အခန်း(၁၆)
လော့ကျစ်ချိုးတစ်ယောက် တစ်ညတာလုံး လော့ဝေ၏ ပညာအရည်အချင်းကို စမ်းသပ်ရင်း အချိန်ကုန်ဆုံးနေလိုက်သည်။ (၁၃) နှစ်လုံးလုံး သူပျိုးထောင်လာခဲ့သော သားကို အခုမှ ပြန်လည် အစပြုပြီး သိကျွမ်းရသလို ဖြစ်နေသည်။ အခုမှ စလုပ်လျှင်တောင် နောက်မကျသေးပါဘူးဟု လော့ကျစ်ချိုး တွေးလိုက်မိသည်။ စစ်ဆေးပြီးသည့်အခါတွင်မူ လော့ဝေက ပုံမှန်လက်ရေးကို သေသပ်လှပစွာ ရေးသားနိုင်သည်ကို တွေ့လိုက်ရသဖြင့် လော့ကျစ်ချိုးခမျာ အံ့သြဝမ်းသာ ဖြစ်သွားရသည်။ လော့ဝေက ဂူချင်းတီးခတ်သည့်အခါတွင်လည်း တေးသွားမှာ နားထောင်၍ ကောင်းလှ၏။ စုတ်ချက်အနည်းငယ်ဖြင့် ရေးဆွဲလိုက်သော ကြာပန်းပုံကလည်း ပုံသဏ္ဍာန်ရော အသက်ပါ ဝင်နေပြန်သည်။ စာစီစာကုံးဖွဲ့မှုအပိုင်းတွင် အနည်းငယ် အားနည်းနေသေးသော်လည်း ရှေးခေတ်က နာမည်ကြီး ကဗျာများကိုမူ တစ်လုံးမှ မမှားစေဘဲ ရွတ်ဆိုပြနိုင်ခဲ့ချေပြီ။
“အဖေ... ကျွန်တော်က တုံးတဲ့သူ မဟုတ်ပါဘူးဗျာ” လော့ဝေက လော့ကျစ်ချိုးကို အလေးအနက်ထားပြီး ပြောလိုက်သည်။
လော့ကျစ်ချိုးက လော့ဝေကို ကြည့်လိုက်သည်။ မတုံးရုံတင် မကဘူး၊ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာမည့် အရည်အချင်းများပင် ရှိနေပါလား။
မိုးလင်းသည့်အခါတွင်မူ ဘိုဟွာက တစ်ညလုံး မအိပ်ကြသော သားအဖနှစ်ယောက်ကို ရှာရန် စာကြည့်ဆောင်ထဲသို့ ဝင်လာခဲ့သည်။
“အမေ” ဘိုဟွာကို မြင်လိုက်သည်နှင့် လော့ဝေက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ဂါရဝပြုလိုက်သည်။
ဘိုဟွာက ခေါင်းငြိမ့်ပြရင်း အသိအမှတ်ပြုလိုက်သည်။ သူမ လော့ဝေကို ကြည့်သည့် အကြည့်များက အရင်ကထက် အများကြီး နူးညံ့လာသည်ကို တွေ့ရသည်။ မနေ့ညက လော့ဇီတစ်ယောက် လော့ဝေအကြောင်း ကောင်းသတင်းများ ပြောပြထားပုံရ၏။ “သွားစားတော့” သူမက လော့ဝေကို ပြောလိုက်သည်။ “မင်းအဖေနဲ့ တစ်ညလုံး ထိုင်နေရတာ ပင်ပန်းနေရောပေါ့”
“ကျွန်တော် အဆင်ပြေပါတယ်” လော့ဝေက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“သွားပြီး တစ်ခုခု သွားစားလိုက်ပါဦး” လော့ကျစ်ချိုးက လော့ဝေ မနက်စာစားရန်အတွက် ခွင့်ပြုပေးလိုက်သည်။
ဘိုဟွာက ခန်းမဆောင် အပြင်ဘက်သို့ ထွက်ခွာသွားသော လော့ဝေကို ကြည့်ရင်း လော့ကျစ်ချိုးကို ပြောလိုက်သည်။ “မနေ့ညက ဇီအာ ပြောပြတာတွေကို ကျွန်မ မယုံနိုင်လောက်အောင် ဖြစ်နေရတာ”
လော့ကျစ်ချိုးက ပြောလိုက်သည်။ “ဝေအာက မင်းအပေါ် ဒီလောက် ယဉ်ကျေးနေတာ မကောင်းဘူးလား?”
ဘိုဟွာက ပြန်ဖြေလိုက်သည်။ “သူက အမြဲတမ်း သူ့စိတ်ကြိုက် လုပ်ချင်ရာလုပ်နေတာ မြင်ဖူးနေတော့ အခုလိုပုံစံကို နေသားကျပါ့မလား မသိ”
လော့ကျစ်ချိုး ဘာမှထပ်မပြောတော့ပေ။ သူ့ဇနီးသည်က လော့ဝေအပေါ် ဘာလို့ အဲ့ဒီလောက် အစွဲရှိနေလဲဆိုတာ သူသိသည်။ ထုတ်မပြောသော်လည်း ဘိုဟွာက လော့ဝေကို နောက်ကြောင်းရာဇဝင် မရှင်းလင်းဘဲ တရားမဝင် ရောက်လာသည့် ကလေးတစ်ယောက်ဟုသာ အမြဲထင်မှတ်ခဲ့သည်။ လော့ကျစ်ချိုးအနေဖြင့် ဘိုဟွာကို အမှန်အတိုင်း ပြောပြရန် မဖြစ်နိုင်သော်လည်း လော့ဝေ အခုပြသလာသည့် ဉာဏ်ပညာကို အသုံးပြုပြီး ဘိုဟွာနှင့် ဆက်ဆံရေး ကောင်းမွန်လာအောင် ပြုပြင်နိုင်လိမ့်မည်ဟုသာ မျှော်လင့်မိတော့သည်။
လော့ဝေက အိမ်မှာပင် မနက်စာ စားလိုက်သည်။ မသွားချင်သော်လည်း မင်းသား၏ စာသင်ဖော်အဖြစ် ဆက်လက်ရှိနေသေးသည်မို့ စာသင်ဆောင်ဆီ သွားရဦးမည် ဖြစ်သည်။
လော့ဝေတစ်ယောက် စာသင်ဆောင် တံခါးဝသို့ ရောက်လာချိန်တွင် ဆူညံနေသော အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ လူတိုင်း၏ မျက်လုံးများက လော့ဝေထံသို့ ရောက်လာကြ၏။
“အရှင့်သား” လော့ဝေက သူ့ကိုကြည့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ အခန်းထဲသို့ ဝင်ကာ လုံရွှမ်ကိုသာ နှုတ်ဆက်ဂါရဝပြုလိုက်သည်။
“ရောက်လာပြီလား?” လုံရွှမ်၏ မျက်နှာထားက အေးစက်စက် နိုင်လှသည်။ ဤအချိန်အထိ မနေ့ညက လော့အိမ်တော်တွင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူ မသိသေးချေ။
လော့ဝေက လုံရွှမ်၏ ဘယ်ဘက်ရှိ သူထိုင်နေကျ နေရာကို လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် ထိုနေရာ၌ အပြာနုရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဝင်ထိုင်နေပြီး သူ့ကို အကဲခတ်သလို ကြည့်နေ၏။ လော့ဝေက သူ့ကို သိသည်။ သူကတော့ နောင်တစ်ချိန်တွင် မဟာကျိုးနိုင်ငံ၏ အမတ်ချုပ်ကြီး ဖြစ်လာမည့် လူတိုင်းက ဂုဏ်ပြုချီးကျူးကြသော သူတော်ကောင်း အမတ်မင်း ရှဲယွီပင်။ လော့ဝေက ရှဲယွီတစ်ယောက် သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်သည့် အမူအရာ လုပ်ပြလိုက်သည်။
ယခုအချိန်တွင်မူ ရှဲယွီက စတုတ္ထအဆင့် သမိုင်းကျမ်းပြုစုရေးအရာရှိ တစ်ဦး၏ သားသာဖြစ်ပြီး စာသင်ဆောင်သို့ လာရောက်ကြသူများထဲတွင် နောက်ခံအနိမ့်ဆုံး ဖြစ်သည်။ အကယ်၍သာ သူ့တွင် ထူးချွန်သော စာပေစွမ်းရည်များ မရှိခဲ့ပါက ဤစာသင်ဆောင်သို့ ဝင်ခွင့်ရခဲ့မည် မဟုတ်။ ရှဲယွီခမျာ လော့ဝေ၏ နှုတ်ဆက်မှုကို မြင်လိုက်ရသည့်အခါ အံ့သြသွားပြီး အလျင်အမြန် မတ်တတ်ရပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
လော့ဝေက ပြတင်းပေါက်နားရှိ ခုံတစ်ခုံဆီသို့ လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။ ထိုနေရာက လုံရွှမ်နှင့် အဝေးဆုံးနေရာဖြစ်သည်။ ဤစာသင်ဆောင်၏ စည်းကမ်းအရ လုံရွှမ်နှင့် အနီးဆုံးထိုင်သူက အာဏာအရှိဆုံးသူ ဖြစ်တာကြောင့် ဘယ်သူမှ ထိုနေရာမှာ မထိုင်ချင်ကြသလို ထိုင်လည်းမထိုင်ဖူးကြပေ။ အတိတ်ဘဝတုန်းကဆိုလျှင် လော့ဝေ ပြန်ရောက်လာချိန်၌ ရှဲယွီက သူ့နေရာတွင် ဝင်ထိုင်နေသည်ကို မြင်လိုက်ရပြီး ဒေါသအကြီးအကျယ် ထွက်ခဲ့ဖူးသည်။ သူက ဘာမှမသိရှာသော ရှဲယွီကို သွေးထွက်သည်အထိ ချက်ချင်း ရိုက်နှက်ခဲ့သည်။ ထိုနေ့မှစ၍ ရှဲယွီက စာသင်ဆောင်ထဲတွင် လော့ဝေ၏ အနိုင်ကျင့်ခြင်းကို အခံရဆုံး ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရသည်။
လော့မိသားစု ပြိုလဲပျက်စီးသွားချိန်ကျမှသာ လုံရွှမ်ကိုယ်တိုင် ပြောပြ၍ လော့ဝေတစ်ယောက် သိခဲ့ရသည်မှာ ရှဲယွီကို သူ့နေရာတွင် ဝင်ထိုင်ရန် လုံရွှမ်က တမင်တကာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မာန်မာနကြီးသော လော့ဝေက ရှဲယွီကို လက်ခံမည်မဟုတ်ဘဲ အကြောင်းရှာကာ အရှက်ခွဲမည်ကို လုံရွှမ် သိနေခဲ့သောကြောင့်ပင်။ ထိုသို့ဖြစ်ပြီးနောက်တွင် လုံရွှမ်က ရှဲယွီကို နှစ်သိမ့်ပေးကာ လော့မိသားစုက အာဏာကြီးလွန်းသဖြင့် မိဖုရားငယ်မှ မွေးဖွားသော မင်းသားတစ်ပါးအနေဖြင့် လော့ဝေကို အာခံရန်မရဲကြောင်း၊ အလျှော့ပေးရုံသာ တတ်နိုင်ကြောင်း ပြောခဲ့သည်။ မူလက ရှဲယွီသည် နာမည်ကောင်းဖြင့် ကျော်ကြားသော အမတ်ချုပ်ကြီး လော့ကျစ်ချိုးကို လေးစားအားကျခဲ့သော်လည်း အကြိမ်ကြိမ် အရှက်ခွဲခံရပြီးနောက်တွင်မူ လော့မိသားစုနှင့် ရန်ဘက်ဖြစ်သွားကာ လုံရွှမ်နှင့် ပူးပေါင်းပြီး လုံရွှမ်၏ အတော်ဆုံး နန်းတွင်းအကြံပေးတစ်ယောက် ဖြစ်လာခဲ့သည်။ ဤဘဝတွင်မူ လော့ဝေတစ်ယောက် ထိုအမှားမျိုး ထပ်မဖြစ်စေရတော့ပေ။
လုံရွှမ်၏ အကြည့်များက သူ့ထံသို့ ဓားသွားများပမာ စူးစိုက်ရောက်ရှိလာသော်လည်း လော့ဝေက စာအုပ်ကိုဖွင့်ကာ စာဖတ်နေလိုက်ရင်း အလုပ်ရှုပ်နေဟန်သာ ဆောင်လိုက်တော့သည်။