အခန်း ၁၇ - အသည်းအသက်ကလေး
နှင်းဆီရောင် ဂါချာပွန်လေး ပျောက်ကွယ်သွားပြီးနောက် ဖန်သားပြင်ပေါ်တွင် ဂိမ်းမှ ကြေညာချက် သုံးခုက ရုတ်တရက် ပေါ်ထွက်လာသည်။
[ကစားသူများ၏ ဂိမ်းကစားခြင်းအတွေ့အကြုံကို ထည့်သွင်းစဉ်းစားလျက်၊ ဤဂိမ်းအား 'အမြန်ကျော်ခြင်း' ကို အသုံးပြုနိုင်ပါသည်။
သို့သော် ကစားသမား သတိပြုရမည့်အချက်တစ်ခုမှာ၊ အမြန်ကျော်နေစဉ်အတွင်း ကစားသမားသည် ပစ်မှတ်၏ ချစ်ခင်မှုအတိုင်းအတာကို တိုးမြှင့်နိုင်မည်မဟုတ်ပါ။ တစ်နေ့တာအတွင်း ချစ်ခင်မှုအတိုင်းအတာကို တိုးမြှင့်နိုင်သည့် အခွင့်အရေး သုံးကြိမ်သာရှိပြီး၊ ထိုအကြိမ်များမှာ
နံနက် ၆ မှ ၉ နာရီ၊
နေ့လယ် ၁၁ မှ ၁၂ နာရီ၊ နှင့်
ညနေ ၅ မှ ၈ နာရီတို့ ဖြစ်ပါသည်]
[အသိပေးချက်: ကစားသမားသည် 'အမြန်ကျော်ခြင်း' ကို ၇ ရက်ပတ်လုံး (၇x၂၄ နာရီ) ပြုလုပ်ခဲ့ရာတွင်၊ 'heart' ၂၁ ခုကို အသုံးပြုခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိသော 'heart' အရေအတွက်မှာ ၃၁ ခု ဖြစ်ပါသည်]
[သတိပြုရန်၊ ပေကျင်းစံတော်ချိန် ၁၁ နာရီထိုးရန် ဆယ်မိနစ်အလိုသာ ကျန်ရှိပါတော့သည်။ ကစားသမားအနေနှင့် ဂိမ်းအချိန်ကို ၁၁ နာရီသို့ ပြန်လည်ချိန်ညှိပေးပါ၊ ချစ်ခင်မှုကိုတိုးမြှင့်ရမည့် အခွင့်အရေးကို လွဲချော်သွားပါက ဤဂိမ်းမှ လုံးဝတာဝန်ယူမည်မဟုတ်ပါ]
ဟယ်ရူကော၏ မျက်လုံးများက ကြောင်ငေးသွားပြီးနောက် သူက ဂိမ်းကြေညာချက်များကို ပိတ်လိုက်သည်။
သူ၏လက်ဖဝါးကလည်း နားထင်ကို စိတ်ပျက်လက်ပျက်ဖြင့် ဖိထားမိသည်။
ဒီဂိမ်းစုတ်က တမင်သက်သက် လုပ်တာပဲဖြစ်ရမည်။
သူ၏ နှလုံးသား အခုနှစ်ဆယ်ကျော် အလဟဿဖြစ်သွားခဲ့ပြီးမှ အခုလို ယုတ်ယုတ်မာမာ ထွက်လာပြီး ပြောပြနေသည်။
အမြန်ကျော်နေတုန်း ချစ်ခင်မှုအတိုင်းအတာကို တိုးမြှင့်လို့မရဘူးတဲ့လေ။
သူ နှလုံးသားတွေသုံးပြီး စောင့်ကြည့်ကင်မရာတွေကို ပိတ်ထားခဲ့တာတွေအားလုံးက အပိုအလုပ်သက်သက် ဖြစ်သွားပြီ။
ဒါက... ဂိမ်းကို လိမ်ပြီးကစားတဲ့သူတွေအတွက် အပြစ်ဒဏ်များလား။
သူဆက်ပြီး မစဉ်းစားချင်တော့ပေ။
Heart၂၁ လုံးနဲ့ ရှားပါးပစ္စည်းတစ်ခု ဝယ်လိုက်ရတယ်လို့ပဲ သဘောထားလိုက်တော့မည်။
ရင်ဘတ်ထဲမှာ ဓားနဲ့မွှန်းသလို ခံစားနေရပါစေ ဟယ်ရူကောက လိမ်လိမ်မာမာပင် ဂိမ်းအချိန်ကို နံနက် ၈ နာရီမှ ၁၁ နာရီသို့ ချိန်ညှိလိုက်သည်။
အစာကျွေးသည့်တာဝန်က ဟယ်ရူကောအတွက် ကျွမ်းကျင်နေပြီးသား ဖြစ်သည်။
နံပါတ် ၁၉ က ယုန်ငယ်လေးကို အစာကျွေးမည့်အလှည့်သို့ ရောက်သောအခါ ဟယ်ရူကောက ခေတ္တခဏမျှတုံ့ဆိုင်းသွားပြီးနောက်
သူ ကံစမ်းမဲပေါက်ထားသည့် 'နတ်သူငယ်လေးတွေစုနိုင်တဲ့ဘောလုံးလေး' ကို သတိရသွားသည်။
လူ့စိတ်ဆိုတာ မျက်နှာလိုက်တတ်တာမျိုးပင်။
ဤနေရာမှ တိရစ္ဆာန်ငယ်လေးတိုင်းက ချစ်ဖို့ကောင်းကြသော်လည်း ဟယ်ရူကောအနေနှင့်မဖြစ်မနေ အဆင့်သတ်မှတ်ရမည်ဆိုလျှင် ပထမနေရာက ကျားဖြူလေးအတွက်ဖြစ်ပြီး ဒုတိယနေရာကတော့ ယုန်ငယ်လေးအတွက် ဖြစ်သည်။
ယုန်ငယ်လေးက အားနည်းသော်လည်း နံပါတ် ၂ မြေခွေးလေးလို လည်လည်ဝယ်ဝယ်မရှိသလို နံပါတ် ၁၅ ဝံပုလွေငယ်လေးလိုလည်း ကြမ်းတမ်းခြင်းမရှိပေ။
သူက ထုံလည်းထုံပြီး အငိုသန်သည်။
အကယ်၍ နောင်တစ်ချိန်တွင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လာခဲ့လျှင်၊ 'နတ်သူငယ်ဘောလုံးလေး' အတွင်းမှာ နေနေရင်းက မငိုမိအောင် ထိန်းနိုင်လျှင်ပင် ဒါဟာ သူအကောင်းဆုံး စွမ်းဆောင်နိုင်တာဖြစ်သည်။
သို့သော်လည်း ဟယ်ရူကောက နှလုံးသားတစ်ခုကို အသုံးပြုပြီး နံပါတ် ၁၉ အခန်းငယ်ကို ဖွင့်လိုက်သည့်အခါတွင် အံ့ဩဝမ်းသာပြီး နေရာမှာတင် ခုန်ပေါက်နေသည့် ယုန်ငယ်လေးကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းလေးကြောင့် သူ၏နှလုံးသားက သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ နူးညံ့ပျော့ပျောင်းသွားသည်။
‘ဒါက ဂိမ်းတစ်ခုကို ကစားနေတာပဲလေ တခါတလေလေး ခံစားချက်နောက်ကို လိုက်မိတာကလည်း ပြဿနာမရှိလောက်ပါဘူး’
ယုန်ငယ်လေးက ရှေ့သို့တိုးလာပြီး ဟယ်ရူကော၏ ခြေထောက်ကို ဖက်တွယ်လိုက်ကာ ချွဲချွဲနွဲ့နွဲ့လေးဖြင့်ပွတ်သီးပွတ်သပ်လာလုပ်သည်။
သူ၏မျက်လုံးနီနီလေးများကလည်း ဟယ်ရူကောကို မော့ကြည့်နေရာမှ တဖျတ်ဖျတ်လက်နေကြသည်။
နံပါတ် ၁၉
[ဂူဂူ ကျိကျိ ကျွန်တော် ခင်ဗျားကို အရမ်းသဘောကျတယ်]
[ဂူကျိ ကျွန်တော် သကြားလုံးကိုလည်း သဘောကျတယ်]
[ကျိကျိကျိ ခင်ဗျားဆီမှာ သကြားလုံးရှိလားဟင်]
ဟယ်ရူကော: "..."
မင်းက ငါ့သကြားလုံးကိုပဲ ကြိုက်တာများလားကွာ။
ပတ္တမြားရောင်မျက်လုံးလေးများက ယုံကြည်မှုနှင့် အားကိုးလိုမှုတို့ဖြင့် ပြည့်နှက်နေပြီး နူးညံ့သောယုန်နားရွက်လေးများကလည်း လွတ်လပ်ပေါ့ပါးစွာ လှုပ်ခါနေသည်။
ဟယ်ရူကောက ဒီလိုချစ်စရာကောင်းမှုများဖြင့် တိုက်ခိုက်ခံလိုက်ရသောကြောင့် နောက်ဆုံးတော့ ယုန်ငယ်လေးကို အရှုံးပေးလိုက်ရသည်။
သူက နှလုံးသားတစ်ခုကို ထပ်သုံးပြီး သံပုရာအရသာ 'အသီးသကြားလုံး' တစ်လုံးကို ဝယ်လိုက်သည်။
ယုန်ငယ်လေးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်သေးသေးလေးနှစ်ဖက်ကို ဖြန့်ပြီး၊ သကြားလုံးကို ပျော်ရွှင်စွာ လှမ်းယူလိုက်ကာ သူ့ပါးစပ်လေးထဲသို့ ချက်ချင်း ထိုးထည့်လိုက်သည်။
သူ၏ တြိဂံပုံနှုတ်ခမ်းလေးကလည်း တအားမြန်မြန်ကို လှုပ်ရှားပြီး အရသာခံနေတော့သည်။
နံပါတ် ၁၉
[ဂူကျိ အရမ်းစားလို့ကောင်းတယ်]
[ကျိ ခင်ဗျား သီချင်းဆိုတာလည်း နားထောင်ချင်သေးတယ်]
ဟယ်ရူကောက ဒီလိုမျိုး အသုံးလည်းမကျ၊ ထုံထုံအအနှင့်၊ ကြောက်လည်းကြောက်တတ်သည့်အပြင် လောဘပါကြီးသေးသည့် ယုန်ငယ်လေးကြောင့် ရယ်ချင်သွားမိသည်။
ဒီယုန်လေးက နည်းနည်းအလိုလိုက်တာနဲ့ ပိုကဲလာတာမျိုးမှန်း သူ အစတည်းက ဘာလို့ သတိမထားမိခဲ့တာပါလိမ့်။
"ယုန်လေးရေ လိမ္မာတယ် တံခါးဖွင့်ပေးပါနော်"
ဟယ်ရူကောက ဖန်သားပြင်ကို ကြည့်ရင်းမှ သီချင်းနှစ်ကြောင်း ညည်းပြလိုက်သည်။
သို့သော်လည်း ချက်ချင်းပင် သူက သီချင်းဆိုနေရာမှ ရပ်လိုက်မိသည်။
‘သူလည်း တော်တော် အ တာပဲ’
‘သူက ဒီဘက်မှာ သီချင်းဆိုနေပေမဲ့၊ ဂိမ်းထဲက ယုန်ငယ်လေးက ကြားရတာမှ မဟုတ်တာ’
‘ကြောင်တောင်တောင်လေးနဲ့ အတူနေတာကြာလာတော့၊ သူလည်း လိုက်ပြီး ကြောင်သွားတာများလား’
ဟယ်ရူကောက ခေါင်းကိုခါယမ်းရင်း
နံပါတ် ၁၉ အခန်းမှ ထွက်ခွာခဲ့သည်။
နံပါတ် ၁၉ အခန်း၏ တံခါး ပိတ်ခါနီးဆဲဆဲတွင်၊ ယုန်ငယ်လေးက ရုတ်တရက် တံခါးဝသို့ ပြေးကပ်လာပြီးနောက် ခေါင်းလေးမော့ကာ ဟယ်ရူကောကို သတိကြီးကြီးဖြင့် ကြည့်လိုက်သည်။
နံပါတ် ၁၉
[...ဂူကျိ ခင်ဗျား နောက်ထပ် လာဦးမှာလား]
[ကျိကျိ ကျွန်တော်... ကျွန်တော် ခင်ဗျားကို အမြဲတမ်း သတိရနေတယ်နော်]
ဂိမ်းအတွင်းမှ ယုန်ငယ်လေးက ကြားရမည်မဟုတ်မှန်း သိသော်လည်း၊ ဟယ်ရူကောက အလိုလိုပင် အသံခပ်တိုတိုးဖြင့် ညင်ညင်သာသာ ပြောလာသည်။
"လာမှာပေါ့"
ယုန်ငယ်လေး၏ မျက်နှာပေါ်တွင်
အပြုံးငယ်လေးတစ်ခု ပေါ်လာပြီးနောက် ကောင်လေးက ဂွမ်းအသိုက်လေးထဲသို့ ခုန်ပေါက်ပြေးဝင်သွားသည်။
ဟယ်ရူကော၏ နှုတ်ခမ်းထောင့်များကလည်း အနည်းငယ် ကွေးတက်သွားသည်။
သူက ဘာရယ်မှန်းမသိ ကြည်နူးစိတ်လေးဖြင့် နံပါတ် ၂၀ အခန်းကို ဖွင့်လိုက်သောအခါတွင်မူ မှုန်ကုပ်နေသည့် မျက်နှာဝိုင်လေးကို တွေ့လိုက်ရသည်။
နံပါတ် ၂၀
[ဝေါင်း၊ ကျွန်တော် စိတ်ဆိုးနေတယ်]
[နံပါတ် ၂၀ က သင့်အပေါ်ကို အရမ်းစိတ်ပျက်နေပါတယ်၊ သဘောကျမှု အတိုင်းအတာ အနုတ် ၁၀]
ဟယ်ရူကော : "...?!"
မ... မဟုတ်ဘူးမလား၊ ချစ်ခင်မှုအတိုင်းအတာက ပြန်ပြီးလျှော့သွားတာမျိုးလည်း ရှိတယ်လား။
ဟယ်ရူကောမှာ မှင်သက်သွားရပြီး သူက ကျားဖြူလေး၏ 'အခြေအနေ' ကို တုန်တုန်ယင်ယင်ဖြင့် ဖွင့်ကြည့်လိုက်သည်။
[ရင်းနှီးမှု]: နံပါတ် ၂၀ က အခုအချိန်တွင် သင့်ကို ရင်းရင်းနှီးနှီး ဆက်ဆံလိုစိတ်မရှိပါ။ သဘောကျမှုအတိုင်းအတာ - ၅၅ မှတ်
ဟယ်ရူကောမှာ တုန်ယင်နေသောလက်များဖြင့် 'အချစ်ဈေးဆိုင်'ကို ထပ်ဖွင့်လိုက်ပြီးနောက် သူ၏ heartလက်ကျန်ကို စစ်ဆေးကြည့်လိုက်သည်:
Heart*၁၈ ခု
ခွမ်းခနဲပင် သူ၏ရင်ဘတ်မှာ ကွဲအက်သွားရသည်။
ဟယ်ရူကောက ငိုမဲ့မဲ့မျက်နှာဖြင့်
[စကားပြောရန်] ကို နှိပ်လိုက်ရာ ဖန်သားပြင်ပေါ်မှ ကျားဖြူလေးက ခပ်စိမ်းစိမ်းပင် မျက်နှာလွှဲသွားသည်။
နံပါတ် ၂၀
[ ဟွန့် ]
[နံပါတ် ၂၀ က သင့်ကို လျစ်လျူရှုလိုက်ပါတယ်]
သူငိုမိတော့မယ်။
တကယ် ငိုမိတော့မယ်။
ဟယ်ရူကောက နောက်ဆုံးမျှော်လင့်ချက်လေး တစ်စွန်းတစ်စဖြင့် [ကျောကိုပွတ်သပ်ပေးရန်]ကို နှိပ်လိုက်သည်။
ကျားဖြူလေးက သူ့ကျောလေးကိုပွတ်သပ်ပေးသည်ကို အကြိုက်ဆုံးမှန်း ဟယ်ရူကောက မှတ်မိနေသည်။
နံပါတ် ၂၀
[ နံပါတ် ၂၀ က သင့်ရဲ့လက်ကို ချက်ချင်းပဲ ရှောင်လိုက်ပါတယ် ]
အား!
‘အမွှေးတွေထောင်ပြီး ဒေါသထွက်နေတဲ့ ကျားဖြူလေးကို ဘယ်လိုပြန်ချော့ရမှာပါလိမ့်၊ အွန်လိုင်းက သိတဲ့သူများဖြေပေးကြပါ၊ အရမ်းအရေးကြီးလို့’
ဟယ်ရူကောမှာလည်း သွေးရူးသွေးတမ်းဖြင့် 'အချစ် ဈေးဆိုင်' သို့ ပြေးသွားကာ heart ၁၀ ခု အကုန်ခံပြီး ကြောင်ဆေးပင်ကို ဝယ်လိုက်သည်။
သူက ကျောပိုးအိတ်ထဲမှ 'ကြောင်ဆေးပင်' ကို နှိပ်လိုက်ပြီးနောက်လကျားဖြူလေး၏ ခြေရင်းသို့ ချပေးလိုက်သည်။
ကျားဖြူလေးက မျက်နှာထားတင်းတင်းဖြင့် 'ကြောင်ဆေးပင်' လေးကို ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ပန်းရောင် နှာခေါင်းလေးက ရှုံ့ခနဲဖြစ်သွားသည်။
အနံ့ရသွားတာလား။
ဟယ်ရူကောက ဖန်သားပြင်ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေမိသည်။
သို့သော်လည်း ကျားဖြူလေးက အေးစက်ပြီး သွေးရောမျက်ရည်တွေပါ မရှိသလိုမျိုး ခြေထောက်တစ်ဖက်ကိုမြှောက်လိုက်က ဟယ်ရူကော၏ မျှော်လင့်ချက်အားလုံးကို တင်ဆောင်ထားသည့် 'ကြောင်ဆေးပင်' လေး ကို သူ့ခြေဖဝါးအောက်တွင် ရက်ရက်စက်စက် နင်းချေပစ်လိုက်သည်ကို သူ မြင်လိုက်ရသည်။
နံပါတ် ၂၀
[ နံပါတ် ၂၀ က သင့်ရဲ့ 'ကြောင်ဆေးပင်' ကို ငြင်းပယ်လိုက်ပါတယ် ]
သူ၏ချော့မော့ရန် နောက်ဆုံးအကြံဉာဏ်ကလည်း မအောင်မြင်ပေ။
ဟယ်ရူကောက မျက်နှာကိုပွတ်သုတ်လိုက်ပြီးနောက် ကျားဖြူလေးကို ကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး စိတ်ဆိုးသွားရတာလဲကွာ”
သူ ယုန်ငယ်လေးကို သကြားလုံးကျွေးတာကလွဲလို့ တခြားဘာမှ မလုပ်မိပါဘူး... အဲ ဒါမှမဟုတ် ကျားဖြူလေးကလည်း သကြားလုံး စားချင်နေတာလား။
အကြောင်းရင်းကို ရှာတွေ့ပြီဟု ထင်လိုက်သည့် ဟယ်ရူကောက ကျားဖြူလေးကို 'အသီးသကြားလုံး' လေး ကျွေးကြည့်သော်လည်း နောက်တစ်ကြိမ် လျစ်လျူရှုခြင်းကိုသာ ခံလိုက်ရသည်။
"အသည်းအသက်ကလေး ဘာဖြစ်နေတာလဲကွာ"
ဟယ်ရူကောက လက်မှိုင်ချရင်းမှ သူ့ဟာသူ ကွန်ပျူတာကို ပြောနေမိသည်။
"စိတ်မဆိုးပါနဲ့တော့နော်"
သူ၏ စကားသံဆုံးသည်နှင့် ဖန်သားပြင်ပေါ်မှ ကျားဖြူလေး၏ နားရွက်လေးများက ရုတ်တရက်ဆိုသလို ဆတ်ခနဲ လှုပ်သွားသည်။
ထို့နောက်တွင်မူ ပန်းပွင့်ဖူးလေးတစ်ခုသဖွယ် ထောင်နေသည့် သူ့နားရွက်လေးတစ်ဖက်က ယားကျိကျိဖြစ်သွားသလိုမျိုး ရုတ်တရက် ပျော့ခွေကျသွားကာ အောက်သို့ စိုက်ကျသွားသည်။
ကျန်နားရွက်လေးတစ်ဖက်ကမူ ဟယ်ရူကောရှိရာဖက်သို့ လှည့်လာသည်။
ကျားဖြူလေး၏ အပြာရောင်မျက်လုံးများထဲမှ မှုန်မှိုင်းနေမှုများကလည်း ကွယ်ပျောက်သွားရာ၊ ကောင်းကင်ပေါ်မှ တိမ်မည်းများကို နေရောင်ခြည်က ထိုးခွင်းသွားပြီးနောက် မြင်လိုက်ရသည့် ကြည်လင်သော ကောင်းကင်ပြာကြှးလိုပင်။
နံပါတ် ၂၀
[အာ၊ ခင်ဗျားက ကျွန်တော် စိတ်မဆိုးတော့ဘူးလို့ ထင်နေတာလား]
[နံပါတ် ၂၀ က အရမ်းပျော်နေပါတယ်]
[သာမန်ရင်းနှီးမှုအဆင့် → အနီးကပ်ရင်းနှီးမှုအဆင့်] : နံပါတ် ၂၀ က သင်နဲ့ အတူရှိနေရတာကို သဘောကျပါတယ်။
ရင်းနှီးမှု အတိုင်းအတာ - ၆၅
(ရှီကွေ့ချန် pov)
ဒီစုတ်ပြတ်နေတဲ့ဂိမ်းမှာ ဗိုင်းရပ်စ် တစ်ခုခု ကိုက်နေပြီဟု ရှီကွေ့ချန်က ထင်လိုက်သည်။
သူ 'ဂိမ်းစက်’ အတွင်းသို့ ဝင်လာပြီးနောက် ဆယ်မိနစ်တာအတွင်းမှာပင်၊
ဟယ်ရူကောက သူ့ကို နို့သုံးကြိမ်လာတိုက်ပြီး ခေါင်းကိုလည်း ဆယ်ကြိမ် ပွတ်သပ်ပေးခဲ့သည်။
ရှီကွေ့ချန်မှာ ခေါင်းတွေ ပွတ်ခံရလွန်းလို့ ခေါင်းပါပြောင်တော့မလား သံသယဝင်လာမိသည်။
[တီ— ဂိမ်းတွင် အချိန်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတစ်ခုကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ကစားသမားအနေနှင့် ဂိမ်းမှထွက်ခွာပေးပါ သုံးမိနစ်ကြာပြီးနောက် ဂိမ်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်ပါသည်]
ရှီကွေ့ချန်လည်း 'ဂိမ်းစက်' အတွင်းမှ ထလိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် သူ၏ခေါင်းထိပ်လေးကို စမ်းကြည့်လိုက်သည်။
သူ့ဆံပင်တွေ ရှိနေသေးမှန်း သေချာသွားမှပဲ သူလည်း တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်သည်။
သူက မနေ့ကမှ ဝယ်ထားသည့် စတော်ဘယ်ရီအရသာ 'အာဟာရအရည်' ကို ထုတ်ယူပြီးနောပ် သူ၏နေ့လယ်စာကို ဖြေရှင်းရန် ပြင်ဆင်လိုက်သည်။
'ဂိမ်းစက်' အတွင်းမှ ကစားသမားများ ဂိမ်းထဲတွင် အအိပ်ပျက်အစားပျက် နစ်မျောနေပါက ငတ်ပြတ်နေမည့်အရေးကို ကာကွယ်ရန် 'အာဟာရအရည်' များ ထည့်သွင်းပေးထားခြင်းက အတော်လေး အဆင်ပြေစေသေသည်။
သို့ရာတွင် ရှီကွေ့ချန်က ယခုနောက်ပိုင်းတွင် 'ဂိမ်းစက်' တွင်းသို့ မဝင်မီ 'အာဟာရအရည်' ကို ကြိုသောက်ထားရသည်ကို ပိုသဘောကျလာသည်။
အကြောင်းမှာ 'ဂိမ်းစက်' အတွင်းရောက်မှ သောက်ရသည့် အာဟာရအရည်များက အရသာမရှိသောကြောင့်ဖြစ်ပြီး ရှီကွေ့ချန်က အခုတလော စတော်ဘယ်ရီအရသာကို လည်းသဘောကျနေသေးသည်။
သူက အဖုံးကိုဖွင့်လိုက်ပြီးနောက် ပန်းရောင်အာဟာရအရည်ကို အရက်သောက်သလိုမျိုး တစ်ငုံချင်း အရသာခံသောက်လိုက်သည်။
ဖြူဖျော့နေသော သူ၏နှုတ်ခမ်းများက စတော်ဘယ်ရီရောင်ဖျော့ဖျော့လေး သန်းသွားပြီးနောက် တင်းတင်းကြုတ်ထားသည့် သူ၏ မျက်မှောင်များကလည်း ပြေလျော့သွားသည်။
ရှီကွေ့ချန်က ခေါင်းကိုမော့လိုက်ပြီးနောက် အာဟာရအရည်ကို 'ဂလု ဂလု' ဟုမြည်အောင် သောက်ချလိုက်ရာ သူ့မေးရိုးမှ လည်ပင်းအထိ အရာကွေးကွေးလေးတစ်လု ပေါ်လာပြီး သူ၏လည်စေ့ကလည်း အထက်အောက် ညင်သာစွာ လှုပ်ရှားသွားသည်။
ချိုလိုက်တာ။
ဂိမ်းထဲက အသီးအရသာသကြားလုံး၏ အရသာပင်။
ရှီကွေ့ချန်က နေ့လယ်စာစားပြီးနောက် 'ဂိမ်းစက်' ထဲသို့ ပြန်လှဲချလိုက်သည်။
ယခုတစ်ကြိမ်တွင်လည်း ဂိမ်းထဲမှ 'ဗိုင်းရပ်စ်' က ပိုဆိုးလာမှန်း သူ သတိထားမိလိုက်သည်။
သူ့အဖြစ်မှာ ဂိမ်းစက် ဘေးကနေ ထိုင်ကြည့်နေရသူတစ်ယောက်လို ဖြစ်နေသည်ပင်။
ဟယ်ရူကောနှင့် ကျားဖြူလေးတစ်ကောင်က အပြန်အလှန် ဆက်ဆံနေကြသည်ကို သူက အတိုင်းသားထိုင်ကြည့်နေရသည်။
ထိုကျားဖြူလေးက သူလည်း မဟုတ်ပါဘဲနှင့်၊ ဟယ်ရူကော၏ နူးညံ့သော ပွတ်သပ်မှုလေးများနှင့် သူ့လက်ကလေးတွေကို ဖွဖွ ဆော့ကစားပေးတာတွေကို ခံနေရသည်။
ဂိမ်းက ပေးသည့် ရှင်းပြချက်မှာ 'ဗိုင်းရပ်စ်' ကို ပြင်ဆင်နေကြောင်းဆိုတာပင်။
ရှီကွေ့ချန်မှာမူ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်လာသလို ခံစားလိုက်ရသည်။
သူက ဟယ်ရူကောနှင့် "ကျားဖြူလေး" အတု တို့ကြား အပြန်အလှန်ကြည်နူးနေကြပုံများကို အေးစက်စွာ စိုက်ကြည့်နေမိသည်။
သူ၏လျှာဖျားပေါ်တွင် ကျန်ရှိနေသည့် စတော်ဘယ်ရီအရသာကလည်း တဖြည်းဖြည်း အရသာပြောင်းသွားပြီး ချဉ်တူးတူးအရသာမျိုး ပေါက်လာရသည်။
သို့သော်လည်း ထိုချဉ်တူးတူးအရသာ သူ့တစ်ကိုယ်လုံးကို မပျံ့နှံ့လာခင်မှာပင် "ကျားဖြူလေး" အတုက ပျောက်ကွယ်သွားပြီး ရှီကွေ့ချန်ကသာ ကျားဖြူလေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။
ရှီကွေ့ချန်က မှောင်မိုက်နေသော အခန်းငယ်လေးကို ကျေနပ်စွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။
သူက ဂွမ်းအသိုက်လေးပေါ်တွင် ထိုင်နေသော်လည်း သူ့ပုံစံက ပလ္လင်ပေါ်တွင် ထိုင်နေသည့် ဧကရာဇ်တစ်ပါးက သူ၏ပိုင်နက်နယ်မြေကို စစ်ဆေးနေသည့်အလားပင်။
သူ တကယ်ပြန်ရောက်လာပြီဖြစ်ကြောင်းနှင့် ဒီဂိမ်းက တခြားထူးထူးဆန်းဆန်းတွေ ထပ်မလုပ်တော့ကြောင်း သေချာသွားမှ ရှီကွေ့ချန်လည်း ပြန်ပြီး ပျော်ရွှင်လာသည်။
ထို့နောက်တွင်မူ လေထဲတွင် ပျံ့လွင့်နေသည့် နို့နံ့လေးကို သူရလိုက်သည်။
နို့မှုန့်အရသာ 'အာဟာရအရည်' ကို ထပ်ဝယ်လျှင် ကောင်းမည်ဟုလည်း ရှီကွေ့ချန်က တွေးလိုက်မိသည်။
ထို့နောက်တွင် သူ၏ ဖြူဆွတ်ဆွတ် နားရွက်လေးများက ဆတ်ခနဲ လှုပ်သွားပြီးနောက် ရှီကွေ့ချန်လည်း ဟယ်ရူကောက အခန်းထဲတွင် လမ်းလျှောက်နေသည့် ခြေသံကို ကြားလိုက်ရသည်။
သူ၏စိတ်ခံစားချက်များကလည်း တဖြည်းဖြည်း ပိုကောင်းလာသည်။
မင်းက ကိုယ့်ရှေ့က အကောင်ပေါက်လေးကို နို့တိုက်နေမှန်း သိနေပေမယ့်လည်း၊ နောက်မှာ ကိုယ့်အလှည့်ရောက်အောင် တန်းစီနေရတဲ့ ကိုယ်လည်း ထိန်းမရအောင် ပျော်ရွှင်နေတယ်သိလား။
အမြီးလေးကို ဘယ်ဘက်ကို ယမ်းလိုက် ညာဘက်ကို ယမ်းလိုက်ဖြင့် ကျားဖြူလေးက တည်တည်တံ့တံ့ ပုံစံမျိုးဖြစ်အောင် မနည်းကြိုးစားနေရသည်။
သူကြားလိုက်ရသည့်... ခြေသံတွေက ပိုပိုပြီး နီးကပ်လာသည်။
သူ့နားရွက်လေးနှစ်ဖက်လုံးကလည်း အသံလာရာနေရာသို့ မလှည့်ဘဲ မနေနိုင်တော့ပေ။
ရှီကွေ့ချန်က သူ မျှော်လင့်တောင့်တနေသည့်သူဟာ အခု ဘေးအခန်းမှာ ရှိနေကြောင်း လုံးဝသေချာနေသည်။
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏တံခါးငယ်လေးကို တွန်းဖွင့်တော့မည် ဖြစ်သည်။
သူ၏အမြီးလေးက ပျော်ရွှင်မှုကြောင့် တအားကို လှုပ်ယမ်းနေသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်…
"ဂျလောက်"
ဒါက ဘေးအခန်းက သံတံခါးကို တွန်းဖွင့်လိုက်တဲ့အသံပဲ။
သူ၏မရပ်မနား လှုပ်ယမ်းနေသည့် အမြီးလေးလည်း ရုတ်တရက် ရပ်တန့်သွားရသည်။
ကျားဖြူလေးက သူ နားကြားမှားသွားသလားဟု သံသယဝင်ကာ ခေါင်းလေးကိုပင် စောင်းငဲ့ကြည့်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို အရမ်းသဘောကျတယ်~"
"ကျွန်တော်က သကြားလုံးလည်း အရမ်းသဘောကျတယ်~"
"ခင်ဗျားဆီမှာ သကြားလုံးရှိလားဟင်"
ထိုအခိုက်တွင် သူ၏အပြာရောင်မျက်လုံးများက ရေခဲတမျှပင် အေးခဲသွားတော့သည်။
"အရမ်းစားလို့ကောင်းတယ်"
"ခင်ဗျား သီချင်းဆိုတာလည်း နားထောင်ချင်သေးတယ်"
ကျားဖြူလေးက သွားတွေကိုပါ ကြိတ်နေတော့သည်။
"ခင်ဗျား နောက်ထပ် လာဦးမှာလား”
"ကျွန်တော်... ကျွန်တော် ခင်ဗျားကို အမြဲတမ်း သတိရနေတယ်နော်"
သွားတွေကို တင်းတင်းကြိတ်နေရာမှ ရပ်လိုက်ပြီးနောက် ကျားဖြူလေးက တစ်ဖက်မှ အဖြေကို လွတ်သွားမည်စိုးသည့်အလား နားရွက်များကို စွင့်ပြီး အာရုံစိုက်နားထောင်လိုက်သည်။
"လာမှာပေါ့"
အလိုလိုက်ခြင်းတွေအပြည့်ပါသည့် အမျိုးသားတစ်ဦး၏ နူးညံ့သောအသံက ထွက်ပေါ်လာသည်။
ထိုနူးညံ့မှုနှင့် တစ်ချိန်တည်းတွင် ဒီဖက်မှာလည်းပဲ
ရှီကွေ့ချန်၏ တောက်လောင်နေသော ဒေါသမီးများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။
ငါ! စိတ်! ဆိုး! နေ! တယ်!
ဘယ်လိုမှ ပြန်ချော့လို့မရတော့တဲ့အထိပဲ!!!
ရှီကွေ့ချန်က တံခါးဖွင့်ဝင်လာသည့် ဟယ်ရူကောကို စိုက်ကြည့်လိုက်ပြီးနောက် နေရာတကာ နှလုံးသားတွေ လိုက်ပေးနေတဲ့ ဒီလူကို အစိမ်းလိုက် ဆွဲဖြဲပစ်ချင်သည့်စိတ်တွေပေါ်ပေါက်လာသည်။
သူ့ဗိုက်ထဲမှာ ဒေါသတွေ ပြည့်ကျပ်လာသော်လည်း သူက ဟယ်ရူကောကို တစ်ကယ်တမ်းမှာတော့ မလုပ်ရက်သောကြောင် သူ့ဒေါသတွေကို အသာလေး မြိုသိပ်ထားလိုက်ရသည်။
စကားပြောမယ် ဟုတ်လား။
မင်း နဲ့ ကျုပ်ကြားမှာ ဘာပြောစရာ ရှိသေးလို့လဲ ခုနကပဲ ဘေးအခန်းက ယုန်အစုတ်ပလုတ်နဲ့စကားတွေ ပျော်ပျော်ကြီး ပြောနေတာ မဟုတ်ဘူးလား
ကျုပ်ကို ပွတ်ချင်သေးတယ် ဟုတ်လား။
ဒီခေါင်းက ဒီနေ့တစ်နေ့လုံး မင်းပွတ်လို့ ပြောင်တော့မယ်ဗျ ထပ်ပွတ်ဦးမလို့လား၊ ဟမ် ။
'ကြောင်ဆေးပင်' တဲ့လား။
မင်းရဲ့ ဆံပင်လေးတစ်ပင်ကတောင် ဒီအပင်ထက် ပိုမွှေးသေးတယ် ဒီလောက်နဲ့ ကျုပ်ကို လာလှည့်စားဖို့ ကြံနေတာလား။
'အသီးသကြားလုံး' တဲ့လား။
မင်းက ကျုပ်ကို ဘေးအခန်းက ယုန်ငတုံး လေးလို၊ သကြားလုံးတစ်လုံးနဲ့ လိမ်လို့ရမယ် ထင်နေတာလား။
‘အသည်းအသက်ကလေး’ တဲ့လား။
ဒေါသမီးတွေ တညီးညီး တောက်လောင်နေသည့် ကျားဖြူလေးမှာ ရုတ်တရက် ကြောင်သွားရသည်။
ထိုစကားလေးတစ်ခွန်းက သူ၏နားရွက်တစ်ဖက်မှ ဝင်ရောက်လာပြီးနောက် သူ့နားရွက်လေးမှ ကျဉ်ခနဲဖြစ်ပြီး ပျော့ခွေသွားကာ ပြန်မထောင်နိုင်တော့ပေ။
သူက ခေါင်းလေးကို ဖြည်းညင်းစွာ လှည့်လိုက်ပြီးနောက် သူ၏ရှေ့မှ ကောင်လေးကို ကြောင်ငေးကြည့်နေမိသည်။
...ဘယ်... ဘယ်သူက မင်းရဲ့ အသည်းအသက်ကလေးလဲ။
Adm note: အသည်းအသက်ကလေးက 心肝宝贝 xīn gān bǎo bèi ကျွန်မ အမှန်တော့ ပေါင်ပေ့လေးလို့ပဲရေးချင်တာရှေ့က xīn gānလေးပါထည့်ရင်ကျ sweet heart ဆိုတဲ့အဓိပ္ပာယ်လေးမို့ ဝေခွဲမရတာနဲ့ အသည်းအသက်ကလေး ထည့်လိုက်တာမို့ရှည်သွားတာ နောက်ပိုင်းတော့ ပေါင်ပေ့ပဲရေးဖြစ်မလား အသည်းအသက်ကလေး ပဲရေးမလားကတော့ author ရေးတဲ့ပေါ်မူတည်ပြီးရေးပေးမယ်နော်