုတိယမင်းသား၏ ထီးနန်းလိုချင်သော ရည်မှန်းချက်ကြီးမားမှုကို ရိပ်မိခဲ့သည်။ ထို့ကြောင့် စာသင်ဆောင်တွင် နေရသော နေ့ရက်များက ရှဲယွီအတွက် ငရဲခန်းသဖွယ် ဖြစ်ခဲ့ရ၏။ သူက လုံရွှမ်အပေါ် သစ္စာမခံလိုသော်လည်း စတုတ္ထအဆင့် အရာရှိငယ်တစ်ဦး၏ သားဖြစ်သူက မင်းသားတစ်ပါးကို ဘယ်လို ငြင်းဆန်ရဲပါ့မလဲ။ လုံရွှမ်က ထီးနန်းလုရန် ကြံနေကြောင်း ဧကရာဇ်ကို သွားရောက်လျှောက်တင်ရန််မှာလည်း မဖြစ်နိုင်။ ဧကရာဇ်ကို တွေ့ခွင့်ရဖို့ ခက်သလို၊ တွေ့ခဲ့ရင်တောင် ဧကရာဇ်က သူ့စကားကို ယုံကြည်ပါ့မလား။ ထိုသို့သော အကြပ်အတည်းများနှင့် မီးဝိုင်းနေချိန်တွင် လော့ဝေ ပေါ်လာပြီး သူ့ကို အမတ်ချုပ်ကြီး၏ တပည့်ဖြစ်ခွင့်ရအောင် ဖန်တီးပေးခဲ့သည်။ သူက နန်းတွင်းစာသင်ဆောင်မှ လွတ်မြောက်ခဲ့ရုံသာမက လုံရွှမ်၏ လက်မှလည်း လွတ်မြောက်ခဲ့ရပြီး၊ သူ့ဆရာကလည်း သူ့အတွက် အတောက်ပဆုံး အနာဂတ်ကို ပေးစွမ်းနိုင်လိမ့်မည်။ လော့ဝေကို သူ့ဘဝ၏ အရေးအပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်လိုက်ခြင်းက မှားမည်မထင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment