အခန်း(၁၇)
လပြည့်ဝန်းပမာ လှပသော ဆံထုံးကို ထုံးဖွဲ့ထားပြီး လက်ရှည်အင်္ကျီ ကားကားကြီး ဝတ်ဆင်ထားသော ဂူချင်းဆရာကြီး ဝင်ရောက်လာသည်။ ရင်ဘတ်ပေါ်သို့ ကျနေသော ဆံနွယ်ရှည်အချို့က သူ့ကို နတ်သားတစ်ပါးသဖွယ် ထင်မှတ်ရစေသည်။ သူက ဂူချင်းတီးခတ်ရာတွင် ပြိုင်ဘက်ကင်းသူဟု ကျော်ကြားသော ကမ္ဘာကျော် ဂူချင်းပညာရှင် ကောင်းချန်ဖုန်း ဖြစ်သည်။ အတိတ်ဘဝတုန်းကတော့ လော့ဝေသည် ဤသို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်မျိုးကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ ယနေ့ မိမိ၏ လေးစားရသော ဆရာကြီးကို မြင်လိုက်ရသည့်အခါတွင်မူ လော့ဝေ၏ စိတ်များ လှုပ်ရှားသွားပြီး သူဘယ်လောက်တောင် မိုက်ခဲ့လဲဆိုတာကို ထပ်မံ သတိပြုမိသွားရသည်။
ကောင်းချန်ဖုန်းက သူ့ကျောင်းသားများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတန်းတွင် ထိုင်နေသော လော့ဝေကို မြင်လိုက်ရသည့်အခါ သူ့အကြည့်များ ရပ်တန့်သွား၏။ လော့ဝေက ထိုနေရာမျိုးကို ရွေးထိုင်လိုက်သည်မှာ အံ့သြစရာပင်။ ကျင်းချွန်းဥယျာဉ် တော်ဝင်ပွဲတော်နေ့တုန်းက ကောင်းချန်ဖုန်းက ဂီတဖျော်ဖြေရန် ရောက်ရှိနေခဲ့ပြီး လော့ဝေကြောင့် အတော်လေး ထိတ်လန့်ခဲ့ရဖူးသည်။ လော့ဝေ၏ ရုပ်ရည်သွင်ပြင် ပြောင်းလဲသွားခြင်းကြောင့်သာ မဟုတ်ဘဲလော့ဝေ၏ အမူအရာများကပါ တစ်ညတည်းနှင့် ရုတ်ခြည်း ယဉ်ကျေးသိမ်မွေ့လာပြီး အပြုအမူတိုင်းကို သတိထားနေတတ်သော လုံးဝတခြားလူတစ်ယောက် ဖြစ်သွားသောကြောင့်ပင်။
ကောင်းချန်ဖုန်းက အတန်းချိန်တစ်ဝက်ခန့် သင်ကြားပြီးနောက် ကျောင်းသားများကို တစ်ယောက်ချင်းစီ ရှေ့ထွက်ကာ အားလုံးအတွက် တီးခတ်ပြစေသည်။
အရင်တုန်းကသာဆိုလျှင် လော့ဝေတစ်ယောက် ဂူချင်းနှစ်သက်သော လုံရွှမ်၏ မျက်နှာကို လိုချင်သဖြင့် ပထမဆုံး ရှေ့ထွက်တီးပြလေ့ရှိသည်ကို လော့ဝေ သိနေသည်။ သူတီးခတ်သော ဂီတသံက နားထောင်ရ ဆိုးလွန်းလှသဖြင့် လူတိုင်း အခန်းထဲမှ ထွက်ပြေးချင်စိတ် ပေါက်သွားစေတတ်သော်လည်း သူကိုယ်တိုင်ကမူ သတိမထားမိခဲ့ပေ။ ထိုအဖြစ်အပျက်က ကျောင်းသားများ စာသင်ဆောင်သို့ ရောက်တိုင်း စောင့်ကြည့်ချင်ကြသော ရယ်စရာ ပြဇာတ်တစ်ခုလည်း ဖြစ်ခဲ့သည်။
ကောင်းချန်ဖုန်းက ကျောင်းသားအချို့ကို စင်ပေါ်ခေါ်ကာ တီးခတ်စေသော်လည်း တစ်ယောက်ကိုမျှ စိတ်တိုင်းမကျပေ။ လော့ဝေကမူ ထုံးစံအတိုင်း သူ့အရည်အချင်းမရှိမှုကို ပြသရန် အလျင်စလို ထွက်မလာခဲ့။ သို့သော် ထူးဆန်းစွာပင် ကောင်းချန်ဖုန်း၏ စိတ်ထဲတွင် လော့ဝေကိုသာ သတိရနေမိသဖြင့် လှမ်းခေါ်လိုက်တော့သည်။ “လော့ဝေ... မင်းအလှည့်ရောက်ပြီ”
စာသင်ဆောင်တစ်ခုလုံး၏ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ အခြေအနေကို နားမလည်သော ရှဲယွီမှလွဲ၍ ကျန်လူများအားလုံးက လော့ဝေ အရှက်ကွဲမည့်အချိန်ကို စောင့်မျှော်နေကြသည်။
လော့ဝေက ဂူချင်းစင်ရှေ့တွင် ဝင်ထိုင်လိုက်ပြီး သူ့လက်များကို ငုံ့ကြည့်လိုက်သည်။ တစ်ချိန်တုန်းက သူ့လက်သည်းများအားလုံး အခွာခံထားရပြီး နာကျင်နေသည့်ကြားမှ အကောင်းဆုံး တီးခတ်နိုင်ခဲ့ဖူးသည် မဟုတ်ပါလား။ အနည်းဆုံးတော့ သူ့ဂူချင်းပညာစွမ်းရည်က ဆရာ့ကို ထပ်ပြီး အရှက်မရစေလောက်တော့ပေ။
သူ့လက်ချောင်းလေးများ ကြိုးများပေါ်သို့ ညင်သာစွာ ပြေးလွှားသွားသည်နှင့် ဂီတသံစဉ်များ လိုက်ပါစီးဆင်းလာတော့သည်။ ကျန်းနန်ဒေသ၏ မိုးဖွဲဖွဲလေးများ၊ ဂိုဘီသဲကန္တာရ၏ အေးစက်စက် လရောင်၊ စမ်းချောင်းလေးများ၏ စီးဆင်းသံ၊ တောင်တန်းကြီးများ၏ မြင့်မားမှု၊ ချစ်သူများ၏ တီးတိုးစကားသံ၊ စစ်သည်တို့၏ အလွမ်း၊ အိမ်ပြန်ရောက်သူတို့၏ ပျော်ရွှင်မှု၊ ကမ္ဘာမြေအဆုံးမှ သူစိမ်းတို့၏ အထီးကျန်ဆန်မှု၊ လေထဲမှ ပန်းပွင့်များနှင့် လရောင်အောက်မှ နှင်းပွင့်များ... ဘဝ၏ အစိတ်အပိုင်း အားလုံးက ကြိုးများကို ခတ်နလိုက်သော ထိုလက်ချောင်းများကြားတွင် တွဲခိုကျန်ရစ်နေသယောင်ပင်။
ဂူချင်းသံစဉ်က ရှိနေသူအားလုံးကို ဖမ်းစားထားလိုက်နိုင်ပြီး ထိုအထဲတွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော ရှင်းဝူဧကရာဇ်လည်း အပါအဝင်ဖြစ်သည်။
“ကျီကျင်းရဲ့ သားဖြစ်နေတာ မဆန်းပါဘူး” ရှင်းဝူဧကရာဇ်က တွေးလိုက်မိသည်။ လော့ကျီကျင်းသည် တစ်ချိန်က အကနှင့် သီချင်းဆိုရာတွင် ထူးချွန်သော ပညာရှင်တစ်ဦးဖြစ်ပြီး သူမ၏ ဂူချင်းတစ်ပုဒ်က ကမ္ဘာလောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်ခဲ့ဖူးသည်။ သူမ၏ သားဖြစ်သူကလည်း သူမကဲ့သို့ပင် ပါရမီရှိနေသည်မှာ သဘာဝကျလှသည်။
လော့ဝေ၏ သီချင်းဆုံးသွားချေပြီ။ ပဲ့တင်သံများ ကျန်ရစ်နေဆဲအချိန်တွင် ရှင်းဝူဧကရာဇ်က လက်ခုပ်တီးကာ စာသင်ဆောင်ထဲသို့ ဝင်ရောက်လာသည်။
“ဧကရာဇ်မင်းမြတ်” အားလုံးက ပြိုင်တူ ဒူးထောက်ကာ အရိုအသေ ပြုလိုက်ကြသည်။
ရှင်းဝူဧကရာဇ်က လုံရွှမ်ကို လှမ်းမကြည့်ပေ။ သူက ရှေ့သို့တိုးသွားပြီး လော့ဝေကို ထူပေးလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။ “ဆရာကောင်းက တပည့်ကောင်း မွေးထုတ်ပေးလိုက်တာပဲ”
ကောင်းချန်ဖုန်းခမျာ ဒူးထောက်လျက်သား ကြောင်နေမိသည်။ သူက လော့ဝေလို တပည့်မျိုးရှိသည့်အတွက် အမြဲတမ်း ရှက်နေခဲ့ရသော်လည်း ထိုကဲ့သို့သော လူမျိုးက ဤမျှကောင်းမွန်သော သီချင်းတစ်ပုဒ်ကို ရုတ်တရက် တီးခတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ဧကရာဇ် ရောက်လာမှန်းသိလို့ သူ့အစွမ်းအစမှန်ကို ထုတ်ပြလိုက်တာများလား။
ရှင်းဝူဧကရာဇ်က လော့ဝေကို တွေ့ချင်လွန်းသဖြင့် အထူးတလည် လာရောက်ခဲ့ခြင်း ဖြစ်သည်။ လော့ဝေမှာ သူ၏ သွေးသားရင်းဖြစ်ကြောင်း မနေ့က သိလိုက်ရပြီးကတည်းက သူ့အတွေးများနှင့် စိုးရိမ်ပူပန်မှုများအားလုံး လော့ဝေအပေါ်တွင်သာ ရောက်ရှိနေခဲ့သည်။ လော့ဝေ၏ မင်းသားအဆင့်အတန်းကို ပြန်လည်သတ်မှတ်ပေးပြီး နန်းတော်ထဲသို့ ခေါ်ဆောင်ကာ ကိုယ်တိုင် ပြုစုပျိုးထောင်ပေးချင်စိတ်များ တားဆီးမရနိုင်အောင် ဖြစ်ပေါ်နေမိသည်။ သို့သော် စိတ်ငြိမ်သွားသည့်အခါတွင်မူ လော့ဝေ၏ အဆင့်အတန်းကို ပြန်ပေးလိုက်ပါက ကလေးကို မယုံနိုင်လောက်အောင် ခက်ခဲသော အခြေအနေသို့ တွန်းပို့လိုက်သလို ဖြစ်သွားမည်ကို ရှင်းဝူဧကရာဇ် သိနေသည်။ သူနှင့် လော့ကျီကျင်းတို့က တရားဝင် လင်မယားများ မဟုတ်ခဲ့ကြပေ။ လော့ဝေက အမတ်ချုပ်ကြီး၏ သားမဟုတ်တော့ဘဲ မင်းသားတစ်ပါး ဖြစ်လာလျှင်တောင် တရားမဝင်သော သားတစ်ယောက်သာ ဖြစ်နေဦးမည်။ ထို့အပြင် လက်မထပ်ဘဲ ကလေးမွေးခဲ့သည့်အတွက် လော့ကျီကျင်း၏ ဂုဏ်သိက္ခာလည်း ကျဆင်းရလိမ့်မည်။ ဖြစ်နိုင်ခြေများကို တွေးတောပြီးနောက် ပိုကောင်းသော အစီအစဉ်တစ်ခု မရှိသေးခင်တွင် လော့ဝေကို အမတ်ချုပ်ကြီး၏သားအဖြစ်သာ ဆက်လက်ထားရှိခြင်းက အကောင်းဆုံးဖြစ်မည်ဟု ရှင်းဝူဧကရာဇ် ဆုံးဖြတ်လိုက်သည်။
“ဧကရာဇ်မင်းမြတ်” လော့ဝေကမူ ရှင်းဝူဧကရာဇ်၏ ကြင်နာမှုများကို သံသယဖြစ်နေမိသည်။ ဧကရာဇ်က ဘာတွေလုပ်နေတာလဲ။
“မင်းကို ကြည့်ရအောင်” ရှင်းဝူဧကရာဇ်က လော့ဝေ၏ ခေါင်းကို ပုတ်လိုက်သည်။
ထိုချစ်ခင်မှုပြသခြင်းက လုံရွှမ်၏ မျက်လုံးထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မည်သည့်မင်းသားတစ်ပါးမှ ခမည်းတော်၏ ယခုကဲ့သို့ ကြင်နာယုယမှုကို မရခဲ့ဖူးပေ။ လော့ဝေက ပထမဆုံးပင်။