အခန်း(၁၉)
စာသင်ချိန်ပြီးနောက် ရှဲယွီတစ်ယောက် အလုပ်ချင်ဆုံးအရာမှာ အိမ်ပြန်ရန်ပင်။ သူ့ကိုယ်သူ မည်သည့်အခြေအနေတွင် ရှိနေမှန်း ကောင်းကောင်းကြီး သိသည်။ မင်းညီမင်းသားများနှင့် အထက်တန်းလွှာမျိုးရိုးမှ ဆင်းသက်လာကြသူများကြားတွင် သူက မည်သူ့မျက်လုံးထဲမှ ဝင်မည်မဟုတ်ပေ။
“သခင်လေးရှဲ” နန်းတော်ထဲမှ ထွက်ခွာရာတွင် မဖြစ်မနေ ဖြတ်သွားရမည့် လမ်းတစ်ခု၌ စောင့်ဆိုင်းနေသော လော့ဝေက ရှဲယွီ လာနေသည်ကို မြင်လျှင် အလျင်အမြန် ပြုံးပြပြီး လျှောက်လာခဲ့သည်။
“သခင်လေးလော့” ရှဲယွီခမျာ အံ့သြသွားပြီး လှမ်းလာနေသော လော့ဝေကို ရပ်ကြည့်နေမိသည်။ “ဒီမှာ ဘာလုပ်နေတာလဲ”
“ဪ...” လော့ဝေက ပြုံးလိုက်သည်။ “ဧကရာဇ်မင်းက မနက်ဖြန် လိုက်ဖို့အတွက် အိမ်ပြန်ပြင်ဆင်ရအောင် စောစောပြန်ခွင့်ပြုလိုက်တာလေ၊ ကျွန်တော်က ဒီနေရာမှာ သခင်လေးရှဲကို စောင့်နေတာ”
ရှဲယွီတစ်ယောက် ပို၍ပင် စူးစမ်းချင်စိတ် ဖြစ်သွားရသည်။ “ကျွန်တော့်ကို စောင့်နေတာ ဟုတ်လား?” ဤနေ့မှ လော့ဝေက ဧကရာဇ်၏ မျက်နှာသာပေးခြင်း ခံရသည်ကို သိထားရသည့်အထဲ ဒီလိုလူမျိုးက သူ့ကို အထူးတလည် စောင့်နေသည်ဆိုတော့ ဘာကြောင့်ပါလိမ့်။
“မြစ်ချောင်းများနှင့် တောင်တန်းများက မိုင်ပေါင်းသောင်းချီ၍ ရှည်လျားသော်လည်း သင်နှင့်အတူ ရှိနေရသော သီချင်းတစ်ပုဒ်အတွက်သာ ဖြစ်၏။ တောက်ပသော ခရမ်းရောင်နှင့် အနီရောင် ပန်းပွင့်များ၊ ပြီးဆုံးသွားသော နေ့ရက်များနှင့်အတူ အလှတရားက တစ်ခဏတာမျှသာလော” လော့ဝေက ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ရှဲယွီ၏ လေးစားသမှုနှင့် သတိထားနေသောဟန်များ တစ်ခဏချင်း ပျောက်ကွယ်သွားပြီး၊ စိတ်လှုပ်ရှားသွားသော ပုံစံဖြင့် မေးလိုက်သည်။ “သခင်လေးက ကျွန်တော့်ရဲ့ လက်ရာဟောင်းကို ဘယ်လိုသိနေတာလဲ?”
လော့ဝေက ပြုံးလိုက်သည်။ အတိတ်ဘဝတုန်းက အမတ်ချုပ်ကြီး ရှဲယွီ၏ အစောပိုင်းလက်ရာတစ်ခုဖြစ်သော ‘တောင်တန်းများနှင့် မြစ်ချောင်းများ ကဗျာ’ သည် တစ်ခေတ်တစ်ခါက အလွန်ရေပန်းစားခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ ဘယ်သူမှ မကြားဖူးသေး။ အတိတ်ဘဝက သူ့အဖေ အိမ်တွင် ထိုကဗျာကို ရွတ်ဆိုခဲ့ဖူးသည်ကို လော့ဝေတစ်ယောက် မှတ်မိနေသည်။ ရှဲယွီ၏ ဖခင်ဖြစ်သူက ရှဲယွီအတွက် လွတ်မြောက်ရာလမ်း ကြံပေးနေစဉ်က လော့ကျစ်ချိုးကို ထိုကဗျာအား ပြခဲ့ဖူးပြီး လော့ကျစ်ချိုးက ရှဲယွီ၏ စာပေစွမ်းရည်ကို ချက်ချင်းပင် ချီးကျူးခဲ့ဖူးသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ အတိတ်ဘဝ၌ လော့ဝေ၏ ယုတ်မာမှုများကြောင့် အပြန်အလှန် လေးစားကြသော ထိုနှစ်ယောက်က ရန်သူများ ဖြစ်သွားခဲ့ရခြင်းပင်။
“ရှဲကော... ကျွန်တော့်အဖေက အိမ်မှာ ‘တောင်တန်းများနှင့် မြစ်ချောင်းများ ကဗျာ’ ကို ခဏခဏ ရွတ်တတ်တယ်” လော့ဝေက ရှဲယွီကို ပြုံး၍ ပြောလိုက်သည်။
“တကယ်လား?” ထင်ထားသည့်အတိုင်းပင် ရှဲယွီ ပို၍ စိတ်လှုပ်ရှားသွားသည်။
“ရွှေအစစ်က မီးကိုမကြောက်ပါဘူးဗျာ” လော့ဝေက ပြန်ပြောလိုက်သည်။ “ကောရဲ့ လက်ရာကောင်းကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား?”
ရှဲယွီက ပြုံးလိုက်သည်။ သူ၏ သိမ်ငယ်စိတ်များနှင့် သတိထားနေသော ဟန်ပန်များကို ဖယ်ရှားလိုက်သည့်အခါတွင်မူ ထိုလူငယ်၏ သဘာဝအတိုင်း ကျက်သရေရှိလှသော ပုံစံကို တွေ့မြင်လိုက်ရသည်။
“ဒီကဗျာအတွက် သီချင်းရော စပ်ပြီးပြီလား?” လော့ဝေက မေးလိုက်သည်။
ရှဲယွီက ခေါင်းခါလိုက်သည်။ “ကြိုးစားပြီးပါပြီ၊ ဒါပေမဲ့ စိတ်တိုင်းမကျခဲ့ဘူး”
လော့ဝေက ဆက်ပြောလိုက်သည်။ “ကျွန်တော် သိပ်မတော်ပေမယ့် သီချင်းတစ်ပုဒ်လောက် စပ်ထားတာ ရှိတယ်၊ ကော စိတ်ဝင်စားရင် လိုက်နားထောင်ကြည့်ပါလား?” အတိတ်ဘဝတုန်းက ရှဲယွီကိုယ်တိုင် ထိုကဗျာအတွက် သီချင်းစပ်ခဲ့ဖူးပြီး လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားခဲ့ဖူးသည်။ လော့ဝေအနေဖြင့် ယခုလို သူများဉာဏ်ကို ခိုးယူခြင်းက အရှက်မဲ့ရာကျမှန်း သိသော်လည်း ဤတစ်ကြိမ်တွင်တော့ မည်သည့်နည်းနှင့်မဆို ရှဲယွီနှင့် မိတ်ဆွေဖွဲ့ရန် လိုအပ်နေသည်။
ရှဲယွီက သဘာဝကျစွာပင် စိတ်ဝင်စားသွားသည်။ လော့ဝေ၏ ဂုဏ်သတင်းမှာ အလွန်ဆိုးရွားသော်လည်း သူကိုယ်တိုင် မြင်တွေ့ရသော လော့ဝေနှင့် ကောလာဟလထဲမှ အနိုင်ကျင့် ဗိုလ်ကျတတ်သူ လော့ဝေတို့မှာ မိုးနှင့်မြေလို ကွာနေသည်။ ရှဲယွီက ကိုယ့်မျက်လုံးကိုသာ ယုံသူတစ်ယောက် ဖြစ်သဖြင့် နောက်ထပ် စဉ်းစားမနေတော့ဘဲ လော့ဝေနှင့်အတူ လော့အိမ်တော်သို့ လိုက်ပါသွားတော့သည်။
သူတို့နှစ်ဦး အတူတူ မြင်းစီးပြန်လာကြပြီး လမ်းတစ်လျှောက် စကားလက်ဆုံ ကျလာခဲ့ကြသည်။ လော့ဝေ၏ စာကြည့်ဆောင်ထဲတွင် နေရာယူပြီးကြသည်နှင့် လော့ဝေက ‘တောင်တန်းများနှင့် မြစ်ချောင်းများ ကဗျာ’ အတွက် စပ်ဆိုထားသော ခမ်းနားထည်ဝါသည့် သီချင်းကို တစ်ဆက်တည်း တီးခတ်ပြလိုက်သည်။ ရှဲယွီခမျာ ဆွံ့အသွားပြီး အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။ သတိပြန်ဝင်လာသည့်အခါတွင်မူ အားပါးတရ လက်ခုပ်တီးကာ ချီးကျူးလိုက်တော့သည်။ ထိုသီချင်းက သူစိတ်ကူးထဲတွင် ပုံဖော်ထားသော်လည်း လက်တွေ့မဖန်တီးနိုင်ခဲ့သော သီချင်းမျိုး ဖြစ်နေသည် မဟုတ်ပါလား။
“ရှဲကော... ဝေဖန်စရာများ ရှိလား?” လော့ဝေက ခုနတုန်းက တမင်တကာ သံစဉ်အချို့ကို ပြောင်းလဲတီးခတ်ခဲ့ခြင်း ဖြစ်သည်။
ရှဲယွီက လော့ဝေနှင့် အလေးအနက်ထား၍ ဆွေးနွေးတိုင်ပင်တော့သည်။ သူတို့နှစ်ယောက် ဂီတတီးခတ်ရင်း သီချင်းကို ပြင်နေကြသည်မှာ လောကကြီးတစ်ခုလုံးကို မေ့သွားကြသည့်အလားပင်။ လော့ဝေက ရှဲယွီနှင့် မိတ်ဆွေဖြစ်ရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သော်လည်း ရှဲယွီကမူ လော့ဝေကို သူ့အကြောင်း အမှန်တကယ် နားလည်ပေးနိုင်သော မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ သူ့မိသားစုက နန်းတွင်းအမှုထမ်းများ ဖြစ်သော်လည်း လော့ဝေ၏ မိသားစုနှင့် ယှဉ်လျှင် ဘာမှမပြောပလောက်ပေ။ လော့ဝေက သူ့ကို လေးလေးစားစား ဆက်ဆံပြီး အစ်ကိုတစ်ယောက်လို သဘောထားလိမ့်မည်ဟု သူ စိတ်ကူးပင် မယဉ်ဖူးခဲ့။ ပိုအရေးကြီးသည်မှာ လော့ဝေက သူ့ကဗျာအတွက် သီချင်းစပ်ပေးခဲ့ပြီး ထိုသီချင်းမှာလည်း သူစိတ်ကူးထားသည်နှင့် ထပ်တူနီးပါး တူညီနေခြင်းပင်။ ဒါက သူ့ကို နားလည်ပေးနိုင်သူတစ်ယောက်၏ ကြင်နာမှုဖြစ်ကြောင်း ရှဲယွီတစ်ယောက် ခံစားလိုက်ရသည်။
“ရှဲကောရဲ့ စိတ်ထဲမှာ တိုင်းပြည်အကြောင်းတွေပဲ ရှိနေတာပါလား?” သူတို့နှစ်ယောက် ပြင်ထားသော သီချင်းကို တီးခတ်ရင်း လော့ဝေက ရှဲယွီကို ပြောလိုက်သည်။ “ဒီကဗျာလေး တစ်ပုဒ်တည်းနဲ့တင် ကျွန်တော် သိနိုင်တယ်... တိုင်းပြည်အေးချမ်းသာယာပြီး ပြည်သူတွေ စည်ပင်ဝပြောဖို့ဆိုတာ ကျွန်တော့်ရဲ့ ဆန္ဒလည်း ဖြစ်တယ်”
ကိုယ့်ကို နားလည်ပေးနိုင်သော မိတ်ဆွေကောင်းတစ်ယောက် ရှာရခက်သည်ဟု ပြောကြသည်မှာ အမှန်ပင်။ ယခုအချိန်တွင် ရှဲယွီ၏ တစ်ခုတည်းသော နောင်တမှာ လော့ဝေနှင့် စောစောစီးစီး မတွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။ ရှဲယွီက (၁၆) နှစ်သာ ရှိသေးပြီး လော့ဝေက (၁၃) နှစ်သာ ရှိသေးသော်လည်းသူတို့နှစ်ဦးမှာ တိုင်းပြည်အေးချမ်းသာယာရေးနှင့် စည်ပင်ဝပြောရေးအတွက် မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးနိုင်နေကြပြီ ဖြစ်သည်။ ဆွေးနွေးလေ ခေါင်းချင်းဆိုင်လေ ဖြစ်လာကြတော့သည်။