အခန်း(၂၂)
---
လျူရွှမ်ရှီးက ရှင်းဝူဧကရာဇ်သည် လော့မိန်းကလေးကို မည်မျှ အရူးအမူး ချစ်ခင် စွဲလမ်းခဲ့ကြောင်း လုံရွှမ်ကို ပြောပြချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ချေ။ ရှင်းဝူသည် ယခုရက်ပိုင်းတွင် မပြုံးမရယ်၊ ပြက်လုံးမပြောတတ်သူ ဖြစ်ပြီး၊ သူ့ စိတ်ခံစားချက်သည် မိုးကြိုးပစ်သကဲ့သို့ ပြောင်းလဲတတ်ပြီး စိတ်ကူးယဉ်ဆန်သောသူ မဟုတ်ပေ။ သူ့အပေါ် အမြဲတမ်း အေးစက်နေသော သူ့ ဖခင်သည် တစ်ချိန်က တစ်စုံတစ်ဦးကို ရိုးသားစွာ ချစ်ခဲ့ဖူးကြောင်း လုံရွှမ်ကို သူ မည်သို့ ယုံကြည်စေနိုင်မည်နည်း။
လုံရွှမ်က လျူရွှမ်ရှီးကို စကားတစ်ခွန်းကိုသာ ပြောသည်။ “လော့ဝေက ခမည်းတော်ကို သူ့ဘာသာသူ တစ်ခုခု လုပ်လိုက်တာလဲ ဖြစ်နိုင်တယ်။ သူ ကျွန်တော့်နောက်ကို ခြောက်နှစ်ကြာ လိုက်ခဲ့ပြီး သူ အမြဲတမ်း ဟန်ဆောင်နေတာကို ကျွန်တော် လုံးဝ မသိလိုက်ဘူး”
လျူရွှမ်ရှီးက ပြောသည်။ “နှစ်ညအလိုက လော့အိမ်တော်မှာ လူအနည်းငယ်ကို သခင်တွေဆီက ခိုးယူတယ်ဆိုတဲ့ ကိစ္စနဲ့ သေဒဏ်ပေးခဲ့ပါတယ်၊ ပြီးခဲ့တဲ့ညကတော့ အလောင်းတွေကို သွားကြည့်ဖို့ လူတစ်ယောက်ကို ကျွန်တော် အမိန့်ပေးခဲ့ပါတယ်၊ အဲဒီလူတွေအားလုံးက ကျွန်တော် စေလွှတ်ထားတဲ့ လူတွေပါ”
“သေတဲ့အထဲမှာ လော့ကျုံး ပါလား” လုံရွှမ်က မေး၏။
“မပါဘူး” လျူရွှမ်ရှီးက ပြန်ဖြေသည်။
“ဒါဆိုရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု မဟုတ်သေးဘူး၊ ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး လူက အခုထိ ရှိနေတုန်းပဲ” လုံရွှမ်က ပြော၏။ “အဲ့ဒီလူကို ခဏလေး ရှောင်နေဖို့နဲ့ သူ ပြောတဲ့စကားကို ဂရုစိုက်ဖို့ ပြောလိုက်ပါ”
“နားလည်ပါပြီ” လျူရွှမ်ရှီးက သဘောတူပြီးနောက် ပြောလိုက်၏။ “လော့ကျုံးက အမတ်ချုပ်ကြီးနဲ့ သူ့ရဲ့ တပည့်တွေကြားက ယွီကျိုး သတ္တုတွင်းကိစ္စဟာ သူ မျှော်လင့်ထားတာထက် ပိုမိုပြန့်နှံ့နေတဲ့အကြောင်း ပြောဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းကို ပေးပို့ခဲ့ပါတယ်၊ အရှင့်သား လော့ကျစ်ချိုးက အခြေအနေရဲ့ ခက်ခဲမှုကို သိသွားပြီး နောက်ဆုတ်ဖို့ စဉ်းစားနေတယ်လို့ ကျွန်တော် ထင်ပါတယ်”
“ကျွန်တော်တို့ ဆက်ပြီး သတိထားရဦးမယ်” လုံရွှမ်သည် မည်သူ့ကိုမှ စစ်မှန်စွာ မယုံကြည်ဖူးပေ။ သူသည် လျူရွှမ်ရှီးအား ပြောခဲ့သည်။ “ဦးလေး၊ ကိုယ်တိုင် မီးမလောင်ရအောင် မီးလျှံတွေကို ဝေးဝေး မပြန့်စေဖို့ သတိထားရမယ်”
“နားလည်ပါပြီ” လျူရွှမ်ရှီးက ပြန်ဖြေ၏။ သို့သော် လော့ကျစ်ချိုး အရှုံးပေးတော့မည်ကို သူ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် သေချာသည်။ သူ၏ လျှို့ဝှက် လုပ်ကြံမှုများအောက်တွင် ယွီကျိုး၏ သတ္တုတွင်းကိစ္စသည် အောက်ခြေကို မရောက်နိုင်သော ရွှံ့ရေကန်တစ်ခု ဖြစ်နေပြီဖြစ်၏။ လော့ကျစ်ချိုးက စုံစမ်းစစ်ဆေးမှုကို ဆက်လက် လုပ်ဆောင်ရန် သံသယဝင်လောက်သည်ဆိုပါက သူ၏ ရှာဖွေမှုတွင် သူ့ အမည်အရင်းကိုပင် ထုတ်ဖော်မိနိုင်ပေမည်။ အမတ်ချုပ်ကြီးတွင် ယွီကျိုးတွင် အုပ်ချုပ်နေသော တပည့်အချို့ ရှိ၏။ သူ့ လက်အောက်ခံများသည် လာဘ်စားရန် မက်မောမည်မဟုတ်ကြောင်း သူ မည်သို့ သေချာနိုင်မည်နည်း။
လုံရွှမ်က သူ့ မေးခွန်းများကို ဆက်လက် မေးမြန်းသည်။ “လုံယွီ အခု ဘယ်မှာလဲ”
လျူရွှမ်ရှီးက ပြန်ဖြေ၏။ “သိပ် မဝေးသေးပါဘူး”
“ဘယ်သူတွေ စောင့်ရှောက်ပေးနေလဲ”
လျူရွှမ်ရှီးက ခေါင်းခါသည်။ “အရှေ့နန်းတော်က အစောင့်အချို့နဲ့ သက်တော်စောင့် ငါးယောက်ပါ။ ကျွန်တော် စေလွှတ်လိုက်တဲ့ လူတွေက သူတို့ကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်”
“လော့ကျစ်ချိုးက စေလွှတ်တာလား ဒါမှမဟုတ် ခမည်းတော်ကလား” လုံရွှမ်က မေးသည်။
“သူတို့ကို အမတ်ချုပ်ကြီးက စေလွှတ်လိုက်တာ ဖြစ်ပါလိမ့်မယ်” လျူရွှမ်ရှီးက ပြန်ဖြေသည်။ “သူတို့မှာ လျှို့ဝှက်အဖွဲ့အစည်းတွေရဲ့ အလေ့အကျင့်တွေ ရှိပါတယ်”
လုံရွှမ်က ပြောင်ချော်ချော် ပြုံး၏။ “လော့ကျစ်ချိုးက လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ အပေးအယူ လုပ်နေတာလား”
လျူရွှမ်ရှီးက “ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပါ။ ဧကရာဇ်မင်းက တစ်ယောက်ယောက်ကို စေလွှတ်မယ်ဆိုရင် လူမြင်ကွင်းမှာ ရှိနေမှာ မဟုတ်ပါဘူး၊ အရိပ်ကနေ သူ့ကို ကာကွယ်ပေးနေမှာပါ”
“ဦးလေး ပြောတာ မမှားပါဘူး” လုံရွှမ်က အေးစက်စွာ ပြောသည်။ “သူက အိမ်ရှေ့စံမင်းသား ဖြစ်နေတာပဲ၊ သူ့ကို လုံခြုံစေဖို့ ဘယ်အရာကိုမှ နှမြောမှာ မဟုတ်ဘူး”
လုံရွှမ်၏ ဒေါသသည် ပြန်လည် မြင့်တက်လာသည်ကို လျူရွှမ်ရှီး သိ၏။ ထို့ကြောင့် ခဏတာ စောင့်ဆိုင်းပြီးမှ ပြောလိုက်သည်။ “အရှင့်သား လော့ဝေနဲ့ပတ်သက်တဲ့ ဒီကိစ္စကို ဘာလုပ်ဖို့ စဉ်းစားထားလဲ”
လုံရွှမ် ခေတ္တ ရပ်တန့်သွားသည်။ “လော့ဝေနဲ့ ဘာကိစ္စလဲ”
“သူက အရှင်မင်းသားနဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တာ၊ သူ့လိုလူမျိုးကို အသက်ရှင်ခွင့် ပေးထားနိုင်ပါ့မလား” လျူရွှမ်ရှီးက လုံရွှမ်ကို တီးတိုး ပြောသည်။
အံ့ဩသွားသကဲ့သို့ လုံရွှမ်၏ မျက်လုံးများ ပြူးကျယ်လာသည်။ “သူ အခု ခမည်းတော်ဘေးမှာ ရှိနေပြီ။ အခု သူ့ကို တစ်ခုခု လုပ်မယ်ဆိုရင် ဦးလေးရဲ့ အသက်ကို သူ့အသက်နဲ့ လောင်းကြေးထပ်နေတာပဲ”
“အရှင့်သား” လျူရွှမ်ရှီးသည် လုံရွှမ်၏ တုံ့ပြန်မှုကို မျှော်လင့်မထားချေ။ သူတို့ ကိုယ်တိုင် လက်မပေပဲ လော့ဝေကဲ့သို့ ကလေးတစ်ယောက်ကို ဖယ်ရှားလိုပါက စီစဉ်ရန် ခက်ခဲမည် မဟုတ်ပေ။ “လော့ဝေကို ကျွန်တော်တို့ ထားလို့ မရဘူးဆိုရင် အခုပဲ ဖယ်ရှားပစ်သင့်တယ်”
“သူ့ကို မထိနဲ့” လုံရွှမ်၏ မျက်နှာတွင် သူ့ အသက်အရွယ်နှင့် မလိုက်ဖက်သော မှောင်မိုက်မှုတစ်ခုကို ဆောင်ထား၏။ “အခုက အချိန်မဟုတ်သေးဘူး။ သူ ဧကရာဇ်ရဲ့ ခင်မင်မှုကို ခံနေရတာ၊ ကျွန်တော့်ရဲ့ ခမည်းတော်ဧကရာဇ်က သူ့ကို ဘယ်သူမှ ထိခိုက်အောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ဦးလေး၊ အဲ့ဒီ အခွင့်အရေးကို မယူသင့်ဘူး”
“သူ တစ်ခုခု သိနေမယ်ဆိုရင်ရော” လျူရွှမ်ရှီးက မေး၏။
“လော့ဝေကို ဦးလေးက ဘယ်လောက် ထက်မြက်တယ်လို့ ထင်လဲ” လုံရွှမ်က သူ့ ဦးလေး၊ သူ၏ သွေးသားရင်းကို ပြောသည်။ “စိတ်မပူပါနဲ့ ဦးလေး။ သူ ကျွန်တော့်ပတ်ဝန်းကျင်မှာ နှစ်အနည်းငယ် လည်ပတ်နေခဲ့ရင်တောင် ကျွန်တော့်ရဲ့ အစီအစဉ်တွေကို ဘာမှ မသိသေးပါဘူး”
လျူရွှမ်ရှီးသည် ထပ်မံ၍ မပြောတော့ချေ။
လော့ဝေကို ဖယ်ရှားပစ်မည်။ လုံရွှမ်သည် ပြတင်းပေါက်မှ နွေဦး၏ ပြည့်စုံမှုကို ငေးကြည့်
နေ၏။ ထိုနေ့က မက်မွန်ပင်အောက်မှ ပန်းများအောက်တွင် ရပ်နေသော လော့ဝေကို ပိုးထည်ဖြူ ဝတ်ဆင်ထားသည်ကို ရုတ်တရက် သတိရလိုက်သည်။ ထိုအတွေးက သူ့ရင်ကို နာကျင်စေ၏။