no

Font
Theme

အခန်း(၁၃)

လော့ကျစ်ချိုးက လော့ဇီ ကမ်းပေးသော စာရွက်နှစ်ရွက်ကို ကြည့်လိုက်၏။ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ့ရှေ့တွင် ဒူးထောက်နေသော လော့ကျုံးကို အံ့သြတကြီး ငုံ့ကြည့်လိုက်မိသည်။ ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ? လော့ကျစ်ချိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်မိ၏။ လော့ကျုံးက သူနှင့်အတူ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး၊ အမြဲတမ်း သူ့နောက်လိုက်အဖြစ် နေထိုင်ကာ ဝတ္တရားကျေပွန်ခဲ့သူလည်း ဖြစ်သည်။ သူတို့ အတူတူ ဖြတ်သန်းခဲ့သည့် နှစ်များတစ်လျှောက်လုံးတွင် လော့ကျုံးက အမှား တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး သူ့ကို သစ္စာဖောက်ရက်တာလဲ?

 

“လွန်ခဲ့တဲ့ နှစ်ရက်က အိမ်တော်ကို အမျိုးသားဧည့်သည် သုံးယောက် ရောက်လာတယ်၊ အသံနေအသံထားကို ကြည့်ရတာ ယွီကျိုးက ဖြစ်နိုင်ခြေများတယ်” ထိုအရာက လော့ကျုံး ဤည ပေးပို့လိုက်သော သတင်းစကား ဖြစ်သည်။

 

“မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ?” လော့ကျစ်ချိုးက လော့ကျုံးကို မေးလိုက်သည်။

 

လော့ကျုံးကတော့ တစ်ခွန်းမှ ပြန်မပြော။ လော့ကျစ်ချိုး ဘာမေးမေး သူက ခေါင်းကိုသာ ငုံ့ထားပြီး နှုတ်ဆိတ်နေလိုက်၏။

 

လော့ဝေက လော့ကျုံးကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။ သူကလည်း ဤလူကို လော့အိမ်တော်အပေါ် အသေအလဲ သစ္စာရှိသူတစ်ယောက်ဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် လော့မိသားစု၏ ပိုင်ဆိုင်မှုများ အသိမ်းခံရသည့် နေ့တွင်မူ လော့ကျုံးက စစ်သည်များကို ဦးဆောင်ကာ အိမ်တော်အတွင်းရှိ လျှို့ဝှက်အခန်းများအားလုံးကို ရှာဖွေခိုင်းနေသည်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသည်။ ဤလူက လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက လုံရွှမ်အတွက် သူလျှိုလုပ်ပေးခဲ့သူ ဖြစ်ပြီး၊ လော့အိမ်တော်အတွင်းရှိ လုံရွှမ်၏ မျက်လုံးတစ်စုံ ဖြစ်ခဲ့သည်။ အခုလို ဘဝအသစ်ကို ပြန်လည် ရရှိလာချိန်တွင် သူ၊ လော့ဝေတစ်ယောက်အနေဖြင့် ဒီမျက်လုံးတစ်စုံကို ဘယ်လိုလုပ် ဆက်လက်ရှင်သန်ခွင့် ပေးထားနိုင်ပါ့မလဲ?

 

“အဖေ” လော့ဇီတစ်ယောက် တွေးလေ ဒေါသထွက်လေ ဖြစ်လာရ၏၊ သူတို့ရှေ့တွင် ဒူးထောက်နေသော ဤလူ့အပေါ် သူတို့ ဘယ်လိုအမှားမျိုး ကျူးလွန်မိသလဲဆိုတာကို စဉ်းစားလို့မရနိုင်အောင် ဖြစ်နေရသည်။ အိမ်တော်သခင်ကို သစ္စာဖောက်ရဲတဲ့အထိ သတ္တိကောင်းလှချည်လား?! “ဒီလူက ပါးစပ်သိပ်လုံတာ၊ သူ့ကို မေးခွန်းတွေ မေးနေလို့ကတော့ ဘာမှထူးမှာ မဟုတ်ဘူး”

 

လော့ဝေက နာမည်စာရင်း တစ်ခုကို ထုတ်ယူလိုက်ပြီး လော့ကျစ်ချိုးကို ပြောလိုက်သည်။ “အဖေ... ဒီစာရင်းထဲက လူတွေ အကုန်လုံးကို အရင်ဖမ်းလိုက်ပါ”

 

“ဒါက ဘာလဲ?” လော့ကျစ်ချိုး၏ မျက်လုံးများက စာရင်းထဲမှ နာမည်များကို အမြန်ကြည့်လိုက်သည်။

 

လော့ဝေက ပြန်ဖြေလိုက်သည်။ “အဲ့ဒီလူတွေ အကုန်လုံးက ကျွန်တော်တို့ ကျွေးတဲ့ ထမင်းကို စားပြီး သူများအလုပ်ကို ခိုးလုပ်ပေးနေကြတဲ့ သူတွေပါ”

 

လော့ဇီ၏ ရင်ထဲတွင် ထိတ်လန့်သွားမိသည်။ အိမ်တော်ထဲမှာ လော့ကျုံးအပြင် တခြားသူလျှိုတွေလည်း ရှိနေသေးတာလား?

 

လော့ကျစ်ချိုးက မေးခွန်းတစ်ခွန်းမျှ ထပ်မမေးတော့ဘဲ ဖမ်းဆီးရန် အမိန့်ချလိုက်တော့သည်။ လော့ဝေက လော့ကျုံးကို လက်ပူးလက်ကြပ်မိအောင် ဖမ်းပြနိုင်မှတော့ အိမ်တော်ထဲမှ သူလျှိုကိစ္စများကိုလည်း သေချာပေါက် သိရှိနားလည်ထားမည်ဟု လော့ကျစ်ချိုး တွေးလိုက်မိသည်။ လက်ရှိ အခြေအနေအရ လော့ဝေ၏ စကားကို နားထောင်လိုက်ခြင်းက အကောင်းဆုံးပင်။

 

“ဦးလေးကျုံး” လော့ဝေက ဒူးထောက်နေသူဘက်သို့ လှည့်လိုက်သည်။ “ခင်ဗျား လက်ထောက်အမတ်ချုပ်ဆီ ပို့နေတဲ့ စာရွက်ပိုင်းလေးတွေထဲမှာ ကျွန်တော့်အကြောင်း ကောင်းတာတွေ သိပ်မပါဘူးနော်”

 

ထိုအချိန်တွင်မှ လော့ကျုံးက ခေါင်းမော့လာပြီး လော့ဝေကို စိုက်ကြည့်လိုက်သည်။ သူက လော့ဝေကို အမြဲတမ်း ငနုံငအ တစ်ယောက်ဟုသာ ထင်ခဲ့ဖူး၏။ လော့ဝေက ဟန်ဆောင်နေမှန်း သူ ဘာလို့ မတွေးမိခဲ့ပါလိမ့်?

 

“ဦးလေးကျုံး” လော့ဝေကတော့ ပြုံးနေမြဲပင်။ သူ့ဆီမှာ အမြဲတွေ့ရတတ်သော ရန်လိုသည့်ပုံစံများ ပျောက်ကွယ်သွားပြီး ယခုအခါတွင်မူ ပိုမို ကောက်ကျစ်စဉ်းလဲပုံ ပေါက်နေတော့သည်။ “ကျွန်တော့်ကို အဲ့လိုကြီး မကြည့်ပါနဲ့ဗျာ၊ ကျွန်တော်က ဒုတိယမင်းသား ပျော်အောင်လို့ သူ့အလိုကျ ခွေးတစ်ကောင်လို အမြီးနှံ့ပြနေမယ်လို့ ခင်ဗျား ထင်နေတာလား၊ အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ အကုန်လုံးကို ရှာဖို့က မလွယ်ကူခဲ့ပါဘူး... ကျွန်တော် အချိန်တွေ၊ လူအင်အားတွေ အများကြီး သုံးခဲ့ရသလို နှစ်တွေအကြာကြီးလည်း ပေးဆပ်ခဲ့ရတယ်”

 

အတိတ်ဘဝတုန်းက လော့ဝေမှာ တကယ်တမ်းတွင် ဤမျှလောက် ဉာဏ်မပြေးခဲ့ပေ။ ယခုလုပ်ရပ်များ အားလုံးက လုံရွှမ်ကို သူဘယ်လောက်တောင် အချဉ်ဖမ်းရလွယ်သော ဝက်ငနုံငအ တစ်ကောင်လဲဆိုတာ သိစေချင်၍သာ ဖြစ်သည်။ သူ၏ ယုတ်မာသော အကြံအစည်များ အားလုံးကို သူ့ထံတွင် အကျဉ်းသား ဖြစ်ခဲ့ဖူးသော လော့ဝေက သိသွားပြီဖြစ်ကြောင်း ပြလိုက်ခြင်းပင်။ အတိတ်ဘဝတုန်းက လော့ကျုံးတစ်ယောက် ဘယ်လောက်တောင် ချမ်းသာကြွယ်ဝလာခဲ့သလဲဆိုတာ လော့ဝေ ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ ထိုစဉ်က လော့ကျုံးသည် သခင်တစ်ယောက်လိုမျိုး လော့ဝေရှေ့တွင် ရပ်ကာ အမတ်ချုပ်အိမ်တော်၌ သူဘယ်လောက်တောင် အောင်မြင်မှုများ ရယူနိုင်ခဲ့ကြောင်း လော့ဝေကို ကြွားလုံးထုတ်ခဲ့ဖူးသည်။

 

စုစုပေါင်း သူလျှို (၁၁) ယောက်ကို ဖမ်းမိခဲ့ပြီး ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်လာခဲ့ကြသည်။

 

“ဦးလေးကျုံး... ခင်ဗျားသူငယ်ချင်းတွေ အကုန်စုံမစုံ တစ်ချက်လောက် ကြည့်လိုက်ပါဦးလား?” လော့ဝေက လော့ကျုံးကို ပြောလိုက်သည်။

 

လော့ကျုံးတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကိုသာ မှိတ်ထားလိုက်တော့သည်။ လုံရွှမ်နှင့် လက်ထောက်အမတ်ချုပ် လျူရွှမ်ရှီးတို့ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရသည်များ သဲထဲရေသွန် ဖြစ်သွားရချေပြီ။ (၁၁) ယောက်... တစ်ယောက်မှ မလွတ်ဘဲ အကုန်မိနေသည့်အပြင် လူမှားဖမ်းလာခြင်းလည်း မဟုတ်ပေ။

 

လော့ကျုံး၏ မျက်နှာအမူအရာကို ကြည့်ပြီး လော့ဝေ ဖမ်းခေါ်လာသူများ အားလုံးမှာ မှန်ကန်ကြောင်း လော့ကျစ်ချိုးတစ်ယောက် သိလိုက်သည်။

 

ခန်းမဆောင်ထဲရောက်နေသူများ အားလုံးက သူတို့ အပြစ်ကင်းကြောင်း အော်ငြင်းနေကြသည်။ သူတို့က လော့ကျုံးလို လက်ပူးလက်ကြပ် မိထားသူများ မဟုတ်သဖြင့် နောက်ဆုံးအချိန်အထိ ရုန်းကန်ငြင်းဆန်လိုကြသည်မှာ သဘာဝပင်။

 

“အဖေ” လော့ဝေက လော့ကျစ်ချိုးကို ပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးမှာ လူမှားသတ်မိရင်တောင် သူတို့ကို လွှတ်ပေးလို့ မဖြစ်ဘူး”

 

လော့ကျစ်ချိုးက မေးလိုက်သည်။ “ဒါဆိုရင် မင်း သူတို့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုတာ ပြောပြ”

 

လော့ဝေက အသေးစိတ် ပြောပြနိုင်သည်မှာ အမှန်ပင်။ အတိတ်ဘဝတုန်းက ဤလူများအားလုံး လော့ဝေရှေ့တွင် ကြွားခဲ့ဖူးကြသည် မဟုတ်ပါလား။ လော့ဝေက အသေးစိတ် အချက်အလက်များပါမကျန် ပြောပြလိုက်သည့်အခါ ခန်းမဆောင်ထဲရှိ လူများအားလုံး သူတို့ အပြစ်ကင်းကြောင်း အော်နေမှုများကို ရပ်တန့်သွားကြတော့သည်။ သူတို့ကွယ်ရာတွင် လုပ်ခဲ့သော ကိစ္စရပ်များ အားလုံးကို တတိယသခင်လေးက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသကဲ့သို့ ပြန်လည်ပြောပြနေသောကြောင့် ဖြစ်၏။

 

“သူတို့က ဘာလို့ ဒီလိုလုပ်ရတာလဲကွာ” ရိုးသားဖြောင့်မတ်သော လော့ဇီတစ်ယောက် လော့ဝေကို အသံကျယ်ကျယ်ဖြင့် မေးလိုက်မိသည်။

 

လော့ဝေက စိတ်ထဲမထားဘဲ လော့ဇီကို ပြောလိုက်သည်။ “ဒေါသထွက်နေစရာ မလိုပါဘူး အစ်ကိုကြီးရယ်၊ သူတို့လည်း တစ်သက်လုံး အစေခံ မလုပ်ချင်ကြဘူးလေ... တစ်ယောက်ယောက်က သူတို့ကို အဆင့်အတန်း မြင့်မြင့်နဲ့ တစ်သက်လုံး ချမ်းချမ်းသာသာ နေရမယ့် အခွင့်အရေး ပေးလာတဲ့အခါ သူတို့ လက်လွှတ်မခံကြတာ သဘာဝပါပဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment