no

Font
Theme

အခန်း ၉ - သူရဲ့သူရဲကောင်း

ပါဆယ်ရောက်လာပြီး ဟယ်ရူကောက ဂိမ်းထဲကထွက်ကာ အစားစားရင်း "မင်းရဲ့မူပိုင်ချစ်သူ"ကို ရှာကြည့်လိုက်သည်။ သူဇဝေဇဝါဖြစ်မိတာက ဂိမ်းနှင့်ပတ်သက်ပြီး သူဘာအချက်အလက်မှရှာလို့မရပေ။

အဲ့ဒါက beta testing (1)အဆင့်မှာပဲ ရှိသေးတာလား။

သူအစထဲက ဒီဂိမ်းကို ဘယ်လိုလုပ်ပြီး ဒေါင်းလုတ်ဆွဲခဲ့မိတာလဲ။ ဟယ်ရူကောမှာ သူမှတ်ဉာဏ်ပျောက်နေပုံရမှန်း သိလိုက်ရသည်။ သူဒီဂိမ်းကို ဒေါင်းလုတ်ဆွဲခဲ့တာလား။

သူမမှတ်မိဘူး။ ထားလိုက်တော့၊ အဲ့အကြောင်းထပ်မတွေးချင်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် ကိစ္စကြီးမှမဟုတ်တာ။

အစားကုန်အောင်စားပြီးနောက် ဟယ်ရူကောက ဖိုင်ကိုဖွင့်ပြီး အသေးစိတ်စီပေးလိုက်သည်။ အခုက ည၉နာရီခွဲနေလေပြီ။ ဟယ်ရူကောက အလွန်တိကျသောအချိန်ဇယားရှိသူတစ်ယောက်ဖြစ်သည်။ သူက စောစောအိပ်ရာဝင်ပြီး စောစောထကာ တစ်နေ့ကို ထမင်းသုံးနပ်အချိန်မှန်စားသည်။ သူကွန်ပျူတာကိုပိတ်ပြီး ရေချိုးခန်းဆီသွားကာ ရေချိုးပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်သည်။

ရေချိုးကန်က ရေနွေးနွေးနှင့်ပြည့်နေပြီး ဘဲဝါရုပ်လေးက ရေမျက်နှာပြင်ပေါ်မှာ မျောနေလေသည်။ ဟယ်ရူကော၏ပါးပြင်များမှာ အပူကြောင့် ရဲတက်လို့နေသည်။ သူမျက်လွှာချကာ ဘဲဝါရုပ်လေးကို အမြတ်တနိုးကြည့်လိုက်သည်။ သူကဘဲဝါရုပ်လေးကို သူ့လက်ချောင်းများနှင့် တစ်ဖက်လှည့်လိုက်သည်။ ဟယ်ရူကောက ပြောလိုက်သည်။

"ငါရေချိုးနေတုန်း အဲ့လိုချစ်ဖို့ကောင်းတဲ့မျက်နှာထားနဲ့ လာကြည့်မနေနဲ့...ငါနည်းနည်းရှက်တယ်ကွ.."

ရေချိုးခြင်းမှယူဆောင်ပေးလာသည့် အကြောအချဥ်ပြေသွားသည့်စိတ်အခြေအနေက ဟယ်ရူကောတစ်ယောက်သူ့ခြေဖဝါးကို မြင်လိုက်ရချိန်မှာ အဆုံးသတ်သွား၏--

သွယ်လျသောခြေထောက်တစ်စုံက အတူထပ်ထားပြီး လှိုင်းများအောက်မှာ ဆင်စွယ်နှင့်တူသောရောင်ဝါတစ်ခုထုတ်လွှတ်လို့နေသည်။ ထူးဆန်းသောသွေးရောင်အစင်းများက ပေါင်တွင်းသားများမှ ကြီးထွားလာပြီး အရေပြားကို သွေးနီရောင်ပိုက်ကွန်များပမာ ဖုံးအုပ်ထားသည်။

ဟယ်ရူကောမှာ ခြေထောက်များကိုကွေးပြီး ဆန့်ထွက်နေသည့် လက်တစ်ဖဝါးစာအရွယ်ရှိ ကျက်သရေရှိသောအနီစင်းကို မယုံကြည်နိုင်ဟန်ကြည့်လိုက်မိသည်။

သပ်ရပ်စွာအစီအရီရှိနေသည့်အစင်းကြောင်းများက အကြမ်းဖျင်းဆွဲထားပေမဲ့ အရောင်မခြယ်ရသေးသည့် ငါးအကြေးခွံများနှင့်တူ၏။ သူအနီစင်းများကို သူ့လက်ချောင်းထိပ်များနှင့် ပွတ်သပ်ကြည့်မိတော့ ထူးခြားသောတက်တူးကဲ့သို့ ချောမွတ်ကာ နူးညံ့အိစက်မှုကို ခံစားရသည်။

ဟယ်ရူကောရေချိုးဝတ်ရုံအလျင်စလိုဝတ်ပြီး ပိုင်တုကိုဖွင့်ကာ "ခြေထောက်ပေါ်မှာ အနီစင်းတွေပေါ်လာတဲ့ ထူးဆန်းတဲ့ရောဂါကဘာလဲ"ဟု ရှာကြည့်လိုက်သည်။

အားလုံးသိကြတဲ့အတိုင်း၊ မင်းနေမကောင်းခဲ့ရင် ပိုင်တုမှာမရှာဘဲ ဆရာဝန်သွားပြလိုက်သင့်သည်။ ဘာလို့လဲဆိုတော့ အင်တာနက်ပေါ်မှာ ရှာမိရင် ရိုးရိုးဖျားတာဆိုရင်တောင် မင်းမှာ ကုသလို့မရတဲ့ရောဂါရှိနေတယ်ဟု အပြောခံရမှာမို့လို့ပင်။

ဟယ်ရူကောက ဖြူဖျော့နေသောမျက်နှာနှင့် ဖုန်းကို အောက်ချပြီး မိန်းမောစွာထိုင်ချလိုက်မိသည်။ အတော်ကြာတိတ်ကျသွားပြီးနောက် သူကပင်ဂွင်းထဲလော့အင်ဝင်ပြီး သူ့သူငယ်ချင်းများဆီ မက်ဆေ့ချ်ပို့လိုက်သည်။

"ငါ့မှာ မင်းတို့ကို အရေးကြီးပြောစရာရှိတယ်...ငါအနာဂတ်မှာ စာရေးနိုင်လောက်တော့မှာမဟုတ်ဘူး..."

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:

"ဘာဖြစ်လို့လဲ...မင်းပို့စ်အောက်က haterတွေကို စိတ်ဆိုးသွားလို့လား...အဲ့အရူးကို စိတ်ထဲထားမနေနဲ့...သူက အွန်လိုင်းသတင်းစာတိုက်က မကောင်းတဲ့ကောင်တစ်ကောင်သာသာပဲ.."

ဟယ်ရူကော: "???"

ဘာhaterတွေတုန်း? သူဒီနေ့ဂိမ်းဆော့နေ့တာနဲ့ သူ့ကောမန့်တွေကို မစစ်ဆေးရသေးဘူး။

ဒါပေမဲ့ အဲ့ဒါက အဓိကမဟုတ်ဘူး။ ဟယ်ရူကောက သက်ပြင်းရှိုက်ကာ ဝမ်းနည်းစွာ ပြောလိုက်သည်။

"မဟုတ်ဘူး...ငါ....."

သူ့မှာ နာတာရှည်ရောဂါရှိနေပြီဟု သူ့သူငယ်ချင်းကိုပြောပြီး တစ်ဖက်လူကို ဝမ်းနည်းအောင်မလုပ်ချင်ပေရာ ဟယ်ရူကောက သွယ်ဝိုက်ပြောလိုက်သည်။

"လောကကြီးက အကြီးကြီးပဲ..ငါသွားကြည့်ချင်တယ်.."

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:

"မင်းမှာ ပိုက်ဆံမရှိဘူး..သောက်ရမ်းမွဲပြာကနေတာကို ခရီးကထွက်အုံးမယ်ပေါ့? မင်းလေယာဥ်ခတတ်နိုင်လို့လား..."

ဟယ်ရူကော: "....."

ခုနကပေါက်ဖွားနေခဲ့သည့် ဝမ်းနည်းစရာလေထုမှာ ဆင်းရဲမွဲတေမှုကြောင့် လုံးဝဖျက်ဆီးခံလိုက်ရ၏။

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:

"လွန်ခဲ့တဲ့ရက်အနည်းငယ်က VIPဖြစ်လာပြီးနောက်ပိုင်း မင်းတစ်နေ့ကို စာလုံးရေတစ်သောင်းရေးဖို့ အလုပ်ကြိုးစားမယ်ဆို..မဟုတ်ရင် နောက်လအကြွေးကို ဆပ်နိုင်မှာမဟုတ်ဘူးလို့ မင်းပဲငါ့ကိုပြောခဲ့တာလေ..အေးပါ..အေးပါ...မင်းရဲ့အရှိန်က တစ်နာရီကို ၁၅၀၀ပဲ ရှိပြီးတော့ ငါ့ရဲ့တစ်နာရီကို ၅၀၀၀လောက်မမြန်မှန်း ငါသိပါတယ်...ငါမင်းနဲ့ရိုက်ပြိုင်တိုင်း မင်းကိုငါကနှိမ်နင်းနေကြဆိုတော့ ငါမင်းကို တစ်နေ့ကိုတစ်သောင်းရေးဖို့ တွန်းအားမပေးပါဘူး..ဒါပေမဲ့ မင်းတစ်နေ့ကို ၆၀၀တော့ ရေးရမှာပဲလေ..."

ဟယ်ရူကော: "....မင်းက နတ်ဆိုးကောင်လား..."

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:

"အေးပါကွာ...အချိန်ပြည့်စတာက တကယ်စိတ်ဖိစီးဖို့ကောင်းတယ်..မင်းဝမ်းနည်းနေတဲ့အချိန်မှာ စာလုံးပိုရေးလိုက်...မင်းရဲ့ပူဆွေးသောကကို ခွန်အားအဖြစ် ပြောင်းမှရမယ်လေ..မင်းရဲ့စာအုပ်က အဆင်ပြေနေတာ...မင်းမပြိုလဲသွားသရွေ့ မင်းရဲ့စာအုပ်က ဝက်ဝက်ကွဲပေါက်မယ်ဆိုတာ ငါအာမခံတယ်...မပေါက်ရင် ငါကီးဘုတ်စားပြမယ်ကွာ..ဆိုတော့ အခုစိတ်ပူမနေနဲ့..."

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:

"ဒါနဲ့ မနက်ဖြန် စာလုံးရေတစ်သောင်းရေးမှာလား..."

ဟယ်ရူကောက တုန်ရီစွာ စာရိုက်လိုက်သည်။

"...ဘောပဲ..ကောင်းကင်ကြီးပြိုကျလာရင်တောင် ငါupdateတင်ရအုံးမှာပဲ..."

စိတ်ခံစားချက်ကင်းမဲ့သော စာရိုက်စက်:

"သတိထားမိတာကောင်းတယ်...မင်းမနက်ဖြန်တစ်နေ့ကို စာလုံးရေတစ်သောင်းမရေးခဲ့ရင် ငါမင်းကိုရိုက်သတ်ပစ်မယ်...ငါဗီဒီယိုအရင်ကြည့်လိုက်အုံးမယ်..စကားမပြောတော့ဘူး..ဒါပဲ.."

ဟယ်ရူကောက သူ့မျက်နှာကို ထိလိုက်ပြီး ပို့်စ်အောက်မှာ ပြဿနာရှာနေသည့် ကောမန့်များအကြောင်း ခုနကသူ့သူငယ်ချင်းသူ့ကိုပြောသွားတာကို သတိရသွားသည်။

မကောင်းတဲ့ကောမန့်လား။

သူQQကထွက်ကာ ကျင်ကျန်းစာပေမြို့တော်(jjwxc)ကို ဖွင့်ပြီး ထုံထိုင်းသောမျက်နှာထားဖြင့် သူ့ပို့စ်ကို ဖွင့်လိုက်ပေမဲ့ မျက်နှာပြင်ပေါ်မှာ စိုးမိုးထားသည့် "-2"ကို စူးစိုက်ကြည့်လိုက်မိသည်။

မကောင်းတဲ့ရလဒ်ကို စတင်ခဲ့တာက ကောမန့်တစ်ခုဖြစ်သည်:

အင်တာနက်သုံးစွဲသူ: သတင်းစာတိုက်က သုံးသပ်တဲ့အပိုင်းများ: 18 rating: 2

စာရေးဆရာက ဗီလိန်ရဲ့စိတ်ပိုင်းဆိုင်ရာကို ဒီလောက်အသေးစိတ်ဖော်ပြထားတာ၊ သူကိုယ်တိုင်က အဲ့လိုရွံဖို့ကောင်းတဲ့လူစားမျိုးဖြစ်နေမှာစိုးတယ်၊ အန်ထွက်။

1L: ဘောလုံးလေး ဘောလုံးလေး

အဲ့ဒါက အသေးစိတ်အပြစ်ရှာတာမဟုတ်မှာစိုးတယ်..

2L: နွေရာသီရေခဲမုန့်

မင်းက ရွံဖို့ကောင်းလိုက်တာ..

3L: သတင်းစာ

မင်းတို့ကိုငါ့ ပြစ်တင်ရှုံ့ချလို့ရတယ်..ငါ့မှာ moonstoneတွေအများကြီးရှိတယ်..မင်းတို့ငါ့ကို ဆူဆဲချင်တယ်မဟုတ်လားလား..ငါလည်း ယဥ်ကျေးနေမှာမဟုတ်ဘူး...

အင်တာနက်သုံးစွဲသူ: သတင်းစာတိုက်က ပြန်သုံးသပ်တဲ့အပိုင်းများ: 7 rating: -2

တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ..

1L: စိတ်ခံစားချက်ကင်းမဲ့သောစာရိုက်စက်

မင်းပြစ်တင်ရှုံ့ချနေတဲ့လူက စာရေးဆရာမဟုတ်ဘူးနော်..ဆိုတော့မင်းသူ့ကို ဘာလို့မကောင်းတဲ့ဖိဘတ်ပေးနေတာလဲ...စာရေးဆရာက စာရေးဖို့ အလုပ်ကြိုးစားခဲ့တာကို မင်းကဒီလိုမျိုး မင်းရဲ့စိတ်ခံစားချက်တွေကို လာပုံချနေတယ်ပေါ့?

သတင်းစာ: ဒီလိုရွံဖို့ကောင်းတဲ့စာကို ဝေဖန်လို့ရတယ်(-2ပွိုင့်)

သတင်းစာ: တကယ်ကောင်းတယ် (-2ပွိုင့်)

သတင်းစာ: တကယ်ကောင်းတာဟ (-2ပွိုင့်)

သတင်းစာ: ယုတ္တိမရှိတဲ့အပြင် သူတော်ကောင်းယောင်ဆောင်သေး (-2ပွိုင့်)

သတင်းစာ: ခံစားချက်တွေက ဘယ်ကမှန်းမသိထွက်လာတယ်ပေါ့၊ မယ်ရီစူးပဲ (-2ပွိုင့်)

သတင်းစာ: စာရေးဆရာက ပိုပြီးရိုသေလေးစားပေးဖို့ လိုတယ် (-2)

ဒီလိုလူစားမျိုးက လက်တွေ့ဘဝမှာ အနိုင်ကျင့်ခံနေရတာမို့ သူတို့ကအွန်လိုင်းပေါ်မှာလက်စားချေဖို့ နာမည်အတုများသုံးနေခြင်းဖြစ်ကြောင်း သိသာလှသည်။ ဟယ်ရူကောက ဒါကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ပြီး သူက "report"ကို တည်ငြိမ်စွာနှိပ်လိုက်ပြီး နောက်ဆုံးမကောင်းတဲ့ကောမန့်ကို မြင်လိုက်ရသည်။

သတင်းစာ: စာရေးဆရာက သောက်ရမ်းရွံဖို့ကောင်းတယ်...သူကအမေမရှိဘဲ မွေးလာခဲ့တာသိသာနေတာပဲ...သူ့တစ်မိသားစုလုံးသေပြီလေ...

တည်ငြိမ်သောမျက်နှာထားပေါ်မှာ နောက်ဆုံးမှာအက်ကွဲကြောင်းပေါ်လာသည်။ ဟယ်ရူကော၏မျက်လုံးများက အိုင်ဒီနာမည်ပေါ်ရောက်သွားသည်။ သူဖြည်းညှင်းစွာ လက်သီးဆုပ်လိုက်မိပြီး သူ့လက်သည်းများက အသားထဲစိုက်ဝင်သွားပေမဲ့ ဟယ်ရူကောက သတိထားမိပုံမရပေ။

သူ့ရင်ထဲမှာ နက်ရှိုင်းစွာ မြှုပ်နှံထားသည့် ဝမ်းနည်းမှုက သူ့ရင်ဘတ်ထဲမှ ထွက်ကျလာပြီး ကျပြီးရင်းကျရင်းနှင့် အဆုံးသတ်မမြင်ရသည့်ချောက်နက်ထဲပြုတ်ကျသွားတာကို သူကြားလိုက်ရသယောင်။

ဟယ်ရူကောက မိဘမဲ့ဖြစ်သည်။

သူတစ်ခါမှမတွေ့ဖူးသည့်သူ့အမေက ဘယ်သူလဲ၊ သူမနာမည်က ဘာလဲ၊ သူမအသက်ရှင်နေလားသေသွားပြီလား၊ သူမကဘာလို့ သူ့ကိုမလိုချင်ခဲ့လဲဆိုတာ သူမသိပေ။ သူတစ်ခါတလေသူ့ကို စွန့်ပစ်သွားခဲ့သည့် အမျိုးသမီးကို မုန်းတီးမိသော်လည်း ဘယ်သူ့ကိုမှ သူမကို စော်ကားခွင့်ပေးမှာမဟုတ်ပေ။

လူငယ်လေးက ကွန်ပျူတာရှေ့မှာ မလှုပ်မယှက်ထိုင်နေပြီး ရုပ်တုပမာ အချိန်အတော်ကြာနှုတ်ဆိတ်နေပြီးနောက်မှ သူ့ခေါင်းကို တောင့်တင်းစွာမြှောက်ကာ ကောမန့်ဆက်ရှင်ကို ဆွဲချလိုက်သည်။

ဟယ်ရူကောက ညစ်ညမ်းသောအသုံးအနှုန်းကို ဂရုမစိုက်ဘဲ ကောမန့်အားလုံးကို သေချာဖတ်ကြည့်လိုက်သည်။ သူက မွန်းတည့်ချိန်မှာ updateတင်ပေးသည့် သေးငယ်သော အမှောင်လူသားစာရေးဆရာတစ်ယောက်ဖြစ်သည်။ အခုညဆယ်နာရီထိုးနေပြီမို့ updateစောင့်နေသည့် စာဖတ်သူအများစုက ဒီအချိန်မှာ ကောမန့်ဆက်ရှင်ကို ဖတ်မှာမဟုတ်ပေ။

သူ၏ဂေးသူငယ်ချင်းများကလွဲလို့ ဘယ်သူကမှ သူ့အတွက် ဘာမှမပြောပေးလုမတတ်ပင်။

ကြီးထွားနှုန်းက ရပ်တန့်နေပြီး ကောမန့်ဆက်ရှင်က ဖြတ်သွားဖြတ်လာများ၏အသိအမြင်ကို အလွန်သက်ရောက်စေတဲ့အထိ ပြစ်တင်ရှုံ့ချမှုများနှင့်ပြည့်နေသည်။ တစ်နာရီကို အဆနှစ်ဆယ်ကျော်မြင့်တက်ခဲ့ဖူးသည့် စုဆောင်းနှုန်းက မလှုပ်လာခဲ့ပေ။

သူက ကီးဘုတ်ပေါ်မှာ ပြန်စာတစ်ခုဖြည်းညှင်းစွာနှိပ်ရင်း သူ့လက်ချောင်းများက မသိမသာတုန်ရီလို့နေသည်။

"မင်းရဲ့စကားကို ပိုပြီးယဥ်ကျေးပေးပါ.."

သူ၏လက်ကျန်ရှိနေသော ကျိုးကြောင်းဆီလျော်မှုက တစ်ဖက်လူကဲ့သို့ယဥ်ကျေးမှုမရှိသော စကားတစ်ခုခုပြောခြင်းမှ တားဆီးကာကွယ်ပေးထားသည်။ ဟယ်ရူကောက သူ့မျက်မှန်ကို ပင့်တင်ပြီး မကောင်းတဲ့ကောမန့်တိုင်းကို "report"ပြီး "မကောင်းတဲ့အမုန်းစကားကောမန့်များ"အဖြစ် reportလိုက်သည်။ သူက ကွန်ပျူတာသုံးနေခြင်းဖြစ်ပြီး အကြောင်းတချို့ကြောင့် ကျင်ကျန်းက ထစ်သွားပြန်ကာ reportသည့်မျက်နှာပြင်က ဆက်တိုက်ခုန်နေလေသည်။

ဒီခေတ်မှာ ကီးဘုတ်စစ်သည်တော်များက မျက်နှာပြင်နောက်မှာ ပုန်းကွယ်ပြီး လူတွေကို စိတ်ကြိုက်ကျိန်ဆဲနိုင်သည်။ အမည်မသိစာရေးသူများ၏အလုပ်များကို ဖျက်ဆီးဖို့ သိပ်မကုန်ကျပေ။

သူ၏ပြင်းထန်သောအလုပ်များပါဝင်သည့်စာရေးခြင်းနှင့် အနာဂတ်အတွက် စိတ်ကူးစိတ်သန်းများက ဒီလိုမျိုးနင်းချခံလိုက်ရ၏။

သူ၏ဖြောင့်တန်းသောကျောပြင်မှာ အလေးချိန်တအားများသွားသည့် ထမင်းလုံးပမာ ရုတ်ခြည်းကွေးသွား၏။ ဟယ်ရူကောက မျက်မှန်ချွတ်ပြီး ကီးဘုတ်ဆီကရွှေ့ကာ စားပွဲပေါ်မှာ တိတ်တိတ်လေးလှဲလိုက်သည်။

သူ့ခြေထောက်များပေါ်က မမြင်နိုင်သောအနီစင်းများက သူ့မျက်စိရှေ့မှာ ပေါ်လာပြီး ဟယ်ရူကောမှာ သူ့ခွန်အားအကုန်လုံးက ၎င်းတို့ထံမှ ဝါးမျိုခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူ့ဘဝက နောက်ပြန်ရေတွက်နေသည့်အလားပင်။ နောက်တစ်ခဏမဟုတ်ရင် မနက်ဖြန်လောက်မှာ သူငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားပြီး ဆာလောင်နေသော စာဖတ်သူများ၏ဟာလာဟင်းလင်းအပေါက်နှင့်စမ်းချောင်းကို အနောက်မှာချန်ထားခဲ့လိမ့်မည်။

သူ...သေသွားခဲ့သည်ရှိသော်။

တစ်ယောက်ယောက်က သူ့အတွက် စိတ်မကောင်းဖြစ်ပေးမှာလား။ ဘယ်သူက သူသေတာကို အရင်ရှာတွေ့သွားမှာလဲ။ ငှားခစုသည့်အိမ်ပိုင်ရှင်က တစ်ယောက်ယောက်သေသွားပြီးရင် အိမ်ငှားဖို့ခက်လိမ့်မည်။ ထိုအကြောင်းတွေးရင်း...သူအိမ်ပိုင်ရှင်အတွက် အလွန်စိတ်မကောင်းဖြစ်မိသည်။

သေခြင်းအရိပ်အောက်မှာ မှတ်ဉာဏ်များစွာက ရုပ်စုံမှန်ပြောင်းကဲ့သို့ ထွက်လာကြသည်။

ဟယ်ရူကောမှာ သူ့ဘဏ်အကောင့်ထဲက ပိုက်ဆံပမာဏအနည်းငယ်ကို တွေးလိုက်မိသည်။ နောက်လ၏အိမ်ငှားက ယွမ်တစ်ထောင်ရှိပြီး နောက်လမှာ သူမိဘမဲ့ဂေဟာကို ယွမ်ငါးရာလှူရလိမ့်မည်။ နောက်လမှာ သူ့မွေးနေ့ရှိသည်။

သူအမှန်တော့ ကြောင်တစ်ကောင်လောက်မွေးချင်ခဲ့တာ။

သူအစက သူ့မွေးနေ့မှာ ကြောင်လေးတစ်ကောင်မွေးပြီး အချိန်အတော်ကြာရှိခဲ့သည့်ဆုတောင်းကို ဖြည့်ဆည်းပြီး သူ့ကိုယ်သူအဖော်တစ်ယောက်ပေးချင်ခဲ့ခြင်းဖြစ်သည်။ အချိန်ပြည့်စာရေးသူတဖြစ်လဲ အထီးကျန်နေသောလူတစ်ယောက်အတွက် ကြောင်တစ်ကောင်က သူ့ကို အတော်လေးပျော်ရွှင်အောင်လုပ်ပေးလိမ့်မည်။

ဒါပေမဲ့ အခုကြည့်ရတာတော့ ဒါကမဖြစ်နိုင်သလိုပဲ။ သူကြောင်လေးကို သူနဲ့အတူ အညစ်အကြေးမစားစေချင်ဘူး။

သူ့စိတ်က လေပွေကဲ့သို့ လှုပ်ရှားနေပြီး ဘဝ၏နေ့စဥ်လိုအပ်ချက်များက တစ်ခုနှင့်တစ်ခုတိုက်မိနေလေသည်။ ဟယ်ရူကောက လွန်ခဲ့သောရက်အနည်းငယ်က ဖိုရန်ကို မွှေကြည့်ခဲ့ပြီး အချိန်ပြည့်စာရေးဆရာက ကြွားဝါသောပို့စ်တစ်ခုတင်ထားတာကို သူပြန်မြင်ယောင်ကြည့်မိသည်။ ထိုအချိန်ပြည့်စာရေးဆရာမှာ ကြောင်တစ်ကောင်နှင့်ခွေးတစ်ကောင်ရှိပြီး သူမ၏မိသားစုက သူမ၏စာရေးခြင်းအလုပ်ကို ထောက်ပံ့ပေးသည်။ သူမက အိမ်အလုပ်လုပ်စရာမလိုသကဲ့သို့ တစ်နေ့ကို သုံးကြိမ်ဘာစားရမလဲစိတ်ပူစရာမလိုပေ။ သူမက နာမည်မရှိသောစာရေးဆရာဖြစ်သော်လည်း သူမ၏မိဘများက မနေနိုင်ဘဲ သူမအကြောင်း ကြွားပြောတတ်ကြသည်။

သူတို့ကလေးက ကြီးမြတ်သောစာရေးဆရာတစ်ဦးဖြစ်ကြောင်း သူမ၏မိဘများက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိမ့်မည်။

ငါတို့မိသားစု....

အကြောင်းတချို့ကြောင့် ထိုစာသားက ဟယ်ရူကော၏အားအနည်းဆုံးနေရာကို ထိရှသွားသည်။ သူမနာလိုဖြစ်ရမလားအားကျရမလားမသိတော့ဘဲ သူက စာကြောင်းတိုင်းမှာ ပျော်ရွှင်မှုနှင့်ပြည့်နေသည့် ထိုပို့စ်ကို saveထားခဲ့၏။

ဟယ်ရူကောက ကွန်ပျူတာရှေ့မှာ အိပ်ပျော်သွားသည်။ သူ့တစ်ကိုယ်လုံးက ထူးဆန်းသောအနီစင်းများနှင့်ပြည့်နေပြီး လူတိုင်းက သူ့ကို ရှောင်သွားကြသည်ဟု သူအိပ်မက်မက်၏။ သူကဆင်းရဲလွန်းလို့ ကုန်းတံတားပေါ်မှာအိပ်ရသည်။ ကုန်းတံတားအောက်မှာ ပိန်ကပ်နေပေမဲ့ ကြောက်မက်ဖွယ်ကောင်းအောင် ခက်ထန်နေသည့် လမ်းဘေးကြောင်တစ်ကောင်ရှိသည်။ သူကြောင်လေးနားကပ်သွားတော့ မြင်လိုက်ရတာက...

အဲ့ကြောင်က သူ့ကျားဖြူလေးနဲ့ တစ်ထပ်ထဲတူနေတယ်လေ!

အိပ်မက်ဆိုးက ချိုမြိန်သောအိပ်မက်လေးအဖြစ်ပြောင်းသွားပြီး နိုးလာချိန်မှာ ဟယ်ရူကောက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်လို့နေသည်။ သူက ကောမန့်ဆက်ရှင်ကို မဖတ်ဘဲ ထိုအစား "မင်းရဲ့မူပိုင်ချစ်သူ"ကို ဖွင့်လိုက်သည်။

ဂိမ်းက နေ့စဥ်sign-in windowပေါ်လာသည်။ ၇ရက်ဆက်တိုက်sign inဝင်တာက ဆုရဖို့ အခွင့်အရေးရစေလိမ့်မည်။ ဟယ်ရူကောက sign inဝင်လိုက်ပြီးနောက် သားပေါက်လေးများကို တိုက်ဖို့ နို့ပုလင်းယူလိုက်သည်။

သူကအသဲသုံးကာ အခန်းနံပါတ်၂၀၏သံတံခါးကို ဖွင့်လိုက်တော့ ဝါဂွမ်းအသိုက်ပေါ်မှာ လှဲနေသည့် ကျားဖြူလေး၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။ ကျားဖြူလေးမှာ တစ်လောကလုံးက သူ့ကို အကြွေးတင်နေသည့်အလား ချဥ်တူးသောမျက်နှာရှိနေပြီး အိပ်မက်ထဲကအတိုင်း ခက်ထန်နေဆဲပင်။

သို့သော် ဟယ်ရူကောမှာ သူပျောက်ကင်းသွားသလိုမျိုး ခံစားလိုက်ရသည်။ သူမျက်လွှာချကာ နို့သောက်နေသည့်ကျားဖြူလေး၏ကျောပြင်ကို ကြည့်ပြီး သူ့ရင်ထဲက မည်းမှောင်မှုက အများကြီးလွင့်စင်သွားသည်။

လုံးဝိုင်းဝိုင်းကျားနားရွက်များက ဆတ်ခနဲတွန့်သွားပြီး ကျားဖြူလေးက ရူတ်တရက်ခေါင်းလှည့်ကာ ဟယ်ရူကောကို အရည်ကြည်ရစ်သိုင်းနေသော မျက်ဝန်းပြာတို့ဖြင့် စိုက်ကြည့်လာသည်။ သူက သူ့ကို အလွန်အမင်းလေးနက်သောအကြည့်နှင့် ကြည့်လာပြီး သူ့နှုတ်ခမ်းထောင့်က နို့စက်များပင် ဒီလိုလေးနက်သောမျက်နှာထားထံမှ ကူးစက်သွားကာ....သူ့ကို ပို၍ပင်ချစ်ဖို့ကောင်းသွားစေသည်။

သူ့ပါးစပ်ထောင့်မှာ မနေနိုင်ဘဲ ကော့တက်သွားသည်။ ဟယ်ရူကောက လက်ဆန့်လိုက်ပြီး သူ့လက်ချောင်းထိပ်များက ကွန်ပျူတာပေါ်က ကျားဖြူလေး၏နှဖူးပေါ် တင်လိုက်သည်။

ကျားဖြူလေးက အမြီးလှုပ်ကာ ခေါင်းလှည့်ပြီး နို့ဆက်သောက်သည်။ ထို့နောက် သူက ပုလင်းကို ဟယ်ရူကောရှေ့မှာ တင်လိုက်ပြီး ဟယ်ရူကောနှင့် ရှည်လျားသောစကားဝိုင်းတစ်ခုဆွေးနွေးတော့မည့်အလား အလွန်စံပြထိုင်ပုံထိုင်နည်းနှင့် ထိုင်လိုက်သည်။

ပုံမှန်ဆို ဟယ်ရူကောက [စကားပြောခြင်း]၊ [ပုတ်ပေးခြင်း]နှင့် တစ်နေ့သုံးကြိမ် [အစာကျွေးခြင်း]လုပ်လိမ့်မည်ဆိုပေမဲ့ ဒီနေ့သူ့မှာ ထိုသို့လုပ်ချင်စိတ်မရှိပေ။

သူ့အသက်ရှင်သန်ရေးအတွက် ဆေးရုံကို အမြန်ဆုံးပြေးပြီး ကုသမှုခံယူရမည်!သူ အသက်ရှင်နိုင်ဦးမယ်လို့ ခံစားရတယ်!

သို့နှင့် ဟယ်ရူကောက အော့ဖ်လိုင်းဖြစ်သွားပြီးနောက် သူက ကျားဖြူလေး.....သူ၏လေးနက်ပြီး ခက်ထန်သောမျက်နှာထားကို လွမ်းသွားသည်!

ရွှီကွေ့ချန်က အေးစက်စက်ကြမ်းပြင်ပေါ်မှာ ထိုင်နေပေမဲ့ ဝါဂွမ်းအသိုက်ကို ရွှေ့ချင်စိတ်ရှိမနေပေ။

ဘာဖြစ်သွားတာလဲ။

သူမနေ့က အလွန်ပင်ပန်းပြီး ဂိမ်းခန်းထဲမှာ အိပ်ပျော်သွားခဲ့သည်။ ဂိမ်းခန်းက ဘယ်လောက်ကောင်းပါစေ အိပ်ရာကြီးပေါ်မှာ အိပ်ရတာလောက်မကောင်းပေ။ ရွှီကွေ့ချိန်မှာအစက နိုးလာပြီးနောက် ဂိမ်းထဲကထွက်ဖို့ စီစဥ်လိုက်ပေမဲ့ ညစာစားချိန်ရောက်တော့မည်ပင်။

အင်း၊ သူမနက်စောစောစီးစီး ဟယ်ရူကောကို မမြင်ချင်ဘူး၊ သူနို့ပူပူလေးတချို့ပဲသောက်ချင်တယ်။

အဲ့ဒါကြောင့် သူဂိမ်းခန်းထဲမှာ ဆက်လှဲနေခဲ့သည်။ သို့သော် ရွှီကွေ့ချန်မထင်ထားတာက သူတွေးနေတဲ့ဟယ်ရူကောက...မဟုတ်သေးဘူး၊ သူတွေးနေတဲ့ဟယ်ရူကောက စောစောရောက်လာပေမဲ့ ဟယ်ရူကောက နို့ပေးပြီးတာနဲ့ ချက်ချင်းထွက်သွားတယ်ပေါ့လေ?!

ဒါကျိုးကြောင်းသင့်ရဲ့လား။

သကြားလုံးမပေးဘူး၊ သီချင်းမဆိုပြဘူး၊ အဲ့ဒါက အဆင်ပြေသေးတယ်၊ ဒါပေမဲ့အခုသူက ငါ့ကို စကားတောင်မပြောတော့ဘူးပေါ့? သူက မပြုံးပြတော့တဲ့အပြင် သူ့မျက်နှာက မျက်တွင်းချိုင့်ပြီး ဝမ်းနည်းညှိုးငယ်နေတာ။ သူ့ဆွဲဆောင်မှုပျောက်ဆုံးသွားတာလား၊ ဂိမ်းထဲမှာ bugရှိနေတာလား။

ကျားဖြူလေးက အခန်းဗလာထဲက အမျိုးသမီးကဲ့သို့ ဝမ်းနည်းပူဆွေးကာ စိတ်မကောင်းဖြစ်သွားသည်။ သူဂိမ်းထဲက ဒေါသတကြီးထွက်ဖို့ ပြင်လိုက်စဥ် သူဂိမ်းအသံကို ရုတ်တရက်ကြားလိုက်ရသည်။

[တင်---မင်းရဲ့မူပိုင်ချစ်သူစောင့်ရှောက်သူ သူရဲကောင်းအပိုင်းက တရားဝင်ပွင့်သွားပါပြီ!]

"မင်းပိုပေးဆပ်လေ၊ မင်းပိုပြီးဂရုစိုက်လေလေ"ဟုဆိုသော အချစ်သီအိုရီတစ်ခုရှိသည်။ ချစ်သူကိုမပေးဆပ်တဲ့အချစ်က မပြည့်စုံဘူး။

[သင့်ရဲ့မူပိုင်ချစ်သူဟယ်ရူကောက အခက်အခဲများကြုံခဲ့ရတယ်။ ဟယ်ရူကောက ကျင်ကျန်းစာပေမြို့တော်မှာ စာရေးတင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းမှာ လက်စားချေဖို့ လုပ်နေတဲ့ ကီးဘုတ်စစ်သည်တော်တွေက ကောမန့်ဆက်ရှင်မှာ ပေါ်လာပြီး ဟယ်ရူကောကို ရူးမိုက်စွာ စော်ကားခဲ့တယ်။]

[သူ့ချစ်သူဖြစ်တဲ့သင်က စောင့်ရှောက်သူသူရဲကောင်းဖြစ်ပေးပြီးတော့ သူ့အတွက် လမ်းရှင်းပေးပြီး သူ့ကို ကာကွယ်ပေးပြီးတော့ လုံခြုံတဲ့ကောင်းကင်ဘုံတည်ဆောက်ပေးပြီးတော့ သူ့အတွက် အေးချမ်းပြီး တည်ငြိမ်တဲ့ဘဝမှာနေလို့ရအောင်လုပ်ပေးဖို့ ဆန္ဒရှိပါသလား။]

*မင်းက ကိုယ့်ရဲ့နတ်သားလေးဆိုရင် ကိုယ်က မင်းရဲ့သူရဲကောင်းဖြစ်ပေးမယ်*

နဂိုက အလွန်စိတ်တိုသောမျက်နှာထားရှိနေခဲ့သည့် ကျားဖြူလေးက ဒီအခိုက်အတန့်တွင် နောက်ဆုံးမှာ ခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းသောအကြည့်အဖြစ်ပြောင်းသွား၏။

...ဘယ်သူက ငါ့လူကို အနိုင်ကျင့်ရဲတာလဲ။

...အကုန်လုံးကို သေအောင်ကိုက်သတ်ပစ်မယ်!

Adm note:

Beta testing ဆိုတာ product တစ်ခု ဒါမှမဟုတ်ရင် application တစ်ခု fianlအနေနဲ့ တရားဝင် မထုတ်ခင်မှာ လူအစစ်တွေနဲ့ စစ်ဆေးတာပါ ဥပမာ ဂိမ်းဆိုလည်းဂိမ်းရဲ့ ပြဿနာတွေအားနည်းချက်တွေလူကိုယ်တိုင်ဆော့စစ်တာမျိုးပေါ့ ဒါမျိုးအားလုံးစစ်ပြီးမှာ တရားဝင်လူ‌ထုဆီချပြတာမျိုးပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment