အခန်း (၁)
---
ပြီးခဲ့သည့်ရက်များအတွင်း မနားတမ်းကျဆင်းနေသော နှင်းများကြောင့် ကမ္ဘာကြီးတစ်ခုလုံး အေးခဲကာ ရေခဲပြင်ကြီးသဖွယ် ဖြစ်နေလေ၏။ ကောင်းကင်နှင့် မြေကြီးအကြားရှိ အရာအားလုံးသည် ဖြူဖွေးနေသည်။
နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသော ချန်ဟွမ်ဘုရားကျောင်းသည် မြို့တော်၏ အနောက်ဘက်ဆင်ခြေဖုံးတွင် ကမ္ဘာလောက၏ မေ့လျော့ခြင်းကို ခံကာ တည်ရှိနေသည်။ ဤညတွင် နှင်းကျပြီးနောက်၌ပင် ကောင်းကင်သည် မှောင်မိုက်နေဆဲဖြစ်ပြီး လမင်း နှင့် ကြယ်များကိုပင် မတွေ့ရပေ။ ဘုရားကျောင်း၏ ပင်မခန်းမလှေကားအောက်ခြေတွင် နှင်းပုံငယ်တစ်ခု ဖြစ်ပေါ်နေလေသည်။ မနက်ခင်းက ထိုနေရာတွင် စွန့်ပစ်ထားခဲ့သော သူ၏ ခန္ဓာကိုယ်ကို နှင်းခဲများက လုံးဝ ဖုံးအုပ်ထားလေ၏။
ညဉ့်နက်သန်းခေါင်၏ တိတ်ဆိတ်မှုကို ကျီးကန်းအချို့၏ အော်သံများက ဖျက်ဆီးလိုက်သည်။
လေပြင်းတစ်ချက်က တိုက်ခတ်သွားပြီးနောက် ခေတ္တရပ်နားထားခဲ့သော နှင်းများသည် ပြန်လည်စတင် ကျဆင်းလာပြန်၏။
နှင်းပုံဘေးတွင် ဝိညာဉ်တစ်ပါးသည် တိတ်ဆိတ်စွာ ရပ်နေ၏။ ထိုနှင်းပုံအောက်ရှိ သူ၏ ပုံသဏ္ဌာန်ဟောင်းသည် ငြိမ်သက်စွာ ရှိနေသည်။ သူ၏ နောက်ဆုံးထွက်သက်သည် လေတိုက်ခတ်စပြုသည့်အချိန်ကပင် ချုပ်ငြိမ်းခဲ့ပြီး သူခံစားခဲ့ရသော နာကျင်မှုအားလုံးသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားသယောင် ရှိလေသည်။
သူ့အား ငရဲဘုံသို့ ခေါ်ဆောင်မည့် ဒဏ္ဍာရီလာ သေမင်တမန်များမှာလည်း ရောက်မလာခဲ့ပေ။ ထိုဝိညာဉ်သည် သူ့ ခန္ဓာကိုယ်မှ တစ်ဝက်တစ်ပျက်မျှပင် ခွာ၍ မရနိုင်ပဲ ရှိနေသည်။ အမည်မသိ စွမ်းအားတစ်ခုက သူ့ကို ဤနေရာ၌ ကန့်သတ်ချုပ်နှောင်ထားသည်ဟု ထင်ရ၏။
နှင်းများသည် တဖျောက်ဖျောက် ဆက်တိုက်ကျနေဆဲဖြစ်ရာ ဤဆောင်းတွင်းသည် အချိန်ကြာမြင့်နေသလားဟု ထင်ရ၏။
---
ခုနစ်ရက်ကြာပြီးနောက်။
မြင်းခွာသံများ၏ ဆူညံသံသည် အဝေးမှ ချဉ်းကပ်လာသည်။ ထိုဆူညံသံကြောင့် ဝိညာဉ်သည် အာရုံစိုက်လိုက်ရာ ယွီလင်းနန်းတော်အစောင့်တပ်သား အုပ်စုတစ်စုကို တွေ့လိုက်ရသည်။
“ဒီနားတစ်ဝိုက်ကို ရှာကြ!” အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် မြင်းပေါ်မှ ဆင်းသက်လာကာ လက်ဖြင့် အချက်ပြလိုက်၏။ သူ့ မျက်နှာသည် အေးစက်သော ကျက်သရေရှိမှုဖြင့် ဖုံးအုပ်နေသည်။
အစောင့်တပ်သားများသည် လူစုခွဲကာ နေရာတစ်ဝိုက်ကို ရှာဖွေလိုက်ကြသည်။ နောက်ဆုံးတွင်လှေကားအောက်ခြေ၌ လွယ်ကူစွာ မမြင်နိုင်အောင် ဖုံးကွယ်နေသည့် ရုပ်အလောင်းကို သူတို့ တွေ့ရှိခဲ့ကြ၏။
“တူးကြ” စစ်သူကြီးက အမိန့်တစ်ချက်ကိုသာ ပေးလိုက်သည်။
ထိုအခါမှ ခုနစ်ရက်ပတ်လုံး သူ့ ခန္ဓာကိုယ်ကို စောင့်ကြည့်နေခဲ့သော ဝိညာဉ်သည် သူ၏ ကိုယ်ပိုင် ရုပ်ကလာပ်ကို မျက်နှာချင်းဆိုင် မြင်တွေ့ခဲ့ရသည်။
အစောင့်တပ်သားများအားလုံးသည် အတွေ့အကြုံရှိပြီး စစ်မြေပြင်တွင် သေဆုံးခြင်းနှင့် သွေးများကို မြင်ဖူးသူများ ဖြစ်သော်လည်း ဤရုပ်အလောင်းကို မြင်လိုက်ရသည့်အခါ အော့အန်ချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်ခဲ့ကြရသည်။
သို့သော် ထိုဝိညာဉ်သည် သူ၏ ရုပ်ရည်ကို ဂရုမစိုက်ပေ။ အသက်ရှင်စဉ်ကတည်းက ဂရုမစိုက်ခဲ့သကဲ့သို့ ယခု သေဆုံးသွားသောအခါတွင် ပို၍ပင် ဂရုမစိုက်တော့ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဆက်တိုက်ကျနေသောနှင်းမုန်တိုင်းများကြောင့် အလောင်းသည် ပုပ်သိုးနံစော်ခြင်း မရှိသေးပေ။ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြာရောင် နှင့် ခရမ်းရောင်များ ညိုမည်းစွဲနေ၏။ ကိုယ်တုံးလုံး၊ အရေပြားနှင့် အရိုးများသာ ရှိပြီး ဒဏ်ရာအကြီးအသေးများ တစ်ခုပေါ်တစ်ခု ထပ်လျက် တစ်ကိုယ်လုံး၌ ပြန့်ကျဲနေသည်ကို တွေ့ရသည်။
ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရှိသည့် နေရာကို ရှာဖွေရန် မဖြစ်နိုင်တော့သကဲ့သို့ ဖြစ်နေ၏။ မျက်လုံးနှစ်လုံးအနက် တစ်လုံးမှာ ဗလာကျင်းနေသော မျက်တွင်းသက်သက်သာဖြစ်ပြီး ကျန်တစ်လုံးမှာမူ ပြူးကျယ်လျက် ရှေ့သို့ အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေသည်။ သူ၏ နို့သီးခေါင်းများ ပျောက်ကွယ်နေပြီး တစ်ဖက်မှာ မီးပူတိုက်ထားသကဲ့သို့ မည်းနက်သော အမာရွတ်ဖြင့် အစားထိုးခံထားရသကဲ့သို့ ဖြစ်နေပြီး ကျန်တစ်ဖက်မှာ ဓားဖြင့် ဖြတ်တောက်ခံထားရသော သွေးထွက်သံယို အပေါက်သာ ရှိသည်။ အူလမ်းကြောင်းတစ်ပိုင်းသည် အောက်ပိုင်းမှ တွဲလောင်းကျနေပြီး ထိုအူလမ်းကြောင်းသည် အသားပုပ်များဖြင့် ရှုပ်ထွေးနေပြီး သွေးစွန်းနေသော သစ်သားတုတ်တစ်ချောင်းက ထိုးဖောက်ထားသည်ကို တွေ့ရသည်။ ပေါင်နှစ်ဖက်သည် ပုပ်ဆွေးနေပြီး ပြတ်သားသော အရိုးဖြူများသာ ကျန်ရှိတော့သည်။ အနီးကပ်ကြည့်လျှင် ထိုအရိုးများမှာလည်း တစ်ခုလုံး ကျိုးပဲ့နေသည်ကို တွေ့ရ၏။
ဝိညာဉ်သည် ရုတ်တရက် သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူမိလေသည်။ ဤသို့သော အခြေအနေမျိုးတွင်ပင် နေထွက်မှ နေဝင်ချိန်အထိ နှင်းများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ပြီးမှ သူ၏ နောက်ဆုံးထွက်သက်ကို ရှူထုတ်နိုင်ခဲ့သည်။
လူတစ်ဦးသည် အနက်ရောင် မြေခွေးသားမွေးဝတ်ရုံကို ဝတ်ဆင်ကာ ရုပ်အလောင်းကို ချဉ်းကပ်လာသည်။
“အရှင်မင်းကြီး!” စစ်သူကြီးသည်လည်း ရှေ့သို့ တိုးလာခဲ့ရာ သူ၏ အေးစက်နေသော အသံထဲတွင် နောက်ဆုံး၌ စိုးရိမ်ပူပန်မှု အချို့ ပေါ်ထွက်လာသည်။
ဝတ်ရုံဝတ်ထားသော ထိုသူသည် ခန့်ညားသော မျက်နှာဖြင့် မတ်မတ်ရပ်နေ၏။ တည်ငြိမ်အေးဆေးသည့် သူ၏ဟန်ပန်တွင် မောပန်းနွမ်းနယ်နေမှုကို မဖုံးကွယ်နိုင်ပြီး ကြီးကျယ်ခမ်းနားသည့် မူလခံစားချက်ကို ပိုင်ဆိုင်ထားသည်။ သူ့ မျက်လုံးများက ရုပ်အလောင်းပေါ်တွင် စူးစူးစိုက်စိုက် ရှိနေခဲ့၏။
“အရှင်မင်းကြီး” စစ်သူကြီးက လက်လှမ်းပြီး သူ့ကို ဆွဲလိုက်ပြီး တောင်းပန်သည့် လေသံဖြင့် ပြော၏။ “အရှင်မင်းကြီး မြင်ချင်တာ မြင်ပြီးပြီ သွားကြရအောင်ပါ”
ထိုသူသည် မလှုပ်ရှားပေ။ ထိုအစား သူသည် ကိုယ်ကိုင်းညွှတ်ကာ ရုပ်အလောင်း၏ လိမ်ကောက်နေသော လက်ကို ထိတွေ့ရန် လှုပ်ရှားလိုက်သည်။ အရိုးများအားလုံး ကျိုးပဲ့နေပြီး လက်ကောက်ဝတ်ကို ဆက်ထားသည့် တစ်ခုတည်းသော အရာမှာ ပါးလွှာသော အရေပြားလွှာသာ ဖြစ်သည်။ ထိုလက်ပေါ်တွင် နှစ်ပေါင်းများစွာ ချည်နှောင်ခံထားရသော လက်ထိတ်ဒဏ်ရာများ ရှိနေ၏။ လက်သည်းများအားလုံး ပျောက်ကွယ်နေသည်။ သံတံကျင်တစ်ခုသည် ဘယ်ဘက်လက်မကို ဖောက်၍ လက်ဖဝါးအထိ အောင် ထိုးသွင်းထားခဲ့သည်။
ထိုသူသည် သူ့ အကြည့်ကို ရုပ်အလောင်း၏ ခြေထောက်များသို့ ရွှေ့လိုက်သည်။ ၎င်းတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မလှုပ်ရှားနိုင်အောင် ပြုလုပ်ခံထားရပြီး အရိုးများ ကျိုးနေခဲ့၏။ ခြေဆယ်ချောင်းအနက် လေးချောင်းသာ ကျန်ရှိတော့ပြီး ပုံသဏ္ဍာန်ပျက်ကာ ထူးဆန်းနေသည်။ လက်သည်းများကိုလည်း ဆွဲနှုတ်ထားသည်ကို တွေ့ရ၏။
ထိုဝိညာဉ်သည် ဤပုပ်ဆွေးနေသော ရုပ်အလောင်းအပေါ် ထိုအမျိုးသားပြသနေသော စိုးရိမ်ပူပန်မှု၏ အကြောင်းရင်းကို နားမလည်ခဲ့ပေ။ ဤအမျိုးသားသည် ထိုရုပ်အလောင်းကို တစ်နည်းနည်းဖြင့် နာကျင်အောင် လုပ်မိမည်ကို စိုးရိမ်နေသည့်အချိန်
တွင် အဘယ်ကြောင့် လက်ဖြင့် တယုတယ ထိတွေ့နေရသည်ကို သူ နားမလည်ခဲ့ပေ။
“လော့ဝေ” ထိုသူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဝိညာဉ်သည် ရယ်မောလိုက်ရာ သေဆုံးသူ၏ ရယ်သံကို သက်ရှိလူသားတစ်ဦးမှ မကြားနိုင်ခြင်းမှာ သနားစရာကောင်းလှ၏။
ဤသည်မှာ သူ အသက်ရှင်စဉ်ကတည်းက သူ့ နာမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် မည်သူတစ်ဦးတစ်ယောက်မျှ သူ့အတွက် ထိုနာမည်ကို မသုံးခဲ့ကြပေ။ သူတို့သည် သူ့ကို ပြည့်တန်ဆာ၊ ကျွန်၊ ဝက်၊ မာနကြီးသူ စသည်ဖြင့်သာ ခေါ်ဝေါ်ခဲ့ကြရာ သူသည် လူတစ်ဦးဖြစ်သည်ကိုပင် မေ့လုနီးပါး ဖြစ်ခဲ့ရပြီး သူတွင် နာမည်တစ်ခု ရှိနေသည်ကိုလည်း မေ့နေခဲ့၏။
“လုံရွှမ်” ဝိညာဉ်သည် ဤသည်မှာ နောက်ပြောင်မှုတစ်မျိုး ဖြစ်သည်ဟု ခံစားရ၏။ “ဒီနာမည်ကို မင်း မှတ်မိနေသေးတာ အံ့ဩစရာပဲ!” သူသည် မျက်ရည်ကျသည်အထိ ရယ်မောလိုက်သော်လည်း ဝိညာဉ်များတွင် မျက်ရည်မရှိတော့ပေ။
“အရှင်မင်းကြီး!” စစ်သူကြီးကလည်း ဒူးထောက်လိုက်၏။ သူသည် ရုပ်အလောင်းကို တစ်ချက်မျှပင် မစိုက်ကြည့်ပေ။ သူ၏ စိုးရိမ်ပူပန်နေသော မျက်လုံးများသည် သူ့ရှေ့မှ လူကိုသာ အာရုံစိုက်ထားသည်။
“လော့ဝေ” နူးညံ့စွာ ခေါ်လိုက်ပြီး သူသည် ရုပ်အလောင်း၏ ဖွင့်ထားသော ညာဘက်မျက်လုံးပေါ်သို့ လက်တင်လိုက်ကာ တစ်နည်းနည်းဖြင့် မျက်လုံးပိတ်သွားစေပြီး သူ့ ဝိညာဉ်ကို အနားယူစေလိုသည်။ သို့သော် သူ မည်မျှပင် ကြိုးစားသော်လည်း မျက်လုံးသည် ရှေ့သို့ စိုက်ကြည့်လျက် ပွင့်နေခဲ့သည်။
လေတစ်ချက် တိုက်ခတ်လာပြီး ကျနေသောနှင်းများကို ဝေ့ဝဲကာ လူအုပ်စုကို လွှမ်းခြုံသွားသည်။ နှင်းမုန်တိုင်းသည် တစ်ဖန် စတင်လာပြန်၏။
ဝိညာဉ်သည် လေနှင့်အတူ လွင့်မျောနေသည်ဟု ခံစားရသည်။ သူ့ကို ခန္ဓာကိုယ်နှင့် ချုပ်နှောင်ထားသော စွမ်းအားသည် ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် သူ လွတ်မြောက်သွားပုံရသည်။ လေတိုက်ရာသို့ မည်သည့်နေရာသို့မဆို သူ့ကို ခေါ်ဆောင်သွားစေရန် သူ ဆုံးဖြတ်လိုက်သည်။ သူသည် အပြစ်သားတစ်ဦး၊ ရာဇဝတ်ကောင်တစ်ဦး ဖြစ်ရာ သူအတွက် ထာဝရအနားယူရာ နေရာဟူ၍ မရှိပေ။ ထို့ကြောင့် သူသည် ဝိညာဉ်ပျောက်အဖြစ် လှည့်လည်သွားလာရမည်သာ ဖြစ်သည်။
“အရှင်မင်းကြီး!” နှင်းမုန်တိုင်းသည် တိုက်ခတ်လာကာ နှင်းမှုန်များကြောင့် လူတိုင်း၏ အမြင်အာရုံကို မှုံဝါးစေသည်။ စစ်သူကြီးသည် ပို၍ စိုးရိမ်လာကာ ပြောလိုက်သည်။ “အရှင်မင်းကြီးက သူ့ကို သနားတယ်ဆိုရင် မြှုပ်နှံဖို့ အမိန့်ပေးလိုက်ပါ့မယ်”
“ဇီကျိုး သေသွားပြီ” ဧကရာဇ် လုံရွှမ်သည် သူ၏ တန်ဖိုးအရှိဆုံး စစ်သူကြီး နင်ဖေးအား ပြောလိုက်သည်။
“အရှင်မင်းကြီး!” စစ်သူကြီးသည် ဧကရာဇ်ကို ပြန်ဆွဲတင်ရန် ဆုံးဖြတ်ထား၏။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးသည် အစောင့်တပ်သားများကို ဂရုမစိုက်ဘဲ အလျင်အမြန် ဖြတ်သန်းလာသည်။ သူသည် သူ့ မြင်းကို စီးနင်းကာ အပေါင်းအပါများကြားမှ ဖြတ်၍ အလောင်း၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
“မင်းသားကြီးယွီ” စစ်သူကြီးသည် ကြားဖြတ်ဝင်လာသူကို တားဆီးရန် လှုပ်ရှားလိုက်သော်လည်း ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်။
“အစ်ကိုတော် ဘယ်လိုလုပ်ပြီး သူ့ကို ဒီလိုလုပ်ရက်ရတာလဲ!” မင်းသားကြီးယွီ၊ လုံရှန်သည် ထို အလောင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်လက် ထိန်းချုပ်ထားခြင်း မရှိတော့ပေ။ သူသည် သူ၏ အစ်ကိုကြီးအား အော်ဟစ်လိုက်ပြီး မေးလိုက်သည်။ “ဘယ်လိုလုပ်ရက်တာလဲ! စိတ်ကျေနပ်ပြီလား”
“ငါ မသိဘူး” ဧကရာဇ်က ပြန်ဖြေသည်။ “ငါ မသိဘူး”