အခန်း(၁၈)
“ကျွန်တော်မျိုး ကောင်းကောင်း မတီးခတ်နိုင်ခဲ့ပါဘူး။အရှင်မင်းကြီးရှေ့မှာ အရှက်ကွဲစေမိပါပြီ” လော့ဝေက အပြစ်ကင်းစင်ဟန် ဆောင်ပြီး ပြောလိုက်သည်။
“ငါကိုယ်တော်ကတော့ သိပ်ကောင်းတယ်လို့ ထင်တယ်” ရှင်းဝူဧကရာဇ်က ကြင်နာစွာ ပြောလိုက်သည်။ ထို့နောက် ကောင်းချန်ဖုန်းကို မေးလိုက်ပြန်၏။ “အမတ်မင်းကောင်းရော ဘယ်လိုထင်လဲ?”
ကောင်းချန်ဖုန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။ “အကယ်၍ သခင်လေးလော့သာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်လေ့ကျင့်လိုက်ရင် ဆရာထက် တပည့်လက်စောင်းထက်လာမှာ သေချာပါတယ်”
ရှင်းဝူဧကရာဇ်က ပြောလိုက်သည်။ “အမတ်မင်းပြောတာ မှန်တယ်၊ ဒါပေမဲ့ လော့ဝေရဲ့ သင်ကြားမှုက ဒီနေ့ပဲ ပြီးသွားပြီ... သူက စာသင်ဖော်အဖြစ် ဆက်လုပ်နေစရာ မလိုတော့ဘူး”
ထိုစကားကို ကြားလိုက်ရသည့်အခါ လော့ဝေက သူ့အဖေသည် ဧကရာဇ်ထံမှ သူ့ကို စာသင်ဖော်အဖြစ်ကနေ ထွက်ခွင့်ရအောင် အကြောင်းပြချက် တစ်ခုခု ရှာတွေ့သွားပြီဟု တွေးလိုက်မိသည်။
သို့သော် သူတွေးတာ မှားနေခဲ့သည်။ ထိုအရာက ရှင်းဝူဧကရာဇ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ။ လော့ကျီကျင်းနှင့် တစ်ပုံစံတည်းတူသော လော့ဝေ၏ ရုပ်သွင်ကို တွေးလိုက်မိတိုင်း ရှင်းဝူဧကရာဇ်၏ ပျော်ရွှင်မှုများကြားတွင် စိုးရိမ်စိတ်များ ရောထွေးနေရတတ်သည်။ နန်းတော်ထဲတွင် သူနှင့် လော့ကျီကျင်း၏ အတိတ်ဇာတ်ကြောင်းကို သိသူ အတော်များများ ရှိနေကြသည်။ အကယ်၍ လော့ဝေက လော့ကျီကျင်း၏သားဖြစ်ကြောင်းသာ ခန့်မှန်းနိုင်လျှင် မယ်တော်ကြီး နှစ်ပေါင်းများစွာ လေ့ကျင့်ပေးထားသော နန်းတွင်းနောက်ဆောင်မှ အမျိုးသမီးများသည်လည်း ထိုအချက်ကို ခန့်မှန်းနိုင်ကြမည်ဟု ရှင်းဝူဧကရာဇ် သိနေသည်။ လော့ဝေ စာသင်ဆောင်ထဲတွင် ရှိနေသမျှ ကာလပတ်လုံး ရန်လိုမည့်သူများ၏ လက်မှ ကာကွယ်ပေးနိုင်မည့် နည်းလမ်းမရှိပေ။
ထိုအချိန်တွင် လုံရွှမ်က ဝင်ပြောလိုက်သည်။ “ခမည်းတော်က အမတ်ချုပ်ကြီးလော့ကို လော့ဝေအတွက် သီးသန့်ဆရာရှာခိုင်းချင်လို့လား၊ နန်းတွင်းစာသင်ဆောင်ကို လာသင်ပေးတဲ့ ဆရာတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေပါ... လော့ဝေ ထွက်သွားစရာ အကြောင်းမရှိပါဘူး”
ဒီလိုဖြစ်လာမယ်ဟု မထင်ထားခဲ့သော လော့ဝေက လုံရွှမ်ကို လှမ်းကြည့်လိုက်မိသည်။ သူ့ကို အသုံးချချင်လွန်းလို့ ရှင်းဝူဧကရာဇ်ကိုတောင် ပြန်ခံပြောနေတာလား။
ရှင်းဝူဧကရာဇ်ကလည်း ဒုတိယသားတော်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အမတ်ချုပ်ကြီးလော့က သူ့သားရဲ့ ပညာရေးကို နှောင့်နှေးအောင် လုပ်လိမ့်မယ်လို့ မင်းက စိုးရိမ်နေတာလား?”
လုံရွှမ်က လော့ဝေကို ကြည့်လိုက်သည်။ လော့ဝေက အမြဲတမ်း သူ့အနားတွင်သာ ကပ်နေချင်ခဲ့သူဖြစ်ပြီး စာသင်ဆောင်မှ ထွက်ချင်လိမ့်မည်ဟု သူ လုံးဝမယုံကြည်။ သို့သော် လော့ဝေ၏ မျက်ဝန်းထဲမှ အေးစက်မှုများကို ရင်ဆိုင်လိုက်ရသည့်အခါ လုံရွှမ်ခမျာ နှလုံးသားကို အပ်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ရှင်းဝူဧကရာဇ်က လော့ဝေကို ပြောလိုက်သည်။ “ဒီနေ့ကစပြီး ငါကိုယ်တော်နဲ့ လိုက်နေရမယ်၊ မင်းက အမတ်ချုပ်ကြီးရဲ့ သားလေ... မင်းအစ်ကိုနှစ်ယောက်လုံးက စစ်တပ်ထဲမှာ အမှုထမ်းနေကြတာဆိုတော့ လော့မိသားစုထဲက တစ်ယောက်လောက်တော့ နိုင်ငံရေးလောကထဲမှာ ရှိသင့်တယ်”
ဧကရာဇ်၏ စကားများက ထိုနေရာတွင် ရှိနေသူအားလုံး၏ ရင်ထဲတွင် လှိုင်းဂယက်များ ထသွားစေခဲ့သည်။ ရှင်းဝူဧကရာဇ်၏ စကားတစ်ခွန်းကြောင့် လော့ဝေက ဧကရာဇ်၏ တပည့်ရင်းတစ်ယောက် ဖြစ်သွားရချေပြီ။ ဧကရာဇ်၏ လေယူလေသိမ်းအရ လော့ဝေက အနာဂတ်တွင် အမတ်ချုပ်ကြီး ရာထူးကိုပင် ဆက်ခံရနိုင်ဖွယ် ရှိနေသည်။
“ဧကရာဇ်မင်းရဲ့ မေတ္တာတရားအတွက် ကျွန်တောမျိုးကျေးဇူးတင်ပါတယ်” ခဏမျှ ကြောင်သွားပြီးနောက် လော့ဝေက အလျင်အမြန် ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
လော့ဝေက သူ့ကိုယ်သူ ‘ကျွန်တော်မျိုး’ ဟု သုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသည့်အခါ ရှင်းဝူဧကရာဇ်ခမျာ ဝမ်းနည်းသွားရရှာသည်။ သူတို့က သားအဖများ ဖြစ်သော်လည်း ဧကရာဇ်နှင့် အခိုင်းအစေသဖွယ် ယဉ်ကျေးသော စကားလုံးများဖြင့်သာ ပြောဆိုဆက်ဆံနေရသည် မဟုတ်ပါလား။ ရှင်းဝူဧကရာဇ်က လော့ဝေကို အမြန် ပြန်ထူပေးလိုက်ပြီး ပြောလိုက်သည်။ “မင်းက အခုမှ နေပြန်ကောင်းတာ၊ ဒီလို အပေါ်ယံ ယဉ်ကျေးမှုတွေ လုပ်နေစရာ မလိုပါဘူး... ငါကိုယ်တော်နဲ့ လိုက်ခဲ့တော့”
“ဆရာ” လော့ဝေက ကောင်းချန်ဖုန်းကို အရိုအသေပြုလိုက်သည်။ “ကျွန်တော့်ကို ခွင့်ပြုပါဦး”
လော့ဝေက ဝတ္တရားကျေပွန်စွာ နှုတ်ဆက်သည်ကို မြင်ရသဖြင့် ရှင်းဝူဧကရာဇ်မှာ အလွန်ကျေနပ်သွားမိသည်။ လော့ဝေက မောက်မာသည်ဟု သတင်းများ ကြားခဲ့ရသော်လည်း အခုတော့ အဲ့ဒါတွေက ကောလာဟလ သက်သက်သာ ဖြစ်ပုံရ၏။
ရှင်းဝူဧကရာဇ်က လော့ဝေလက်ကို ကိုင်ကာ စာသင်ဆောင်ထဲမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း လုံရွှမ်တစ်ယောက် ဘယ်လိုခံစားရမှန်း မသိအောင် ဖြစ်နေရသည်။ လော့ဝေက လုံးဝ တခြားလူတစ်
ယောက်အဖြစ် ပြောင်းလဲသွားသလို သူခမည်းတော်၏ နူးညံ့သိမ်မွေ့သော ဘက်အခြမ်းကိုလည်း မြင်တွေ့လိုက်ရသည်။ သူနှင့် ရင်းနှီးကျွမ်းဝင်နေကျ ပုံစံခွက်ကြီးမှာ ရုတ်တရက် ပြောင်းလဲသွားရချေပြီ။
လော့ဝေ၏ ဂီတသံစဉ်များအောက်တွင် ဖမ်းစားခံခဲ့ရကြောင်း လုံရွှမ်မှာလည်း မငြင်းနိုင်ခဲ့။ အကယ်၍ လော့ဝေသာ သူ့ကို ဤကဲ့သို့လက်စွမ်းမျိုး စောစောစီးစီး ပြသခဲ့ရင် သူ လော့ဝေအပေါ် ပိုကောင်းပေးမိမှာ သေချာသည်ဟု လုံရွှမ် ယုံကြည်နေမိသည်။ အခုတော့ လော့ဝေ ဘာတွေးနေလဲဆိုတာ သူ လုံးဝ ခန့်မှန်းလို့မရတော့သလို ခံစားနေရသည်... မဟုတ်သေးဘူး။ လုံရွှမ်၏ ခေါင်းထဲသို့ အတွေးတစ်စ ဝင်ရောက်လာပြီး သူ့ကို ကြောက်သွားစေသည်။ သူ လော့ဝေ ဘာတွေးနေလဲဆိုတာကို ဘယ်တုန်းကမှ ခန့်မှန်းနိုင်ခဲ့ခြင်း မရှိတာများလား။
ကောင်းချန်ဖုန်းက လုံရွှမ်ကို လှမ်းကြည့်လိုက်သည်။ လော့ဝေ ထွက်သွားပြီဆိုတော့ စာသင်ဆောင်ထဲတွင် အပျော်ရွှင်ဆုံးလူက လုံရွှမ်ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ အရင်တုန်းက လော့ဝေတစ်ယောက် လုံရွှမ်ကို လိုက်နှောင့်ယှက်နေတာ မြင်ရလျှင် သူတောင် စိတ်ရှုပ်ခဲ့ရသည် မဟုတ်ပါလား၊ လော့ဝေ၏ အာရုံစိုက်မှုကို ခံနေရသော လုံရွှမ်ဆိုလျှင် ဘယ်လိုနေမလဲဆိုသည်ကို တွေးကြည့်စရာပင် မလိုပေ။ သို့သော် ယခုအချိန်တွင်မူ လုံရွှမ်၏ မျက်နှာတွင် ပျော်ရွှင်ရိပ် တစ်စွန်းတစ်စမျှ မတွေ့ရဘဲ မှောင်မိုက်နေသည်။ ထိုအရာက ကောင်းချန်ဖုန်းတစ်ယောက် လုံးဝ အဖြေရှာမရနိုင်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေတော့သည်။