အခန်း(၁၄)
လော့ကျုံးက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး လော့ဝေကို စိုက်ကြည့်လိုက်သည်။ လော့ဝေပြောတာ မှန်နေသည်။ ဤအကြောင်းပြချက်ကြောင့်ပင် သူ သခင်ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်၏။ သို့သော် လော့ဝေက လူတိုင်းရှေ့တွင် ဤမျှ ပွင့်ပွင့်လင်းလင်း ပြောချလိုက်လိမ့်မည်ဟုတော့ သူ ထင်မှတ်မထားခဲ့မိပေ။
လော့ဝေက လော့ကျုံးကို ပြန်စိုက်ကြည့်လိုက်ရင်း “တကယ်တော့ ဦးလေးကျုံး... ခင်ဗျား တွေးတာ မှားနေပြီ၊ ကိုယ့်အကျိုးစီးပွားအတွက် သခင်ရင်းကိုတောင် ရောင်းစားရဲတဲ့လူမျိုးကို ခင်ဗျား အခု သတင်းပေးနေတဲ့ သခင်က နောင်တစ်ချိန်ကျရင် ခင်ဗျား သူ့ကိုပါ ပြန်မရောင်းစားဘူးလို့ ယုံကြည်ပါ့မလား?. ခင်ဗျားက ယုံကြည်ရတဲ့သူ မဟုတ်တော့ဘူးလေ၊ ဒီလိုအခြေအနေမျိုးနဲ့ ဘယ်လိုလုပ်ပြီး ချမ်းသာလာနိုင်ဦးမှာလဲ?” တကယ်တမ်းတွင်မူ အတိတ်ဘဝ၌ လုံရွှမ်က လော့ကျုံးကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့သလို လော့ကျုံး လိုချင်သော စည်းစိမ်ဥစ္စာများကိုလည်း ပေးသနားခဲ့သည်။ သို့သော် လော့ဝေက ယခုဘဝတွင် အတိတ်က အဖြစ်အပျက်များ ထပ်မံမဖြစ်စေလိုတော့ပေ။
လော့ကျုံး၏ မျက်လုံးများက လော့ဝေဆီမှ မခွာတော့။ လော့ဝေ၏ လှပသော မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများကို မတွေ့ရဘဲ တည်ငြိမ်မှုနှင့် ကြည်လင်ပြတ်သားမှုတို့ကိုသာ တွေ့နေရသည်။ လော့ဝေဆီမှာ ဒီလိုမျက်လုံးမျိုး ဘယ်တုန်းက ရှိခဲ့ဖူးပါလိမ့်။
လော့ဝေက သူ့ကို မေးလိုက်သည်။ “ဦးလေးကျုံး... ခင်ဗျား အသနားခံဖို့ အစီအစဉ်မရှိဘူးလား?”
လော့ကျုံးတစ်ယောက် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်တော့သည်။ ဤမိသားစုထဲတွင် သားအကြီးဆုံး လော့ချီနှင့် ဒုတိယသား လော့ဇီတို့က သူ့ကို ငယ်စဉ်ကတည်းက ဦးလေးဟု ခေါ်ခဲ့ကြသော်လည်းတတိယသား လော့ဝေကမူ သူ့ကို တစ်ခါမျှ ထိုသို့မခေါ်ဖူးခဲ့ပေ။ ယခုမှ လော့ကျုံးကို ‘ဦးလေး’ ဟု ခေါ်နေခြင်းမှာ လှောင်ပြောင်လိုစိတ် သက်သက်သာ ဖြစ်ကြောင်း သိသာလွန်းလှသည်။ “အိမ်တော်ရဲ့ အငယ်ဆုံးသခင်လေးက အတော်ဆုံး သရုပ်ဆောင်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး” လော့ကျုံးက အံကြိတ်ရင်း လော့ဝေကို ပြောလိုက်သည်။
“ကျွန်တော်သာ အရူးလိုဟန်ဆောင်ပြီး ဘယ်လောက်တုံးအတဲ့ကောင်ပါဆိုပြီး မနေခဲ့ရင်” လော့ဝေက ပြောလိုက်သည်။ “ခင်ဗျားရဲ့ သခင်ရင်းဘေးမှာ ဒီလောက်ကြာကြာ ဘယ်နေနိုင်ပါ့မလဲ?”
“မင်း တကယ် ဘဝအခြေအနေ တိုးတက်ချင်ရုံသက်သက်ပဲလား?” လော့ကျစ်ချိုးက ဝင်မေးလိုက်သည်။ မိမိအယုံကြည်ရဆုံးလူ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသည်မှာ ခံရခက်လှသဖြင့် သူ အကြောင်းရင်းကို သိချင်နေမိသည်။
သို့သော် လော့ကျုံးက ပြန်ဖြေလိုက်သည်။ “တခြားဘာမှ ပြောနေစရာ အကြောင်းမရှိတော့ပါဘူး၊ ကျွန်တော့်ကို မြန်မြန်သာ သတ်ပေးကြပါတော့”
လော့ဝေက ပြောလိုက်သည်။ “အဖေ... ဦးလေးကျုံးမှာ အိမ်တော်အပြင်ဘက်က တခြားအိမ်တစ်လုံးမှာ ဇနီးသည်တစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ရှိနေတယ်ဗျ၊ သူ ဘဝတိုးတက်ချင်တယ်ဆိုတာ အဲ့ဒီသားအမိနှစ်ယောက်အတွက် ဖြစ်ပါလိမ့်မယ်”
“မင်း!” လော့ကျုံးက သေဖို့အထိ ဆုံးဖြတ်ပြီးသားမို့ မမှုတော့သော်လည်း လော့ဝေက သူ့လျှို့ဝှက်ချက်များကိုပါ သိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဒီကလေးက သူ့သားမယားကို ဘာလုပ်မလို့လဲ။
“စိတ်လျော့ပါ” လော့ဝေက ပြောလိုက်သည်။ “ကျွန်တော်တို့မိသားစုက လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်ပါတယ်၊ ခင်ဗျားသာ အဖေပြောတာကို နားထောင်မယ်ဆိုရင် ခင်ဗျားမိန်းမနဲ့ ကလေးကို ဘာမှမလုပ်ပါဘူး”
လော့ကျုံးက ပြန်ပြောလိုက်သည်။ “ကျွန်တော်က တစ်ခါ သစ္စာဖောက်ပြီးပြီပဲ... ဘာလို့ ထပ်ပြီး သစ္စာဖောက်ရဦးမှာလဲ?”
လော့ဝေက ဆက်ပြောလိုက်သည်။ “ဒီကိစ္စကို ခင်ဗျားသခင်ရင်းသာ သိသွားရင် ခင်ဗျားရဲ့ ကလေးနဲ့ မယားကို သတ်ပစ်မှာ ကြောက်လို့လား၊ အဲ့ဒါက ပြဿနာကြီးပဲ... ကျွန်တော်က လူမသတ်တတ်ပေမယ့် လူတစ်ယောက်ကို သေချင်စိတ်ပေါက်သွားအောင်တော့ လုပ်တတ်တယ်ဗျ၊ ဦးလေးကျုံး... ခင်ဗျားသခင်ကို စိတ်အနှောင့်အယှက် ပေးတာနဲ့ ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်တာ ဘယ်ဟာက ပိုဆိုးမလဲဆိုတာ လောင်းကြေးထပ် ကြည့်လိုက်ပါလား?”
လော့ဇီက လော့ဝေ ဘာလိုချင်နေမှန်း သိပ်နားမလည်သော်လည်း လော့ကျစ်ချိုးကမူ ချက်ချင်း သဘောပေါက်လိုက်သည်။ အကယ်၍ လော့ကျုံးသာ သတင်းမှားတစ်ခုခု ပေးပို့လိုက်လျှင် ယွီကျိုးဒေသ၏ သတ္တုတွင်းကိစ္စကြီး ပြေလည်သွားနိုင်သည်။ ထိုအမှုမှာ ရှင်းဝူဧကရာဇ် လက်ထက်တွင် အကြီးမားဆုံး ဘဏ္ဍာငွေအလွဲသုံးစားမှုဖြစ်ပြီး အရှေ့ဖက်နှင့် တောင်ဖက် ဒေသငါးခုကို ဆက်စပ်ပတ်သက်နေသော အမှုကြီးဖြစ်၏။ ထိုအချက်ကို တွေးမိပြီးနောက် လော့ကျစ်ချိုးက လော့ကျုံးကို ပြောလိုက်သည်။ “ကျွန်ယုံတစ်ယောက်က သခင်ကို သစ္စာဖောက်တာ ဘယ်လောက်ကြီးလေးတဲ့ အပြစ်လဲဆိုတာ မင်းသိတယ်မလား၊ ပြီးတော့ မင်းမှာ သားတစ်ယောက် ရှိနေတယ်... ဥပဒေအရဆိုရင် မင်းရဲ့သားကလည်း လော့အိမ်တော်က ကျွန်ဖြစ်ရမှာပဲ မဟုတ်လား၊ လော့ကျုံး... မင်း သေသေချာချာ စဉ်းစားသင့်တဲ့ ကိစ္စတွေ ရှိနေပြီနော်”
ထိုစကားတစ်ခွန်းက လော့ကျုံး၏ မျှော်လင့်ချက်အားလုံးကို ရိုက်ချိုးပစ်လိုက်တော့သည်။ သူ့မှာ ထွက်ပြေးစရာ နေရာမရှိတော့သလို၊ သေဖို့ရော ရှင်ဖို့ပါ တောင်းဆိုလို့ မရနိုင်တော့ချေ။
လော့ဝေက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ “အဖေ... ဦးလေးကျုံးရဲ့ သားနဲ့ မိန်းမကို အိမ်တော်ထဲ အရင်ခေါ်ထားလိုက်တာ ပိုကောင်းမယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်တော်တို့ရဲ့ အစေခံတွေပဲလေ၊ အပြင်မှာ ကြာကြာနေရင် သူတို့က ဘယ်သူ့အပိုင်လဲဆိုတာ မေ့သွားကြလိမ့်မယ်”
“အမတ်ချုပ်ကြီး!” လော့ကျုံးက ခေါင်းဖြင့် ကြမ်းပြင်ကို ဆောင့်ကာ ဦးညွှတ်လိုက်သည်။ နဖူးပေါက်ပြဲပြီး သွေးထွက်သွားသည်အထိ ပြင်းထန်လွန်းလှ၏။ သူက မွေးကတည်းက သူဌေးအိမ်က ကျွန်ဖြစ်ခဲ့ရသော ဘဝကို လက်ခံနိုင်သော်လည်း သူ့တစ်ဦးတည်းသော သားလေးပါ ကျွန်ဖြစ်ရဦးမှာလား။ ဒါဆိုရင် သူ နှစ်တွေအကြာကြီး သားဖြစ်သူကို စာသင်ပေးခဲ့တာတွေက ဘာအဓိပ္ပါယ် ရှိတော့မှာလဲ။
လော့ကျစ်ချိုးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး လော့ကျုံးကို ပြောလိုက်သည်။ “ငါ ခိုင်းတာ လုပ်ပေးမယ်ဆိုရင် အမတ်ချုပ်တစ်ယောက်အနေနဲ့ ကတိပေးတယ်၊ မင်းရဲ့သားကို ငါ ကာကွယ်ပေးမယ်”
လော့ကျုံးက ဝပ်ဆင်းလိုက်ပြီး ကြမ်းပြင်ကို ခေါင်းဖြင့် ထပ်မံဆောင့်ကာ အရိုအသေ ပေးလိုက်တော့သည်။