no

Font
Theme

အခန်း ၃ - ရင်ခုန်သံ

ခံစားချက်မရှိတဲ့ စာရိုက်တဲ့စက် : "စာပြိုင်ရိုက်ကြမလား"

ဟယ်ရူကောလည်း QQ APP မှတစ်ဆင့် ပို့လာသော စာကို တစ်ချက်ကြည့်လိုက်မှပင် သူဂိမ်းထဲတွင် အချိန်အတော်ကြာ နစ်မြောနေခဲ့မှန်း သတိပြုမိတော့သည်။

သူက ဇာတ်လမ်းမှရသည့် ခံစားချက်များထဲတွင် နည်းနည်းပိတ်မိနေတာကြောင့် စိတ်ကူးစိတ်သန်းရရန် ဂိမ်းဆော့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ထို့နောက် ပန်းနုရောင်ဂိမ်းအိုင်ကွန်လေးနှင့် "မင်းအတွက်သီးသန့် ချစ်သူ" ဆိုသည့် ဂိမ်းကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရွေးချယ်ဖြစ်ခဲ့သည်။

ဒီဂိမ်းက သိပ်မရင်းနှီးသလိုဖြစ်နေသော်လည်း ဟိုတလောကလေးတင် ဟယ်ရူကော တစ်ယောက် ဂိမ်းပေါင်းများစွာကို တစ်ထိုင်တည်း ဒေါင်းလုဒ်ဆွဲခဲ့ရာ၊ သူသတိမထားမိလိုက်ဘဲ ဒေါင်းလုဒ် ဆွဲထားမိသည့် ဂိမ်းတစ်ခုဖြစ်လိမ့်မည်။

ထို့နောက်မှာတော့ ဟယ်ရူကောက ဂိမ်းဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် စစ်ဝတ်စုံနှင့် နတ်ဘုရားကြောင့်ရော၊ နို့နံ့စွဲနေသေးသော ကျားဖြူလေး၏ ချစ်စရာကောင်းမှုကြောင့်ပါ လုံးဝရုန်းမထွက်နိုင်ဘဲ ဤဂိမ်းထဲတွင် နစ်မြောသွားခဲ့တော့သည်။

စိတ်ကူးစိတ်သန်းကတော့... တစ်စက်ကလေးမှ ရှာမတွေ့ခဲ့ပေ။

အခု သူ့ခေါင်းထဲမှာ ကျားဖြူလေးအကြောင်းနှင့်သာ ပြည့်နှက်နေသည်။

"ဂိမ်းဆော့နေလိုက်တာ စာရိုက်ဖို့တောင်မေ့တော့မလို့ပဲ...လာ လာ... စာရိုက်ကြစို့..စာရိုက်ကြစို့"

ဟယ်ရူကောက ကျင်ကျန်းစာပေမြို့တော်(jjwxc)တွင် အချိန်ပြည့်စာရေးဆရာ တစ်ယောက်ဖြစ်ပြီး romanceဇာတ်လမ်းပိုင်းကိုသာ အာရုံစိုက်ရေးသားခြင်းဖြစ်သည်။ သူအခုရေးနေသည်က သူ့ရဲ့တတိယမြောက်စာအုပ်ဖြစ်ပြီး အရှေ့ကနှစ်အုပ်ကတော့ သာမန်တုန့်ပြန်မှုမျိုးတွေသာ ရရှိခဲ့ပြီး အောင်မြင်မှုသိပ်မရခဲ့ပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင်တော့ အောင်မြင်မှုမရသည့် စာအုပ်နှစ်အုပ်ဖြစ်ခဲ့သည်။

သို့သော်လည်း တတိယမြောက်စာအုပ်ကတော့ အောင်မြင်ရန် အလားအလာရှိနေပြီး စာဖတ်သူများ၏ စာရင်းထဲဝင်သွားပြီးနောက်မှာ စုဆောင်းမှုအရေအတွက်က ဒုံးပျံစီးထားသလိုမျိုး တဟုန်ထိုးတက်သွားကာ၊ ခေတ်ပြိုင်စာရေးဆရာတွေကို အပြတ်အသတ် ကျော်တက်သွားခဲ့သည်။

ဒါကြောင့်ပဲ ဟယ်ရူကောက ကျောင်းပြီးသည်နှင့် အချိန်ပြည့်စာရေးဆရာလုပ်မည်ဟူသော စွန့်စွန့်စားစား ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။

အချိန်ပြည့်စာရေးဆရာအလုပ်ဆိုသည်မှာ လူတွေနှင့်ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားခြင်းနှင့်တူပြီး၊ ပြဿနာတွေကို ရှောင်ရှားခြင်းနှင့်လည်း တူသည်။သူ့ရဲ့ဒီမျက်နှာကလည်း ပြဿနာအကြီးကြီးတစ်ခုပင်။

ဟယ်ရူကောက မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး၊ ဟိုတွေးဒီတွေးမနေတော့ဘဲ စာရိုက်ခြင်းအပေါ်မှာသာ အာရုံစိုက်လိုက်သည်။

သူက စာလုံးပေါင်းသုံးသောင်းလောက် ကြိုရေးထားပြီးသားဖြစ်သော်လည်း နေ့တိုင်းပင် ပျားပိတုန်းလေးတစ်ကောင်လိုမျိုး ကြိုးစားလုပ်ကိုင်ကာ၊ နေ့စဉ် စာလုံးတစ်သောင်းရေးပြီး စာမူကြမ်းထဲသို့ ပျော်ရွှင်စွာ ထည့်သွင်းလိုက်သည်။

သုံးနာရီကြာပြီးနောက် ဟယ်ရူကောက စာလုံးလေးထောင်ရိုက်ပြီးသွားသောအခါ အလုပ်နှင့်အနားယူခြင်းတို့ မျှတနေဖို့က အရေးကြီးဆုံးဖြစ်တာကြောင့် စိတ်အပန်းဖြေရန် ဂိမ်းဖွင့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဂိမ်းဖွင့်လိုက်သည်နှင့် ရင်းနှီးနေသော စစ်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသည့်ပုံရိပ်ကို တွေ့ရသည်။

ဂိမ်းထဲကအချိန်နှင့် အပြင်ကအချိန်က တစ်ထပ်တည်းကျနေတာမို့ ဟယ်ရူကောလည်း ကျွမ်းကျင်စွာပင် နေ့လယ်စာကျွေးမွေးလိုက်သည်။

အခန်းနံပါတ် ၁၉ သို့ရောက်သောအခါ သူက အဖုံးကိုလှန်လိုက်သော်လည်း အားမာန်အပြည့်ပါသော "ကျိ" ဟူသည့်အသံကို မကြားလိုက်ရပေ။

ဟယ်ရူကော က အခန်းနံပါတ် ၁၉ တွင် ရှိနေသည့် အကောင်ပေါက်ကို မှတ်မိသည်။

သူ့မှာ နီရဲရဲမျက်လုံးများရှိပြီး တကျိကျိကျိနှင့် မရပ်မနားအော်တတ်သည်။ သူက ယုန်လေးတစ်ကောင်ဖြစ်လိမ့်မည်ဟု သူခန့်မှန်းခဲ့သည်။

[နံပါတ် ၁၉ နေမကောင်းဖြစ်နေပါသည်။

ရွေးချယ်ရန်:

a. "Ice Project" ၏ စည်းမျဉ်းကို တင်းကြပ်စွာလိုက်နာပြီး နံပါတ်ကို ၁၉ လျစ်လျူရှုရန်

b. အခန်းကိုဖွင့်ရန် (ဒါက သင့်ကို တစ်ခါသုံးစောင့်ကြည့်ရေးကိရိယာကို နှောင့်ယှက်သည့်စက်*၁ ကို အသုံးပြုစေပါလိမ့်မည်) ]

ဟယ်ရူကော က save လုပ်သည့်နေရာကိုဖွင့်ကြည့်လိုက်ရာ save လုပ်ရန် နေရာလေးခုရှိနေသည်ကို တွေ့လိုက်ရသည်။

သူက အရင်ဆုံး saveလုပ်လိုက်ပြီးမှ သူ့စိတ်ထဲရှိသည့်အတိုင်း b ကို ရွေးချယ်လိုက်သည်။

[Xixi's note- saveလုပ်တယ်ဆိုတာ သူက saveလုပ်လိုက်တယ် ဆိုပါတော့။ ဟယ်ရူကောက bကိုရွေးလိုက်တယ်...ဒါပေမယ့်bက အဆင်မပြေရင် အဲ့saveလုပ်ထားတာနဲ့ အချိန်နောက်ပြန်ရစ်ပြီး aကို ပြန်ရွေးလို့ရတယ်... ]

အခန်းနံပါတ် ၁၉ မှ တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းကလေးထဲတွင် မရပ်မနားနှာချေနေသည့် ယုန်ဖြူလေးတစ်ကောင်ကို တွေ့လိုက်ရသည်။

ယုန်လေး၏ခေါင်းလေးက တစ်ချက်ချက်ငိုက်ကျသွားပြီး ရှည်လျားလှသော နားရွက်လေးနှစ်ဖက်ကလည်း သူနှာချေလိုက်တိုင်း လှုပ်ခါသွားသည်။

တံခါးဖွင့်သံကြားသောအခါ ယုန်ကလေးက ထောင့်တစ်နေရာသို့ လျင်မြန်စွာ တိုးဝင်သွားပြီး သူ၏ခေါင်းလေးကလည်း တဖျတ်ဖျတ်လှုပ်ခါနေကာ မျက်လုံးနီနီလေးတွေနှင့် ဟယ်ရူကော ကို စွေကြည့်နေသည်။

နံပါတ် ၁၉

[ နံပါတ် ၁၉တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားနေပါသည်။သာမန်ဆေးဝါး ကို သုံးစွဲလိုပါသလား]

[သုံးစွဲမည်]

[မသုံးစွဲပါ]

ပစ္စည်းတစ်ခုသုံးပြီးသွားမှတော့ ဒုတိယတစ်ခုသုံးရမှာကိုလည်း မမှုတော့ပေ။

ဟယ်ရူကော က သာမန်ဆေးဝါးကို သုံးလိုက်ရာ ဆေးလုံးတစ်လုံးက သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ ဟယ်ရူကောက ' ကျွေးခြင်း 'ကို နှိပ်လိုက်သောအခါ နေမကောင်းဖြစ်နေသည့် ယုန်ဖြူလေးက အဝါရောင်ဆေးလုံးကို စိုက်ကြည့်ရင်း နှာခေါင်းလေးတစ်ချက်ရှုံ့လိုက်ပြီးနောက် ရုတ်တရက် အားအင်တွေ ပြန်ပြည့်လာသလိုမျိုး ပါးစပ်ဟပြီး ချက်ချင်းပဲ မျိုချလိုက်သည်။

ပါးစပ်ကလေး တစ်လှုပ်လှုပ်ဖြစ်လာပြီးနောက် ယုန်ဖြူလေးက မယုံနိုင်စွာဖြင့် ဒေါသတကြီး "တဂူဂူ" အော်လိုက်ပြီး ဆေးလုံးကို ပြန်ထွေးထုတ်ရန် ကြိုးစားသော်လည်းဝမ်းနည်းစရာကတော့ သူထွေးထုတ်လို့ မရတော့ပေ။

နံပါတ် ၁၉

[ကျိကျိဂူဂူကျိကျိဂူဂူကျိ အဓိပ္ပာယ် : ခါးတယ်၊ ခါးတယ်၊ ခါးတယ်၊ မကောင်းဘူး ဟင့်]

ယုန်ဖြူလေးက စိတ်ထိခိုက်စွာဖြင့် သူ့နားရွက်လေးတွေကလည်း လျော့ရဲသွားသည်။သူက ဟယ်ရူကောကို ဒေါသတကြီးလှမ်းကြည့်လာသော်လည်း ဘာမှမပြောရဲပေ။ဟယ်ရူကောက ဘာမှမလုပ်သည်ကို မြင်သောအခါ သူက ဂွမ်းအသိုက်လေးကို ထောင့်နားသို့ သတိထားပြီး ရွှေ့လိုက်ကာ ဂွမ်းအိမ်ထဲမှ... သကြားလုံးခွံတစ်ခုကို ဆွဲထုတ်လိုက်သည်။

ယုန်ဖြူလေးက အဖိုးတန်ပစ္စည်းတစ်ခုလိုမျိုး အပြန်ပြန်အလှန်လှန် လျက်နေသည့် ထိုသကြားလုံးခွံမှာ သူ အစက ရခဲ့သော လူသစ်လက်ဆောင်ထုပ်ထဲမှ သကြားလုံးအိတ်နှင့် တစ်ပုံစံတည်းပင်။

ဟယ်ရူကောက သူ့မျက်လုံးတွေများ မှားမြင်မိသလားဟု တခဏတာမျှ ထင်သွားမိသည်။

သူက မောက်စ်ဖြင့် သကြားလုံးခွံကို နှိပ်ကြည့်လိုက်ရာ—

[အမည်] : သကြားလုံးခွံ

[အရင်းအမြစ်] : လူသစ်လက်ဆောင်ထုပ်

[အခြေအနေ] : လျက်ခံထားရသဖြင့်စိုစွတ်နေ

[သုံးသပ်ချက်] : ဒါက တန်ဖိုးမရှိတဲ့ သကြားလုံးခွံတစ်ခုဖြစ်ပေမယ့် နံပါတ် ၁၉ကတော့ အရမ်းကြိုက်တယ်

ဒါ တကယ်ပဲ သူ့သကြားလုံးပါလား! သူက သကြားလုံးကို ကျားဖြူလေးကိုပေးခဲ့တာမဟုတ်ဘူးလား‌နော်! ဘယ်လိုလုပ် ဒီနေရာမှာ ရောက်နေရတာလဲ။

ဟယ်ရူကောက အခန်းကို အတွင်းအပြင် သေချာလိုက်ကြည့်လိုက်ရာ အခန်း၏ သံနံရံပေါ်တွင် လေဝင်ပေါက်သေးသေးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

အရွယ်အစားက သကြားလုံးတစ်လုံး ပစ်ထည့်လို့ရရုံလေးပင်။

သို့သော်လည်း လေဝင်ပေါက်က အမြင့်မှာရှိတာကြောင့် ကလေးငယ်လေးတွေ လုံးဝမမီနိုင်ပေ။

ဟယ်ရူကော ယူဆလိုက်သည်မှာတော့ အခန်းနံပါတ် ၁၉ ၏ ဘယ်ဘက်နံရံက အခန်းနံပါတ် ၂၀ ၏ ညာဘက်နံရံဖြစ်ပြီး၊ ကျားဖြူလေးက လေဝင်ပေါက်ကနေတစ်ဆင့် သကြားလုံးကို အခန်းနံပါတ် ၁၉ထဲ သို့ ပစ်ထည့်လိုက်ခြင်းဖြစ်သည်။

ဒါပေမဲ့ ကျားဖြူလေးက ဘာလို့ ဒီလိုလုပ်ရတာလဲ။ဟယ်ရူကောမှာ တခဏတာမျှ စဉ်းစားမရဖြစ်သွားသည်။

သူက သကြားလုံးခွံကို တခြားသူ တွေ့သွားလျှင် ပြဿနာတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့်သကြားလုံးခွံကို သိမ်းဆည်းလိုက်သည်။

ဖန်သားပြင်ပေါ်က ယုန်ဖြူလေးက ဒေါသထွက်နေသော်လည်း နည်းနည်းလေး လန့်နေသည့်မျက်လုံးများဖြင့် ဟယ်ရူကော ကို စိုက်ကြည့်နေပြီး သူ့အသည်းနှလုံးဖြစ်သည့် သကြားလုံးခွံကို ပြန်လုချင်နေသော်လည်း ပဲစေ့လောက်သာရှိသည့် သူ့သတ္တိကတော့ သူ့ကို ဒီလိုလုပ်ဖို့ရာ ခွင့်မပြုခဲ့ပေ။

ယုန်ဖြူလေးက မျက်ရည်တွေဝဲနေသည့် မျက်လုံးများဖြင့် လူဆိုးကြီး ဟယ်ရူကော ထွက်သွားသည်ကို ထောင့်တစ်နေရာမှာ ကျုံ့ကျုံ့လေးထိုင်ရင်း ကြည့်နေခဲ့သည်။

လူဆိုးကြီး ဟယ်ရူကောက ဖန်သားပြင်ရှေ့မှာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဆေးတွေက အရသာခါးပေမယ့် အဲ့ဒါမှ ရောဂါကိုနိုင်တာလေ ကလေးလေးရဲ့...ဒီတော့လည်း ငါပဲ ဗီလိန်ကြီးအဖြစ်ခံယူလိုက်ပါမယ်"

သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

စကားသံဆုံးသွားသည်နှင့် ဂိမ်းမျက်နှာပြင်ပေါ်တွင် ရုတ်တရက် လှပသော မီးရှူးမီးပန်းများ ပေါ်လာပြီး အချစ်ဈေးဆိုင်ကို တရားဝင်ဖွင့်လှစ်လိုက်သည်။

ဟယ်ရူကော: "...?!"

____

ရှီကွေ့ချန်pov:

ရှီကွေ့ချန်က သူ့လက်ဖဝါးထဲက သကြားလုံးကို ကြည့်ရင်း စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရသည်။

သူ အာဏာရာထူးကြီးမြင့်လာပြီးနောက် သူ့အိမ်ရှေ့မှာ ဧည့်သည်တွေ ပြည့်ကျပ်နေသည်ဟု မဆိုနိုင်သော်လည်း လက်ဆောင်ပေးသူတွေကတော့ မရေမတွက်နိုင်အောင် များပြားလှသည်။

ရှားပါးပြီး အဖိုးတန်ရတနာတွေရော၊ နောက်ဆုံးပေါ်စက်ရုပ်တွေပါ အစုံအလင်ရှိသည်။

သို့သော်လည်း ဒီလို "တန်ဖိုးမရှိ" သည့် လက်ဆောင်မျိုးကိုတော့ ဘယ်သူကမှ မပေးဖူးပေ။ဒါဟာ ကလေးကစားနေသလိုပင်။

သူက သူ့ရဲ့သေးငယ်လှသည့် ခြေသည်းလေးတွေကို ငုံ့ကြည့်လိုက်ပြီးနောက် သကြားလုံးတစ်လုံးလေးနဲ့ သူ့ကို လာပြီး သွေးဆောင်လိမ့်မည်ဟု မထင်ထားမိပေ။

မျက်စိရှေ့ကလူကလည်း စိတ်ပျက်သွားပုံရပြီးသကြားလုံးကို မြေပေါ်ချကာ ထပြီး ထွက်သွားသည်။

တံခါးပိတ်လိုက်သည့်ပုံစံကလည်း နူးညံ့လှရာ ရှီကွေ့ချန် တစ်ယောက်လည်း ရုတ်တရက် "ယဉ်ကျေးသိမ်မွေ့ခြင်း" ဆိုသည့် စကားလုံးကိုပင် သတိရသွားသည်။

သံတံခါးက ပြန်ပိတ်သွားပြီးနောက် အရာအားလုံးက အမှောင်ထုထဲသို့ ပြန်လည်ကျရောက်သွားသည်။အမြင်အာရုံ အားနည်းသွားသောအခါ၊ တခြားအာရုံတွေက ပိုပြီးအားကောင်းလာတတ်သည်။ရှီကွေ့ချန် က ဘေးခန်းမှ "ဂူဂူကျိကျိ" ဆိုသည့်အသံလေးတွေ ကြားလိုက်ရပြီး ထိုအသံပိုင်ရှင်လေး "နေမကောင်းဘူး"ဆိုတာနှင့် "မေမေ" ဆိုသည့် စကားလုံးနှစ်လုံးကို မရပ်မနား ရေရွတ်နေတာကိုကြားလိုက်ရသည်။

ရှီကွေ့ချန် က အခန်းနံပါတ် ၁၉ ကို မှတ်မိသည်။ စမ်းသပ်မှု၏ ပထမဆုံးအသက်စတေးခံရသူ...

ထိုကလေးက တစ်နေ့လုံးငိုခဲ့ပြီး ညနက်သန်းခေါင်မှာတောင် ဆူညံနေခဲ့သည်။ နောက်ပိုင်းမှာ ရုတ်တရက် မငိုတော့တာမို့ ရှီကွေ့ချန်က သူငိုရတာ မောသွားပြီဟု ထင်ခဲ့သော်လည်း၊ ဝန်ထမ်းတွေက အလောင်းကို သွားရောက်ရှင်းလင်းသည့်အချိန်ရောက်မှ ထိုကလေးလေးက နေမကောင်းဖြစ်ပြီး သေဆုံးသွားမှန်း သူသိလိုက်ရသည်။

အကယ်၍ ဒီဂိမ်းက တကယ့်အပြင်လောကအတိုင်း လက်တွေ့ကျကျဖန်တီးထားမည်ဆိုလျှင်၊ အခန်းနံပါတ် ၁၉ က ယုန်ကလေးက မကြာခင်မှာပဲ တိတ်တဆိတ်သေဆုံးသွားလိမ့်မည်ပင်။ မိဘမဲ့ဂေဟာက တခြားကလေးတွေလိုပင် သူတို့မသေခင်က ဘယ်လောက်ပဲ အားကုန်အော်ဟစ်ခဲ့ပါစေ သေဆုံးသွားသည့်အခါမှာတော့ အပြင်လောကမှာ လှိုင်းဂယက်လေးတစ်ခုတောင် မထစေနိုင်ပေ။

'ဒါက ဂိမ်းတစ်ခုသက်သက်ပဲ...သူက သနားကြင်နာစိတ်တွေ လျှံတက်ပြီး တခြားသူတွေကို ကယ်တင်ချင်စိတ် ပေါက်လာမှာမဟုတ်ဘူး'

ကျားဖြူလေးက ခံစားချက်ကင်းမဲ့စွာဖြင့် တစ်ဖက်လှည့်လိုက်ပြီးနောက် သူ့ဘယ်ဘက်နားရွက်ကို ဖိထားလိုက်သော်လည်း ငိုသံလေးကတော့ ညာဘက်နားရွက်ထဲသို့ တရစပ်ဝင်ရောက်လာသည်။

ရှီကွေ့ချန် က ရုတ်တရက် ထထိုင်လိုက်သည်။

'ငါက သနားကြင်နာစိတ်တွေ လျှံတက်နေတာမဟုတ်ဘူး။သူက အရမ်းဆူညံနေလို့ နားမခံနိုင်တော့တာပဲ'

ပန်းရောင်ခြေဖဝါးလေးနှင့် သကြားလုံးကို တစ်ချက်တို့ထိလိုက်ပြီးနောက် ကျားဖြူလေးက သကြားလုံးကို လေထဲသို့ ပစ်မြှောက်လိုက်ကာ ကျားမြီးလေးကလည်း သကြားလုံးကို နောက်ကနေ ပင့်ပြီးရိုက်ထုတ်လိုက်သည်—

တိကျစွာ တွက်ချက်ထားသလိုမျိုးပင် သကြားလုံးက သေးငယ်လှသည့် လေဝင်ပေါက်ကို ဖြတ်ကျော်သွားပြီး "ဖောက်" ဆိုသည့်အသံနှင့်အတူ အခန်းနံပါတ် ၁၉ ထဲသို့ ကျသွားသည်။

"ကျိ!!!"

ယုန်လေး၏ ထိတ်လန့်တကြားအော်သံလေးက ထွက်ပေါ်လာသည်။

ခဏအကြာမှာတော့ ပျော်ရွှင်စွာဖြင့် "ဝူးဝူး" ဟု အော်သံနှင့်အတူ "ချိုတယ်~" ဆိုသည့်အသံလေးပါထွက်ပေါ်လာကာ ချော့မြှူရလွယ်သည့် ယုန်လေးလည်း မငိုတော့ပေ။

ရှီကွေ့ချန်က ဂွမ်းအသိုက်လေးထဲမှာ တိတ်ဆိတ်စွာ လှဲလျောင်းနေရင်း အပြာရောင်မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။သူ့မျက်လုံးတွေက အရိုးထဲထိ စိမ့်ဝင်စေသည့် ရေခဲတမျှပင်။

သူတို့လိုလူတွေက တိုတောင်းလှသည့် သက်တမ်းတစ်လျှောက်မှာ နူးညံ့ကြင်နာစွာ ဆက်ဆံတာမျိုးကို တစ်ခါမှ မခံခဲ့ရဖူးတာကြောင့်၊ သကြားလုံးတစ်လုံးလေးနှင့် အလွယ်တကူ ချော့မြှူလို့ရသည်။ သို့သော် များသောအားဖြင့်တော့ သကြားလုံးကို မျှော်တိုင်းလည်းမရတတ်ပေ။တကယ်ကို... သနားဖို့လည်းကောင်းပြီး ရယ်စရာလည်းကောင်းတာပဲ။

သနား... ဖို့... ကောင်း... ပြီး...

ရယ်... စရာ... ကောင်း... တယ်။

သူ့လျှာဖျားမှာ ခါးသက်သက်အရသာကို ရုတ်တရက် ခံစားလိုက်ရသည်။

မှောင်မိုက်နေသည့် အခန်းထဲမှာ ပြောမပြတတ်သည့် ချဉ်စူးမှုတစ်ခုက သူ့စိတ်ထဲမှာ ပျံ့နှံ့လာပြီးနောက် သူ့အတွင်းအင်္ဂါများနှင့်တကွ ခြေလက်ထိပ်ဖျားတွေအထိ ပျံ့နှံ့သွားသည်။သူ့စိတ်ပင်လယ်ထဲမှာ မုန်တိုင်းထန်လာပြန်ပြီ။

သူတွေတွေဝေဝေဖြစ်နေစဉ်မှာပင် အခန်းနံပါတ် ၁၉ မှ တံခါးဖွင့်သံကို ကြားလိုက်ရသလိုမျိုး ခံစားလိုက်ရပြီး ယုန်လေး၏ ဒေါသနှင့်ကြောက်ရွံ့မှုရောယှက်နေသည့် အော်သံက ထပ်မံထွက်ပေါ်လာသည်။

ယုန်ကလေး ဘယ်လိုအနိုင်ကျင့်ခံလိုက်ရလဲ မသိပေ။

[ Beep— ကစားသမား၏ စိတ်ပင်လယ်ထဲတွင် ပြင်းထန်သော လှုပ်ခတ်မှုများ ဖြစ်ပေါ်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ကစားသမား၏ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားကာ ဂိမ်းက စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကို အလိုအလျောက် ဖြတ်တောက်ပါမည် ]

[သုံး]

[နှစ်]

စက်သံနှင့်အတူ ရင်းနှီးနေသော အသံတစ်ခုက ထွက်ပေါ်လာသည်။

"ဆေးတွေက အရသာခါးပေမယ့် အဲ့ဒါမှ ရောဂါကိုနိုင်တာလေ ကလေးလေးရဲ့...ဒီတော့လည်း ငါပဲ ဗီလိန်ကြီးအဖြစ်ခံယူလိုက်ပါမယ်"

ထိုနူးညံ့လှသည့် လေသံထဲမှာ ကူကယ်ရာမဲ့မှုနှင့်အတူ ချစ်ခင်ကြင်နာမှုတို့ ရောယှက်နေပြီး လူ့စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်သည့် နူးညံ့မှုတစ်မျိုးစွက်နေသည်။

ထိုတစ်ခဏမှာပင် အနီးအနားမှဆူညံသံတို့ကို သံနံရံနှစ်ခုက ခြားနားပေးလိုက်သလိုမျိုး ကမ္ဘာကြီးတစ်ခုလုံးက တိတ်ဆိတ်သွားသလိုမျိုးပင်။ မှောင်မိုက်နေသည့် အမှောင်ထုထဲတွင် အလွန်တရာ ပေါ့ပါးလှသည့် သက်ပြင်းချသံတစ်ခုက ထွက်ပေါ်လာသည်။

နူးညံ့လှသည့် ထိုသက်ပြင်းချသံသည် ဆောင်းဦးလေက သစ်ကိုင်းထိပ်က သစ်ရွက်ခြောက်တွေကို လှိမ့်ခေါ်သွားသလိုမျိုး သူ့စိတ်ထဲက မွန်းကျပ်မှုတွေကို လှည့်ပတ်ပြီး မှုတ်ထုတ်သွားသ‌ယောင်။

မပြောပြနိုင်သည့် အတိတ်ကအမှတ်တရတွေကြောင့် ရှီကွေ့ချန် ကတော့ အမြဲတမ်းလိုလို အဆိုးဆုံးကို ကြိုတွေးကာ တခြားသူတွေကို သံသယဝင်တတ်သည်။ အထူးသဖြင့် ရှင်းဟိုင်မိဘမဲ့ဂေဟာက သူတွေက ညစ်ပတ်လွန်းလှပြီး သူပြန်စဉ်းစားလိုက်ရုံနှင့်ပင် အော့အန်ချင်စိတ်ပေါက်လာရသည်။

ရှီကွေ့ချန်က ရှင်းဟိုင်မိဘမဲ့ဂေဟာမှာ လူကောင်းတွေရှိသည်ဟု တစ်ခါမှမယုံခဲ့ဖူးပေ၊ သို့သော်... ဟယ်ရူကော ကတော့ ထူးခြားသည့် ဖြစ်တည်မှုတစ်ခုပင်။

မှောင်မိုက်မှု‌တွေ ဖုံးလွှမ်းနေသည့် သံအခန်းထဲသို့ လူငယ်လေးက တံခါးဖွင့်ကာဝင်လာပြီး သူ့မျက်လုံးများကမူ အောက်သို့စိုက်ကြည့်နေကာ ကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်နေသလိုမျိုးပင်။သူ့ပုံစံမှာလည်း ဆံပင်နက်နက်၊ မျက်လုံးနက်နက်တို့ရှိပြီး အသားအရေကလည်း နှင်းကဲ့သို့ဖြူဖွေးနေကာ ကိုယ်ပေါ်ရှိ အနက်ရောင်နှင့် အဖြူရောင်က ဖုန်မှုန့်တစ်စက်မှ စွန်းထင်းမခံရဘဲ သန့်စင်နေသည့်ပုံစံပင်ဖြစ်သည်။

ရှီကွေ့ချန် အခုလည်းမတွေးချင်၊နောင်မှာလည်း ဘယ်သူ့ကိုမှ မပြောပြချင်သည့် ကိစ္စတစ်ခုရှိသည်—

မျက်မှန်ပြုတ်ကျသွားသည့်အချိန်၊ သူ ဟယ်ရူကော ကို ပထမဆုံးမြင်လိုက်သည့်အချိန်မှာပင် သူက ထိုသူကို နှစ်သက်သွားခဲ့ခြင်းပင်။

[Beep— ကစားသမား၏ စိတ်အခြေအနေ တည်ငြိမ်သွားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အတင်းအကျပ်ထွက်ခွာခြင်းကို ရပ်တန့်ပြီး ဂိမ်းကို ဆက်လက်ကစားပါမည်]

[တင်— နှစ်သက်မှုအဆင့်က ဂိမ်းဖွင့်ရန် အနိမ့်ဆုံးစံနှုန်းသို့ ရောက်ရှိသွားပါပြီ။သင် သတ်မှတ်ပေးထားသော သီးသန့်ချစ်သူအတွက် 'မြင်မြင်ချင်းချစ်မိသွားခြင်း'ဆိုသည့် အခန်းကို တရားဝင်ဖွင့်လှစ်လိုက်ပါပြီ!

ဒီဂိမ်းကို ကမ္ဘာသုံးထောင် ဖူးစာရေးစီမံခန့်ခွဲသည့်ဌာနချုပ်မှ တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာသုံးထောင်မှာရှိသော သင်၏ ဖူးစာရေးက ကံကြမ္မာအရ ကြိုတင်သတ်မှတ်ပြီးသားဖြစ်သည်။သင့်၏ ဖူးစာဖက်က ဝေးကွာလှသည့် အချိန်၊နေရာတွေကို ဖြတ်သန်းသွားရမည့် တခြားဂြိုဟ်တစ်လုံးတွင် ရှိနေနိုင်တာမို့ ကျွန်ုပ်တို့လုပ်နိုင်တာကတော့ အချိန်နှင့်နေရာကို ဖြတ်ကျော်ပြီး သင်တို့အတွက် အချစ်ကြိုးနီလေးကို ချည်နှောင်ပေးဖို့ဖြစ်ပါတယ်!

ဖူးစာရေးဆိုတာက နောက်ကျမှလာနိုင်ပေမယ့် မရှိလာဘဲတော့ နေမှာမဟုတ်ပါဘူး...

သင်၏ သီးသန့်သတ်မှတ်ထားသော ချစ်သူ ဟယ်ရူကောက သင်နှင့်အတူ ရိုမန်တစ်ဆန်သည့် ဂိမ်းခရီးစဉ်ကို အတူတကွ သွားရောက်ပါလိမ့်မည်။

ကစားသမား၏ချစ်သူအပေါ်ထားရှိသည့် မတူညီသော သဘောထားများက မတူညီသော အဆုံးသတ်များကို ဖွင့်လှစ်ပေးပါလိမ့်မည်။

လျှို့ဝှက်ဆန်းကြယ်သည့် အံ့အားသင့်ဖွယ်ရာအဆုံးသတ်ကို ရရှိချင်တယ်ဆိုရင်တော့သင်၏ချစ်သူနှင့်အတူ ချိုမြိန်သည့် ဆက်ဆံရေးများကို များများတည်ဆောက်ပေးရပါမည်။

(ကိုယ်ဆိုတဲ့သူက အချစ်ကို တစ်ခါမှမယုံကြည်ခဲ့ဖူးပေမယ့်... မင်းနဲ့တွေ့မှပဲ အချစ်ဆိုတာဟာ တစ်ချက်လောက် အကြည့်ချင်းဆုံသွားရုံနဲ့ ရင်ခုန်သွားတာမျိုးဆိုတာမှန်း ကိုယ်သိလိုက်ရတယ်) ]

ရှီကွေ့ချန် : "..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment